ကံတရား ပြိုကွဲခြင်း
Vol. 70 Ch. 1092
ဤလောကကြီးတွင် နတ်ဘုရားများကို ခုခံတွန်းလှန်ခဲ့ကြသော မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ ရှိခဲ့ဖူးသည်။ သို့သော်လည်း ယခု ထိုကျင့်ကြံသူများက မရှိသလောက်နီးပါး နည်းပါးသွားသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများကို ခုခံသူများသည် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသောကြောင့် ဖြစ်သည်။
များသောအားဖြင့် နတ်ဘုရားများကို နတ်ဘုရားများကသာ ယှဉ်ပြိုင်နိုင်ပေသည်။
နှစ်ပေါင်းမြောက်များစွာ ကြာသည်အထိတိုင်အောင် ရှေးဘုရင်ရွှမ်ယုံမထွက်သွားမီ သူဦးဆောင်တိုက်ခိုက်ခဲ့သော သမိုင်းတွင်တိုက်ပွဲသည်သာ အောင်မြင်မှုရရှိခဲ့သည်။ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက်ပိုင်း ထိုသို့အဖြစ်အပျက်မျိုး နောက်ထပ်ဖြစ်မလာခဲ့ပေ။
နတ်ဘုရားများသည် အဆင့်အတန်းမြင့်မားပြီး အစွမ်းကြီးမားကြသည်။ သူတို့ကို မစော်ကားနိုင်သလို တိုက်ရိုက် မကြည့်နိုင်ပေ။
တဖြည်းဖြည်း နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်းသည် မဖြစ်နိုင်သောကိစ္စဟု မျိုးနွယ်စုအားလုံးက လက်ခံယုံကြည်လာကြသည်။ အမှန်မှာ နတ်ဘုရားကို စိတ်ကူးကြည့်လိုက်ရုံဖြင့် သူတို့၏ နှလုံးသားထဲမှာ အဆုံးမဲ့သော အကြောက်တရားက ထွက်ပေါ်လာလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများ၏ အစွမ်းနှင့် ကြောက်စရာကောင်းပုံသည် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ နတ်ဘုရားများ၏ နတ်ဘုရားစွမ်းရည်များကို သူတို့၏ နားလည်နိုင်စွမ်းဖြင့် လိုက်မမီနိုင်ပေ။
ကျင့်ကြံသူများနှင့် နတ်ဘုရားများသည် လုံးဝမတူညီသော အဆင့်မှာ ရှိကြသည်။
ကျင့်ကြံသူအများစု၏ မျက်လုံးထဲမှာ နတ်ဘုရားများသည် မသေဆုံးနိုင်သော သက်ရှိများဖြစ်ကြသည်။ သူတို့မှာ အနန္တအသိဉာဏ်နှင့် အနန္တတန်ခိုးရှိသည်။ ကျင့်ကြံသူများသည် သူတို့ကို နားမလည်နိုင်ပေ။ နတ်ဘုရားများနှင့်ပတ်သက်သော အရာအားလုံးသည် ထူးဆန်းပြီး လျှို့ဝှက်သည်။
နတ်ဘုရားများ၏ မျက်လုံးထဲမှာ သက်ရှိအားလုံးသည် ရိုးရှင်းသည်။ သူတို့က လူတိုင်း၏ အတိတ်နှင့် အနာဂတ်ကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ကြသည်။ ထိုအနာဂတ်က ပြောင်းလဲသွားနိုင်သော်လည်း ထိုသို့မြင်နိုင်စွမ်းသည် သူတို့၏ ဘဝအဆင့်အတန်းမြင့်မားမှုမှ ရရှိလာသောစွမ်းရည် ဖြစ်သည်။
ကျင့်ကြံခြင်းအခြေခံ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူများသာလျှင် နတ်ဘုရားများ၏ အာရုံစိုက်ခြင်းခံရလိမ့်မည်။
