← Chapters

အခန်း (၄၂၆)

Vol. 35 Ch. 426

အခန်း (၄၂၆)

Vol. 35 Ch. 426

“လီချန်ချင်း…. မင်းက ငါ့ကို အရမ်း အံ့ဩအောင် လုပ်ခဲ့တာပဲ။ မင်းရဲ့ နတ်ဘုရားဝိဉာဉ်က ဒီလောက်ထိ စွမ်းအားကြီးနေမယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ ဒါကတော့ ငါလုံးဝ မထင်ထားတဲ့ အချက်ပဲ။”

ယွဲ့ဟန်ကျွင်းက လီချန်ချင်းကို ကြည့်လိုက်သည်။

“ဒါဆိုရင် မင်းဒီနေ့လာတာက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖို့တော့ မဟုတ်ဘူးမလား။ မင်းက မူလနယ်မြေ ပုလဲကို လာရှာတာများလား”

လီချန်ချင်းက ယွဲ့ဟန်ကျွင်း၏ ရင်းနှီးလိုသော ဟန်ပန်ကို လျစ်လျူရှု့လိုက်သည်။ သူသံသယဝင်တာက ယွဲ့ဟန်ကျွင်း ကျန်းချင်းရိုကို ခေါ်ပြီး ထွက်ပြေးသွားတာက ချစ်မြတ်နိုးလို့ မဟုတ်ဘဲနဲ့ သူကိုယ်တိုင် မူလနယ်မြေ ပုလဲကို မောင်ပိုင်စီးချင်သောကြောင့်လား ဟုပင် သံသယရှိနေသည်။

“အဟက်”

ယွဲ့ဟန်ကျွင်းက ပြုံးလိုက်သည်။

“လီဟမ်ရှန်းရဲ့ ခန္ဓာကိုယ်မှာ မူလနယ်မြေ ပုလဲက မရှိတော့ဘူးလေ။ မူလနယ်မြေ ပုလဲကို လီဟမ်ရှန်းရဲ့ ခန္ဓာကိုယ်က ဆွဲထုတ်ဖို့က သူအသက် ၁၈နှစ်ပြည့်တဲ့အထိ စောင့်ဖို့ လိုတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာ မူလနယ်မြေပုလဲ မရှိတော့ဘူးဆိုမှတော့ အဖြေက တစ်ခုပဲ ရှိတယ်။ မင်းမှာ ကလေးတစ်ယောက်ရှိနေပြီ။”

ယွဲ့ဟန်ကျွင်း၏ စကားကိုကြားသော် လီဟမ်ရှန်းမှာ အူကြောင်ကြောင်ဖြစ်သွားသည်။

“ဘာ ..ကလေး.. .. ဘယ်မှာလဲ”

လီချန်ချင်းကလည်း လီဟမ်ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကောင်းလှချေလား.. ငါ့သား.. အဖေအမှတ်ပေးတယ် ဟု စိတ်ထဲက တွေးလိုက်၏။ ဘယ်တုန်းက ဘယ်လို ငါမြေးတစ်ယောက် ရသွားတာပါလိမ့်။ သို့သော် လီဟမ်ရှန်း၏ ရင်က တစ်ချက်ခုန်သွား၏။ ဖြစ်နိုင်တာက အဲ့ဒီနေ့ညက လုချောင်းချောင်းနဲ့ အတူတူ အိပ်ခဲ့တဲ့ ည..။ ဒါဆိုရင် ငါ့ရဲ့ ကလေးက မူလနယ်မြေ ပုလဲ ဖြစ်နေတာလား။

“ကလေးဘယ်မှာလဲ”

ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကို မေးလိုက်သည်။

“ခင်ဗျား ဘာပြောနေလဲ ကျုပ်မသိဘူး။”

လီဟမ်ရှန်းက အေးစက်စွာ ပြောလိုက်၏။ ဘယ်လိုပဲ ဖြစ်ပါစေ… သူသည် လုချောင်းချောင်းကို လုံးဝ သစ္စာဖောက်မည် မဟုတ်ပါ။ လုချောင်းချောင်းအပေါ်၌ လီဟမ်ရှန်း ခံစားချက် ရှိနေခြင်းကြောင့် မဟုတ်ပါ။ ထိုမိန်းကလေးတွင် သူ၏ ကလေးရှိနေသောကြောင့် ယွဲ့ဟန်ကျွင်းက လုချောင်းချောင်းကို သတ်ဖြတ်ပြီး သူ၏ မမွေးသေးသော ကလေးကို သန့်စင်ပစ်မည်ကိုတော့ လီဟမ်ရှန်း မဖြစ်လိုပါ။

