← Chapters

ငါက လအသစ်… ငါ့ကို ခရမ်းအရှင်သခင်လို့ ခေါ်

Vol. 70 Ch. 1088

ငါက လအသစ်… ငါ့ကို ခရမ်းအရှင်သခင်လို့ ခေါ်

Vol. 70 Ch. 1088

လောကကြီးသည် အနီရောင်ဆေးခြယ်ထားသော ပန်းချီကားတစ်ချပ်နှယ်ရှိပြီး ယင်းထဲမှာ ချောက်ချားဖွယ်ကောင်းသော ပုံရိပ်များနှင့် အတိတ်နိမိတ်မကောင်းသော ရေရွတ်သံများ ရှိသည်။

ဒြပ်နှောများသည် အလွန်ပေါများပြီး ကောင်းကင်နှင့်မြေပြင်ကြားမှာ လှည့်ပတ်နေသည်။ အရာအားလုံးသည် မရင်းနှီးသည်ဟု ခံစားရသည်။

ဒြပ်စင်များသည် အနီရောင်လဂြိုလ်၏ လောကထဲမှာ အတူတကွ ဖွဲ့စည်းနေကြသည်။

ဤနေရာသည် နီလာနတ်သမီး၏ နတ်ဘုရားကုန်းမြေလည်း ဖြစ်၏။

ဤနေရာသို့ ရောက်ရှိလာကြသော ကျင့်ကြံသူများသည် ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခံရခြင်းမှ မလွတ်မြောက်နိုင်ကြပေ။ သူတို့၏ ဝိညာဉ်သည် ဓမ္မကျမ်းစာရွတ်ဆိုသံဖြင့် တိုက်စားခံရလိမ့်မည်ဖြစ်ပြီး သူတို့၏ အသိစိတ်သည် ကိုယ်ကိုတိုင်သတိမထားမိဘဲ နီလာနတ်သမီးအပေါ် အဆုံးမဲ့စွာ ကြည်ညိုလေးစားလာလိမ့်မည်။

သူတို့၏ ကျင့်ကြံခြင်းက မည်သည့်အဆင့်မှာဖြစ်ပါစေ သက်ရောက်ခံရလိမ့်မည်။

ပထမဆုံး သက်ရောက်ခံလိုက်ရသူမှာ ပဉ္စမသမီးတော်ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဝတ်ရုံသည် အနီရောင်သို့ ပြောင်းလဲသွားသည်။ အဌမသားတော်သည်လည်း ထို့အတူပင်။ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည်လည်း စိတ်ယိမ်းယိုင်လာကြသည်။

ခေါင်းဆောင်၏ အခြေအနေသည်လည်း အများကြီး မကောင်းပေ။ ဤအခိုက်အတန့်မှာ သူ၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုက ပိုပြီးပေါ်လွင်လာသည်။ ရက်စက်ကြမ်းကြုတ်ပုံပေါ်သော မျက်နှာများသည် သူ၏ မျက်လုံးထဲမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သူ၏ တစ်ကိုယ်လုံးသည် အပြာရောင်အလင်း တောက်ပနေသည်။

ရွှီချင်းတစ်ယောက်တည်းသာ မည်သည့်သက်ရောက်မှုမှမခံရဘဲ နေရာမှာ ရပ်နေနိုင်သည်။

အနီရောင်လထံမှ အစွမ်းတိုးမြှင့်ပေးမှုနှင့်အတူ တစ်ခါမှမဖြစ်ဖူးသည့် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ဤလောကကြီးထဲမှာ သူခံစားနေမိသည်။

သူက ဤလောကကြီးကို အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်သည်ဟုပင် ခံစားမိသည်။

သူက စမ်းသပ်ကြည့်တော့မည့်အချိန် အဖိုးကိုးသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဒေါင်လိုက်ခုတ်ချလိုက်သည်။

အနက်ရောင်ဓားအလင်းတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာသည့်အခါ လောကကြီးသည် တုန်ခါသွားသည်။ ယင်းက မြေပြင်တစ်လျှောက် ဖြတ်သန်းသွားပြီး ပုံရိပ်အားလုံး၏ အရှေ့သို့ ရောက်ရှိသွားသည်။

