မတွေ့တာကြာပြီ ရွှီချင်း
Vol. 70 Ch. 1090
ခေါင်းဆောင်သည် စာလိပ်ကို ဆုပ်ကိုင်လိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက စာလိပ်ကို ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။
“ ဂျူနီယာညီလေး… အဲ့ဒါကို လောကအပိုင်းအစထဲမှာ ဖိနှိပ်လိုက်ပါ… ဒီဟာက ငါတို့အတွက် ဒီတိုက်ပွဲမှာ ပထမဆုံး အကျိုးအမြတ်ပဲ ”
ရွှီချင်းသည် စာလိပ်ကို ဖမ်းယူလိုက်သည်။ ခေါင်းဆောင်၏ စကားကိုကြားသောအခါ သူက ယင်းကို လောကအပိုင်းအစထဲမှာ ချက်ချင်း ဖိနှိပ်လိုက်သည်။
မြေအောက်မျိုးနွယ်ဘိုးဘေးကို ကမ္မပါရှိသော လက်ချောင်းပုံရိပ်ဖြင့် တံဆိပ်ရိုက်နှိပ်ခဲ့ပြီး ခေါင်းဆောင်၏ လူသားအရေပြားဖြင့် ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ယခင်က သူပိုင်ဆိုင်ခဲ့သော မဟာလောက၏ အပိုင်းအစထဲမှာ သူ့ကို ထပ်မံဖိနှိပ်လိုက်သည်။
ထိုလုပ်ငန်းစဉ်အားလုံးသည် ကမ္မပေါ်မှာ မူတည်သည်။
ထိုသို့ဖိနှိပ်မှုသည် အလွန်အမင်း တည်ငြိမ်သည်။
ထို့ပြင် မြေအောက်မျိုးနွယ်ဘိုးဘေးသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး စွမ်းအား(၆၀)ရာခိုင်နှုန်းကို ဆုံးရှုံးထားသည်မဟုတ်ပါလော။ ထိုသို့ဖိနှိပ်မှုအောက်မှာ သူ၏ ကျန်ရှိသော စွမ်းအား(၄၀)ရာခိုင်နှုန်းဖြင့် မည်သည့်ရုန်းကန်မှုမှ မပြုလုပ်နိုင်ပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်သည် နီလာနတ်သမီးကို ဆန့်ကျင်တိုက်ခိုက်မည့် ဤတိုက်ပွဲမှာ ပြင်ဆင်မှုအလုံလောက် ပြုလုပ်ထားကြောင်း မြင်သာပေသည်။
သို့သော်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးထဲမှာတော့ ယင်းက သူ၏ ပါးစပ်ထဲမှ အစာကို လုယူသွားခြင်းဖြစ်သည်။
သို့ဖြစ်၍ သူ၏ အကြည့်သည် ဤအခိုက်အတန့်မှာ ရင်းနှီးဖော်ရွေခြင်း မရှိပေ။ သူက ဗိုက်မပြည့်သေးသည်မှာ ထင်ရှားသည်။
သို့သော်လည်း ယင်းက အရံဟင်းပွဲသာဖြစ်ကြောင်း သူနားလည်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ရွှံ့လူသားများနှင့် တိုက်ခိုက်နေသော အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။
မြေအောက်မျိုးနွယ်ဘိုးဘေးက ချိပ်ပိတ်ခံရပြီးနောက် ထိုရွှံ့လူသားများသည် သူတို့၏ နတ်ဘုရားစိတ်ဆန္ဒကို ဆုံးရှုံးသွားကြသည်။ သူတို့က သာမန်ရွှံ့လူသားများသို့ ပြောင်းလဲသွားကြပြီး ပြာအဖြစ်သို့ ပေါက်ကွဲသွားကြသည်။
ထို့နောက် လူတိုင်း၏ အကြည့်သည် လနန်းတော်၏ ဂိတ်တံခါးပေါ်သို့ တစ်ချိန်တည်း ကျရောက်သွားသည်။
