← Chapters

ငါက မင်းထက် ပိုသန်မာတယ်

Vol. 70 Ch. 1082

ငါက မင်းထက် ပိုသန်မာတယ်

Vol. 70 Ch. 1082

ကျောက်ရှာအလင်း၏ သက်ရောက်မှုကို ဝိညာဉ်နတ်သူငယ်အဆင့်တွင် ရွှီချင်းရှိနေခဲ့စဉ်က ထုတ်ဖော်ပြခဲ့ပြီးပြီ ဖြစ်သည်။ ယင်းက အတတ်ပညာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ထို့နောက် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ ညွှန်ကြားမှုအောက်မှာ ရွှီချင်းသည် အသင်္ချေအတတ်ပညာများအား တုပနိုင်သော စွမ်းရည်ကို နောက်ထပ် နားလည်သွားခဲ့သည်။ သူက ဝိညာဉ်နတ်သူငယ်အဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်သိုက်အဆင့်သို့ တတ်လှမ်းပြီးနောက် သူ၏ ပထမဆုံး လျှို့ဝှက်ရတနာသိုက်ကို ဖွဲ့စည်းလိုက်သည့်အခါ ကျောက်ရှာအလင်းသည် ရတနာသိုက်ထဲတွင် အသင်္ချေကုန်းမြေများနှင့် အသင်္ချေမြစ်များသို့ ပြောင်းလဲသွားသည်။

သို့ဖြစ်၍ ယခု ကျောက်ရှာအလင်း၏ ပုံတူကူးနိုင်သော စွမ်းရည်သည် အဆင့်ကြီးတစ်ဆင့် မြင့်တတ်သွားပြီ ဖြစ်သည်။ အလင်းရောင်က ရွှီချင်း၏ အနီးနားတစ်ဝိုက်တွင် ထွန်းလင်းတောက်ပလာသည့်အခါ အနက်ရောင်မီးအိမ်ခုနစ်ခုသည် တစ်ခုပြီးတစ်ခု ဒြပ်ထည်ဖြစ်တည်လာကြသည်။

လောင်ကျွမ်းနေသော တစ္ဆေမျက်နှာတစ်ခုလည်း ရှိသေးသည်။

ယင်းတို့က အနည်းငယ် ဝေဝါးနေပြီး စတုတ္ထသားတော် အသုံးပြုခဲ့သော မီးအိမ်များနှင့် ခြားနားသော်လည်း မီးအိမ်တစ်ခုစီ၏ ထွက်ပေါ်လာမှုသည် ရွှီချင်း၏ စွမ်းအားကို သိသိသာသာ မြင့်တတ်သွားစေသည်။

သူ၏ အရှိန်အဝါသည် မြည်ဟိန်းသံများကြားမှာ ဆက်လက် မြင့်တတ်သွားသည်။ ခုနစ်ကြိမ်ဆက်တိုက် အစွမ်းတိုးမြှင့်သွားပြီးနောက် ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဟုန်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။ သူက ကောင်းကင်နှင့် မြေပြင်ကြားမှာ နတ်ဘုရားတစ်ပါးသဖွယ် မတ်တတ်ရပ်နေပြီး မျက်လုံးမှိတ်ထားသည်။

ရောင်စုံအလင်းသည် သူ၏ အနောက်မှာ တလက်လက် တောက်ပနေပြီး မြေအောက်မီးအိမ်ခုနစ်ခုသည် သူ၏ ဘေးပတ်ပတ်လည်ကို ဝိုင်းရံထားကြသည်။

သူ၏ ချောမောခန့်ညားသော မျက်နှာနှင့် ကြော့ရှင်းသော ဆံပင်ရှည်ကြောင့် စတုတ္ထသားတော်နှင့် နှိုင်းယှဉ်လျှင် သူက အုပ်ချုပ်သူ၏ အစစ်အမှန်သားတော်ဖြစ်ဟန် တူသည်။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ထိုအရှိန်အဝါသည် ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကို ငိုကြွေးမြည်တမ်းသွားစေသည်။

အနက်ရောင်မီးအိမ်ခုနစ်ခုစလုံး ထွက်ပေါ်လာပြီးနောက် ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး စတုတ္ထသားတော်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

