← Chapters

နီလာနတ်သမီး၏ ရောက်ရှိလာမှု… အုပ်ချုပ်သူ ပြန်ရှင်သန်လာခြင်း

Vol. 70 Ch. 1086

နီလာနတ်သမီး၏ ရောက်ရှိလာမှု… အုပ်ချုပ်သူ ပြန်ရှင်သန်လာခြင်း

Vol. 70 Ch. 1086

ဝမ်ကူးကုန်းမြေထဲတွင် လျှို့ဝှက်သော ဟင်းလင်းပြင်တစ်ခု ရှိသည်။ ယင်းက အသူရာချောက်နက်ကိုးခုထဲမှာ မပါပေ။ သို့သော်လည်း အသူရာချောက်နက်ပမာ မည်းမှောင်နေသည်။

မည်သူမှ ထိုဟင်းလင်းပြင်၏ နေရာအတိအကျကို မသိပေ။ ကောင်းကင်ဘုံတာအိုသည်ပင် ယင်းကို မရှာနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် အတိတ်၌ ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေခဲ့သော ရှေးဟောင်းဝိညာဉ်အင်ပါယာရှိနေသောကြောင့် ဖြစ်သည်။ သူ၏ မျိုးနွယ်ဝင်များသည် ဝမ်ကူးကုန်းမြေမှ ရှေးဟောင်းကောင်းကင်ဘုံတာအိုအားလုံး၏ ကျိန်စာကြောင့် ထိုနေရာမှာ ပုန်းအောင်းနေကြရသည်။

ထိုနေရာ၏ အမည်သည် ဝိညာဉ်ချောက်နက်ဖြစ်သည်။

ထိုနေရာသည် ပုပ်သိုးဆွေးမြေ့နေသော မြွေတစ်ကောင်၏ ဦးခေါင်းပေါ်တွင် တည်ရှိသည်။ ကြောက်စရာကောင်းသော မြွေသည် ထိုလောကကို သယ်ဆောင်ထားလျက် အာကာသဟင်းလင်းပြင်ထဲမှာ ကူးခတ်နေဟန် ရသည်။

ထိုလောကထဲတွင် သေခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်မှာ မရေမတွက်နိုင်သော အရိုးစုများကို မြှုပ်နှံထားသည်။

လေလွင့်ဝိညာဉ်များနှင့် ပုပ်သိုးဆွေးမြေ့နေသော အလောင်းများကို နေရာတိုင်းမှာ မြင်နိုင်သည်။

ကောင်းကင်သည် မှောင်ရီနေပြီး မြေပြင်သည် လုံးဝမည်းနက်နေသည်။

အသံသည် ဤနေရာတွင် မည်သည့်အဓိပ္ပာယ်မှမရှိဟန် ရသည်။ ဤသည်မှာ တစ်လောကလုံးက စိတ်အာရုံဖြင့်သာ ဆက်သွယ်နေကြသည့်အလားပင်။

မြင်ကွင်းထဲတွင် နန်းတော်များရှိသည်။ နန်းတော်တစ်ခုစီတွင် အသွေးအသားများဖြင့် တည်ဆောက်ထားသော တောင်ကုန်းတစ်ခု ရှိသည်။

ဧရာမမျက်လုံးတစ်လုံးသည် တောင်ကုန်းတစ်ခုစီ၏ ကောင်းကင်ပေါ်မှာ လွင့်မျောနေသည်။

မျက်လုံးမှိတ်ထားလေရာ ဤလောကထဲတွင် မည်သူမှ သူ၏ ငြိမ်းချမ်းမှုကို မနှောင့်ယှက်နိုင်ဟန် ရသည်။

ရွှေရောင်နဂါးများသည်သာ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေကြပြီး မှော်သင်္ကေတများကို ဖွဲ့စည်းနေကြသည်။ ဤသည်မှာ ထိုနဂါးများက သူ့အတွက် အိမ်မက်များကို ဖန်တီးပေးနေသည့်အလားပင်။

အကယ်၍ မည်သည့်နှောင့်ယှက်မှုမှ မရှိလျှင် သူက ထိုအတိုင်း ဆက်လက် အိပ်ပျော်နေမည့်သဘော ရှိသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဝဲကတော့တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အသွေးအသားတောင်ကုန်းပေါ်မှာ လွင့်မျောနေသော ဧရာမမျက်လုံးသည် ရုတ်တရက် တုန်ယင်လာသည်။