ဓားအလင်းဖြတ်သန်းသွားသည့်နေရာတိုင်း မြေကြီးသည် ပြိုကျပျက်စီးသွားပြီး မရေမတွက်နိုင်သော ပုံရိပ်များသည် အသတ်ခံလိုက်ရသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အရာအားလုံးက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားကြသည်။

ဓမ္မကျမ်းစာရွတ်ဆိုသံသည် ဆက်လက် ပဲ့တင်ထပ်လာသည်။

ကျူးကျော်ဝင်ရောက်မှုသည်လည်း ဆက်လက် ဖြစ်ပွားလာသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာသည် မည်းမှောင်သွားသည်။ အေးစက်စက်အလင်းတန်းသည် အဖိုးကိုး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဆက်လက် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

“ အသုံးမဝင်ဘူး… ဒီနေရာက နတ်ဘုရားကုန်းမြေ… အခုချိန်မှာ နီလာနတ်သမီးက မနိုးထလာသေးဘူး… ဒီတော့ သူ့ရဲ့ စိတ်ဆန္ဒက ပျံ့နှံ့မထွက်လာဘူး… မဟုတ်ရင် အတွေးတစ်ချက်နဲ့တင် ဒီမှာရှိတဲ့ အရာအားလုံးက သူ့ရဲ့ စိတ်ဆန္ဒအောက်မှာ နစ်မြုပ်သွားလိမ့်မယ် ”

ခေါင်းဆောင်က တိုးညင်းစွာ ပြောသည်။

“ အတိတ်တုန်းက ငါက ထူးဆန်းတဲ့ သွေးတစ်စက်ကို ရရှိခဲ့တယ်… အဲ့ဒါကြောင့် ငါက ခြင်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး ဒီနေရာကို ဖြတ်ကျော်နိုင်ခဲ့တယ်… ဒါပေမဲ့ အဲ့ဒီသွေးစက်ကို ငါအသုံးပြုပြီးပြီ… ”

“ ချင်းလေး… ဒီနေရာမှာ သက်ရောက်မခံရတဲ့လူက မင်းတစ်ယောက်ပဲရှိတယ်… မင်းရဲ့ အနီရောင်လအခွင့်အာဏာကို ဖြန့်ကြက်ပြီး လနန်းတော်ကို ရှာပါ ”

“ လနန်းတော်က ဒီလောကကြီးမှာ သက်တမ်းအရင်ဆုံး နန်းတော်ပဲ… အဲ့ဒါက နေရာအတိအကျမရှိဘူး… နေရာတိုင်းမှာ ဖြစ်နိုင်တယ်… သဲမှုန်ထဲနဲ့ ဟင်းလင်းပြင်ထဲမှာတောင် ဖြစ်နိုင်တယ်… နီလာနတ်သမီးက လနန်းတော်ရဲ့ အနက်ပိုင်းထဲမှာ အိပ်ပျော်နေတယ် ”

“ လနန်းတော်ကို ရှာတွေ့ပြီးရင် ငါ့မှာ အဲ့ဒါကို ဖွင့်လှစ်ဖို့ နည်းလမ်းရှိတယ်… ပြီးကျရင် ငါတို့တွေ အထဲဝင်နိုင်ပြီ ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် အနီရောင်လဂြိုလ်ပေါ်သို့ ရောက်ရှိဖူးခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်လည်း အတူတူပင်။

ခေါင်းဆောင်တစ်ယောက်တည်းသာ ပထမဆုံးအကြိမ် မဟုတ်ပေ။

“ ငါကြိုးစားကြည့်မယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အကြည့်အောက်မှာ အရှေ့သို့ လျှောက်သွားသည်။

သူက လမ်းလျှောက်နေစဉ် အနီရောင်လအခွင့်အာဏာသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ သွေးဝဲကတော့တစ်ခုသည် သူ၏ ဘေးပတ်ပတ်လည်မှာ ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။ ရွှီချင်း၏ နှလုံးသားထဲမှ ရင်းနှီးကျွမ်းဝင်သော ခံစားမှုသည် ပိုပြီးအားကောင်းလာသည်။