တားမြစ်အဆိပ်သည် ပထမဆုံး ပေါ်လျှိုးလာသည်။

ဒြပ်နှောများ ပေါ်လျှိုးလာပြီး အဆိပ်တာအိုသည် ပျံ့နှံ့လာသည်။ နတ်ဘုရားကျိန်စာသည် ဆင်းသက်လာသည်။

ထို့ပြင် တားမြစ်အဆိပ်သည် အထောက်အကူတစ်ခုသာ ဖြစ်သည်။ ယင်းက မီးအိမ်ခုနစ်ခု မြေအောက်မီးလျှံကျိန်စာ၏ အစွမ်းကို ပြီးပြည့်စုံစေရန် အထောက်အကူပေးလိမ့်မည်။

ချက်ချင်းဆိုသလို မီးအိမ်ခုနစ်ခုသည် လှုပ်ယမ်းသွားပြီး မီးအိမ်တစ်ခုစီပေါ်မှာ စတုတ္ထသားတော်၏ ပုံရိပ်က ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းသည် စတုတ္ထသားတော်၏ မျက်လုံးရှေ့မှာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ သူ၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းတံပိုးများ ထွက်ပေါ်လာသည်ဟု မခံစားမိဘဲ မနေပေ။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုက ကြီးစိုးနေသည်။ ဤသည်မှာ မိုးခြိမ်းသံက သူ၏ စိတ်ထဲမှာ မြည်ဟိန်းသွားသည့်အလားပင်။

သူက ထိတ်လန့်ခြင်းမှလွဲ၍ တခြားမည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ပေ။

သူ၏ မန္တန်သည် စက္ကန့်ပိုင်းအတွင်း တစ်ဖက်လူ၏ တုပခြင်းခံလိုက်ရသည်။ ထိုသို့နတ်ဘုရားအစွမ်းနှင့် နားလည်သဘောပေါက်နိုင်စွမ်းကို တစ်ခါမှ သူမမြင်ခဲ့ဖူးပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ အများကြီး တွေးတောနေရန် သူ့အတွက် အချိန်မရှိပေ။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်လေရာ အပိုင်းအခြားများသည် သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ သူက ခုခံတားဆီးရန် အစွမ်းကုန် အသုံးပြုလိုက်ပြီး မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။

သို့သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ကျောက်ရှာအလင်းဖြင့် ဖွဲ့စည်းထားသော သူ၏ ဘေးပတ်ပတ်လည်မှ မီးအိမ်ခုနစ်ခုထဲတွင် သုံးခုသည် ချက်ချင်း ငြိမ်းသတ်သွားကြသည်။

စတုတ္ထသားတော်သည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ အပိုင်းအခြားများသည် အက်ကွဲထွက်သွားပြီး အစစ်အမှန်ခန္ဓာကိုယ်က ပေါ်လျှိုးလာသည်။ သူ၏ ဆံပင်သည် ဦးခေါင်းပေါ်မှ ကျွတ်ကျသွားပြီး ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ သူက သွေးတစ်ပွက်အန်လိုက်ရသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေဘဲ ကျန်ရှိသော မီးအိမ်လေးခုစလုံးကို ချက်ချင်း ငြိမ်းသတ်လိုက်သည်။

အော်ဟစ်ငိုကြွေးသံသည် စတုတ္ထသားတော်ထံမှ မြည်ဟိန်းထွက်လာသည်။ သူက ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ဆက်တိုက် သွေးအန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ယိုင်တိယိုင်တိုင် အနောက်ဆုတ်သွားပြီး အရှိန်အဝါအားလုံးကို ဆုံးရှုံးသွားသည်။ သူ၏ တန်ဖိုးကြီး အဝတ်အစားများသည် ယခု ဆုတ်ပြဲညစ်ပတ်သွားသည်။ ဤသည်မှာ သူက မြေပြင်ပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖိနှိပ်ခံထားရသည့်အလားပင်။