ဤသည်မှာ သူက တည်ရှိမှုတစ်ခုကို အာရုံခံမိသွားသည့်အလား အကူအညီမဲ့ခြင်းနှင့် ရွံရှာခြင်းကို ခံစားမိသွားသည်။ မျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။

အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံသည် လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဧရာမမျက်လုံးထံမှ ထုတ်လွှတ်နေသော စွမ်းအားသည် ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးကို တုန်ယင်သွားစေသည်။ နတ်ဘုရားစိတ်အာရုံသည် အဆုံးမဲ့သော ကုန်းမြေများကို ဖြတ်ကျော်သွားပြီး ယခု ထွက်ပေါ်လာသော ဝဲကတော့ပေါ်သို့ ကျရောက်သွားသည်။

ရွှီချင်း၏ ပုံရိပ်သည် ဝဲကတော့ထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူက လမ်းလျှောက်ထွက်လာသည့်အခိုက် ရင်းနှီးသော လောကကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူ့အား စိုက်ကြည့်နေသော ဧရာမမျက်လုံးကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အရှင်… မတွေ့တာကြာပါပြီ ”

“ ဘာကိုကြာရမှာလဲ… မျက်စိတစ်မှိတ်အချိန်တောင် မရှိသေးဘူး ”

အေးစက်စက် နှာခေါင်းရှုံ့သံသည် မျက်လုံးကြီးထဲမှ မြည်ဟိန်းထွက်လာသည်။ သွေးကြောများသည်ပင် မျက်လုံးပေါ်မှာ ထွက်ပေါ်လာကြသည်။ မျက်လုံးက ရွှီချင်းကို စိုက်ကြည့်နေစဉ် ရေစီးဆင်းနေသော အသံသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ အဝါရောင်မြစ်ရေသည် အရပ်မျက်နှာအဘက်ဘက်မှ ချဉ်းကပ်လာနေပြီး တသွင်သွင် စီးဆင်းနေသည်။

ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ သွားရည်ဖြစ်သည်။

“ နောက်တစ်ကြိမ် မင်းရောက်လာရင် နတ်ဘုရားတစ်ပါးရဲ့ အကြွင်းအကျန်ကို ပေးဆပ်ရမယ်လို့ ငါမင်းကို မပြောထားဘူးလား ”

“ မဟုတ်ရင် ငါမင်းကို စားပစ်မယ် ”

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားလက်ချောင်းသည် တုန်ယင်လာသည်။ ၎င်းက အိပ်ပျော်နေဟန် ဆက်လက် ဟန်ဆောင်လိုက်သည်။

ရွှီချင်းသည် သူရဲဘောကြောင်သော နတ်ဘုရားလက်ချောင်းကို အာရုံမစိုက်နေပေ။ သူက ဧရာမမျက်လုံးကို စိုက်ကြည့်လိုက်သည်။ ရင်းနှီးဖော်ရွေသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မှန်ပါတယ် အရှင်… ကျွန်တော် အဲ့ဒါကို မှတ်မိပါတယ်… ဒါကြောင့် အရှင့်ဆီ လာအကြောင်းကြားတာပါ ”

“ စားသောက်ပွဲတော်ကြီးတစ်ခုရှိပါတယ်… အဲ့ဒါ အရှင်များ စိတ်ဝင်စားမလားလို့ ကျွန်တော်လာမေးတာပါ ”

ရွှီချင်းက ရိုသေလေးစားစွာ ပြောသည်။

ဧရာမမျက်လုံးသည် မှေးကျဉ်းသွားသည်။

“ ဘာစားသောက်ပွဲလဲ ”

“ အိပ်ပျော်နေတဲ့ နီလာနတ်သမီးပါ ”

ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံး တုန်ယင်သွားသည်။ နန်းတော်အားလုံးသည် တုန်လှုပ်သွားကြပြီး အသွေးအသားတောင်ကုန်းပေါ်မှ ဧရာမမျက်လုံးအားလုံးသည် ရွှီချင်းကို တစ်ပြိုင်နက် စူးစိုက်ကြည့်လိုက်ကြသည်။

“ မင်းက ဘာကိုပြောနေတာလဲ ”