သူက ဤလဂြိုလ်၏ အရောင်ကိုပင် ပြောင်းလဲပစ်ချင်နေသည်။

သို့သော်လည်း ထိုကိစ္စသည် အလွန်ကြီးမားလွန်းသည်။ ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒကို ဖိနှိပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူက လနန်းတော်ကို ရှာဖွေရန် သူ၏ အခွင့်အာဏာကို အနီရောင်လဂြိုလ်တစ်ခုလုံးဆီသို့ ဖြန့်ကြက်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများအပေါ် ကျူးကျော်ဝင်ရောက်မှုသည် ပိုပြီးအားကောင်းလာသည်။ သို့သော်လည်း လနန်းတော်ကို ရှာမတွေ့သေးပေ။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဤအခိုက်အတန့်မှာ အနီရောင်လဂြိုလ်သည်လည်း ပြင်းထန်သော တွန်းကန်အားကို ထုတ်လွှတ်လိုက်သည်။ မြေပြင်သည် တုန်ယင်လာသည်။ ဤသည်မှာ အုပ်ချုပ်သူက အနီရောင်လဂြိုလ်ကို အချိန်ကြာကြာ မထိန်းထားနိုင်ကြောင်း ဖော်ပြနေလေသည်။

အနီရောင်လဂြိုလ်၏ ဂြိုလ်ပတ်လမ်းကြောင်းကို တားဆီးခြင်းသည် အုပ်ချုပ်သူအတွက် ခက်ခဲပေသည်။

ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။

“ ကြည့်ရတာ အုပ်ချုပ်သူကို ငါစောစောနှိုးမှပဲ ရတော့မယ်… မဟုတ်ရင် လနန်းတော်ကို ငါတို့ရှာနိုင်မှာ မဟုတ်ဘူး… အခုအခြေအနေက ငါတို့အတွက် ကောင်းကျိုးမရှိဘူး… ဒါပေမဲ့ အုပ်ချုပ်သူကို နှိုးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါ့ရဲ့ တခြားနည်းလမ်းတွေကို ထုတ်သုံးတာပဲဖြစ်ဖြစ် နီလာနတ်သမီးက သေချာပေါက် နိုးလာ… ”

“ လနန်းတော်ကို ရှာဖွေဖို့ ငါကူညီပေးနိုင်တယ် ”

ခေါင်းဆောင်၏ စကားမဆုံးသေးခင် ရွှီချင်း၏ ဝတ်ရုံပေါ်မှ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် သူ၏ နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။

“ ဒါပေမဲ့ ငါလှုပ်ရှားတာနဲ့ နီလာနတ်သမီးက နိုးလာလိမ့်မယ်… ပြီးတော့ တကယ်လို့ ငါအောင်မြင်သွားရင် ဝေစုရဲ့ တစ်ဝက်ကို လိုချင်တယ် ”

ခေါင်းဆောင်သည် ရှေးဟောင်းဝိညာဉ်အင်ပါယာကို စိုက်ကြည့်လိုက်သည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မျက်လုံးမှေးကျဉ်းလိုက်ကြသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အလျင်မလိုပေ။ သူက လူတိုင်း ရွေးချယ်မှုပြုလုပ်နိုင်ရန် စောင့်ဆိုင်းသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းက ရုတ်တရက် ပြောသည်။

“ ငါတို့က ဘယ်နည်းလမ်းကိုပဲသုံးသုံး နီလာနတ်သမီးက နိုးလာမယ်ဆိုမှတော့… ငါ့မှာ စမ်းကြည့်ချင်တဲ့ နည်းလမ်းတစ်ခု ရှိတယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းသည် အရှေ့သို့ နောက်ထပ် ခြေဆယ်လှမ်း လျှောက်သွားလိုက်ပြီး ပုံရိပ်တစ်ခု၏ အရှေ့မှာ ရပ်လိုက်သည်။

သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုမှတဖန် မြေပြင်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူ၏ အကြည့်သည် သူ့အရှေ့မှ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။ သူက ဓမ္မကျမ်းစာရွတ်ဆိုသံများကို နားထောင်ရင်း သူ၏ နှလုံးသားထဲမှာ ဖိနှိပ်ထားသော စိတ်ဆန္ဒကို လွှတ်ပေးလိုက်သည်။

“ အနီရောင်လအခွင့်အာဏာမှာ အရှင်သခင်နှစ်ယောက် မရှိသင့်ဘူး ”

အနီရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ နတ်ဘုရားသဘာဝကို ရည်ရွယ်ချက်ရှိစွာ ထုတ်လွှတ်လိုက်ပြီး အနီရောင်လဂြိုလ်ဖြင့် ပေါင်းစပ်သွားစေသည်။

ထိုမြင်ကွင်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို မျက်မှောင်ကြုတ်သွားစေသည်။ ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်သွားသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အသိစိတ်သည်လည်း လှုပ်ခါသွားသည်။

‘ ဒီကောင်လေးဆီမှာ အနီရောင်လအခွင့်အာဏာ ရှိတယ်… အနီရောင်လဂြိုလ်ဆီ ရောက်လာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က တခြားလူတွေနဲ့ လုံးလုံးခြားနားတယ် ’

‘ အထူးသဖြင့်… နီလာနတ်သမီးက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေပြီး အခုထိ မနိုးလာသေးဘူး ’

ဤအခိုက်အတန့်မှာ လူတိုင်း၏ နှလုံးက ဗြောင်းဆန်သွားနေစဉ် ရွှီချင်းက မျက်လုံးမှိတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီအလင်းသည် လေထဲသို့ ချက်ချင်း မြှောက်တတ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် စတင်ဝေဝါးလာပြီး ဤနေရာမှ အနီရောင်အလင်းဖြင့် လုံးဝပေါင်းစပ်သွားသည်။ ဤသည်မှာ သူက အနီရောင်အလင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့်အလားပင်။ သူ့ကို ရှင်းလင်းစွာ မြင်နိုင်ရန် ခက်ခဲလာသည်။

အနီရောင်လဂြိုလ်တစ်ခုလုံးသည် ရုတ်တရက် တုန်ယင်လာသည်။

ဘေးပတ်ဝန်းကျင်မှ ဓမ္မကျမ်းစာရွတ်ဆိုသံများသည် ဤအခိုက်အတန့်မှာ ရုတ်ချည်း ရပ်တန့်သွားသည်။ ပထမဆုံးအကြိမ် ဤနေရာမှ မရေမတွက်နိုင်သော ပုံရိပ်များသည် သူတို့၏ ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ကြသည်။ သူတို့သည် လက်နှစ်ဖက်ဖြင့် မျက်လုံးကို ဖုံးအုပ်ထားလျက် တစ်ညီတစ်ညာတည်း ခေါင်းမော့လိုက်ကြသည်။ သူတို့က ရွှီချင်း၏ အခွင့်အာဏာမှ ဆွဲဆောင်ခံလိုက်ရသည့်အလား သူ့ကို ကြည့်ရှုလာကြသည်။

အချိန်အတော်ကြာပြီးနောက် အနီရောင်အလင်းဖြင့် ပေါင်းစပ်ထားပြီး ဝေဝါးနေသော ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ နက်ရှိုင်းသော အသံသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။

“ ငါက လအသစ်… ငါက ဝမ်ကူးကုန်းမြေမှာ မွေးဖွားလာခဲ့တယ်… သက်ရှိအားလုံးက ငါ့ကို ခရမ်းအရှင်သခင်လို့ ခေါ်ကြတယ် ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှ အနီရောင်အလင်းသည် ခရမ်းရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ခရမ်းရောင်သည် မြန်ဆန်စွာ ပျံ့နှံ့သွားပြီး သိပ်သည်းလာသည်။ အဝေးမှကြည့်လျှင် သူက ခရမ်းလတစ်စင်းသို့ ပြောင်းလဲသွားနေကြောင်း မြင်နိုင်လိမ့်မည်။

ရွှီချင်းက ကောင်းကင်ပေါ်သို့ လျှောက်သွားသည့်အခါ ခရမ်းလသည် လေထဲသို့ မြှောက်တတ်သွားသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။ အနီရောင်လဂြိုလ်သည် ပြင်းထန်စွာ တုန်ခါလာသည်။ မြေပြင်က တုန်လှုပ်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်အားလုံးသည် တုန်ယင်သွားကြသည်။