သို့သော်လည်း သူက မသေသွားခဲ့ပေ။

မည်သို့ဖြစ်ပါစေ ဤသည်မှာ အုပ်ချုပ်သူ၏ တားမြစ်အတတ်ပညာဖြစ်သည်။ ရွှီချင်း၏ ကျောက်ရှာအလင်းက ထိုအတတ်ပညာကို ပြီးပြည့်စုံစွာ တုပရန် ခက်ခဲပေသည်။ ယခုအချိန်မှာ သူက ထိုအတတ်ပညာ၏ (၃၀)ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သေးသည်။

ယင်းက (၃၀)ရာခိုင်နှုန်းသာဖြစ်ပြီး သေချာပေါက် သေစေနိုင်သော သေခြင်းကျိန်စာမပါရှိသော်လည်း ရွှီချင်း၏ တားမြစ်အဆိပ်က အထောက်အကူပေးခဲ့သောကြောင့် ထိုအစွမ်းသည် အတော်လေး ကြောက်စရာကောင်းနေဆဲပင်။

စတုတ္ထသားတော်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် မီးအိမ်များ ငြိမ်းသတ်သွားခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားရုံသာမက တားမြစ်အဆိပ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားခဲ့သည်။ အဆိပ်သည် သူ၏ အသွေးအသားများကို တိုက်စားပစ်ပြီး ဝိညာဉ်ကို အက်ကွဲသွားစေသည်။ ယခု သူ၏ တစ်ကိုယ်လုံးမှ အနက်ရောင်အခိုးအငွေ့များ ပျံ့နှံ့ထွက်လာနေသည်။

ရွှီချင်း၏ လူသတ်ကွက်သည် မပြီးသေးပေ။ အေးစက်စက် အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက တစ်ဖက်လူ၏ အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မိုဆာဆောသည် ဟိန်းဟောက်လိုက်ပြီး လေထဲသို့ မြှောက်တတ်သွားသည်။ ၎င်းက အဖြူရောင်အလင်းကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ဘုံဆေဘာဓားသို့ ပြောင်းလဲသွားသည်။

ရွှီချင်းသည် ကောင်းကင်ဘုံဆေဘာဓားကို သူ၏ နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်လိုက်ပြီး စတုတ္ထသားတော်ထံသို့ ခုတ်ချလိုက်သည်။

ထိုဆေဘာဓားထဲမှာ တာအိုပါဝင်သည်။ ဆေဘာဓားက အောက်သို့ ကျဆင်းလာသည့်အခါ ကောင်းကင်သည် နှစ်ခြမ်းကွဲသွားပြီး မြေပြင်သည် အက်ကွဲထွက်သွားသည်။

စတုတ္ထသားတော်၏ အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွားသည်။ ရွှီချင်း၏ တိုက်ခိုက်မှုများသည် အလွန်မြန်ဆန်ပြီး သူ့ကို အသက်ရှူရန် အခွင့်အရေးတစ်ခုပင် မပေးချေ။ အန္တရာယ်အငွေ့အသက်သည် သူ၏ စိတ်ထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ စတုတ္ထသားတော်၏ မျက်နှာသည် သားရဲတစ်ကောင်နှယ် ရက်စက်ကြမ်းကြုတ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။ ထိုအခါ သွေးအခေါင်းပေါက်ငါးခုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။

သွေးသည် အခေါင်းပေါက်များထဲမှ စီးကျလာသော်လည်း အများကြီး မဟုတ်ပေ။ သူ၏ မျက်နှာပေါ်မှ အခေါင်းပေါက်များထဲမှာ အသွေးအသားများက တီကောင်ပမာ လူးလွန့်လှုပ်ရှားနေကြောင်း မြင်နိုင်လိမ့်မည်။ ထို့ပြင် အသွေးအသားများသည် အနီရောင်အလင်းကို ထုတ်လွှတ်နေသည်။

ဤခေတ်တွင် နတ်ဘုရားမျက်နှာပျက်ကြီး မရောက်ရှိလာသေးပေ။ နီလာနတ်သမီးသည်ပင် နတ်ဘုရားဖြစ်မလာသေးပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ စတုတ္ထသားတော်၏ မျက်နှာပေါ်ရှိ အခေါင်းပေါက်များထဲမှ ထွက်ပေါ်လာသော အနီရောင်အလင်းထဲမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကိန်းအောင်းနေသည်။