ထိုသို့နတ်ဘုရားအစွမ်းဖြင့် ရင်ဆိုင်ရသည့်အခါ အကယ်၍ အတိတ်တုန်းကဆိုလျှင် ရွှီချင်းသည် ယင်းကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယခု သူ၏ ကျင့်ကြံခြင်းသည် ယခင်ကနှင့် ကြီးကြီးမားမား ခြားနားသွားသည်။ သူက စိတ်မသက်မသာ ခံစားနေရသော်လည်း ယခင်ကဲ့သို့ အလွယ်တကူ ပျက်စီးမသွားနိုင်ပေ။

ထို့ကြောင့် သူက တည်တည်ငြိမ်ငြိမ် ဆက်လက် ပြောသည်။

“ ကျွန်တော်က ဒီကို လဝတ်ပြုဒေသကြီးကနေ တည်နေရာပြောင်းရွှေ့လာတာပါ… အဲ့ဒီမှာ နိုးထလာနေတဲ့ အုပ်ချုပ်သူလီဇီဟွားရယ် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အဆင့်မြင့်နတ်ဘုရားနှစ်ပါးရယ် ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူအများအပြားလည်း ရှိပါတယ်… ”

“ ဒီကို ကျွန်တော်မလာခင် အရှင့်ကို ဒီစားသောက်ပွဲထဲမှာ ပါဝင်ခိုင်းဖို့ ကျွန်တော် သူတို့ကို အကြံပေးခဲ့ပါတယ်… ဒါကြောင့် သူတို့က အရှင် ဒီစားသောက်ပွဲကို စိတ်ဝင်စားလားဆိုတာ ကျွန်တော့်ကို လာမေးခိုင်းတာပါ ”

“ ကျွန်တော်ပြောတာ အမှန်ဟုတ် မဟုတ်ကိုတော့ အရှင်ရဲ့ စွမ်းရည်နဲ့ဆိုရင် ကျွန်တော့်ကိုယ်ပေါ်က အရှိန်အဝါကို စစ်ဆေးကြည့်နိုင်ပါတယ် ”

ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ ဤနေရာမှ မျက်လုံးအားလုံးသည် မြန်ဆန်စွာ မျက်တောင်ခတ်သွားကြသည်။ မြေပြင်သည် ပိုပြီးကြမ်းတမ်းစွာ တုန်ယင်လာသည်။ ဤသည်မှာ မြေကြီးအောက်ထဲမှ နှလုံးတစ်ခုက ခုန်မြည်နေသည့်အလားပင်။

ရွှီချင်း၏ စကားများသည် ရှေးဟောင်းဝိညာဉ်အင်ပါယာအတွက်ပင် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

ဤတစ်ကြိမ် ရွှီချင်းပေးလာသည့် အကျိုးအမြတ်က ထိုမျှကြီးမားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။ အစက သူလိုချင်သည်မှာ နတ်ဘုရားတစ်ပါး၏ အပိုင်းအစတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ရွှီချင်းက သူ့အား နီလာနတ်သမီးကို ပေးကမ်းလာသည်။

နီလာနတ်သမီးကို သူသိသည်။ ထို့ပြင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ အဆင့်မြင့်နတ်ဘုရားနှစ်ပါး၏ အရှိန်အဝါကို ရွှီချင်း၏ ကိုယ်ပေါ်မှာ အမှန်တကယ် သူအာရုံခံမိသည်။ ရွှီချင်းက အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း သူနားလည်သည်။

သို့သော်လည်း သူက နှုတ်ဆိတ်နေသည်။

ရွှီချင်းသည် အလျင်မလိုပေ။ သူက တိတ်တဆိတ် စောင့်ဆိုင်းသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တစ်ရက်ကုန်ဆုံးသွားသည်။

“ အရှင်… တကယ်လို့ အရှင်က ဒီတစ်ကြိမ် အကျိုးအမြတ်ကို မလိုချင်ဘူးဆိုရင် ကျွန်တော် ပြန်သွားပါရစေ… စားသောက်ဖို့အချိန်က နီးကပ်နေပါပြီ ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောပြီးနောက် ဖြည်းညင်းစွာ အနောက်ဆုတ်သွားသည်။ သူက ဝဲကတော့ထဲသို့ ပြန်ဝင်ရောက်ချင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ လည်ပတ်နေသော ဝဲကတော့သည် ရုတ်တရက် ရပ်တန့်သွားပြီး အေးခဲသွားသည်။

ရွှီချင်းသည် နည်းနည်းမှ မကြောက်သွားပေ။ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ ကျွန်တော်က ဒီစားသောက်ပွဲမှာ စားဖိုမှူးပါ… တကယ်လို့ ကျွန်တော်ပြန်ရောက်မလာရင် သူတို့က လိုက်ရှာကြလိမ့်မယ် ”

