နတ်ဘုရားအတတ်ပညာ… ကံတရားထိန်းချုပ်ခြင်း
Vol. 70 Ch. 1091
အနီရောင်လဂြိုလ်သည် တုန်ယင်သွားသည်။
ကျန်းစီယွမ်၏ အသံက ပဲ့တင်ထပ်လာသည့်အခါ ယင်းက မရေမတွက်နိုင်သော အသံလှိုင်းဂယက်များသို့ ပြောင်းလဲသွားပြီး မိုးခြိမ်းသံပမာ အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
ဤသည်မှာ သက်ရှိအားလုံးက တစ်ပြိုင်နက် ရေရွတ်နေသည့်အလားပင်။ ယင်းက ရွှီချင်းနှင့် တခြားလူများ၏ အသိစိတ်ကို လှုပ်ခါသွားစေသည်။
ရွှီချင်း၏ နာမည်အား ထုတ်ပြောနိုင်ခြင်းကိုကြည့်ခြင်းဖြင့် ကျန်းစီယွမ်သည် နီလာနတ်သမီး၏ ကိုယ်ပွားတစ်ခုဖြစ်လာသော်လည်း သူ၏ မှတ်ဉာဏ်များက မပျောက်ဆုံးသေးကြောင်း ထင်ရှားသည်။
ထိုနှစ်ခုက အတူတကွ ပေါင်းစည်းသွားခြင်းဖြစ်သည်။
“ နီလာနတ်သမီးက သူ့ရဲ့ အသိစိတ်ကို မဝါးမျိုဘဲ ထိန်းသိမ်းထားခဲ့ပြီး လွတ်လပ်တဲ့ ကိုယ်ပိုင်ထိန်းချုပ်မှုကို ဖြစ်ပေါ်လာစေတယ် ”
“ ဒီတော့ သူက ကျန်းစီယွမ်ဟုတ်သလို နီလာနတ်သမီးလည်း ဟုတ်တယ် ”
ခေါင်းဆောင်သည် တည်ကြည်လေးနက်စွာ ပြောသည်။
“ ပြီးတော့ အခုလိုအခြေအနေမျိုးမှာ သူက ပိုပြီးသန်မာတယ် ”
အေးစက်စက်အလင်းတန်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူတို့က လနန်းတော်၏ ဂိတ်တံခါးနောက်မှ မြင်ကွင်းကို ကြည့်နေကြစဉ် နဝမသားတော်သည် ပထမဆုံး လှုပ်ရှားလိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ပြည့်နှက်လာပြီး ဓားအလင်းတစ်ခုသို့ ပြောင်းလဲသွားကာ ဂိတ်တံခါးဆီသို့ ဦးတည်သွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် အက်ကွဲသွားလိမ့်မည်။
အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည်လည်း တစ်ဟုန်ထိုး ပြေးသွားကြသည်။ သူတို့အနောက်တွင် ပဉ္စမသမီးတော်နှင့် အဌမသားတော်က လိုက်ပါလာကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း အနောက်မှ လိုက်သွားကြသည်။
လနန်းတော်၏ ဂိတ်တံခါးက သူ့ဘာသာပွင့်သွားခြင်းဖြစ်၍ နန်းတော်ထဲမှာ ပိုပြီးကြီးမားသော အန္တရာယ်များက သူတို့ကို အသင့်စောင့်ကြိုနေနိုင်ကြောင်း သိထားပြီးကြပြီ ဖြစ်သည်။ သို့ဖြစ်၍ ကျန်းစီယွမ်၏ ထွက်ပေါ်လာမှုက သူတို့ကို မရပ်တန့်နိုင်ပေ။
စက္ကန့်ပိုင်းအတွင်း လူတိုင်းက ဂိတ်တံခါးဆီသို့ ချဉ်းကပ်သွားကြသည်။
တစ်ချိန်တည်းမှာ လရောင်ခြည်ပင်လယ်ထဲမှ အနီရောင်နှင်းပန်းပွင့်ပေါ်တွင် ဝတ်ရုံနီကို ဝတ်ဆင်ထားသော ကျန်းစီယွမ်သည် နန်းတော်အပြင်ဘက်မှ လူတိုင်းကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
လရောင်ခြည်သည် ကောင်းကင်ပေါ်မှ ဖြာဆင်းကျလာသည်။ အလင်းလှိုင်းများကြားတွင် သူ၏ ချောမောလှပသော မျက်နှာသည် မြင့်မြတ်ထည်ဝါသော အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ ဤအခိုက်အတန့်မှာ သူက ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