ဤလဂြိုလ်ထံမှ အလွန်သိပ်သည်းသော အနီရောင်လစွမ်းအားသည် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ယင်းက ခရမ်းရောင်တစ်စွန်းတစ်စ ပါဝင်သော အနီရောင်မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ရိုက်ခတ်သွားသည်။ မုန်တိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်မှ ပုံရိပ်များသည် တုန်ယင်သွားကြသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ပိုပြီးအံ့ဩသွားကြသည်။ အမြဲတမ်း တိတ်ဆိတ်နေသော နဝမသားတော်သည်ပင် ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက တည်ကြည်သွားသည်။

“ သူက နီလာနတ်သမီးရဲ့ ဓမ္မကျမ်းစာရွတ်ဆိုခြင်းနဲ့အတူ စမ်းသပ်နေတာပဲ ”

“ အနီရောင်ကို ခရမ်းရောင်ပြောင်းစေတယ် ”

အိမ်ရှေ့စံမင်းသားက ညင်သာစွာ ပြောသည်။

“ မဟာအခွင့်အရေး… ဒါမဟာအခွင့်အရေးပဲ ”

ရှေးဟောင်းဝိညာဉ်အင်ပါယာမှ ဖြစ်ပေါ်လာသော ဝတ်ရုံသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ရုတ်တရက် ထွက်ခွာသွားသည်။

ခေါင်းဆောင်သည်တော့ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူက စိတ်ထဲမှာ မသိမသာ သက်ပြင်းချလိုက်လေရာ သနားကြင်နာသော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

‘ ခရမ်းလကို ငါမြင်ခဲ့တာ နှစ်တွေအတော်ကြာသွားပြီ… ’

ခရမ်းလသည် လေထဲသို့ မြှောက်တတ်သွားသည်။ ခရမ်းလ၏ ထွက်ပေါ်လာမှုကြောင့် ဤလောကထဲမှ အရာအားလုံးသည် အနီရောင်အပြင် ခရမ်းရောင်တစ်စွန်းတစ်စ စွန်းထင်လာသည်။

ခရမ်းရောင်သည် မြေပြင်ကို မြန်ဆန်စွာ ဖုံးလွှမ်းသွားပြီး ကောင်းကင်ဆီသို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်အားလုံး၏ အရောင်သည် ပြောင်းလဲသွားသည်။ တဖြည်းဖြည်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်ရောထွေးလာသည်။ တစ်ချိန်တည်းမှာ သူတို့၏ ဓမ္မကျမ်းစာရွတ်ဆိုသံသည် ပြောင်းလဲသွားသည်။

“ လအသစ်ရဲ့ အရှင်သခင်… ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါ… သက်ရှိအားလုံးအတွက် ဝမ်းနည်းပူဆွေးပြီး နိဗ္ဗာန်ကို စံစားတော်မူပါ ”

“ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အရှင်သခင်အတွက် စတေးပါတယ်… ဒီဘဝမှာ နာကျင်မှုမရှိပါဘူး… အာရုဏ်ဦးနဲ့ နေဝင်ချိန်က နိဂုံးချုပ်သွားတာနဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်က ဘယ်တော့မှ မပျက်စီးနိုင်တော့ပါဘူး ”

“ လအသစ်ရဲ့ အရှင်သခင်က ဝမ်ကူးကုန်းမြေမှာ မွေးဖွားလာခဲ့တယ်… သက်ရှိအားလုံးက သူ့ကို ခရမ်းအရှင်သခင်လို့ တလေးတစား ခေါ်ကြတယ် ”

“ အရှင်သခင်အတွက် ကျုပ်တို့ရဲ့ ဝိညာဉ်ကို စတေးပါတယ်… အခြားတစ်ဖက်မှာ မွန်မြတ်ခြင်း၊ ထာဝရပျော်ရွှင်မှုရဲ့ သံစဉ်နဲ့ နောင်ဘဝက စောင့်ဆိုင်းနေတယ် ”

သူတို့က ဓမ္မကျမ်းစာကို ပြုပြင်မွမ်းမံလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်အားလုံးသည် ခရမ်းရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားကြသည်။ ဤလဂြိုလ်သည်ပင် ခရမ်းရောင်သို့ ပြောင်းသွားဟန် ရသည်။

ထိုမြင်ကွင်းကို ဤနေရာမှ လူများသာ မြင်နိုင်ကြသည်မဟုတ်ပေ။ ဝမ်ကူးကုန်းမြေထဲမှ ဒေသကြီးတချို့သည်လည်း မြင်သွားကြသည်။