ထို့အပြင် ယွဲ့ဟန်ကျွင်းက သူ၏ ဖခင်ဟုပြောနေသော်လည်း ယွဲ့ဟန်ကျွင်း၏ မျက်လုံးထဲမှ ချစ်ခင်ရင်းနှီးသော ခံစားချက်အရိပ်အယောင်ကိုမှ လီဟမ်ရှန်း မတွေ့ပါ။ သူ၏မျက်လုံးထဲတွင် အာဏာနှင့် စွမ်းအားကိုသာ လိုချင်နေသော အရိပ်အယောင်ကိုသာ မြင်တွေ့နေခဲ့ရ၏။ ထိုကဲ့သို့သော လူမျိုးက သူ့အဖေဖြစ်ဖို့ ဘယ်လိုမျိုး ထိုက်တန်မှာလဲ။

ထိုအခိုက်တွင် လီဟမ်ရှန်းက တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ သူ့နံဘေးတွင်ရှိသော လီချန်ချင်းကသာ အစစ်အမှန်လူဖြစ်၏။ လီချန်ချင်းတွင် ပစ်ချက်များစွာ ရှိသည့်တိုင် သူ၏ ငယ်ဘဝကို မမှတ်မိသည့်တိုင် လီချန်ချင်းကသာ သူ့ဖခင်အစစ်ဖြစ်သည်။ ပြီးတော့ သူ့ကိုငယ်ရွယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်ပြီး မွေးခဲ့သော ဖခင်ဖြစ်သူ အရက်သမား လီချန်ချင်းသည် ယွဲ့ဟန်ကျွင်း၏ အစီအစဉ်ထဲတွင် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။

အတိတ်တုန်းက အိပ်မက်ထဲ၌ သူအင်မော်တယ် တစ်ပါးကို တွေ့ခဲ့သည်။ ထိုအင်မော်တယ်ကို သူက မေးခွန်းတစ်ခု မေးခဲ့၏။ မေးခွန်းမှာ သူ့ဖခင်က လီချန်ချင်း အစစ်အမှန် ဟုတ်ရဲ့လားဟု မေးခဲ့၏။ အင်မော်တယ်က ဟုတ်သည်ဟု ဖြေခဲ့သည်။ ထိုအဖြေမှာ မှန်ကန်လှပါ၏။ ယွဲ့ဟန်ကျွင်းမှာ သူ့အဖေဖြစ်သည်။ သေသွားသော လီချန်ချင်းသည်လည်း ယွဲ့ဟန်ကျွင်း၏ ဝိဉာဉ် အစိတ်အပိုင်းဖြစ်သောကြောင့် သူ့အဖေ ဖြစ်သည်။ ယခုအချိန်တွင် တခြားကမ္ဘာမှ ယွဲ့ဟန်ကျွင်း၏ စိတ်ဝိဉာဉ် ဝင်ပူးထားသော လီချန်ချင်းသည်လည်း သူ့ဖခင်ဖြစ်သည်။

ထို့ကြောင့် လီချန်ချင်းက သူ့အ‌ဖေဖြစ်သည်ဟု ပြောလို့ရသည်။ အဘယ်ကြောင့် ဆိုသော် သူတို့သုံးဦးလုံးသည် သွေးစက် တစ်စက်ထဲမှ ဖြစ်သောကြောင့် ဖြစ်သည်။ အရာအားလုံးမှာ အိပ်မက်တစ်ခုလို ဖြစ်၏။ လီဟမ်ရှန်း၏ စိတ်တစ်ခုလုံးသည် မှုန်မှိုင်းပြီး ဝေဝါးနေခဲ့သည်။

“မင်းအဖေ အင်မော်တယ် ဖြစ်လာတဲ့အခါကျရင် မင်းစိတ်ရှိတဲ့ မိန်းမကို မင်းရအောင် ယူနိုင်မယ်။”

ယွဲ့ဟန်ကျွင်းက ခြေတစ်လှမ်းတိုးပြီး ပြောလိုက်သည်။

“မင်းရဲ့သား ဘယ်မှာလဲ..။ ငါ့ကို ပြောစမ်း..။ အနာဂတ်မှာ ငါတို့ သားအဖ နှစ်ယောက်လုံးက စန်းယွမ်နယ်မြေရဲ့ တုနှိုင်းမဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ ဖြစ်သွားပြီ။ အဲ့တာက ကောင်းမွန်တဲ့ ဘဝတစ်ခုပဲ မဟုတ်ဘူးလား။”

“ကျုပ်ခင်ဗျားကို ဘာမှ ပြောစရာမရှိဘူး။”

လီဟမ်ရှန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ခင်ဗျားကိုကျုပ်အဖေ အဖြစ် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဘူး။ ကျုပ်အဖေက လီချန်ချင်းပဲ..။ ခင်ဗျား.. ခင်ဗျားကို ကျုပ် သိတောင် မသိဘူး။ ခင်ဗျားက အခုမှ ရုတ်တရက်ပေါ်လာပြီး ကျုပ်အဖေလို့ ပြောရတာ ဟာသပဲ .. အိပ်မက် မက်နေလိုက်..”

