← Chapters

နတ်ဘုရား၏ ပါးစပ်ထဲမှ အစာလုခြင်း

Vol. 70 Ch. 1089

နတ်ဘုရား၏ ပါးစပ်ထဲမှ အစာလုခြင်း

Vol. 70 Ch. 1089

“ မြေအောက်မျိုးနွယ်ဘိုးဘေး ယိုတင်းမူ ”

အိမ်ရှေ့စံမင်းသားက မျက်လုံးခြောက်လုံးမျက်နှာ၏ သရုပ်ကို ထုတ်ဖော်လိုက်သည်နှင့်ချက်ချင်း အေးစက်စက်အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူတစ်ယောက်တည်း ထိုမျက်နှာကို မှတ်မိခြင်းမဟုတ်ပေ။ သူ၏ ညီအကိုမောင်နှမများသည်လည်း ထိုမျက်နှာကို မြင်လိုက်ရသည့်အခိုက် ချက်ချင်း မှတ်မိသွားကြသည်။

ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ပါးစပ်ထောင့်သည် အပေါ်သို့ တွန့်ကွေးသွားသည်။ သိသာစွာပင် သူသည်လည်း ဤဂိတ်တံခါးပေါ်မှ တိုတမ်မျက်နှာ၏ သရုပ်ကို သိထားသည်။ မည်သို့ဖြစ်ပါစေ သူ၏ ယခင်ဘဝတွင် ဤနေရာသို့ ရောက်လာဖူးသည်မဟုတ်ပါလော။

ရွှီချင်းသည်လည်း မျက်လုံးမှေးကျဉ်းသွားသည်။ တစ်ချိန်တည်းမှာ မြောက်ပိုင်းရေခဲလွင်ပြင်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လမ်းမှာ မြေအောက်မျိုးနွယ်ကို သူတို့မြင်တွေ့သွားစဉ် သူ့အား အိမ်ရှေ့စံမင်းသားပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရသွားသည်။

မြေအောက်မျိုးနွယ်ဘိုးဘေးသည် တစ်ချိန်က အုပ်ချုပ်သူ၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်ခဲ့သည်။ နီလာနတ်သမီး ဆင်းသက်လာသည့်အချိန် သူက အုပ်ချုပ်သူကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက် သူက အုပ်ချုပ်သူ၏ လက်ချောင်းဖြင့် မြောက်ပိုင်းရေခဲလွင်ပြင်မှာ အသတ်ခံလိုက်ရသည်။ သူ၏ မဟာလောကသည်လည်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့သည်။

ရွှီချင်းရရှိခဲ့သော မဟာလောက၏ အစိတ်အပိုင်းသည် တိုတမ်မျက်နှာ၏ မဟာလောကထံမှ အပိုင်းအစတစ်ခုဖြစ်သည်။

အုပ်ချုပ်သူ၏ အသတ်ခံလိုက်ရသော ထိုသစ္စာဖောက်ကောင်သည် ယခုအခါ ဂိတ်စောင့်နတ်ဘုရားတစ်ပါးအဖြစ် လနန်းတော်၏ ဂိတ်တံခါးပေါ်မှာ ထွက်ပေါ်လာသည်။ သိသာစွာပင် သူ့ကို နီလာနတ်သမီးက ပြန်ရှင်သန်စေခဲ့ခြင်း ဖြစ်သည်။

“ ဒီတော့ အတိတ်မှာ စီနီယာအကိုကြီးက မြောက်ပိုင်းရေခဲလွင်ပြင်ကို သွားခဲ့ပြီး မဟာလောကအပိုင်းအစထဲက လက်ချောင်းပုံရိပ်ကို သူ့ရဲ့အရေပြားပေါ်မှာ တံဆိပ်ရိုက်နှိပ်ခဲ့တာက… ”

( အရင်အပိုင်းမှာ လက်ဝါးပုံရိပ်လို့ မှားရေးခဲ့ပါတယ်… အမှန်က လက်ချောင်းပုံရိပ်ပါ )