သူ၏ လက်သည် ကျောက်စိမ်းသဖွယ် ဖွေးဖွေးဖြူပြီး ပြစ်ချက်လုံးဝမရှိပေ။ သူ၏ လက်ဖဝါးပေါ်မှာ လက္ခဏာမျဉ်းကြောင်းများပင် မရှိပေ။
လက္ခဏာမျဉ်းကြောင်းများသည် ကံတရား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော်လည်း နတ်ဘုရားများဟူသည် ကံတရား၏ ထိန်းချုပ်မှုအပြင်ဘက်မှာ ရှိကြသည်။
“ နတ်ဘုရားအတတ်ပညာ… ”
ကျန်းစီယွမ်က နူးညံ့စွာ ပြောသည်။ သူက ညာလက်မကို မြှောက်လိုက်ပြီး လက်ညှိုး၏ ပထမအဆစ်ကို ထိလိုက်သည်။
လက်ချောင်းနှစ်ခု ထိတွေ့သွားသည်နှင့်ချက်ချင်း ရေစက်ကျသံက ပျံ့လွင့်လာသည်။ အဆုံးမှာတော့ ရေစက်ကျသံသည် စကားလုံးနှစ်လုံးသို့ ပြောင်းလဲသွားပြီး ရွှီချင်းနှင့် တခြားလူများ၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။
“ ကံတရား ထိန်းချုပ်ခြင်း ”
လေပြေသည် ညင်သာစွာ တိုက်ခတ်လာပြီး လရောင်ခြည်ပင်လယ်ပေါ်တွင် လှိုင်းတချို့ထသွားစေသည်။ လေပြေသည် ပင်လယ်ပြင်ကို ဖြတ်သန်းသွားပြီး လနန်းတော်ပေါ်သို့ ခြေချတော့မည့် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ အဝတ်အစားများနှင့် ဆံပင်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည့်အခါ သူတို့၏ ကံတရားသည်လည်း လှုပ်ခါသွားကြသည်။
အရှေ့ဆုံးမှ နဝမသားတော်သည် ရုတ်တရက် တုန်ယင်လာပြီး ရပ်တန့်သွားသည်။ သူက အရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း မရွှေ့နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ အံ့ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်သော ထပ်ဆင့်မြင်ကွင်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထိုမြင်ကွင်းများသည် သူ၏ အတိတ်ဖြစ်သည်။ ထိုထဲမှာ ချိပ်ပိတ်ခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော မြင်ကွင်းများအပြင် သူ့ခမည်းတော် မသေဆုံးမီ သူ၏ ကျင့်ကြံခြင်းခရီးတစ်လျှောက်မှာ တွေ့ကြုံခဲ့ရသော ပျော်ရွှင်ဖွယ်ရာ ဘဝမြင်ကွင်းများလည်း ပါဝင်သည်။
အတိတ်ကာလမှ အရာအားလုံးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မြင်ကွင်းများသို့ ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို ထပ်ဆင့်လွှမ်းခြုံသွားကြသည်။
ယင်းက အတိတ်ကာလမှ သူ၏ ဘဝဖြစ်သည်။
နဝမသားတော်တစ်ယောက်တည်း မဟုတ်ပေ။ အိမ်ရှေ့စံမင်းသား၊ မင်းသမီးမင်မိန်၊ ပဉ္စမသမီးတော်နှင့် အဌမသားတော်၏ ခန္ဓာကိုယ်ပေါ်မှာလည်း အတိတ်မှ မြင်ကွင်းများ ထွက်ပေါ်လာကြသည်။
မရေမတွက်နိုင်သော အတိတ်ပုံရိပ်များသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ လူတိုင်းက စာအုပ်တစ်အုပ်သို့ ပြောင်းလဲသွားနေသည့်အလားပင်။ သူတို့၏ အတိတ်ကာလမှ မြင်ကွင်းများသည် စာအုပ်ထဲမှ စာမျက်နှာများ ဖြစ်လာကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း ချွင်းချက်မဟုတ်ပေ။