ဂိတ်တံခါးပေါ်တွင် တိုတမ်မျက်နှာမရှိတော့ပေ။
သို့သော်လည်း ဂိတ်စောင့်နတ်ဘုရားမရှိလျှင်ပင် ထိုဂိတ်တံခါးကို အလွယ်တကူ ဖွင့်နိုင်လိမ့်မည်မဟုတ်ကြောင်း သူတို့နားလည်ထားကြသည်။
ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ သူက ခေါင်းမော့ ရင်ကော့လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
“ စီနီယာတို့… ဘေးကို နည်းနည်း ဖြန့်ကြက်ပြီး ငါတို့ကို ကာကွယ်ပေးပါ… ဂိတ်တံခါးဖွင့်တဲ့နေရာမှာ ငါက အတွေ့အကြုံအများဆုံးပါ… ဂျူနီယာညီလေး… ဒီတစ်ခေါက် မင်းဘာမှလုပ်စရာမလိုဘူး… ဒီဂိတ်တံခါးကို ငါ့ဘာသာ ဖောက်ခွဲပစ်မယ် ”
ခေါင်းဆောင်သည် စကားဆုံးသွားသည်နှင့် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် အတုယောင်နေလုံးကိုးလုံးသည် သူ၏ လက်ထဲမှ ခုန်ပေါက်ထွက်လာကြသည်။
ထိုနေလုံးကိုးလုံးသည် နတ်ဘုရားအရှိန်အဝါပါရှိသော ရွှေရောင်မီးတောက်ကို ထုတ်လွှတ်နေကြသည်။ ထိုမီးတောက်သည် နတ်ဘုရားသားတော်ထံမှ စုပ်ယူခဲ့သော နတ်ဘုရားမီးတောက်ဖြစ်သည်။ နတ်ဘုရားမီးတောက်၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့် ထိုအတုယောင်နေလုံးကိုးလုံးသည် အာရုဏ်ဦးနေမင်း၏ အသေးစားပုံစံများ ဖြစ်လာကြသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် အာရုဏ်ဦးနေမင်းကို မသိကြသော်လည်း ထိုအတုယောင်နေလုံးကိုးလုံးက မည်မျှကြောက်စရာကောင်းကြောင်း အာရုံခံမိကြသည်။ ထို့ကြောင့် သူတို့က ဘေးသို့ ဖြန့်ကြက်သွားကြသည်။
ရှေးဟောင်းဝိညာဉ်အင်ပါယာသည် အကြိမ်ရေအနည်းငယ် ပိုကြည့်ပြီးနောက် ထပ်မံ ပုန်းအောင်းလိုက်သည်။
ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ပိုပြီးဘဝင်မြင့်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်သည်။
“ ပေါက်စီလေး ”
“ အဖွားကြီးနီလာနတ်သမီးရဲ့ ဂိတ်တံခါးကို ဖောက်ခွဲပစ်လိုက်စမ်း ”
နောက်အခိုက်အတန့်မှာ အတုယောင်နေလုံးကိုးလုံးထဲမှ တစ်လုံးက ရုတ်တရက် ပျံသန်းထွက်လာသည်။ ၎င်းပေါ်မှာ တောက်လောင်နေသော မီးတောက်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ၎င်း၏ ကိုယ်အတွင်းမှ ကြောက်စရာကောင်းသော အရှိန်အဝါက ပေါက်ကွဲထွက်လာသည့်အခါ နေလုံးသည် ရွှေရောင်ဥက္ကာပျံတစ်စင်းနှယ် လနန်းတော်ဆီသို့ ပျံသန်းသွားသည်။
“ ငါ့ကို ကာကွယ်ပေးပါ ”
ခေါင်းဆောင်သည် မီးပန်းဖောက်ခဲ့သော ကလေးတစ်ယောက်ကဲ့သို့ အော်ပြောလိုက်သည်။ သူက ရူးသွပ်စွာ အနောက်ပြန်ဆုတ်လာပြီး ရွှီချင်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။