ဤသည်မှာ အနီရောင်လ၏ အခွင့်အာဏာဖြစ်သည်။ ဤအခိုက်အတန့်မှာ ယင်းက မြည်ဟိန်းသံနှင့်အတူ ပေါ်လျှိုးလာပြီး သွေးအလင်းတန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအလင်းရောင်ကြောင့် ဘေးပတ်ဝန်းကျင်က အနီရောင်သို့ ပြောင်းလဲသွားသည့်အခါ သွေးပင်လယ်သည် လေထဲမှာ ထွက်ပေါ်လာသည်။

“ သေစမ်း ”

စတုတ္ထသားတော်သည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ သွေးပင်လယ်ထဲတွင် မရေမတွက်နိုင်သော ဦးခေါင်းများ ထွက်ပေါ်လာကြသည်။

ဦးခေါင်းများသည် သွေးပင်လယ်ထဲမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေကြသည်။ သူတို့၏ နှာခေါင်းအောက်ပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူတို့၏ ပွင့်နေသော မျက်လုံးသည် ချောက်ချားဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။ အထူးသဖြင့် သွေးပင်လယ်ထဲမှ ဦးခေါင်းများ၏ အရေအတွက်က အလွန်များပြားနေသောအခါ ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ဦးခေါင်းအားလုံးသည် ရွှီချင်းကို ကြည့်လိုက်ကြသည်။

အနီရောင်လကျိန်စာသည် ချက်ချင်း ပေါ်လျှိုးလာသည်။

ကောင်းကင်ဘုံဆေဘာဓားသည် တုန်ယင်သွားပြီး သွေးဆေဘာဓားသို့ ပြောင်းလဲသွားသည်။ ၎င်းက သွေးပင်လယ်နှင့် သွေးပင်လယ်ထဲမှ မရေမတွက်နိုင်သော ဦးခေါင်းများ၏ အကြည့်များဖြင့် တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော မြည်ဟိန်းသံသည် လေထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်း၏ အနောက်မှ ကျောက်ရှာအလင်းသည်လည်း ထိုအခိုက်အတန့်မှာ သွေးနီရောင်အလင်း၏ လွှမ်းမိုးခံလိုက်ရသည်။ သက်တံ့အရောင်သည် ဤကြက်သွေးရောင်လောကထဲတွင် တမူထူးခြားသည့် တစ်ခုတည်းသောအရောင် ဖြစ်လာသည်။

အကယ်၍ တခြားဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူသာဆိုလျှင် ထိုတိုက်ကွက်ကို သေချာပေါက် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ဤသည်မှာ နတ်ဘုရားအခွင့်အာဏာဖြစ်သည်။ သို့သော်လည်း ရွှီချင်းသည် သွေးအလင်းရောင်ကြားထဲမှ စတုတ္ထသားတော်ကို စိုက်ကြည့်လိုက်သည့်အခါ ထူးဆန်းသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ သူလုပ်သမျှကို ငါလိုက်လုပ်နိုင်တယ်… ”

ထိုအတွေးက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုခြေလှမ်းနှင့်အတူ ပမာဏများပြားသော သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ စီးဆင်းလာပြီး ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်များပြားသော သွေးက စီးဆင်းလာသည့်အခါ စတုတ္ထသားတော်နည်းတူ သွေးပင်လယ်သည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ယင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး စတုတ္ထသားတော်၏ သွေးပင်လယ်ဖြင့် တွေ့ဆုံသွားသည်။

ကျယ်လောင်သော မြည်ဟိန်းသံသည် ပေါက်ကွဲထွက်လာသည်။

အဝေးမှကြည့်လျှင် ဇစ်မြစ်တူသော သွေးပင်လယ်နှစ်ခုက အပြန်အလှန် တိုက်ခိုက်နေကြကြောင်း မြင်နိုင်လိမ့်မည်။ ယင်းတို့က တစ်ဖက်လူ၏ အခွင့်အာဏာနှင့် ကျိန်စာကို တွန်းလှန်နေကြစဉ် လှိုင်းဂယက်များသည် အဝေးသို့ ပျံ့လွင့်သွားကြသည်။ ထိုနှစ်ခုက ပေါင်းစပ်သွားနေသည့် လက္ခဏာတချို့ပင် ပြလာသည်။