မြင်ကွင်းများက သူ၏ တစ်ကိုယ်လုံးမှာ ဆက်လက် ပျံ့နှံ့လာသည့်အခါ ခေါင်းဆောင်သည် တုန်ယင်သွားသည်။ ထိုထဲမှာ သူမွေးဖွားလာသည့်အချိန်မှစ၍ လက်ရှိပစ္စုပ္ပန်အထိ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံး ပါဝင်သည်။ သို့သော်လည်း သူ၏ အရင်ဘဝများသည်တော့ မပါဝင်ပေ။ လက်ရှိဘဝမှ မြင်ကွင်းများသာ ဖြစ်ကြသည်။
ရွှီချင်းသည်လည်း တူညီစွာ တွေ့ကြုံနေရသည်။ သူငယ်ရွယ်စဉ်အခါက တွေ့ကြုံခဲ့ရသော အရာအားလုံးသည် ဤအခိုက်အတန့်မှာ ထိန်းချုပ်မရအောင် ပေါ်လျှိုးလာကြသည်။
ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ခွဲခွာခြင်း၊ ပြန်လည်ဆုံစည်းခြင်း အစရှိသော အရာအားလုံးသည် တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။
သို့သော်လည်း ထိုမြင်ကွင်းများထဲမှာ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် သူ့အကို၏ ပုံရိပ်သည်တော့ မပါဝင်ပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်းသည် ထိုအချက်ကို စဉ်းစားနေရန် အင်အားမရှိပေ။ အတိတ်ကာလမှ မြင်ကွင်းများသည် စိတ်ခံစားချက်အမျိုးမျိုးဖြင့် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားကြသည်။
ဤသည်မှာ ကျင့်ကြံသူများ၏ အတတ်ပညာမဟုတ်ပေ။ ယင်းအစား နတ်ဘုရားတစ်ပါး၏ အတတ်ပညာဖြစ်သည်။
ကျန်းစီယွမ်သည် မထူးမခြားနားမျက်နှာဖြင့် ဆက်လက်ရှိနေသည်။ သူက လက်မကို မြှောက်လိုက်ပြီး လက်ညှိုး၏ ဒုတိယအဆစ်ကို ထိလိုက်သည်။ သူ၏ လက်မက လက်ညှိုးပေါ်သို့ ကျရောက်သွားသည့်အခိုက် ရေစက်ကျသံသည် ထပ်မံ ပဲ့တင်ထပ်လာသည်။
တစ်ဆက်တည်းမှာ လေပြေသည် ပိုပြီးပြင်းထန်လာသည်။
ကံတရားသည် ထပ်မံလှုပ်ခါသွားသည်။
ယင်းကို မရှောင်တိမ်းနိုင်သကဲ့သို့ မခုခံနိုင်ပေ။
နတ်ဘုရားများ၏ လက်ထဲတွင် ကံတရားဟူသည် ကလေးကစားစရာတစ်ခုနှင့် မခြားနားပေ။ သူတို့က ယင်းကို ဆန္ဒရှိသလို ခြယ်လှယ်နိုင်ကြသည်။ ယခုကဲ့သို့ပင် သူ၏ လက်မက အောက်သို့ ကျဆင်းသွားသည့်အခါ ရေစက်ကျသံသည် ပဲ့တင်ထပ်လာသည်။
လူတိုင်း၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ မိုးကြိုးသန်းပေါင်းများစွာက သူတို့၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလားပင်။ လှုံ့ဆော်ခံလိုက်ရသော လှိုင်းဂယက်များသည် အတိတ်ကာလကို ဆုတ်ဖြဲလိုက်ပြီး သူတို့၏ အတိတ်မြင်ကွင်းများကို မြန်ဆန်စွာ လှန်လှောပစ်လိုက်သည်။
ဤသည်မှာ သူတို့က စစ်ဆေးခံနေရသည့်အလားပင်။
နတ်ဘုရား၏ အရှိန်အဝါနှင့် အထွတ်အမြတ်ဖိအားသည် ဤအခိုက်အတန့်မှာ လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အိမ်ရှေ့စံမင်းသား၏ မျက်လုံးသည် နီမြန်းလာပြီး သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက ခုခံချင်သည်။ သူ၏ ညီအကိုမောင်နှမများသည်လည်း ရုန်းကန်နေကြသည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။ သူတို့၏ အတိတ်ကာလမှ မြင်ကွင်းများသည် ဆက်လက် စစ်ဆေးခံနေရသည်။