ရွှီချင်း၏ ဘေးမှာ နေခြင်းက အလုံခြုံဆုံးဖြစ်ကြောင်း သူသိသည်။ မည်သို့ဖြစ်ပါစေ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက သူ့ကို ကာကွယ်မပေးရန် ဖြစ်နိုင်ခြေအလွန်များသည်။ သို့သော်လည်း သူတို့က ရွှီချင်းကို သေချာပေါက် ကာကွယ်ပေးကြလိမ့်မည်။
အမှန်တကယ် ထိုအတိုင်းဖြစ်သည်။ အဖိုးကိုးသည် ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ထပ်မံ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ ဓားကို မြှောက်တင်လိုက်ပြီး အရှေ့မှာ ရပ်လိုက်သည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်လည်း မြန်ဆန်စွာ ရောက်ရှိလာကြသည်။
သူတို့ရောက်ရှိလာသည်နှင့်ချက်ချင်း ဥက္ကာပျံသည် ဂိတ်တံခါးပေါ်သို့ ကျရောက်သွားသည်။
နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံသို့ မြှောက်တတ်သွားပြီး အနီရောင်လဂြိုလ်တစ်ခုလုံး အပြင်းအထန် တုန်ခါလာသည်။ လောကကြီးသည် ဖရိုဖရဲဖြစ်လာပြီး အရာအားလုံးသည် စတင်ဝေဝါးလာသည်။
အတုယောင်နေလုံးက လနန်းတော်၏ ဂိတ်တံခါးပေါ်မှာ ပေါက်ကွဲထွက်သွားကြောင်း မည်သူမဆို ဝေဝေဝါးဝါး မြင်နိုင်ပေသည်။ ရွှေရောင်မီးတောက်သည် ဂိတ်တံခါးတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး လနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားကာ အနီရောင်အလင်းကို တွန်းလှန်လိုက်သည်။
၎င်းမှ ထုတ်လွှတ်လာသော အရှိန်အဝါသည် အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများကိုပင် ထိတ်လန့်သွားစေသည်။ အတုယောင်နေလုံး၏ ပေါက်ကွဲမှုမှ ကြီးမားသော ခြိမ်းခြောက်မှုကို သူတို့ခံစားမိကြသည်။
အထူးသဖြင့် ကြောက်စရာကောင်းသော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည့် နတ်ဘုရားမီးတောက်၏ စွမ်းအားဖြစ်သည်။ လနန်းတော်သည် တုန်ယင်သွားပြီး စွမ်းအင်အတတ်အကျများသည် မုန်တိုင်းတစ်ခုနှယ် ပျံ့လွင့်သွားကာ အနီရောင်လဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုမုန်တိုင်း၏ သေချာသော ဧရိယာတစ်ခုကို အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက ကာကွယ်ပေးလိုက်သော်လည်း စွမ်းအင်အကြွင်းအကျန်တချို့သည် သူတို့ကို ဖြတ်ကျော်သွားပြီး တခြားဧရိယာများဆီသို့ ပျံ့နှံ့သွားသည်။
အသံသည် အလွန်ကျယ်လောင်သောကြောင့် လဝတ်ပြုဒေသကြီးတစ်ခုလုံးဆီသို့ ပျံ့လွင့်သွားသည်။