သွေးပင်လယ်ပေါ်တွင် ရွှီချင်းသည် သူ၏ အစိမ်းရောင်ဝတ်ရုံကို ရွက်လွှင့်ထားသကဲ့သို့ မတ်တတ်ရပ်နေသည်။

မနီးမဝေးတွင် စတုတ္ထသားတော်သည်လည်း သွေးပင်လယ်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲမှာ ညှိုးမှိုင်သောအကြည့် ထွက်ပေါ်လာသည်။

သူ၏ အနီရောင်လအခွင့်အာဏာကို ဆက်ပြီး မထုတ်ဖော်နိုင်တော့ပေ။

သို့သော်လည်း သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် လျော့ကျမသွားပေ။ ဤအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ ကောင်းကင်က ဆေဘာဓားဖြစ်လာစေ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ကောင်းကင်သည် တုန်ယင်သွားပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ကြီးမားသော ဧရိယာတစ်ခုသည် ပြိုကျလာပြီး ဆေဘာဓားတစ်လက်သို့ ဖွဲ့စည်းသွားသည်။

ထိုအရှိန်အဟုန်သည် အံ့ဖွယ်ကောင်းသည်။

“ မြေပြင်က ကွပ်မျက်စင်ဖြစ်လာစေ ”

မြေပြင်သည် တုန်ယင်သွားပြီး အရပ်မျက်နှာအသီးသီးမှ စုဝေးသွားကာ အပေါ်သို့ ကြွတတ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားသော ကွပ်မျက်စင်သည် မြေပြင်ပေါ်မှာ ဖြစ်ပေါ်လာသည်။

ယင်းက အလွန်ကြီးကျယ်ခမ်းနားသည်။

“ နေနဲ့လက ဆက်သွယ်ချက်ဖြစ်လာစေ ”

နေ၊ လနှင့် ကြယ်များသည် ဤလောကထဲမှာ ထွက်ပေါ်လာကြပြီး ကောင်းကင်ဘုံဆေဘာဓားနှင့် မြေပြင်ပေါ်မှ ကွပ်မျက်စင်ကို ဆက်သွယ်ပေးလိုက်ကြသည်။ ထိုအခါ နတ်ဘုရားကွပ်မျက်စင်သည် ဤလောကထဲမှာ ထွက်ပေါ်လာသည်။

အုပ်ချုပ်သူလီဇီဟွား၏ ထိုနတ်ဘုရားစွမ်းအင်ကို နဝမသားတော်တစ်ယောက်တည်း နားလည်ထားခြင်းမဟုတ်ပေ။ ဤစတုတ္ထသားတော်သည်လည်း နားလည်ထားသည်။ သူက ထိုနတ်ဘုရားစွမ်းအင်ကို အတိုင်းအတာတစ်ခုထိ အသုံးပြုနိုင်သည်။

ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးတွင် ကြောက်စရာကောင်းသော အန္တရာယ်အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ သူက နက်ရှိုင်းစွာ ဟိန်းအော်လိုက်သည့်အခါ နတ်ဘုရားကွပ်မျက်ဓားသည် ရုတ်တရက် သက်ဆင်းလာသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး နတ်ဘုရားကွပ်မျက်စင်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ အချိန်ပုလင်းသည် သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

သူက အချိန်ပုလင်းကို ဖွင့်လိုက်ပြီး အထဲမှ အချိန်ကို ထုတ်လွှတ်လိုက်သည်။

တစ္ဆေအင်ပါယာတောင်ကုန်းသည် ချက်ချင်း ဆင်းသက်လာပြီး ကွပ်မျက်စင်သို့ ပြောင်းလဲသွားသည်။ (ဃ၁၃၂)၏ ကမ္မသည် ဆေဘာဓား၏ မျှော့ကြောင်းဖြစ်လာသည်။