နဝမသားတော်တစ်ယောက်တည်းသာ အန္တရာယ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး စာရွက်လှန်လှောခြင်းကို နှေးကွေးသွားစေသည်။ သို့သော်လည်း သူက စစ်ဆေးခံနေရခြင်းကို မတားဆီးနိုင်ပေ။
သူတို့၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ခေါင်းဆောင်နှင့် ရွှီချင်းသည်လည်း ထိုစွမ်းအားကို ခုခံတားဆီးရန် အခက်တွေ့နေကြသည်။
လူတိုင်း၏ မှတ်ဉာဏ်များက လှန်ကြည့်ခံနေရသည်နှင့်အမျှ အတိတ်ကာလမှ မြင်ကွင်းများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ပျံသန်းထွက်လာကြသည်။ ဤသည်မှာ ယင်းတို့က စာအုပ်ထဲမှ ဆုတ်ဖြဲခံလိုက်ရသည့်အလား ကျန်းစီယွမ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
အတိတ်ကာလမှ ဆုတ်ဖြတ်ခံလိုက်ရသော ထိုမြင်ကွင်းများသည် လူတစ်ယောက်စီ၏ ဘဝတစ်လျှောက်လုံးမှာ အနာကျင်ရဆုံးနှင့် စိတ်ဆင်းရဲဆုံး အခိုက်အတန့်များ ဖြစ်ကြသည်။
ဥပမာ အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှများထံမှ ဆုတ်ဖြဲခံလိုက်ရသော မြင်ကွင်းများထဲတွင် သူတို့၏ ညီအကိုမောင်နှများ၏ အသွေးအသားများကို အတင်းအကျပ် ဝါးမျိုနေရသော မြင်ကွင်းများ၊ ချိပ်ပိတ်ခံထားရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသည့် မြင်ကွင်းများနှင့် သူတို့ဘဝတစ်လျှောက်တွင် ဝမ်းနည်းကြေကွဲရဆုံး မြင်ကွင်းများ ပါဝင်ကြသည်။
ခေါင်းဆောင်သည်လည်း တုန်ယင်နေသည်။ ဆုတ်ဖြဲခံလိုက်ရသည့် သူ၏ မှတ်ဉာဏ်အများစုမှာ ချိပ်တံဆိပ်ကို သူဖြေလျှော့နေစဉ် ဆာလောင်မွတ်သိပ်နေပုံဖြစ်သည်။ ထိုမြင်ကွင်းထဲမှ တချို့တွင် တခြားလူများ မသိထားသောအရာများ ပါဝင်သည်။
ဥပမာ ထိုထဲမှ မြင်ကွင်းတစ်ခုတွင် ခေါင်းဆောင်သည် အော်ဟစ်ငိုကြွေးနေသည်။ သူက အမှောင်ထုထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေပြီး ဖြေမဆည်နိုင်အောင် ငိုကြွေးနေသည်။
ရွှီချင်းသည်တော့ သူ၏ မျက်နှာသည် ရှုံ့မဲ့နေသည်။ သွေးကြောများသည် သူ၏ နဖူးပေါ်မှာ ဖောင်းကြွလာကြပြီး သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သို့သော်လည်း မှတ်ဉာဏ်များ ဆုတ်ဖြဲခံနေရသော နာကျင်မှုသည် အတိတ်မြင်ကွင်းများထဲမှ တချို့တွင် သူတွေ့ကြုံခံစားခဲ့ရသော နာကျင်မှုများကိုတော့ မနှိုင်းယှဉ်နိုင်သေးပေ။
ထိုမြင်ကွင်းများထဲမှ တစ်ခုမှာ တောတွင်းတစ်နေရာဖြစ်သည်။ မိုးသည် သည်းထန်စွာ ရွာသွန်းနေပြီး သူက မြေပြင်ပေါ်မှာ ဒူးထောက်လျက် နာကျင်စွာ၊ စိတ်ပျက်အားငယ်စွာ ရူးသွပ်စွာ အော်ငိုနေသည်။
ထိုမြင်ကွင်းထဲမှာ သွေးစွန်းနေသော သစ်သီးသကြားလုံးလည်း ရှိသည်။
ဤသည်မှာ ရွှီချင်း မတူးဖော်ချင်သည့် နောက်ဆုံးမှတ်ဉာဏ်ဖြစ်သည်။ ဤသည်မှာ ယင်ဟွမ်ပြည်နယ်၌ သူ့အကို ထွက်ပေါ်လာပြီး သူ့အား အရာအားလုံးကို ပြောပြခဲ့သည့်အချိန် ဖြစ်သည်။
ထိုအချိန်သည် သူ့ဘဝတစ်လျှောက်လုံးတွင် ယူကျုံးမရအောင် ဝမ်းနည်းရပြီး စိတ်ဆင်းရဲဆုံးအချိန် ဖြစ်သည်။