သို့သော် ထိုသို့ကျင့်ကြံသူများသည် အလွန်အမင်း နည်းပါးသည်။
နတ်ဘုရားများအတွက်တော့ မွေးဖွားပြီးမှ နတ်ဘုရားဖြစ်လာသူများနှင့် နတ်ဘုရားအဖြစ်မွေးဖွားလာသူများဟူ၍ နှစ်မျိုးရှိသည်။
ထို့ကြောင့် ကျင့်ကြံသူများက အမျိုးမျိုးသော ဓမ္မအတတ်ပညာများကို မှီခိုအားထားနေရစဉ် ဥပမာ လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး၊ သတ္ထု၊ သစ်သား၊ ရေနှင့်မီး အစရှိသော ဒြပ်စင်များသည် နတ်ဘုရားများအတွက်တော့ အသေးအမွှားသာ ဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ စွမ်းအားသည် ယခု ကျန်းစီယွမ်ထုတ်ဖော်လိုက်သကဲ့သို့ပင်။ သူက ကံကြမ္မာဟောပြောသူအလား လက်ချောင်းလှုပ်လိုက်ရုံဖြင့် လူတိုင်း၏ ကံတရားကို အလွယ်တကူ ဖမ်းဆုပ်နိုင်သည်။
နတ်ဘုရားများ၏ မျက်လုံးထဲမှာ ကျင့်ကြံသူများသည် သေမျိုးများနှင့် သိပ်မကွာခြားပေ။
လက်ချောင်းတစ်ချက်လှုပ်ရှားခြင်းသည် သူတို့၏ ကံတရားကို ပြောင်းလဲနိုင်သည်။
ထိုသို့စွမ်းအားကို မည်သူက မကြောက်ဘဲ နေမည်နည်း။
ယခုအချိန်မှာ အိမ်ရှေ့စံမင်းသားသော်လည်းကောင်း၊ မင်းသမီးမင်မိန်သော်လည်းကောင်း၊ ခေါင်းဆောင်သော်လည်းကောင်း၊ ရွှီချင်းသော်လည်းကောင်း သူတို့ဆီမှာ အတိတ်မှ မှတ်ဉာဏ်များ မရှိကြတော့ပေ။ အမှန်မှာ ဤအခိုက်အတန့်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မမှတ်မိကြတော့ပေ။
သူတို့၏ မှတ်ဉာဏ်ထဲမှာ အဆုံးမဲ့သော နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုသာ တည်ရှိသည်။
နှိုင်းယှဉ်စရာ အလှတရားမရှိသောကြောင့် ကျန်ရှိသော နာကျင်မှုကို စကားလုံးဖြင့် ဖော်ပြနိုင်ခြင်းမရှိပေ။ ယင်းက သတ်မှတ်ချက်မရှိပေ။
သို့သော်လည်း ထိုမှတ်ဉာဏ်မှ ဖြစ်ပေါ်လာသော ညှဉ်းပန်းနှိပ်စက်မှုနှင့် ခန္ဓာကိုယ်မှ တုံ့ပြန်လိုက်သော စိတ်မသက်မသာ ခံစားရမှုသည် အစမရှိသလို အဆုံးလည်း မရှိပေ။
ထိုဖြစ်စဉ်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲပေသည်။
မည်သူမှ ယင်းကို မခုခံနိုင်ပေ။
ဥပမာ ရွှီချင်းသည် ဤအခိုက်အတန့်မှာ အတိတ်၌ သူစိတ်ထိခိုက်ခဲ့ရသော မြင်ကွင်းများထဲမှာ နစ်မွန်းသွားသည်။
သူက ထိုထဲမှ ထွက်လျှောက်ချင်သည်။ သို့သော်လည်း ထိုမြင်ကွင်းထဲမှ သူ၏ မှတ်ဉာဏ်အားလုံးသည် စက်ဝန်းတစ်ခုပမာ လှည့်ပတ်နေသည်။ သူ၏ အတိတ်နှင့် အနာဂတ်သည် စိတ်ဆင်းရဲစရာ မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ သူ့အတွက် ထွက်လမ်းမရှိပေ။
သူတို့အားလုံးသည် လနန်းတော်၏ ဂိတ်တံခါးအပြင်ဘက်မှာ မတ်တတ်ရပ်နေကြပြီး အထဲသို့ ခြေမချနိုင်သေးပေ။