မုန်တိုင်းအားနည်းသွားရန် အချိန်တော်တော်ကြာ စောင့်ဆိုင်းရသည်။ ထို့နောက် ရွှီချင်းသည် ချက်ချင်း ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။
လနန်းတော်သည် ကောင်းကင်ပေါ်မှာ မားမားမတ်မတ် ရပ်နေဆဲပင်။ နန်းတော်ပေါ်မှ ရွှေရောင်မီးတောက်က ငြိမ်းသတ်သွားသည့်အခါ အနီရောင်အလင်းသည် ထပ်မံပျံ့နှံ့ထွက်လာသည်။ ဂိတ်တံခါးသည်တော့ ယင်းပေါ်မှာ နက်ရှိုင်းသော အချိုင့်တစ်ခုထွက်ပေါ်လာသော်လည်း မပွင့်သွားခဲ့ပေ။
ခေါင်းဆောင်သည် ရုတ်ချည်း ထခုန်လိုက်သည်။ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည့်အခါ သူက အော်ပြောလိုက်သည်။
“ ပေါက်စီအလတ် ”
မျက်စိတစ်မှိတ်အတွင်းမှာ ပထမနေလုံးထက် ပိုပြီးကြီးမားသော အတုယောင်နေလုံးသည် တဝီဝီမြည်သံနှင့်အတူ ကောင်းကင်ဆီသို့ ပျံတတ်သွားသည်။ ၎င်းသည်လည်း ရွှေရောင်မီးတောက်ဖြင့် တောက်လောင်နေသော်လည်း ၎င်း၏ အရှိန်အဝါသည် စောစောက ပေါက်စီလေးထက် အများကြီး ပိုအားကောင်းသည်။
၎င်းက လနန်းတော်၏ ဂိတ်တံခါးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထို့နောက် ကမ္ဘာမြေတုန်ဟီးစေမည့် ကျယ်လောင်သော ပေါက်ကွဲသံသည် ဤလောကကြီးထဲမှ အသံအားလုံးကို အစားထိုးသွားသည်။ ထိုထဲမှာ အစောနက ပေါက်ကွဲမှုမှ နောက်ဆက်တွဲဖြစ်ပေါ်လာသော ပဲ့တင်ထပ်သံများလည်း အပါအဝင်ဖြစ်သည်။
အနီရောင်လဂြိုလ်သည် တုန်လှုပ်သွားပြီး လဝတ်ပြုဒေသကြီးသည် တုန်ခါသွားသည်။ တခြားဒေသကြီးများပင် ကမ္ဘာမြေတုန်ဟီးစေမည့် ထိုပေါက်ကွဲသံကို ကြားနိုင်ကြသည်။
အမှန်မှာ ဤတစ်ကြိမ်ထွက်ပေါ်လာသော နတ်ဘုရားမီးတောက်သည် အနီရောင်လကို ချက်ချင်း ရွှေရောင်စွန်းထင်သွားစေသည်။ လနန်းတော်၏ ဂိတ်တံခါးပေါ်တွင် နတ်ဘုရားစွမ်းအားကိန်းဝပ်နေသော်လည်း ထိုမျှနီးကပ်သော ပေါက်ကွဲမှုအောက်မှာ အက်ကွဲရာများက ဂိတ်တံခါးပေါ်မှာ ထွက်ပေါ်လာဆဲပင်။
ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်သွားသည်။ ရွှီချင်းသည် ဂိတ်တံခါးကို စိုက်ကြည့်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရင်းနှီးကျွမ်းဝင်သော အေးစက်စက် နှာခေါင်းရှုံ့သံသည် လနန်းတော်၏ ဂိတ်တံခါးထဲမှ မြည်ဟိန်းထွက်လာသည်။
အေးစက်စက် နှာခေါင်းရှုံ့သံက ပဲ့တင်ထပ်လာသည့်အခါ ဂိတ်တံခါးပေါ်တွင် ပျံ့နှံ့နေသော နတ်ဘုရားမီးတောက်သည် ချက်ချင်း ငြိမ်းသတ်သွားသည်။ လနန်းတော်ကို လွှမ်းခြုံထားသော နတ်ဘုရားမီးတောက်လည်းလည်း ထို့အတူပင်။ အနီရောင်လဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံထားသော ရွှေရောင်မီးတောက်သည် ထိုအေးစက်စက် နှာခေါင်းရှုံ့သံကြောင့် ချက်ချင်း ငြိမ်းသတ်သွားသည်။