ထိုအချိန်တုန်းကနှင့် နှိုင်းယှဉ်လျှင် သူ၏ ငယ်စဉ်ဘဝက တွေ့ကြုံခဲ့ရသော အခက်အခဲ အကြမ်းအတမ်းအားလုံးသည် အသေးအမွှားသာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုမှတ်ဉာဏ်သည် အတိတ်ကာလမှ ဆုတ်ဖြဲခံလိုက်ရပြီး ပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားကာ ကျန်းစီယွမ်ဆီသို့ ပျံသန်းသွားသည်။
မကြာမီ လူတိုင်း၏ မှတ်ဉာဏ်များထဲမှ အနာကျင်ရဆုံးနှင့် စိတ်ဆင်းရဲဆုံး အခိုက်အတန့်များသည် ကျန်းစီယွမ်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ပန်းချီကားများသဖွယ် ဆက်လက် လှည့်ပတ်သွားကြသည်။
“ အလှတရားဆိုတဲ့ တည်ရှိမှုကြောင့် ဝမ်းနည်းတတ်တဲ့ သတ္တဝါတွေ ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက်ကို ဖန်တီးပစ်တာ… ”
ကျန်းစီယွမ်က နူးညံ့စွာ စကားပြောလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်မကို လက်ခလယ်၏ ပထမအဆစ်ပေါ်တွင် တင်လိုက်ကာ ညင်သာစွာ ထိတွေ့လိုက်သည်။
ကြွပ်ဆတ်သော အသံတစ်သံသည် လောကထဲမှာ ပျံ့လွင့်လာပြီး လူတိုင်း၏ စိတ်ထဲသို့ ပဲ့တင်ထပ်သွားကာ လှိုင်းဂယက်များသို့ ပြောင်းလဲသွားသည်။ ယင်းက မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ရိုက်ခတ်သွားသည်။
အဆုံးမှာတော့ ယင်းက ဝုန်းခနဲ မြည်သံ သို့မဟုတ် ပေါက်ကွဲသံသို့ ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ထွက်ပေါ်လာကြသော အတိတ်ကာလမှ မှတ်ဉာဏ်အားလုံးသည် စတင်အက်ကွဲသွားကြသည်။
မှတ်ဉာဏ်များသည် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
အလှတရားများ၊ ပျော်ရွှင်မှုများ၊ ချီးကျူးမှုများ၊ ချစ်မေတ္တာများ အစရှိသော မှတ်ဉာဏ်များနှင့် အတွေ့အကြုံအားလုံးသည် ပျက်စီးသွားကြသည်။
မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်နှင့်အမျှ ဆူညံသံများသည် လူတိုင်း၏ ခန္ဓာကိုယ်ထဲမှ မြည်ဟိန်းထွက်လာကြပြီး ပုံရိပ်ယောင်သွေးကို ဖြစ်ပေါ်စေသည်။ ထို့နောက် နှလုံးကွဲကြေသော နာကျင်ဖွယ် အော်ဟစ်သံများသည် ထိန်းချုပ်မရအောင် ထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
ထိုအခိုက်အတန့်မှာ ခုခံမှုသည် ထွက်ပေါ်လာသည်။
အိမ်ရှေ့စံမင်းသား၏ ဆံပင်ရှည်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ဝိညာဉ်မြွေများသို့ အသွင်ပြောင်းလဲသွားကာ သူ၏ အတိတ်မှတ်ဉာဏ်များဆီသို့ တိုးဝင်သွားကြသည်။ သူက သူ့ကိုယ်သူ အသိအမြင်ပြောင်းလဲပစ်ရန် အတတ်ပညာတစ်ခုကို အသုံးပြုလိုက်ပြီး မြင်ကွင်းအားလုံးကို ရှုပ်ထွေးသွားစေကာ သူ့ကိုယ်သူ အားဖြည့်လိုက်သည်။
အခြားတစ်ဖက်တွင် မင်းသမီးမင်မိန်သည် အချိန်မြစ်ကို ဆင့်ခေါ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ စီးဆင်းသွားစေသည်။ သူက အချိန်မြစ်ထဲမှ သူ၏ အတိတ်ပုံရိပ်များကို ဆည်ယူလိုက်ပြီး လစ်ဟနေသော နေရာများတွင် ဖြည့်သွင်းလိုက်သည်။