ကောင်းကင်ဘုံတာအိုမိုဆာဆောသည် မာန်ဖီဟိန်းဟောက်လိုက်ပြီး ဆေဘာဓားသို့ ပြောင်းလဲသွားသည်။ နတ်ဘုရားကျိန်စာဖြစ်သော တားမြစ်အဆိပ်သည် ဓားသွားပေါ်တွင် စုဝေးသွားပြီး ကျောက်ရှာအလင်းသည် တောက်ပသော အလင်းတန်းဖြင့် ဆေဘာဓားကို လွှမ်းခြုံသွားသည်။

ရွှေကျီးကန်းသည် လေထဲမှာ ပျံသန်းလိုက်ပြီး ကောင်းကင်ဘုံဆေဘာဓားနှင့် ကွပ်မျက်စင်ကြားမှာ ဆက်သွယ်မှုတစ်ခုကို ဖန်တီးလိုက်သည်။ ခရမ်းလသည် ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး နေနာရီသက်စောင့်မီးအိမ်များသည် ထိန်းချုပ်လိုက်ကြသည်။ ထိုအခါ ရွှီချင်း၏ နတ်ဘုရားကွပ်မျက်စင်သည် ကောင်းကင်နှင့်မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။

နတ်ဘုရားကွပ်မျက်စင်နှစ်ခုသည် အပြန်အလှန် ခုတ်ပိုင်းလိုက်ကြသည်။

ဗုန်း…

ကောင်းကင်ဘုံဆေဘာဓားနှစ်လက်၏ ဓားချက်အစွမ်းသည် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို အက်ကွဲသွားစေသည်။

နားကွဲလုမတတ် ကျယ်လောင်သော အက်ကွဲသံသည် စတုတ္ထသားတော်၏ ကောင်းကင်ဘုံဆေဘာဓားထံမှ ပေါ်ထွက်လာသည်။ မကြာမီ သူ၏ ဆေဘာဓားသည် နှစ်ပိုင်းကွဲထွက်သွားပြီး အဝေးသို့ လွင်စင်သွားသည်။

ရွှီချင်း၏ နတ်ဘုရားကွပ်မျက်စင်သည်တော့ အပြင်းအထန် တုန်လှုပ်သွားပြီး အမြန်လွင့်ပြယ်သွားသည်။ သို့သော်လည်း ယင်းက အကောင်းပကတိအတိုင်း ရှိနေပေသည်။ ရွှီချင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ၏ မျက်နှာသည် နီမြန်းလာသည်။ သွေးစီးကြောင်းတစ်ခုသည် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သို့သော်လည်း သူက အမြန်ပြန်သက်သာလာသည်။

ရွှီချင်းသည် နတ်ဘုရားစွမ်းအင်ချင်း ယှဉ်ပြိုင်မှုတွင် အနိုင်ရခဲ့သည်။

စတုတ္ထသားတော်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သွေးအများအပြား အန်လိုက်ရသည်။ သူက ရွှီချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ စိတ်ခံစားချက်အမျိုးမျိုးသည် သူ၏ နှလုံးသားထဲမှာ လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာကြသည်။

“ ငါလုပ်သမျှကို သူလိုက်လုပ်နိုင်တယ်… ”

ဤအခိုက်အတန့်မှာ တူညီသော အတွေးသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ဒါဆို… လျှို့ဝှက်ရတနာသိုက်ဆိုရင်ရော ”

စတုတ္ထသားတော်၏ မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ပွဲဆန္ဒ ထပ်မံပေါ်လျှိုးလာသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်သည့်အခါ ကြီးမားသော လျှို့ဝှက်ရတနာသိုက်တစ်ခုသည် လေထဲမှာ တိုက်ရိုက် ထွက်ပေါ်လာပြီး သွေးပင်လယ်ပေါ်သို့ ဆင်းသက်သွားသည်။

ထိုလျှို့ဝှက်ရတနာသိုက်သည် ကမ္ဘာတစ်ခုနှင့် ဆင်တူသည်။ သို့သော်လည်း ရတနာသိုက်ထဲတွင် ကောင်းကင်မရှိပေ။ ယင်းအစား ငရဲကြီးကိုးထပ်နှင့်ဆင်တူသော ကုန်းမြေသာလျှင် ရှိသည်။