နတ်ဘုရားကို သတ်ဖြတ်ချင်သော သူတို့၏ အတွေးက ဟာသတစ်ခုဖြစ်ဟန် ရသည်။
“ သေမျိုးက နတ်ဘုရားကို သတ်ချင်တယ် ”
လနန်းတော်ထဲဝယ် အနီရောင်နှင်းပန်းပွင့်ပေါ်မှာ ရှိနေသော ကျန်းစီယွမ်သည် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ သူက ညာလက်မကို မြှောက်လိုက်ပြီး လက်သူကြွယ်၏ ဒုတိယအဆစ်ပေါ်မှာ တင်လိုက်သည်။
သူက ပေါ့ပါးစွာ ထိတွေ့လိုက်သည်။
ပုလင်းကျကွဲသွားသော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ အသံသည် ကြွပ်ဆတ်ပြီး ရှင်းလင်းသည်။
“ ကံတရား ပြိုကွဲခြင်း ”
သူ၏ အသံသည် ပဲ့တင်ထပ်သွားပြီး ဤလောကထဲသို့ ကျရောက်လာသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အက်ကွဲရာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မထိန်းချုပ်နိုင်အောင် ပျံ့နှံ့ထွက်လာကြသည်။ အပြာရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို အေးခဲသွားစေသော်လည်း အက်ကွဲနေခြင်းကို မတားဆီးနိုင်ပေ။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားပြီး အသွေးအသားအပိုင်းအစများသို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
နောက်တစ်ယောက်သည် ရွှီချင်းဖြစ်သည်။ ခရမ်းသလင်းကျောက်ထဲမှ သူမြင်လိုက်ရသော ဒုတိယမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးသွားပြီး ပရမ်းပတာဖြစ်နေစဉ် သူ၏ လောကတစ်ခုလုံးသည် ထာဝရ အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ထိုအမှောင်ထုထဲတွင် အရာအားလုံးသည် ထာဝရ တည်ရှိနေသည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ လက်ချောင်းကျဆင်းလာသော မြင်ကွင်းသည်လည်း ဆက်တိုက် ထွက်ပေါ်လာနေသည်။
နောက်တစ်ယောက်သည် အဌမသားတော်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုး၏ နတ်ဘုရားစွမ်းအားသည် ဤအခိုက်အတန့်မှာ ဖယ်ရှားခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပြိုကွဲလာသည်။
ထို့နောက် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်ဖြစ်သည်။ သူတို့သည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူတို့၏ မဟာလောကများသည်လည်း အော်ဟစ်ညည်းညူနေကြသည်။ ထိုလောကများထဲမှ စိတ်ခံစားချက်ရှိသော သက်ရှိများသည် နတ်ဘုရားအစွမ်း၏ သက်ရောက်ခံလိုက်ရပြီး ခြောက်သွေ့သွားနေသည်။ သူတို့၏ အသက်ဓာတ်စွမ်းအင်သည် မှေးမှိန်သွားနေသည်။
နောက်တစ်ယောက်သည် နဝမသားတော်ဖြစ်သည်။ သို့သော်လည်း သူက ခုခံနိုင်ဆဲပင်။ ဤအခိုက်အတန့်မှာ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူ၏ တုန်ယင်နေသော ညာလက်ထဲမှာ ဓားတစ်လက် ဖြည်းဖြည်းချင်း စုဝေးလာသည်။ ဤသည်မှာ သူ၏ နောက်ဆုံးသက်စောင့်ဓားဖြစ်သည်။