အိမ်ရှေ့စံမင်းသား၏ အမူအရာသည် ပြောင်းလဲသွားပြီး သူက အနောက်သို့ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရသည်။ မင်းသမီးမင်မိန်၊ ပဉ္စမသမီးတော်နှင့် အဌမသားတော်သည်လည်း ချက်ချင်း အမူအရာပြောင်းလဲသွားကြသည်။ ပဉ္စမသမီးတော်နှင့် အဌမသားတော်သည် သွေးတစ်ပွက်ပင် အန်လိုက်ရပြီး မျက်မှောင်ကြုတ်သွားကြသည်။
နဝမသားတော်သည်သာ အရှေ့သို့ ခြေတစ်လှမ်းတိုးသွားပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်လေရာ အန္တရာယ်အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
နဝမသားတော်၏ ဓားက လေထဲသို့ ကျဆင်းသွားသည့်အခါ ပေါက်ကွဲသံသည် မြည်ဟိန်းထွက်လာပြီး မမြင်နိုင်သော အင်အားနှင့် ဖိအားက ပျက်ပြယ်သွားသည်။ သို့သော်လည်း ဓားက အောက်သို့ ကျဆင်းလာသည့်အခိုက် တစ်ဖက်ထံမှ အင်အားကို မခုခံနိုင်သောကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
အဖိုးကိုးသည် အမူအရာကင်းမဲ့စွာ ရှိသည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်လေရာ ဒုတိယဓားတစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး လနန်းတော်၏ ဂိတ်တံခါးကို စိုက်ကြည့်လိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှာ အပြာရောင်အလင်း တလက်လက်တောက်ပလာသည်နှင့် ကျန်ရှိသော အတုယောင်နေလုံးခုနစ်လုံးသည် စတင်လောင်မြိုက်လာကြသည်။
ထိုအေးစက်စက် နှာခေါင်းရှုံ့သံကို သူမှတ်မိသည်။
ထုံးစံအားဖြင့် ရွှီချင်းသည်လည်း ယင်းကို မှတ်မိသည်။ တိတ်ဆိတ်နေသည့်ကြားမှ နှစ်ပေါင်းများစွာကြာသည်အထိ တစ်ခါမှ မပွင့်ခဲ့သော လနန်းတော်၏ ဂိတ်တံခါးသည် အတွင်းဘက်မှ ဖြည်းညင်းစွာ ပွင့်သွားသည်။
ဂိတ်တံခါးသည် တိတ်တဆိတ် ပွင့်သွားသည်။
ယင်းက အဟရာတစ်ခုမျှသာ ပွင့်သွားခြင်းမဟုတ်။ လူအားလုံး ဝင်ဆံ့သည်အထိ ကျယ်ပြောစွာ ပွင့်သွားခြင်းဖြစ်သည်။ ဤသည်မှာ နန်းတော်က လူတိုင်းကို အထဲဝင်လာရန် ဖိတ်ခေါ်နေသည့်အလားပင်။
ပွင့်သွားသော ဂိတ်တံခါးမှတဆင့် လနန်းတော်၏ အတွင်းပိုင်းကို သူတို့မြင်နိုင်ကြသည်။ ယင်းက ခန်းမရှည်ကြီး မဟုတ်ပေ။ သွေးပင်လယ်တစ်ခုသာ ဖြစ်သည်။
ထိုပင်လယ်သည် အလွန်ကျယ်ပြောပြီး အဆုံးမဲ့သည်။ လှိုင်းလုံးကြီးများသည် ပင်လယ်ထဲမှ တလိပ်လိပ် မြှောက်တတ်လာနေသည်။ သွေးပင်လယ်မှ အနီရောင်အလင်းသည် ကောင်းကင်နှင့် အရာအားလုံးကို ထွန်းလင်းတောက်ပသွားစေသည်။