ကုန်းမြေသည် သွေးပင်လယ်ထဲမှာ နစ်မြုပ်နေဟန် ရသည်။ သို့ဖြစ်၍ မြေကြီးသည်လည်း အနီရောင်ဖြစ်သည်။ အလယ်ပိုင်းသို့ တိုးသွားလေလေ အနီရောင်က ပိုပြီးထင်ရှားလာလေ ဖြစ်သည်။ အစွန်အဖျားပိုင်းတွင်တော့ အနီရောင်က တဖြည်းဖြည်း မှေးမှိန်သွားသည်။ တစ်ချိန်တည်းမှာ အဖြူရောင်မီးတောက်သည် အပြင်ဘက်ရှိ အစွန်အဖျားပိုင်းတွင် မျှော်စင်ကြီးတစ်ခုပမာ လောင်မြိုက်နေသည်။

မရေမတွက်နိုင်သော ပုံရိပ်များသည် အနီရောင်မြေကြီးထဲမှာ မြှုပ်နှံခံထားရပြီး အဖြူရောင်မီးတောက်၏ လောင်ကျွမ်းခြင်း ခံနေကြရသည်။ သူတို့က ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်ညည်းတွားသံများနှင့် ငိုကြွေးသံများကို ထုတ်ဖော်နေကြသည်။

ဤသည်မှာ ထိုအသံများက တစ်စုံတစ်ယောက်ကို အသနားခံနေသည့်အလားပင်။

လျှို့ဝှက်ရတနာသိုက်တစ်ခုလုံးသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ငရဲပြည်နှင့် ဆင်တူသည်။ လျှို့ဝှက်ရတနာသိုက်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းကို လွှမ်းခြုံသွားပြီး ဖိနှိပ်ရန် ကြိုးစားသည်။

ငရဲပြည်လျှို့ဝှက်ရတနာသိုက်က သူ့ဆီသို့ ချဉ်းကပ်လာနေသော်လည်း ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေဆဲပင်။ သူက ညာလက်ကို မြှောက်လိုက်သည့်အခါ ကျယ်လောင်သော မြည်ဟိန်းသံသည် သူ၏ ဘေးပတ်ပတ်လည်မှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏ လျှို့ဝှက်ရတနာသိုက်သည် ထွက်ပေါ်လာသည်။

သူ၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် ရွှေကျီးကန်းသည် နေလုံးဖြစ်ပြီး ခရမ်းလသည် လမင်းဖြစ်သည်။

တားမြစ်အဆိပ်သည် ကောင်းကင်ပေါ်မှ တိမ်တိုက်များအသွင် တည်ရှိနေပြီး တစ္ဆေအင်ပါယာတောင်ကုန်းသည် မြေပြင်ဖြစ်သည်။ အချိန်သည် မြစ်ကြီးတစ်စင်းနှယ် စီးဆင်းနေပြီး ကောင်းကင်ဘုံတာအိုသည် လျှို့ဝှက်ရတနာသိုက်ထဲမှ နိယာမများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောက်ရှာအလင်းသည် အရာဝတ္ထုများသို့ ပြောင်းလဲသွားပြီး (ဃ၁၃၂)သည် သက်ရှိများကို ဖြစ်ပေါ်လာစေသည်။ နေနာရီများသည် ဤလောက၏ အချိန်စီးဆင်းမှုကို မှတ်သားနေကြပြီး နေ့နှင့်ညသည် တစ်လှည့်စီ ပြောင်းလဲသွားနေသည်။ လေနှင့် တိမ်တိုက်များသည် အချိန်စီးဆင်းမှုအတိုင်း ရွေ့လျားနေကြသည်။

ထိုလျှို့ဝှက်ရတနာသိုက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်နှင့်အပြိုင် လွှမ်းခြုံသွားသည်။ ယင်းတို့ကြားမှာ နိယာမများနှင့် ဥပဒေသများ၏ ယှဉ်ပြိုင်မှုက စတင်လာပြီး တစ်ခုပေါ်တစ်ခု လွှမ်းမိုးနိုင်ရန် ကြိုးစားလိုက်ကြသည်။

ထပ်ဆင့်လွှမ်းခြုံသွားသော လျှို့ဝှက်ရတနာသိုက်နှစ်ခုသည် အပြင်းအထန် တုန်ယင်လာကြပြီး တစ်ခုပေါ်တစ်ခု သက်ရောက်မှုရှိစေသည်။