မျက်လုံးသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ ဤသည်မှာ သူက အရှုံးအမြတ်ကို စဉ်းစားချင့်ချိန်နေသည့်အလားပင်။ အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ အနောက်မှ ဝဲကတော့သည် ပြန်လည်လည်ပတ်လာသည်။

ရွှီချင်း၏ ပုံရိပ်က ဝဲကတော့ထဲသို့ ဝင်ရောက်သွားတော့မည့်အချိန် အနက်ရောင်သွေးတစ်စက်သည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးထဲမှ ပျံသန်းထွက်လာပြီး ရွှီချင်းထံသို့ ဦးတည်သွားသည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ထို့နောက် သွေးစက်သည် အနက်ရောင်ဝတ်ရုံသို့ ပြောင်းလဲသွားသည်။

ထိုဝတ်ရုံပေါ်တွင် အလွန်ရက်စက်ကြမ်းကြုတ်ပုံရသော မျက်လုံးတစ်လုံး ရှိသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အသံသည် ရွှီချင်း၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။

“ တကယ်လို့ မင်းပြောတာ အမှန်ဆိုရင် ဒီစားသောက်ပွဲကို ငါတတ်မယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“ အရှင်… ဒီစားသောက်ပွဲပြီးသွားရင် ရှေးဟောင်းဝိညာဉ်ကမ္မနဂါးတစ်ကောင်ကို ငါလိုချင်ပါတယ် ”

“ ကောင်းပြီ ”

ထို့နောက် လောကကြီးသည် ပြောင်းပြန်လှည့်ပတ်သွားပြီး မြည်ဟိန်းသံများသည် နေရာအနှံ့မှ ပျံ့လွင့်ထွက်လာသည်။ ရွှီချင်းသည် ဝဲကတော့ထဲမှ ပျောက်ကွယ်သွားပြီး လဝတ်ပြုဒေသကြီးဆီသို့ ပြန်ရောက်ရှိသွားသည်။ သူ၏ အရှေ့တွင် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုက ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်က လှည့်ကြည့်လိုက်သည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မျက်လုံးဖွင့်လိုက်ကြပြီး ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်ရုံ ဖြစ်သည်။

ဝတ်ရုံပေါ်မှ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည်လည်း မြန်ဆန်စွာ မှေးကျဉ်းသွားသည်။

ပထမဆုံး သူမြင်လိုက်ရသည်မှာ အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုဖြစ်သည်။ ထိုရုပ်တုထဲမှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်း‌နေပြီး ၎င်းပေါ်မှာ နိုးထလာနေသော အရှိန်အဝါရှိကြောင်း သူအာရုံခံမိသည်။

ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်လေရာ မကြာခင် ဆင်းသက်လာတော့မည့် အနီရောင်လဂြိုလ်ကို မြင်သွားသည်။ လှိုင်းလုံးများသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

နောက်ဆုံးမှာတော့ သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် တစ်ယောက်ချင်းစီကို ဖြတ်ကျော်သွားသည်။ နောက်ဆုံးမှာ သူ၏ အကြည့်က နဝမသားတော်ပေါ်သို့ ကျရောက်သွားစဉ် မျက်လုံးမှေးကျဉ်းသွားသည်။

“ စီနီယာ… သူက ငါ့ရဲ့ ဂုဏ်သရေရှိဧည့်သည်ပါ ”

ရွှီချင်းသည် အိမ်ရှေ့စံမင်းသားကိုကြည့်လိုက်ပြီး ရိုသေစွာ ပြောသည်။

အိမ်ရှေ့စံမင်းသားသည် မည်သည့်စကားမှမပြောဘဲ ခေါင်းညိတ်ပြသည်။ သိသာစွာပင် ရွှီချင်းထွက်သွားသည့်နေ့မှာ ခေါင်းဆောင်က သူတို့ကို တစ်စုံတစ်ခု ပြောထားခဲ့ပြီးသား ဖြစ်သည်။ နဝမသားတော်တစ်ယောက်တည်းသာ ရွှီချင်း၏ အနက်ရောင်ဝတ်ရုံကို စိုက်ကြည့်လိုက်သည်။ အေးစက်စက် အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာသည်။