အဌမသားတော်သည်တော့ သူ၏ နှလုံးသားထဲမှ ပျော်ရွှင်မှုစိတ်ခံစားချက်ကို ပိုပြီးခိုင်မြဲလာစေပြီး မြင်ကွင်းများကြားထဲမှာ အဆက်မပြတ် ပျံ့နှံ့သွားစေသည်။
နဝမသားတော်၏ နည်းလမ်းသည် အရိုးရှင်းဆုံးဖြစ်သည်။ ထက်ရှသော ဓားများသည် သူ၏ အတိတ်မြင်ကွင်းများထဲမှ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာကြပြီး အရပ်ရှစ်မျက်နှာဆီသို့ လွှဲယမ်းလိုက်ကြသည်။ ဓားချက်ဆင်းသက်လာသည့်အခါတိုင်း ဓားများသည် အပိုင်းပိုင်းအစစ ပျက်စီးသွားကြလိမ့်မည်။ သို့သော်လည်း မကြာမီ နောက်ထပ် ဓားအသစ်များက ထပ်မံထွက်ပေါ်လာကြသည်။
ခေါင်းဆောင်၏ အမူအရာသည် ရှုံ့မဲ့လာသည်။ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အေးစက်စက်လေသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး အတိတ်ကာလမှ မြင်ကွင်းများကို အေးခဲသွားစေသည်။
ရွှီချင်းသည်တော့ သူ၏ နေနာရီများက ရွေ့လျားသွားကြပြီး မေ့လျော့ခြင်းနယ်ပယ်က အသက်ဝင်လာသည်။ သူ၏ အခွင့်အာဏာသည်လည်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက မည်သို့ကြောင့် သူ၏ အတိတ်မှတ်ဉာဏ်များထဲမှာ မထွက်ပေါ်လာရကြောင်း သူနားလည်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ကျန်းစီယွမ်က ကံတရားထိန်းချုပ်ခြင်း နတ်ဘုရားအတတ်ပညာကို အသုံးပြုလိုက်ပြီးနောက် ထိုပုံရိပ်များသည် အကြောင်းအရင်းတချို့ကြောင့် သူ၏ ခရမ်းသလင်းကျောက်ထဲမှာ ထွက်ပေါ်လာကြသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံသည် စောစောက သူ၏ လှပသော မှတ်ဉာဏ်များ ပေါက်ကွဲသွားစဉ်ကထက် ပိုပြီးကျယ်လောင်သည်။
ပထမဆုံးမြင်ကွင်းသည် ဆင်းရဲသားရပ်ကွက်မှ အပျက်အစီးပုံများကြားထဲမှာ ဖြစ်သည်။ ရွှီချင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ နတ်ဘုရားမျက်နှာပျက်ကြီးသည် မျက်လုံးဖွင့်လှစ်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။
ဒုတိယမြင်ကွင်းသည် ပြိုင်ဘက်ကင်းမြို့တော်မှာ ဖြစ်သည်။
ယင်းက သွေးမိုးရွာသွန်းနေသည့်အချိန် ဖြစ်သည်။ ရွှီချင်း၏ ငယ်ဘဝပုံရိပ်သည် မြေပြင်ပေါ်မှာ ထိုင်နေသည်။ သူက ဒူးနှစ်ဖက်ကို ပွေ့ထားလျက် ငိုကြွေးနေသည်။
ဤမတိုင်ခင် ရွှီချင်း၏ မှတ်ဉာဏ်များထဲမှာ ပျက်စီးသွားသော ထိုမြို့တော်ထဲမှ သူထွက်မသွားခင် အတော်ကြာကြာ ငိုနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ခရမ်းသလင်းကျောက်ထဲမှ မြင်ကွင်းထဲတွင် သူက ခြားနားသော အဆုံးသတ်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ ထိုသူက ငိုကြွေးနေသော သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏ လက်ဖြင့် ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“ ညီလေး… မငိုပါနဲ့ ”