“မပြောချင်ဘူးပေါ့လေ”

ယွဲ့ဟန်ကျွင်း၏ အကြည့်မှာ အေးစက်သွားခဲ့တော့သည်။

ဝှစ်.. ဝှစ်

မြောက်များစွာသော စစ်သားများသည် ကောင်းကင်၏ သင်္ဘောကြီးထံမှ ဆင်းသက်လာပြီး လီချန်ချင်းနှင့် လီဟမ်ရှန်းကို ဝန်းရံသွား၏။

“စစ်ဆေးရေးမှူးကြီး”

စစ်ဆေးရေးမှူးအိမ်တော်၏ အပြင်ဘက်တွင် ရှိသော လူများက ထိုမြင်ကွင်းကို မြင်သောအခါ အသည်းအသန်ပြေးထွက်လာပြီး အကူအညီ ပေးရန် ကြိုးစားကြသည်။ သို့သော် သူတို့ ပြေးထွက်ရုံပဲ ရှိသေးသည်။ ထျန်းဟိုင်မြို့မှ စစ်သားများ၏ အတင်းအကြပ် ချုပ်နှောင်မှုကို ခံပလိုက်ရပါ၏။ ထိုလူများသည် လွန်စွာ စွမ်းအား ကြီးမားလှသောကြောင့် သာမန်ပြည်သူများက ဘယ်လိုလုပ်ပြီးတော့ ရုန်းကန်နိုင်မှာလဲ။

“မင်းမပြောချင်ဘူးဆိုရင်တော့.. ငါနဲ့အတူ ထျန်းဟိုင်မြို့ကို ပြန်လိုက်ခဲ့။ မင်းပြောချင်တဲ့ အချိန်ထိ ငါစောင့်ပေးမှာပေါ့။”

ယွဲ့ဟန်ကျွင်းက အမိန့်ပေးလိုက်၏။ ချက်ချင်းပင် စစ်သားများသည် အရှေ့သို့ တိုးလာသည်။

“အစ်ကို”

ယွဲ့ချင်းဝူက ခပ်မြန်မြန်ပင် တားမြစ်ရန် ကြိုးပမ်းလိုက်၏။ သို့သော် ယွဲ့ဟန်ကျွင်း၏ အေးစက်သော အကြည့်က သူမကို တိတ်ဆိတ်သွားစေခဲ့သည်။

“ငါ့သားကို ထိမယ် မကြံနဲ့”

လီချန်ချင်းက အော်ဟစ်လိုက်၏။ သူသည် လီဟမ်ရှန်း၏ အရှေ့တွင် ပိတ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်တစ်ချက်အဝှေ့မှာ ဓားသေတ္တာက ထွက်ပေါ်လာ၏။ ချက်ချင်းပင် ချင်းလဲ့ဓား ခုနှစ်စင်းသည် ကောင်းကင်ထက်သို့ ထိုးထွက်လာသည်။ နတ်ဘုရားဓား ခုနှစ်လတ်က ကောင်းကင်ထက်သို့ ထိုးထွက်လာသည့်အခါတွင် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဓားအစီအရင်တစ်ခု ဖွဲ့စည်းလာသည်။ အရှေ့သို့ တိုးလာသော ဘယ်သူမဆို ဓားအစီအရင်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ထိုသူများ၏ စွမ်းအားက လီချန်ချင်း၏ စွမ်းအားအထွတ်အထိပ်ကို ဘယ်လိုမျိုး ခံစားနိုင်မှာလဲ။ ချက်ချင်းပင်လျှင် ဓားအရှိန်ကြောင့် အားလုံးက ပြတ်သုန်းသွားခဲ့သည်။

ချင်းလဲ့ဓားသခင်..။ထိုအခိုက်မှာပင် လီချန်ချင်း၏ အနောက်တွင် ရှိသော လီဟမ်ရှန်းက ထိတ်လန့်တကြား တွေးလိုက်သည်။ ချင်းလဲ့ဓားသခင်က… သူ့အဖေ ဖြစ်နေတာတဲ့လား။

All Chapters