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ဘဝင်မြင့်သော အမူအရာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ ဤသည်မှာ သူ၏ အမူအရာက ရွှီချင်းကို ‘ အခု ငါဘယ်လောက် ကြီးကျယ်မြင့်မြတ်လဲဆိုတာ မင်းသိပြီမလား ’ဟု ပြောနေသယောင်ယောင်။ စောစောက ရွှီချင်း၏ လုပ်ဆောင်မှုသည် အလွန်ထင်ပေါ်လွန်းသည်ဟု သူက စိတ်ထဲမှာ တွေးနေခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ သူထင်ပေါ်ရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

ထို့ကြောင့် သူက ခေါင်းမော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ စီနီယာတို့… နီလာနတ်သမီး နိုးလာဖို့က အချိန်တစ်ခုလိုအပ်ပါတယ်… ဒါကြောင့် သူ အပြည့်အဝ မနိုးလာသေးခင် သူအိပ်နေတဲ့ နေရာဆီ ငါတို့က ဝင်ရောက်ရပါမယ် ”

“ ဒီဂိတ်စောင့်နတ်ဘုရားကိုတော့… မင်းတို့ ငါ့အတွက် အချိန်နည်းနည်းလောက် ဆွဲထားပေးပါ… ငါ့မှာ သူ့ကို ဖိနှိပ်ဖို့ နည်းလမ်းတစ်ခု ရှိတယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အကြည့်သည် ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။ ထို့နောက် သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။

တစ်ချိန်တည်းမှာ လနန်းတော်ထွက်ပေါ်လာသည့်အခိုက် အနီရောင်လဂြိုလ်၏ မြေပြင်သည် တုန်ယင်လာပြီး ဖောင်းကြွလာသည်။ ကောင်းကင်က အောက်သို့ နိမ့်ဆင်းသွားလေရာ မမြင်နိုင်သော စွမ်းအင်တစ်ခု၏ ဆွဲငင်ခံနေရသည့်အလားပင်။

အဝေးမှကြည့်လျှင် လနန်းတော်သည် ရှေးကျပြီး မိုးဒဏ်လေဒဏ်ခံထားရပုံပေါ်သည်။ နန်းတော်ကို ဆောက်လုပ်ထားသော ဧရာမကျောက်တုံးများထံမှ ရှေးကျသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော်လည်း နန်းတော်ပေါ်မှ အမှတ်အသားများဖြစ်စေ သို့မဟုတ် အနုစိတ်လက်ရာများဖြစ်စေ တန်ဖိုးကြီးမားပြီး တမူထူးခြားသော ဗိသုကာပညာကို မီးမောင်းထိုးပြနေသည်။

ယင်းက ကြီးကျယ်ခမ်းနားသော ခံစားမှုကို ပေးသည်။

လနန်းတော်သည် အနီရောင်နံရံများ၊ အနီရောင်အုတ်ကြွပ်များနှင့် ထွန်းလင်းတောက်ပနေရုံသာမက ဆေးခြယ်ထားသော အမိုးခုံးများနှင့် ရှုပ်ထွေးနက်နဲသော ရောင်ခြည်တန်းများ၏ အပြင်အဆင်ကြောင့် တုနှိုင်းမဲ့သော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ တံစက်မြိတ်သည် မြင့်မားပြီး ကြီးကျယ်ခမ်းနားသည်။ ထင်ရှားသော ပုံရိပ်အများအပြားကို တံစက်မြိတ်ပေါ်တွင် ရေးဆွဲထားသည်။

လနန်းတော်သည် သွေးမြူခိုးအလွှာ၏ ဝန်းရံခံထားရလေရာ တိမ်တိုက်များကြား၌ မျောလွင့်နေသော နန်းတော်တစ်ခုနှင့် ဆင်တူသည်။ ယင်းက တိတ်ဆိတ်ခြင်းနှင့် လေးနက်သော ခံစားမှုကို ပေးသည်။