သွေးပင်လယ်ထဲမှ အထင်သာဆုံးအရာမှာ ပင်လယ်ပေါ်တွင် မတ်တတ်ရပ်နေကြသော မျှော်စင်သဖွယ်ရှည်လျားသည့် ဧရာမပုံရိပ်ကြီးများ ဖြစ်ကြသည်။
ထိုထဲမှ ပုံရိပ်တစ်ခုသည် လူသားနှင့်ဆင်တူသော်လည်း ၎င်းမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသည်။ ထူးခြားဆန်းကြယ်သော တခြားပုံရိပ်များလည်း ရှိသေးသည်။ ဥပမာ ၎င်းတို့ထဲမှ တစ်ကောင်သည် တစ်ကိုယ်လုံး အရိုးစုများဖြင့် ပြည့်နှက်နေပြီး အလွန်ရှည်လျားသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို လက်တံများဖြင့် ဖုံးလွှမ်းထားသော အကောင်တစ်ကောင်လည်း ရှိသည်။
မြူခိုးကိုယ်ထည်ဖြင့် အကောင်တစ်ကောင်လည်း ရှိသည်။ မရေမတွက်နိုင်သော လက်ချောင်းသေးသေးလေးများကို ထိုမြူခိုးကိုယ်ထည်ထဲမှာ မြင်နိုင်ပေသည်။
ထိုပုံရိပ်များမှာ မတူညီသော အသွင်အပြင်များရှိကြသည်။ ၎င်းတို့သည် အပြင်လောကမှ အသင်္ချေမျိုးနွယ်စုများနှင့် လုံးဝခြားနားကြသည်။
၎င်းတို့တစ်ကောင်စီသည် နတ်ဘုရားအရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သွေးပင်လယ်ထဲမှာ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော ကြောက်စရာကောင်းသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ၎င်းတို့ထဲမှ တစ်ကောင်ကောင်သာ အပြင်လောကမှာ ထွက်ပေါ်လာမည်ဆိုလျှင် ဝမ်ကူးကုန်းမြေသည် သေချာပေါက် သွေးလွှမ်းသွားလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးက နတ်ဘုရားများဖြစ်သောကြောင့် ဖြစ်သည်။
စုစုပေါင်း (၃၇)ကောင်ရှိသည်။
အမှန်မှာ ရွှီချင်းသည် ၎င်းတို့ထဲမှ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားကိုပင် မြင်လိုက်သည်။
ထိုနတ်ဘုရား၏ မူလခန္ဓာကိုယ်သည် ငါးတစ်ကောင်ဖြစ်သည်။ ၎င်း၏ လက်ရှိအသွင်ပုံစံသည် ရွှီချင်း၏ မှတ်ဉာဏ်များထဲမှ အသွင်ပုံစံနှင့် တစ်ပုံစံတည်းတူညီသည်။
၎င်းတို့၏ အရှိန်အဝါများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နတ်ဘုရား(၃၇)ပါးထဲတွင် အနည်းဆုံး(၁၀)ပါးသည် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားထက် သာလွန်ကြသည်။ ၎င်းတို့ထဲတွင် နတ်ဘုရား(၂)ပါးသည် နီလာနတ်သမီးနှင့် အဆင့်တူညီသည်ဟု ရွှီချင်း ခံစားမိသည်။ ၎င်းတို့၏ နတ်ဘုရားအစွမ်းက အလွန်ကျယ်ပြောလေရာ သူ၏ အသိစိတ်က ပျက်စီးသွားတော့မည့်အလား ခံစားမိလာသည်။
သို့သော်လည်း ၎င်းတို့သည် အစစ်အမှန်မဟုတ်ကြပေ။ ပုံရိပ်ယောင်မျှသာ ဖြစ်သည်။