ယင်းက သူ၏ အစွမ်းထက်ဆုံး ဓားချက်လည်း ဖြစ်သည်။ ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ ယခင်က သတိထားမိခဲ့သော အထွတ်အမြတ်ဓားဖြစ်သည်။
သို့သော်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာ မမြင်ခဲ့သည်မှာ နဝမသားတော်၏ နောက်ဆုံးဓားချက်သည် သတ်ဖြတ်ရန် မဟုတ်ပေ။ ကာကွယ်ပေးရန် ဖြစ်သည်။
လနန်းတော်၏ ဂိတ်တံခါးသည် ဖြည်းညင်းစွာ ပြန်ပိတ်သွားသည်။ ကျန်းစီယွမ်သည် ခေါင်းခါလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
သူက နန်းတော်အပြင်ဘက်မှ လူများကို စိတ်မဝင်စားတော့ဘဲ ရုပ်တုအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်မှာ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း မရှိပေ။
အရာအားလုံးသည် ပြီးဆုံးသွားသည်။
နဝမသားတော်သည် နှုတ်ဆိတ်သွားသည်။ မျက်လုံးမှိတ်ထားသော ပဉ္စမသမီးတော်သည် သူ၏ အနောက်တွင် ရှိသည်။
သူ၏ အရွယ်အိုမင်းနေသော မျက်နှာသည် အရောင်အသွေးအားလုံးကို ဆုံးရှုံးသွားပြီး ဖြူဖျော့လာသည်။ သေခြင်းအငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ အားကောင်းစွာ ရစ်ဝဲနေသည်။ နဝမမောင်တော်၏ ကာကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် သူက စောစောကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ မောင်တော်ကို ကြည့်လိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှာ သေဆုံးသွားကြသော ပုံရိပ်များကို ကြည့်လိုက်သည်။ သူက ထပ်မံမျက်လုံးမှိတ်လိုက်သည်။
တဖြည်းဖြည်း အလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွန်းလင်းလာသည်။ ယင်းက သူ၏ အရှေ့မှာ စုဝေးသွားပြီး ပန်းတစ်ပွင့် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။
ဝတ်ဆံဖိုများသည် အသက်ဓာတ်ကြွယ်ဝစွာ လွင့်မျောသွားကြပြီး ပွင့်ချပ်များသည် ဆက်လက် ဖွင့်ကားလာကြသည်။ ယင်းက တုနှိုင်းမဲ့သော အလှအပကို ဆောင်ကြဉ်းပေးသည်။
ကျန်းစီယွမ်၏ မှိတ်သွားသော မျက်လုံးသည် ရုတ်တရက် ပြန်ပွင့်သွားပြီး ဂိတ်တံခါးအပြင်ဘက်သို့ ကြည့်လိုက်သည်။
ထိုပန်းပွင့်သည်လည်း နှင်းပန်းပွင့်ဖြစ်သည်။
ယင်းက ကျန်းစီယွမ်ထိုင်နေသော ပန်းပွင့်နှင့် တစ်ပုံစံတည်းတူညီသည်။
သို့သော်လည်း ထိုပန်းပွင့်သည် အဖြူရောင်ဖြစ်သည်။
အဖြူရောင်နှင်းပန်းပွင့်က ပွင့်လာသည့်အခါ ပဉ္စမသမီးတော်သည် ပိုပြီးအရွယ်အိုမင်းလာသည်။