မကြာမီ နေ၊ လနှင့် ကြယ်များသည် လျှို့ဝှက်ရတနာသိုက်ထဲမှာ ထွက်ပေါ်လာကြသည်။ လေ၊ မိုးနှင့် မိုးကြိုးများသည်လည်း ပြောင်းလဲသွားကြသည်။ ကောင်းကင်ဘုံတာအို၏ ဟိန်းဟောက်သံများသည် လျှို့ဝှက်ရတနာသိုက်နှစ်ခုစလုံးထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုသို့ လျှို့ဝှက်ရတနာသိုက်ချင်း ထပ်ဆင့်လွှမ်းခြုံသော တိုက်ပွဲသည် အလွန်အန္တရာယ်များသည်။ အကယ်၍ တစ်ဖက်က ကျရှုံးသွားမည်ဆိုလျှင် သေခြင်းရှင်ခြင်းအခြေအနေကို ရင်ဆိုင်ရလိမ့်မည်။ သို့ဖြစ်၍ ဤသည်မှာ နှစ်ဖက်စလုံး၏ နောက်ဆုံးသော အဆုံးအဖြတ်တိုက်ပွဲဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ နှစ်ပေါင်းမြောက်များစွာကြာ တည်ဆောက်ထားခဲ့သော အခြေခံအုတ်မြစ်သည် ယခုအချိန်မှာ အားသာချက် ရှိလာသည်။ တဖြည်းဖြည်း သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ကောင်းကင်သည် စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ကောင်းကင်ကို အစားထိုးသွားသည်။

စတုတ္ထသားတော်၏ သွေးကုန်းမြေသည်တော့ ရွှီချင်း၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ကုန်းမြေကို ပြန်လည်လွှမ်းမိုးရန် ကြိုးစားနေသည်။

သို့သော် ၎င်း၏ အလျင်သည် အများကြီး နှေးကွေးသည်။

နိယာမများ၏ ထိပ်တိုက်တွေ့ဆုံမှုအောက်မှာ စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်သည် ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။ လျှို့ဝှက်ရတနာသိုက်ထဲမှ ကောင်းကင်ဘုံတာအို၏ ဟိန်းသံထဲမှာ ဆန္ဒမရှိမှု ပါဝင်နေသည်။ လျှို့ဝှက်ရတနာသိုက်ထဲမှ ငရဲပြည်သည် ယခု ရွှီချင်း၏ နေနှင့်လ အလင်းရောင်၏ သက်ရောက်ခံလိုက်ရသည်။

နေနှင့်လ အလင်းရောင် ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးသည် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး ဝါးမျိုခံလိုက်ရသည်။

စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ကုန်းမြေသည် ချက်ချင်း ပြိုကွဲသွားသည်။

သို့သော်လည်း လျှို့ဝှက်ရတနာသိုက်ချင်း ပေါင်းစပ်သွားပြီး အခြားတစ်ခုကို ဝါးမျိုနေစဉ်အတွင်း ရွှီချင်း၏ စိတ်အာရုံသည် စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ကုန်းမြေကို အသေအချာ မြင်နိုင်သွားသည်။

ထိုလျှို့ဝှက်ရတနာသိုက်၏ ကုန်းမြေသည် အတော်လေး ထူးခြားသည်။

ကုန်းမြေ၏ အလယ်ဗဟိုမှ အနီရောင်သည် သူငယ်အိမ်တစ်လုံးနှင့် တူညီသည်။ ဘေးပတ်ဝန်းကျင်မှ အဖြူရောင်မီးတောက်သည် မျက်လုံးထဲမှ အဖြူရောင်အပိုင်းနှင့် တူညီသည်။

ဤကုန်းမြေသည် အမှန်မှာ အလွန်ကြီးမားသော မျက်လုံးတစ်လုံးသာ ဖြစ်သည်။

ရွှီချင်းက ထိုမျက်လုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခိုက် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ခံစားမိသွားသည်။

“ အဲ့ဒါက… နီလာနတ်သမီးရဲ့ မျက်လုံးလား ”

All Chapters