“ ငါတို့ ဒီကလေးအပေါ် ကျေးဇူးကြွေးတင်ထားတယ် ”

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။ သူ့အရှေ့မှ လူသည် ပြိုင်ဘက်ကင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေကြောင်း သူအာရုံခံနိုင်သည်။

ထိုအန္တရာယ်အရှိန်အဝါ၏ သိပ်သည်းမှုသည် သူ့ဘဝတစ်လျှောက်လုံး၌ မြင်ခဲ့ဖူးသမျှထဲမှာ ထိပ်ဆုံးသုံးယောက်စာရင်းဝင်သည်။

“ ဒီလိုကောင်းကင်အရွေးချယ်ခံက… သူ့မှာ နတ်ဘုရားတွေကို ခြိမ်းခြောက်နိုင်တဲ့ ဓားတစ်လက်ရှိတယ် ”

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ တစ်ဖက်လူ၏ ဆိုလိုရင်းကို သူနားလည်သည်။ ယင်းက သူ့အား ခြိမ်းခြောက်ခြင်းနှင့် သတိပေးခြင်းဖြစ်သည်။

အကယ်၍ သူ၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင် ထိုသို့ခြိမ်းခြောက်မှုကို လျစ်လျူရှုနိုင်ပေသည်။ သို့သော်လည်း ယခုက ခြားနားသည်။ ထို့ပြင် ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူမြင်မြင်သမျှသည် ရွှီချင်းပြောသည့်အရာနှင့် သိပ်မခြားနားပေ။

အဆင့်မြင့်နတ်ဘုရားများကိုတော့ ဘေးမှ ပုဂ္ဂိုလ်ထံမှ သူအာရုံခံမိသည်။

‘ ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးနဲ့လူက နတ်ဘုရားကုန်းမြေဆီသွားတဲ့ ဂိတ်တံခါးကို သယ်ဆောင်ထားတယ် ’

ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ စိတ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေသည်။ ထို့နောက် သူက နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

“ သူက ငါ့ရဲ့ ယုံကြည်သူပါ… ဒီတော့ သူ့ကို ထိခိုက်နာကျင်အောင် ငါမလုပ်ပါဘူး ”

ဤသည်ကို ကြားသောအခါ နဝမသားတော်သည် အကြည့်ပြန်ရုပ်လိုက်သည်။ သို့သော်လည်း သူ၏ အန္တရာယ်အရှိန်အဝါက ဆက်လက်ရှိနေဆဲပင်။

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ပြန်ရှင်သန်လာနေသော အုပ်ချုပ်သူကို ကြည့်လိုက်သည်။

အစမှအဆုံးအထိ ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာကို ဖိတ်ခေါ်ဝံ့မှတော့ ထုံးစံအားဖြင့် သူ့မှာ မှီခိုအားထားနိုင်သည့် တစ်စုံတစ်ခု ရှိပေသည်။ ထို့ပြင် ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ဤသို့အခြေအနေမျိုးမှာ ပြဿနာရှာဝံ့လိမ့်မည် မဟုတ်ကြောင်း သူသေချာသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

လဝတ်ပြုဒေသကြီးမှ သက်ရှိအားလုံး၏ အော်ခေါ်သံများသည် ဆက်လက် ထွက်ပေါ်နေသည်။ အနီရောင်လဂြိုလ်က တဖြည်းဖြည်း ချဉ်းကပ်လာသည့်အခါ အော်ခေါ်သံများသည် ပိုပြီးကျယ်လောင်လာသည်။

အနီရောင်လဂြိုလ်သည် ကောင်းကင်တစ်ခုလုံးနီးပါး လွှမ်းခြုံသွားသည်။

အမှန်မှာ အကွာအဝေးက အလွန်နီးကပ်နေသောကြောင့် လဂြိုလ်ပေါ်မှ ချိုင့်ခွက်များကိုပင် မြင်နိုင်ပေသည်။

၎င်း၏ အရိပ်က ကုန်းမြေကို အမှောင်ဖုံးသွားစေပြီး‌ မြေကြီးကို တုန်ယင်စေသည်။ အနီရောင်လဂြိုလ်ဖြတ်သန်းသွားသည့်နေရာတိုင်း တောင်တန်းများသည် ပြိုကျပျက်စီးသွားပြီး မြစ်ချောင်းများသည် ဆူပွက်လာသည်။ အနီရောင်လဂြိုလ်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် လေပြင်းမုန်တိုင်းပမာ ပေါက်ကွဲထွက်လာပြီး နတ်ဘုရား၏ စိတ်ဆန္ဒအတိုင်း အရာအားလုံးကို လွှမ်းခြုံသွားသည်။