လနန်းတော်၏ ရောက်ရှိလာမှုသည် ဤလောကကြီး၏ အဓိကဗဟိုချက်ဖြစ်လာဟန် ရ၏။ အရာအားလုံးသည် ဤနေရာမှာ စုဝေးသွားသည်။ ကောင်းကင်သော်လည်းကောင်း မြေပြင်သော်လည်းကောင်း ထိုအတိုင်းပင်။

ကောင်းကင်သည် ဖရိုဖရဲဖြစ်လာပြီး မြေပြင်သည် တုန်လှုပ်လာသည်။ လောကကြီးတစ်ခုလုံး ပရမ်းပတာဖြစ်လာသည်။

လနန်းတော်သည် အဓိကအာရုံစိုက်စရာ ဖြစ်လာသည်။ ယင်းမှ ထုတ်လွှတ်နေသော သွေးနီရောင်အလင်းသည် ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပသွားစေပြီး အနီရောင်လဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဤအခိုက်အတန့်မှာ အနီရောင်လဂြိုလ်က လနန်းတော်ကို အရိုအသေပေးနေဟန် ရသည်။ ရွှီချင်း၏ စမ်းသပ်မှုကြောင့် ခရမ်းရောင်ပြောင်းသွားကြသော ဝတ်ပြုဆုတောင်းသူများသည် ချက်ချင်း အနီရောင်ပြန်ပြောင်းသွားကြသည်။ သူတို့၏ ဓမ္မကျမ်းစာသည်လည်း ယခင်အတိုင်း ပြန်ဖြစ်သွားသည်။

အနီရောင်အလင်းအောက်မှာ ဂိတ်တံခါးပေါ်မှ တိုတမ်မျက်နှာသည် ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။ ၎င်းက ရွှီချင်းကို သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် စိုက်ကြည့်နေသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံနှင့်တူသော ၎င်း၏ အသံသည် အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

အနီရောင်နှင်းပွင့်များသည်လည်း ဘေးပတ်ဝန်းကျင်မှာ မျောလွင့်လာသည်။ ယင်းတို့က အလျှင်အမြန် စုဝေးသွားကြပြီး အရိုးခြောက်များသို့ ပြောင်းလဲသွားကြသည်။ အရိုးခြောက်များသည် ရွှီချင်းနှင့် တခြားလူများထံသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

အရိုးခြောက်များနှင့် ရင်ဆိုင်ရသောအခါ အိမ်ရှေ့စံမင်းသားသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက အရှေ့သို့ ခြေလှမ်းလိုက်သည်နှင့်ချက်ချင်း ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး လက်ဝါးပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်ကာ အရှေ့သို့ ပျံသန်းသွားသည်။

ချက်ချင်းဆိုသလို ဟင်းလင်းပြင်သည် ဝေဝါးလာပြီး သံချပ်ကာဝတ်အရိုးခြောက်များသည် တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းတို့က တဖန်ပြန်စုဝေးသွားပြီး အရိုးနီသားရဲများသို့ ပြောင်းလဲသွားကြသည်။

ဤသည်မှာ ၎င်းတို့က ထာဝရတည်ရှိနေသော သတ္တဝါများဖြစ်ဟန် ရသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က ဖျက်ဆီးခံလိုက်ရပြီး ပြန်ရှင်သန်လာသည့်အခါတိုင်း ပိုပြီးသန်မာလာကြသည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများသည် အားမနည်းကြပေ။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် စိတ်ထဲမှ အပြန်အလှန် နားလည်နိုင်သော အဆင့်ထိ ရောက်ရှိနေသည်။ ဤအခိုက်အတန့်မှာ မင်းသမီးမင်မိန်သည် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ အချိန်မြစ်သည် သူ၏ ဘေးပတ်ဝန်းကျင်မှာ စီးဆင်းလာသည်။