အမှန်မှာ အနီရောင်လဂြိုလ်၏ ရောက်ရှိလာခြင်းကို လဝတ်ပြုဒေသကြီး၏ ဘေးပတ်ပတ်လည်မှ ဒေသကြီးများသည် အမြဲတမ်း အာရုံစိုက်ခဲ့ကြသည်။ ဤအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းဒေသကြီးအတွင်းရှိ အဖြူရောင်သဲမြေပေါ်မှ နန်းတော်ထဲဝယ် ဗလာနတ္ထိအဆင့်မှ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းသွားခဲ့သော သန့်စင်ရေလှိုင်းအမတ်ချုပ်သည် တရားထိုင်နေခြင်းမှ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း သန့်စင်ရေလှိုင်းဒေသကြီး၏ ကောင်းကင်ပေါ်တွင် အလွန်ကြီးမားသော မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ထိုမျက်လုံးတစ်စုံသည် လဝတ်ပြုဒေသကြီးဆီသို့ ချက်ချင်း စိုက်ကြည့်လိုက်သည်။

“ အနီရောင်လပေါ်မှာ ခရမ်းရောင်ထွက်ပေါ်လာတယ်… နီလာနတ်သမီးရဲ့ အခွင့်အာဏာက ပြောင်းလဲသွားနေတယ်… ”

“ အဲ့ဒီမှာ… ဘာဖြစ်နေတာလဲ ”

တစ်ချိန်တည်းမှာ အဆုံးမဲ့သော အကြောက်တရားသည် ကောင်းကင်နက်ဒေသကြီးထဲမှာ ထွက်ပေါ်လာသည်။

အတိတ်တွင် မဟာနန်းမြို့တော်ဒေသကြီးက အာရုဏ်ဦးနေမင်းများကို အသုံးပြုခဲ့သောကြောင့် ကောင်းကင်နက်မျိုးနွယ်သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ ဒေသကြီးတစ်ခုလုံးကို ချိပ်ပိတ်ထားစဉ် သူတို့က ယဇ်ပူဇော်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး နတ်ဘုရားကို ဆင့်ခေါ်ခဲ့သည်။

သို့သော်လည်း သူတို့၏ ဆင့်ခေါ်မှုတိုင်းသည် ကျရှုံးခဲ့သည်။ ယနေ့မှာတော့ ကောင်းကင်နက်မျိုးနွယ်ထဲမှ အဆင့်မြင့်နတ်ဆရာများသည် သူတို့၏ စိတ်ထဲမှာ ဖော်မပြနိုင်သော အကြောက်တရားကို ခံစားမိသွားကြသည်။

အဆုံးမဲ့သော အကြောက်တရား၏ ဇစ်မြစ်သည် သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသော မြင်ကွင်းထံမှ ဖြစ်သည်။

ထိုမြင်ကွင်းထဲတွင် အနီရောင်လသည် ခရမ်းရောင်သို့ ပြောင်းလဲသွားနေသည်။

သူတို့ချည်းသာမဟုတ်ပေ။ လဝတ်ပြုဒေသကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီးလျှံလရွှမ်ကောင်းကင်ဒေသကြီးထဲမှ ကျင့်ကြံသူများသည်လည်း အနီရောင်လက ခရမ်းရောင်သို့ ပြောင်းလဲသွားနေကြောင်း အာရုံခံမိသွားကြသည်။

အကယ်၍ ပြင်ပဒေသကြီးများပင် ထိုမျှလှုပ်ရှားသွားသည်ဆိုလျှင် လဝတ်ပြုဒေသကြီးကိုတော့ ထည့်ပြောနေစရာ မလိုအပ်ပေ။

ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် တုန်ယင်လာကြပြီး စိတ်မသက်မသာ ခံစားမိလာကြသည်။ ကောင်းကင်နှင့်မြေပြင်၏ အရောင်က ပြောင်းလဲသွားနေကြောင်း ရှာတွေ့သွားသည့်အခါ သူတို့အားလုံးသည် ထိတ်လန့်သွားကြသည်။

ကောင်းကင်ပေါ်မှ အနီရောင်လဂြိုလ်သည် ခရမ်းရောင်လသို့ တဖြည်းဖြည်း ပြောင်းလဲသွားနေသည်။

အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ရွှီချင်းက အနီရောင်လကို လုံးဝအစားထိုးနိုင်သွားပြီး လဂြိုလ်တစ်ခုလုံးကို ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်လိမ့်မည်။ ထိုအခါကျလျှင် သူက နတ်ဘုရားအသစ်တစ်ပါး ဖြစ်လာလိမ့်မည်။

သို့သော်လည်း နီလာနတ်သမီး အသက်ရှင်နေသေးသရွေ့ ထိုသို့မဖြစ်လာနိုင်သည်မှာ သေချာ၏။

နီလာနတ်သမီးသည် ကောင်းကင်နက်မျိုးနွယ် စစ်ရှုံးသွားစဉ်အခါမှာ မနိုးထလာခဲ့ပေ။

အနီရောင်လဗိမာန် ဖျက်ဆီးခံလိုက်ရသည့်အခါမှာလည်း သူက မတားဆီးခဲ့ပေ။

အုပ်ချုပ်သူလီဇီဟွား ပြန်ရှင်သန်လာပြီး အနီရောင်လဂြိုလ်ကို သူ၏ လက်ဖဝါးထဲမှာ ထိန်းချုပ်ထားသည့်အခါမှာလည်း သူက မနိုးထလာခဲ့ပေ။ အုပ်ချုပ်လီဇီဟွား၏ လက်ချောင်းက တိမ်မြူခိုးအကာအကွယ်ကို ထိုးဖောက်သွားပြီး အနီရောင်လ၏ မြေကြီးပေါ်သို့ ဆင်းသက်လာသည့်အခါမှာပင် သူက ဆက်လက် အိပ်နေဆဲပင်။

သိသာစွာပင် မီးစာကုန်းမြေ၏ အရှင်သခင်ကို ဝါးမျိုစုပ်ယူခြင်းသည် နီလာနတ်သမီးအတွက် လွယ်ကူသော ကိစ္စမဟုတ်ပေ။

သို့သော်လည်း ယခု အနီရောင်လဂြိုလ်၏ အရောင်က ပြောင်းလဲသွားနေလေရာ သူ့မှာ စွမ်းအင်စုပ်ယူနေခြင်းကို ရပ်တန့်ရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

ကြောက်စရာကောင်းသော အရှိန်အဝါသည် အနီရောင်လဂြိုလ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံသွားသည်။ လျှပ်တစ်ပြက်အတွင်း လဂြိုလ်တစ်ခုလုံး၏ အနီရောင်သည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး သွေးနီရောင်နန်းတော်တစ်ခုသည် လူတိုင်း၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။

ဤသည်မှာ လနန်းတော်ဖြစ်သည်။

ထိုနန်းတော်သည် ရှေးကျပြီး ဧရာမကျောက်တုံးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ နန်းတော်သည် ရှေးဟောင်းအငွေ့အသက်ကို ပေးသည်။ နန်းတော်တစ်ခုလုံးသည် သွေးရောင်တောက်ပနေပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

နန်းတော်၏ တင်းကျပ်စွာ ပိတ်ထားသော ဂိတ်တံခါးပေါ်တွင် ဧရာမတိုတမ်တစ်ခု ရှိသည်။

ထိုတိုတမ်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာသို့ ပြောင်းလဲသွားသည်။

ယင်းက နီလာနတ်သမီး၏ မျက်နှာမဟုတ်ပေ။ မျက်လုံးခြောက်လုံးပါသော မျက်နှာဖြစ်သည်။ ဤအခိုက်အတန့်မှာ မျက်လုံးခြောက်လုံးသည် တစ်ပြိုင်နက် ပွင့်သွားကြသည်။ ၎င်းတို့က တခြားလူများကို လျစ်လျူရှုထားပြီး ရွှီချင်းကိုသာ စိုက်ကြည့်လိုက်သည်။ ကျယ်လောင်သော အော်သံသည်လည်း ၎င်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

“ နတ်ဘုရားကို စော်ကားတဲ့လူတွေက အကြိမ်တစ်ထောင်သေဆုံးခြင်း ကဒ်ဘေးကို ရင်ဆိုင်ရမယ် ”

All Chapters