ဤနေရာသည် နတ်ဘုရားများအတွက် ငရဲပြည်ဖြစ်သည်။
“ အတိတ်တုန်းက ငါဝင်သွားခဲ့တဲ့ လနန်းတော်နဲ့ ခြားနားနေတယ်… ဒီလရောင်ခြည်ပင်လယ်က နန်းတော်ရဲ့ အနက်ပိုင်းထဲမှာ ရှိနေသင့်တာ… ဒါပေမဲ့ အခု အစောကြီး ထွက်ပေါ်လာတယ်… ”
“ လရောင်ခြည်ပင်လယ်ထဲက တည်ရှိမှုအားလုံးက နီလာနတ်သမီးဝါးမျိုခဲ့တဲ့ နတ်ဘုရားအားလုံးရဲ့ ပုံရိပ်တွေပဲ ”
ခေါင်းဆောင်က စကားပြောလိုက်သည်နှင့် ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အကြည့်သည် လရောင်ခြည်ပင်လယ်၏ အနက်ပိုင်းထဲသို့ ကျရောက်သွားသည်။ ထိုနေရာတွင် ဧရာမပန်းပွင့်ကြီးတစ်ခုသည် နတ်ဘုရား(၃၇)ပါး၏ ဝိုင်းရံခံထားရလျက် လေထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသည်။
ထိုပန်းပွင့်သည် ပြိုင်ဘက်ကင်းအောင် လှပသည်။ သို့သော်လည်း ထိုအလှအပထဲတွင် သေခြင်းအငွေ့အသက် ကိန်းအောင်းနေသည်။
ပန်းပွင့်သည် ရဲရဲတောက်အနီရောင်ဖြစ်ပြီး ဝတ်ဆံဖိုများသည် လေထဲမှာ ပြန့်ကျဲနေကြသည်။ ပန်းပွင့်၏ ကွေးညွတ်သော သစ်ရွက်များသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ လှုပ်ယမ်းနေကြသည်။ မှိန်ဖျော့ဖျော့ တေးသံတစ်ခုသည်လည်း ထိုနေရာမှ ပျံ့လွင့်လာနေသည်။
ပန်းပွင့်သည် ဖြည်းဖြည်းချင်း ပွင့်လာသည်။
ပွင့်ချပ်များသည် နှေးကွေးစွာ ကားထွက်လာကြသည်။
ဤအခိုက်အတန့်မှာ လောကတစ်ခုလုံး သွေးနံ့ဖြင့် ပြည့်နှက်သွားသည်။ ယင်းက ချိုမြိန်ပြီး ပြင်းပြသော အငွေ့အသက်ကို ပေးသည်။
အဝေးမှကြည့်လျှင် ပွင့်ချပ်များသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်၏ လက်သည်းများဖြင့် ဆင်တူသည်။ ၎င်းက သက်ရှိအားလုံးကို အသက်ဇီဝိန်ခြွေရန် ဖြည်းညင်းစွာ ချဉ်းကပ်လာနေဟန် ရသည်။
ထိုသွေးပန်းပွင့်၏ အထဲတွင် ပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်။
ထိုပုံရိပ်သည် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ မျက်လုံးသည် တင်းကျပ်စွာ မှိတ်နေပြီး ခန္ဓာကိုယ်သည် လုံးဝမလှုပ်ရှားပေ။ ဤသည်မှာ သူက နက်ရှိုင်းစွာ အိပ်မောကျနေသည့်အလားပင်။ အနီရောင်ဆံပင်ရှည်သည် သူ၏ ဘေးပတ်ပတ်လည်၌ ရေတံခွန်ပမာ ကျဆင်းနေပြီး ပွင့်ချပ်များဆီသို့ ဆန့်တန်းသွားကာ လေထဲတွင် လွင့်မျောနေသည်။
ဆံခြည်မျှင်များသည် ပန်းပွင့်၏ ဝတ်ဆံဖိုများနှင့် ရောထွေးနေလေရာ ထိုနှစ်ခုကို ခွဲခြားမရအောင် ဝေဝါးသွားစေသည်။ သို့သော်လည်း ယင်းက ပန်းပွင့်၏ အလှကို မြှင့်တင်ပေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်ဝတ်ရုံသည်လည်း ထိုအနီရောင်နှင်းပန်းပွင့်ဖြင့် ပေါင်းစပ်နေလေရာ သူတို့က မွေးရာပါ တစ်သားတည်း ဖြစ်နေသည့်အလားပင်။