အဌမသားတော်သည် နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဟိန်းသံသည် စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုးအပေါ် သက်ရောက်နိုင်စွမ်းရှိပြီး စိတ်ခံစားချက်မရှိသူများပင် စိတ်ခံစားချက်ရှိလာကြလိမ့်မည်။ လျှပ်တစ်ပြက်အတွင်း အရိုးနီသားရဲများသည် ဂနာမငြိမ်ဖြစ်လာကြပြီး ကြောက်ရွံ့မှုကို ခံစားမိလာကြသည်။

၎င်းတို့က စိတ်ခံစားချက်များကို မဖိနှိပ်နိုင်သေးမီ အချိန်မြစ်က ထွက်ပေါ်လာပြီး ၎င်းတို့ကို လွှမ်းမိုးသွားသည်။

ခေါင်းဆောင်သည် ရပ်ကြည့်မနေပေ။ သူက သိုလှောင်အိတ်ထဲမှ လူသားအရေပြားစာလိပ်ကို ထုတ်ယူလိုက်ပြီး ရွှီချင်းကို လှမ်းခေါ်လိုက်သည်။ သူတို့နှစ်ယောက်သည် လူသားအရေပြားကို တစ်ဖက်စီမှ ဆုပ်ကိုင်လိုက်ကြပြီး အားကုန်သုံး၍ ဆွဲဖြန့်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း လူသားအရေပြားသည် သူတို့ရှေ့မှာ ပွင့်သွားပြီး အထဲမှ လက်ချောင်းပုံရိပ်က ထွက်ပေါ်လာသည်။

ထိုလက်ချောင်းပုံရိပ်သည် ထူးဆန်းသည်။ ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နှလုံးတုန်သွားစေနိုင်သည်။

ဤသည်မှာ အတိတ်တွင် မြေအောက်မျိုးနွယ်ဘိုးဘေးကို ဖိနှိပ်ခဲ့သော အုပ်ချုပ်သူ၏ လက်ချောင်းမှ ပုံရိပ်ထင်ကျန်နေခဲ့သည့် လက်ချောင်းရာဖြစ်သည်။

“ ချင်းလေး… မင်းရဲ့ တားမြစ်အဆိပ်ကို ဒီထဲ ပေါင်းထည့်လိုက်ပါ ”

ခေါင်းဆောင်သည် အော်ပြောလိုက်ပြီးနောက် လူသားအရေပြားပေါ်သို့ သွေးတစ်ပွက်အန်လိုက်ကာ ယင်းကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် လက်ချောင်းပုံရိပ်သည် အလင်းရောင်တောက်ပလာပြီး ကြောက်စရာကောင်းသော ဖိအားကို ထုတ်လွှတ်လာသည်။

ရွှီချင်း၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းသွားသည်။ ခေါင်းဆောင်က လူသားအရေပြားပေါ်သို့ ဆက်လက် သွေးအန်နေစဉ် သူက တားမြစ်အဆိပ်ကို ထိန်းချုပ်လိုက်ပြီး လက်ချောင်းပုံရိပ်ပေါ်သို့ လွှမ်းခြုံသွားစေသည်။

မကြာမီ လူသားအရေပြားပေါ်မှ ဖိအားသည် ပိုပြီးအားကောင်းလာသည်။

ရွှီချင်းသည် ခေါင်းဆောင်၏ အဆက်မပြတ် သွေးအန်နေပုံကို မြင်ပြီးနောက် တစ်စုံတစ်ခု ပြောချင်လာသည်။ သို့သော်လည်း ခေါင်းဆောင်က မည်မျှစိတ်ဓာတ်တတ်ကြွနေကြောင်း သူသတိထားမိသွားသည့်အခါ နှုတ်ဆိတ်နေခြင်းက ပိုပြီးကောင်းလိမ့်မည်ဟု ရွှီချင်း ခံစားမိသွားသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ တိုက်ခိုက်မှုများသည်တော့ မပြီးဆုံးသေးပေ။ သူတို့က အရိုးနီသားရဲများကို ထိန်းချုပ်ပြီးနောက် လေထဲသို့ တိုက်ရိုက် ပျံတတ်သွားကြပြီး လနန်းတော်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