ဒြပ်နှောများသည် အလွန်သိပ်သည်းလာပြီး လောကကြီးသည် ပုံပျက်တွန့်လိမ်လာသည်။

၎င်းက အုပ်ချုပ်သူ၏ ရုပ်တုထံသို့ ရွေ့လျားသွားနေခြင်းဖြစ်သည်။

ဘေးပတ်ဝန်းကျင်တွင် သွေးရေအိုင်သည် ထပ်မံ ပြည့်လျှံလာသည်။ မြင်ကွင်းထဲမှ အရာအားလုံးသည် အနီရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ဤဧရိယာက ယခုအချိန်မှာ သွေးပင်လယ်ထဲသို့ နစ်မြုပ်သွားသည့်အလားပင်။

သက်ရှိအားလုံးသည် တုန်ယင်သွားကြသည်။ ကြောက်ရွံ့မှုက သူတို့၏ နှလုံးသားထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ယင်းက သူတို့၏ အော်ခေါ်သံကို ပိုပြီးကျယ်လောင်စေသည်။

အုပ်ချုပ်သူ၏ ခန္ဓာကိုယ်ပေါ်မှ နိုးထလာနေသော အရှိန်အဝါက ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာလေရာ လောကကြီးကို ပုံပျက်တွန့်လိမ်စေပြီး ဟင်းလင်းပြင်ကို ဝုန်းခနဲ မြည်ဟိန်းသွားစေသည်။ ဤသည်မှာ မရေမတွက်နိုင်သော ကောင်းကင်ဘုံမိုးကြိုးများက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလားပင်။

သို့သော်လည်း ထိုအသံက မည်မျှကျယ်လောင်ပါစေ အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုကို မတားဆီးနိုင်ပေ။

အနီရောင်လဂြိုလ်သည် တဖြည်းဖြည်း နီးကပ်လာသည်။

မြေပြင်ပေါ်တွင် ၎င်း၏ အရိပ်သည် ဒြပ်နှောများကို သယ်ဆောင်လာပြီး အရာအားလုံးနီးပါးကို ဖုံးလွှမ်းသွားသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာသည် တည်ကြည်လာကြသည်။ သူတို့၏ မျက်လုံးထဲမှာ ပြင်းထန်သော အမုန်းတရားဖြင့် ပြည့်နှက်နေသည်။ ခေါင်းဆောင်၏ အမူအရာသည်လည်း တင်းမာလာသည်။

သူ၏ ပြင်ဆင်ထားမှုအားလုံးနှင့် နှစ်ပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်မှုများသည် ဤအပေါ်မှာ မူတည်လိမ့်မည်။

ရွှီချင်း၏ ဝတ်ရုံပေါ်မှ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် ချက်ချင်း မှေးကျဉ်းသွားသည်။

ရွှီချင်းသည် စိတ်မသက်မသာဖြစ်ခြင်းကို ခံစားမိလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လအခွင့်အာဏာသည် အကြမ်းပတမ်း စတင်လှုပ်ရှားလာသည်။ ဤသည်မှာ ယင်းက အနီရောင်လ၏ ဆွဲယူခြင်းခံနေရသည့်အလားပင်။

မတူညီသော စိတ်ခံစားချက်များသည် လူတိုင်း၏ နှလုံးသားထဲမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။

နောက်အခိုက်အတန့်မှာ လောကကြီးတစ်ခုလုံး မည်းမှောင်သွားသည်။ အရွယ်အစား အလွန်ကြီးမားသော အနီရောင်လဂြိုလ်သည် ဒီရေအတတ်အကျစွမ်းအား၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းနှင့် နတ်ဘုရားအရှိန်အဝါကို သယ်ဆောင်လျက် အုပ်ချုပ်သူ၏ ရုပ်တုအပေါ်သို့ ချဉ်းကပ်လာသည်။

အနီရောင်လဂြိုလ်သည် အလယ်တည့်တည့်သို့ ရောက်ရှိသွားသည်။

နီလာနတ်သမီးရောက်ရှိလာပြီ ဖြစ်သည်။

အလွန်သိပ်သည်းသော နတ်ဘုရားအရှိန်အဝါသည် မင်ရည်နှင့်တူသော ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ပါးစပ်အပြည့် သွေးအန်လိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်သည် စတင်ခြောက်သွေ့လာပြီး ယိုယွင်းပျက်စီးလာသည်။ ကျိန်စာများနှင့် ဆင်တူသော အနက်ရောင်အခိုးအငွေ့များသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။