ယင်းတို့ကို သူ၏ ချောမောလှပသော မျက်နှာ၊ သိမ်မွေ့နူးညံ့သော ကိုယ်ဟန်အနေအထားဖြင့် တွဲဖက်မြင်လိုက်ရသည့်အခါ အကယ်၍ ရွှီချင်းသာ တစ်ဖက်လူကို မသိထားလျှင် ထိုသူက ယောင်္ကျားလော မိန်းမလော ခွဲခြားရန် အတော်ခက်ခဲလိမ့်ပေမည်။
အဘယ့်ကြောင့်ဆိုသော် ထိုသို့အလှသည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အလှမျိုးဖြစ်သည်။ သို့မဟုတ် ယင်းက သက်ရှိသတ္တဝါများ မပိုင်ဆိုင်နိုင်သော သေခြင်းအလှတရားဖြစ်သည်။
ပန်းပွင့်သည်လည်း ထို့အတူပင်။
ထိုလူ၏ သွေးနီရောင်ဆံပင်ပေါ်တွင် ဆူးချွန်များဖြင့် ပြည့်နှက်နေသော သရဖူတစ်ခုရှိသည်။ ထိုဆူးချွန်များသည် အသွေးအသားထဲမှာ ပြွတ်သိပ်စွာ ကြီးထွားလာနေခြင်း ဖြစ်သည်။ ယင်းတို့က သဘာဝအတိုင်း ဖြစ်ပေါ်နေသော်လည်း မပြည့်စုံသေးပေ။
ဆူးချွန်သရဖူက လှုပ်ရှားသွားလေရာ ဝေဒနာခံစားနေရသော မျက်နှာများက ထွက်ပေါ်လာကြသည်။ ထိုမျက်နှာတစ်ခုစီသည် မတူညီသော အနှစ်သာရများကို ပိုင်ဆိုင်ထားပြီး အစဉ်အမြဲ ပြောင်းလဲသွားနေကြသည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် တူညီသော အော်ဟစ်ငိုကြွေးသံကို ထုတ်လွှတ်နေကြသည်။
ထိုငိုကြွေးသံသည် ဤနေရာမှာ တေးသံတစ်ခုပမာ ပျံ့လွင့်နေသည်။
“ ကျန်းစီယွမ်… ”
ထိုအမျိုးသားသည် ကျန်းစီယွမ်မှလွဲ၍ တခြားလူမဟုတ်ပေ။
ရွှီချင်းသည် တစ်ဖက်လူကို ဤနေရာမှာ မြင်တွေ့လိုက်ရသဖြင့် မအံ့ဩသွားပေ။
သူက ကျန်းစီယွမ်နှင့် မရင်းနှီးသော်လည်း အနည်းဆုံးတော့ ပြောဆိုဆက်ဆံဖူးသည်။ အတိတ်တွင် တစ်ဖက်လူက နီလာနတ်သမီး၏ သိမ်းပိုက်ခံလိုက်ရကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားကို ဝါးမျိုပြီးနောက် အနီရောင်လဆီသို့ လျှောက်သွားခဲ့သည်။
ရွှီချင်း၏ အကြည့်က ကျန်းစီယွမ်ပေါ်သို့ ကျရောက်သွားသည့်အခိုက် ကျန်းစီယွမ်၏ မျက်ခွံသည် အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏ မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။
သူ၏ သွေးနီရောင်မျက်လုံးထဲမှ အေးစက်စက် အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ ဤသည်မှာ နီလာနတ်သမီး၏ မျက်လုံးများဖြစ်သည်။ သို့သော်လည်း ထိုထဲမှာ ကျန်းစီယွမ်၏ ကိုယ်ပိုင်အရှိန်အဝါလည်း ပါရှိနေသည်။
“ မတွေ့တာကြာပြီ ရွှီချင်း ”