သို့သော်လည်း တိုတမ်မျက်နှာသည် နီလာနတ်သမီး၏ ဂိတ်တံခါးတွင် အစောင့်အကြပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံထားရလေရာ မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ ၎င်းဆီမှာ လှည့်ကွက်များစွာ ရှိသည်။ ဤအခိုက်အတန့်မှာ ၎င်း၏ မျက်လုံးခြောက်လုံးသည် တစ်ပြိုင်နက် မှိတ်ချည်ဖွင့်ချည် ဖြစ်သွားကြသည်။ ထို့နောက် အနီရောင်အလင်းတန်းခြောက်ခုသည် ၎င်း၏ မျက်လုံးများထဲမှ ပျံသန်းထွက်လာကြပြီး အနီရောင်ရွှံ့တုံးခြောက်တုံးသို့ ပြောင်းလဲသွားကြကာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများဆီသို့ ပျံသန်းသွားကြသည်။

ထိုရွှံ့တုံးသည် အလွန်ထူးခြားပြီး နတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒပါဝင်သည်။

၎င်းတို့၏ အလျင်သည် အလွန်မြန်ဆန်သည်။ ထိုရွှံ့တုံးများသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလေးယောက်ကို ချက်ချင်း လွှမ်းခြုံသွားကြသည်။ အပိုရွှံ့တုံးသည်တော့ ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သို့သော်လည်း ထိုရွှံ့တုံးက ရွှီချင်းထံသို့ မရောက်မီ အနက်ရောင်ဓားတစ်လက်က ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာပြီး ရွှံ့တုံးကို တားဆီးပေးလိုက်သည်။

ပဉ္စမရွှံ့တုံး၏ လွှမ်းခြုံခံထားရသော အဖိုးကိုးက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက အနီရောင်ရွှံ့တုံးနှစ်တုံးကို တစ်ယောက်တည်း ခုခံတားဆီးနေခြင်း ဖြစ်သည်။

“ မြန်မြန်လုပ် ”

ရွှီချင်းနှင့် ခေါင်းဆောင်ကို ကျောပေးထား၍ တိုက်ခိုက်နေသော အဖိုးကိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးဖြင့် လွှမ်းခြုံခံလိုက်ရသည်။ နက်ရှိင်းသော အော်သံသည် ရွှံ့တုံးထံမှ မြည်ဟိန်းထွက်လာသည်။

ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အမြန်ခေါင်းညိတ်လိုက်သည်။

“ အများဆုံး အသက်ခုနစ်ခါရှူချိန်ပဲ ”

သူက စကားပြောပြီးနောက် ပိုမိုများပြားသော သွေးများကို အန်ထုတ်လိုက်သည်။ ရွှီချင်းသည်လည်း တားမြစ်အဆိပ်၏ လွှမ်းမိုးမှုကို ထပ်မံတိုးမြှင့်လိုက်သည်။ ထိုသို့လုပ်ဆောင်နေစဉ် သူတို့နှစ်ယောက်သည် လေထဲသို့ မြန်ဆန်စွာ မြှောက်တတ်သွားကြသည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ သွေးနှင့် တားမြစ်အဆိပ်၏ အားဖြည့်ပေးမှုအောက်မှာ လူသားအရေပြားသည် ဆက်လက် ကျယ်ပြန့်လာသည်။

သူတို့နှစ်ယောက်၏ အားစိုက်ဆွဲမှုကြောင့် လူသားအရေပြားသည် ပေ(၃၀)မှ ပေ(၁၀၀)၊ ပေ(၁၀၀)မှ ပေ(၄၀၀)သို့ ကျယ်ပြန့်လာသည်။