ထိုစကားများ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းသည် ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားသည်။ ပဲ့တင်ထပ်သံနှင့်အတူ သူ့ငယ်ဘဝပုံရိပ်၏ ဦးခေါင်းသည် အက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်သည် အသားပုံအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။
သူက သေဆုံးသွားသည်။
ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ကြီးမားသော ဖရိုဖရဲဖြစ်မှုက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာတော့မည့်အခိုက် သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ စာရွက်အားလုံးသည် အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားသည်။ နောက်ဆုံးကျန်နေခဲ့သည်မှာ စာရွက်မရှိသော ဗလာစာအုပ်တစ်အုပ်သာ ဖြစ်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် နည်းလမ်းအမျိုးမျိုးဖြင့် ခုခံခဲ့ကြသော်လည်း အဆုံးသတ်မှာ ထိုရလဒ်မှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
“ အလှတရားမရှိရင် နှိုင်းယှဉ်စရာမရှိဘူး… ဒီနည်းနဲ့ဆိုရင်… သတ္တဝါအားလုံးက ဝမ်းနည်းမှုကို ခံစားစရာမလိုတော့ဘူး… ”
လရောင်ခြည်အောက်မှာ ကျန်းစီယွမ်၏ အမူအရာသည် အေးဆေးတည်ငြိမ်သည်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူ၏ တုနှိုင်းမဲ့အောင် ချောမောလှပသော မျက်နှာသည် ရုပ်တုတစ်ခုနှင့် မခြားပေ။ သူက အော်ဟစ်ညည်းညူနေကြသော လူတိုင်းကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်မဖြင့် လက်ခလယ်မှ ဒုတိယအဆစ်ကို ထိလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ ဘေးပတ်ဝန်းကျင်၌ တရစပ် လှည့်ပတ်နေသော အနာကျင်ရဆုံးနှင့် စိတ်ဆင်းရဲဆုံး မှတ်ဉာဏ်များသည် ရပ်တန့်သွားကြပြီး နေရာမှာ တုန်ယင်သွားကြသည်။
ယင်းတို့က တုန်ယင်လာသည့်အခါ ကူးယူခံလိုက်ရပြီး မရေမတွက်နိုင်သော ဆင်တူမြင်ကွင်းများက ထွက်ပေါ်လာကြသည်။
ထိုအရာကို ကြည့်ရှူနေစဉ် ကျန်းစီယွမ်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက လက်မကို မြှောက်လိုက်ပြီး လက်သူကြွယ်၏ ပထမအဆစ်ကို ထိလိုက်သည်။ နောက်အခိုက်အတန့်မှာ ထိုမြင်ကွင်းများသည် ရုတ်တရက် ပျံသန်းထွက်သွားပြီး ရွှီချင်းနှင့် တခြားလူများဆီသို့ ဦးတည်သွားကြသည်။
လူတိုင်းကို အော်ဟစ်ညည်းညူစေသော ဗလာစာအုပ်များသည် ထိုမြင်ကွင်းများဖြင့် မြန်ဆန်စွာ ပြည့်နှက်သွားပြီး ပြီးပြည့်စုံသော စာအုပ်များ ဖြစ်လာကြသည်။
သို့သော်လည်း ထိုပြီးပြည့်စုံသော စာအုပ်ထဲမှာ အလှတရားမရှိပေ။ သူတို့ဘဝတစ်လျှောက် အနာကျင်ရဆုံးနှင့် စိတ်ဆင်းရဲဆုံး မှတ်ဉာဏ်များသာ ရှိသည်။ ထိုမှတ်ဉာဏ်များသည် သူတို့၏ အတိတ်ကို အစားထိုးသွားသည်။
သူတို့မပျက်စီးသွားခင်အထိ ထိုမှတ်ဉာဏ်များက အစဉ်မပြတ် ထွက်ပေါ်လာလိမ့်မည်။
ဤသည်မှာ နတ်ဘုရားတစ်ပါး၏ အစွမ်းဖြစ်သည်။
ဤသည်မှာ နတ်ဘုရားမန္တန်ဖြစ်သည်။