ခေါင်းဆောင်သည်လည်း နတ်ဘုရားအရှိန်အဝါကို မတောင့်ခံနိုင်ပေ။ သူက ချက်ချင်း အနောက်ဆုတ်သွားပြီး နေကိုးလုံးစက်ဝန်းကို ထုတ်လွှတ်လိုက်သည်။ သို့အခါမှသာ သူက နတ်ဘုရားအရှိန်အဝါကို တောင့်ခံနိုင်သွားသည်။

ရွှီချင်းသည်တော့ သူ့အပေါ်ကျရောက်လာသော အရှိန်အဝါကို ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝတ်ရုံက ခုခံကာကွယ်ပေးနေသဖြင့် ပြဿနာမရှိပေ။

သို့သော်လည်း အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် သူတို့အတွက် အချိန်ကြာကြာတောင့်ခံရန် ခက်ခဲလိမ့်ပေမည်။

လဝတ်ပြုဒေသကြီးသည် တုန်ယင်လာပြီး ဤနယ်မြေသည် စတင်ပြိုကျလာသည်။ ကမ္ဘာဖျက်ကဒ်ဘေးက ဆင်းသက်လာသည့်အလား သက်ရှိအားလုံးသည် အော်ဟစ်ညည်းညူလိုက်သည်။

အကယ်၍ ထိုအရာအားလုံးကို ပန်းချီကားတစ်ချပ်အဖြစ် ပုံဖော်မည်ဆိုလျှင် ပန်းချီကားထဲမှ လဝတ်ပြုဒေသကြီး၏ မြင်ကွင်းသည် ပြောမပြနိုင်အောင် ဆိုးဝါးလိမ့်မည်။ အုပ်ချုပ်သူ၏ ဒူးထောက်နေသော ပုံစံနှင့် နောင်တလွင်ပြင်ဟူသော နာမည်ကို တွဲဖက်လိုက်လျှင် သူက အပြစ်ဒဏ်ပေးခံထားရကြောင်း ပေါ်လွင်သည်။ သူက ဤနေရာမှာ နောင်တရအောင် အပြစ်ပေးခံထားရခြင်း ဖြစ်သည်။

ယင်းက ယဇ်ပူဇော်ပွဲကျင်းပသည့် ခေတ်တိုင်းလိုလိုမှာ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်မှာတော့ ခြားနားသွားသည်။

လူတိုင်းက နတ်ဘုရားအရှိန်အဝါကို တောင့်ခံရန် ရုန်းကန်နေကြသည်နှင့်ချက်ချင်း အုပ်ချုပ်သူ၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်မီးတောက်သည် ပိုပြီးလောင်မြိုက်လာသည်။

ဤသည်မှာ အုပ်ချုပ်သူ၏ ပြန်ရှင်သန်လာနေသော မီးတောက်ဖြစ်သည်။ ယင်းက အနီရောင်လ၏ နတ်ဘုရားအစွမ်းနှင့် နီလာနတ်သမီး၏ အရှိန်အဝါကြောင့် လှုံ့ဆော်ခံလိုက်ရသည်။

မီးတောက်သည် ပိုပြီးပြင်းထန်စွာ လောင်မြိုက်လာပြီး အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားကာ ကောင်းကင်အထိ ပျံ့နှံ့သွားသည်။ အုပ်ချုပ်သူလီဇီဟွား သေဆုံးပြီးနောက် တစ်ခါမှ မလှုပ်ရှားခဲ့သော ရုပ်တု၏ လက်နှစ်ဖက်သည် မီးတောက်များကြားမှာ ဖြည်းညင်းစွာ မြှောက်တတ်သွားသည်။ ကျယ်လောင်သော မြည်ဟိန်းသံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ကြီးမားသော ဧရာမလက်နှစ်ဖက်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ၎င်း၏ ဦးခေါင်းပေါ်မှ အနီရောင်လဂြိုလ်ဖြင့် ဆောင့်မိသွားသည်။

ဗုန်း…

အုပ်ချုပ်သူလီဇီဟွား ပြန်ရှင်သန်လာပြီ ဖြစ်သည်။

All Chapters