လူသားအရေပြားပေါ်မှ လက်ချောင်းပုံရိပ်သည်လည်း ပိုပြီးထင်ရှားလာပြီး ယင်း၏ အရှိန်အဝါသည် တဖြည်းဖြည်း ကြောက်စရာကောင်းလာသည်။

ဤသည်ကိုမြင်သောအခါ တိုတမ်မျက်နှာပေါ်မှ မျက်လုံးခြောက်လုံးသည် တစ်ချိန်တည်း မှိတ်သွားကြသည်။ ၎င်း၏ မှိတ်သွားသော မျက်ခွံပေါ်တွင် ဝိညာဉ်ခြောက်ခု အမှန်တကယ် ထွက်ပေါ်လာကြသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုဝိညာဉ်ပုံရိပ်ခြောက်ခုသည် အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများ၏ ဝိညာဉ်များသာဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ အပိုဝိညာဉ်သည်တော့ အဖိုးကိုး၏ နောက်ထပ်ပုံရိပ်တစ်ခု ဖြစ်သည်။

၎င်းတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို လွှမ်းခြုံထားသော သွေးရွှံ့တုံးများသည် ပေါက်ကွဲသွားကြပြီး အနောက်သို့ တစ်ပြိုင်နက် ဆုတ်ခွာသွားကြသည်။ ထို့နောက် ရွှံ့တုံးအပိုင်းအစများသည် ဝိညာဉ်ပုံရိပ်များဖြင့် အတူတကွ ရောယှက်သွားကြပြီး သူတို့နှင့် တစ်ပုံစံတည်းတူညီသော ရွှံ့လူသားခြောက်ယောက်သို့ ဖွဲ့စည်းသွားကြသည်။

ရွှံ့လူသားခြောက်ယောက်သည် ထူးဆန်းစွာ ပြုံးလိုက်ကြသည်။ သူတို့က အိမ်ရှေ့စံမင်းသားနှင့် တခြားလူများဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြလေရာ ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကြသည်။

အက်ကွဲကြောင်းတစ်ခုသည် တိုတမ်၏ မျက်ခုံးနှစ်ခုကြားမှာ ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းက ပွင့်သွားသည့်အခိုက် သတ္တမမျက်လုံးသည် ထွက်ပေါ်လာပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အထူးသဖြင့် ၎င်းက လူသားအရေပြားပေါ်မှ လက်ချောင်းပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

သတ္တမမျက်လုံးက မှေးကျဉ်းသွားလေရာ တိုတမ်မျက်နှာသည် လှုပ်ယမ်းသွားသည်။ ၎င်းက ဂိတ်တံခါးမှ ထွက်ခွာရန် ရွေးချယ်လိုက်ပြီး အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ ၎င်းက အလွန်ကြီးမားသော ဧရာမရွှံ့မျက်နှာသို့ ပြောင်းလဲသွားသည်။

၎င်း၏ တည်ရှိမှုက သွေးရွှံ့တုံးထံမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအခိုက်အတန့်မှာ ၎င်းက ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ၎င်းက ပါးစပ်ကို ကျယ်လောင်စွာ ဖြဲဟလိုက်လေရာ သူတို့ကို ဝါးမျိုချင်နေဟန် ရသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှံ့မျက်နှာက ပျံသန်းလာပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ဝါးမျိုတော့မည့်အချိန် အနက်ရောင်အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။

ထိုအနက်ရောင်အလင်းသည် သူ့ကိုယ်သူ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ၎င်း၏ ထွက်ပေါ်လာပုံသည် ပရိယာယ်များပြီး အချိန်ကိုက်ဖြစ်သည်။ ဤသည်မှာ ၎င်းက ဂိတ်တံခါးထံမှ တိုတမ်မျက်နှာ ထွက်ခွာလာမည့်အချိန်ကို ကြိုစောင့်ဆိုင်းနေသည့်အလားပင်။

၎င်းက ပျံသန်းလာနေစဉ် လောဘရမ္မက်နှင့် ဆာလောင်မှုသည် ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ထို့ပြင် ညစ်ညမ်းသော အဝါရောင်မြစ်ရေသည် အရပ်မျက်နှာအဘက်ဘက်မှာ စီးဆင်းနေသည်။ ဤသည်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ သွားရည်ဖြစ်သည်။

ထိုအနက်ရောင်အလင်းသည် ရှေးဟောင်းဝိညာဉ်အင်ပါယာက အသွင်ပြောင်းလဲထားသော ဝတ်ရုံမှလွဲ၍ တခြားမဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ဝတ်ရုံသည် အနီရောင်တောက်ပနေသော ရွှံ့မျက်နှာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ထားခဲ့သော ၎င်း၏ ဆာလောင်မှုသည် ဤအခိုက်အတန့်မှာ လုံးလုံးလျားလျား ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝါးမျိုခြင်းစွမ်းအားသည် အရူးအမူး ထွက်ပေါ်လာသည်။

အော်ဟစ်ညည်းညူသံသည် ရွှံ့မျက်နှာထံမှ မြည်ဟိန်းထွက်လာသည်။ ပထမဆုံးအကြိမ် ၎င်း၏ မျက်လုံးထဲမှာ အကြောက်တရားက ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ၎င်းက ရွှီချင်းနှင့် ခေါင်းဆောင်ကို ဝါးမျိုရန် ဆန္ဒမရှိတော့ပေ။ ယင်းအစား ၎င်းက အမြန်အနောက်ဆုတ်သွားသည်။

သို့သော်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အစာကို ပိုင်နိုင်စွာ စားသုံးနိုင်ရန် တစ်ချိန်လုံး ဘေးမှာ ပုန်းအောင်းနေခဲ့ခြင်းမဟုတ်ပါလော။ မည်သို့ကြောင့် သူက အစာကို လွှတ်ပေးနိုင်မည်နည်း။ သို့ဖြစ်၍ သူက ဧရာမရွှံ့မျက်နှာကို ပိုပြီးရူးသွပ်စွာ ဝါးမျိုလိုက်သည်။

တစ်ကိုက်ပြီးတစ်ကိုက် သူက ဆက်လက် ကိုက်စားသည်။ ချက်ချင်းပင် အဝါရောင်မြစ်ရေသည် ပိုပြီးစီးကျလာသည်။ ယင်းက မြစ်ကြီးတစ်စင်းသို့ စုဝေးသွားသည့်အခါ မိုးခြိမ်းသံကဲ့သို့ တဂွီဂွီမြည်သံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ထိုမြင်ကွင်းသည် ခေါင်းဆောင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ခေါင်းဆောင်သည် သူပြင်ဆင်ထားသော အစွမ်းထက်တိုက်ကွက်ကို ကြည့်လိုက်သည်။ ထို့နောက် ဝါးမျိုခံနေရသော ရွှံ့မျက်နှာကို ကြည့်လိုက်သည်။ သူက စိတ်ပျက်မှုကို ခံစားမိသွားသည်။

ရွှီချင်းသည် ဤကိစ္စကို မအံ့ဩပေ။

ရှေးဟောင်းဝိညာဉ်အင်ပါယာအပေါ် သူ၏ နားလည်ထားမှုအရ တစ်ဖက်လူက ထိုသို့မလုပ်ဆောင်မှသာ ထူးဆန်းလိမ့်ပေမည်။

သူသည် အစက ခေါင်းဆောင်ကို သတိပေးချင်သည်။ သို့သော်လည်း သူက စီနီယာအကိုကြီး၏ စိတ်အားထက်သန်မှုကို မဖျက်စီးသင့်ကြောင်း ခံစားမိခဲ့သည်။ အဓိကအရေးကြီးဆုံးမှာ အကယ်၍ သူက ခေါင်းဆောင်ကို သတိပေးလိုက်လျှင် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အလစ်တိုက်ခိုက်မှုက ကျရှုံးသွားလိမ့်မည်ကို သူစိုးရိမ်သည်။

ခေါင်းဆောင်က စိတ်ပျက်အားငယ်နေစဉ် ဧရာမရွှံ့မျက်နှာသည် နှလုံးကွဲကြေသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ရွှံ့မျက်နှာသည် ချက်ချင်း ပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ ထို့နောက် အပိုင်းအစများသည် မြန်ဆန်စွာ ပြန်စုဝေးသွားပြီး အရွယ်အစားကြီးမားသော သွေးရွှံ့တုံးသို့ ပြောင်းလဲသွားသည်။

သို့သော်လည်း သွေးရွှံ့တုံးသည် (၄၀)ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ သွေးရွှံ့တုံး၏ ကျန်(၆၀)ရာခိုင်နှုန်းသည်တော့ လောဘရမ္မက်ဖြင့် ပြည့်လျှံနေသော မျက်လုံးများသို့ ပြောင်းလဲသွားကြသည်။

၎င်းတို့က ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အပိုင်ဖြစ်လာသည်။

မြေအောက်မျိုးနွယ်ဘိုးဘေးသည် ချောက်ချားသွားပြီး လနန်းတော်ဆီသို့ ချက်ချင်း ပြန်ပြေးသွားသည်။ သို့သော်လည်း ခေါင်းဆောင်သည် ထိုအခွင့်အရေးကို ချက်ချင်း အသုံးချလိုက်သည်။ သူက လူသားအရေပြားကို ပစ်လွှတ်လိုက်ပြီး‌ အော်ပြောလိုက်သည်။

“ ချိပ်ပိတ်စမ်း ”

သူက အော်ပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည်လည်း လူသားအရေပြားကို လွှတ်ပေးလိုက်သည်။ ချက်ချင်းဆိုသလို လူသားအရေပြားပေါ်မှ အုပ်ချုပ်သူ၏ လက်ချောင်းပုံရိပ်သည် သဘာဝဥပဒေသများနှင့်တူသော အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ကမ္ဘာမြေကို တုန်ဟီးသွားစေပြီး ကြီးကျယ်မြင့်မြတ်သော ခံစားမှုကို ပေးသည်။ လူသားအရေပြားသည် ရှေးဟောင်းဝိညာဉ်အင်ပါယာကို ဖြတ်ကျော်သွားပြီး မြေအောက်မျိုးနွယ်ဘိုးဘေးပေါ်သို့ ချက်ချင်း တံဆိပ်ရိုက်နှိပ်လိုက်သည်။

အကယ်၍ ထိုလက်ချောင်းပုံရိပ်ကို တခြားလူများအပေါ်မှာ အသုံးပြုမည်ဆိုလျှင် အမျိုးအမည်မသိသော အကျိုးအာနိသင်များ ထွက်ပေါ်လာလိမ့်မည်။ သို့သော်လည်း ထိုလက်ချောင်းသည် တစ်ချိန်က မြေအောက်မျိုးနွယ်ဘိုးဘေးကို သေဆုံးစေခဲ့သည်အထိ ဖိနှိပ်ခဲ့ဖူးပြီး ယင်းတို့ကြားမှာ ကြီးမားသော ကမ္မသက်ရောက်မှု ရှိသည်။ ထို့ကြောင့် လူသားအရေပြား ထွက်ပေါ်လာသည့်အခိုက် မြေအောက်မျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။

နောက်အခိုက်အတန့်မှာ လူသားအရေပြားက ရောက်ရှိလာပြီး မြေအောက်မျိုးနွယ်ဘိုးဘေးကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ သူ့ကို လွှမ်းခြုံပြီးနောက် လူသားအရေပြားသည် မြန်ဆန်စွာ လိပ်သိမ်းသွားပြီး စာလိပ်အဖြစ်သို့ ပြန်ပြောင်းလဲသွားကာ ခေါင်းဆောင်ဆီသို့ ပျံသန်းသွားသည်။

All Chapters