သူက သူ့ကိုယ်သူ လောင်ကျွမ်းပစ်နေခြင်းဖြစ်သည်။ သူသည် မွေးဖွားလာသည့်အချိန်မှစ၍ သူ၏ အသက်ဓာတ်ကို သူ့ညီအကိုမောင်နှမများအား ကယ်တင်ရန် အသုံးပြုခဲ့သည်။ သူ့ဘဝတစ်လျှောက်တွင် သူ့ကိုယ်သူ ခဏခဏ လောင်ကျွမ်းခဲ့ပြီး အားလုံးကို ကယ်တင်ပေးခဲ့သည်။
တခြားညီအကိုမောင်နှမများက ငယ်ရွယ်သော မျက်နှာဖြင့် ရှိနေကြစဉ် သူတစ်ယောက်တည်းသာ အဖွားအိုပုံစံဖြင့် ရှိနေပြီး နောက်ဆုံးနေဝင်ချိန်သို့ ရောက်ရှိနေသည်။
ထိုအရာက သူ၏ တာဝန်ဖြစ်ကြောင်း သူသိသည်။
ထိုအရာက သူအသက်ရှင်နေရသည့် အကြောင်းအရင်းဖြစ်ကြောင်း နားလည်ထားသည်။
တစ်ချိန်က ထိုသို့အသက်ရှင်နေရခြင်းကို သူမုန်းတီးခဲ့သည်။ သို့သော်လည်း အဆုံးမှာ သူက မည်သည့်နောင်တမှမရဘဲ ထိုလမ်းကို ဆက်လက် ရွေးချယ်ခဲ့သည်။
ပန်းပွင့်က ပွင့်လာပြီး ပန်းရနံ့က ပျံ့လွင့်လာသည့်အခါ အိမ်ရှေ့စံမင်းသား၏ အက်ကွဲနေသော ခန္ဓာကိုယ်သည် ချက်ချင်း ပြန်ကောင်းမွန်လာသည်။ မင်းသမီးမင်မိန်၊ အဌမသားတော်၊ ခေါင်းဆောင်နှင့် ရွှီချင်းသည်လည်း မြန်ဆန်စွာ အသက်ပြန်ရှင်လာကြသည်။
ဤအခိုက်အတန့်မှာ လူတိုင်းက အသက်ပြန်ရှင်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် ပြန်လည်ဖွဲ့စည်းသွားပြီး သူတို့၏ အရှိန်အဝါသည် ထပ်မံ ပေါက်ကွဲထွက်လာသည်။ သူတို့၏ စိတ်ခံစားချက်များသည်လည်း ပြန်လည်တည်ငြိမ်လာသည်။
အထူးဆန်းဆုံးအရာမှာ နတ်ဘုရားအတတ်ပညာကြောင့် ပျက်စီးသွားခဲ့သော သူတို့၏ အတိတ်မှတ်ဉာဏ်များသည် ပြန်လည်ဖွဲ့စည်းလာကြသည်။ ယင်းက သူတို့ခံစားနေရသော နာကျင်မှုအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး အသစ်ပြန်တည်ဆောက်လာသည်။
ဤသည်မှာ အချိန်ပြောင်းပြန်လှည့်ပတ်ခြင်း မဟုတ်ပေ။ နတ်ဘုရား၏ အတတ်ပညာအောက်မှာ တစ်စုံတစ်ယောက်က တူညီသော ဘဝအဆင့်အတန်းကို မပိုင်ဆိုင်ထားလျှင် အချိန်ပြောင်းပြန်လှည့်ပတ်ရန် မဖြစ်နိုင်ပေ။
ဤသည်မှာ ပဉ္စမသမီးတော်၏ အဖြူရောင်နှင်းပန်းပွင့်မှ ဘဝကောင်းချီးပေးမှုဖြစ်သည်။
ဤလောကတွင် နတ်ဘုရားကျိန်စာများရှိသကဲ့သို့ နတ်ဘုရားကောင်းချီးများလည်း ရှိသည်။ သို့သော်လည်း အလွန်အမင်း ရှားပါးသည်။
ထိုမြင်ကွင်းသည် ကျန်းစိယွမ်၏ အမူအရာကို ပထမဆုံးအကြိမ် ပြောင်းလဲသွားစေသည်။ သူက ဂိတ်တံခါး၏ အပြင်ဘက်မှ ပဉ္စမသမီးတော်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ လီဇီဟွားက အတော်အမျှော်အမြင်ရှိတာပဲ… အနာဂတ်မှာ သူက နတ်ဘုရားတစ်ပါးကို မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ခဲ့တယ် ”
“ အနာဂတ်ကျရင် မင်းရဲ့ ကိုယ်ထဲမှာ နတ်ဘုရားတစ်ပါးရှိလာလိမ့်မယ်… နတ်ဘုရားရဲ့ ထာဝရတည်ရှိမှုက ကမ္မကို ဖြစ်စေတယ်… ဒီတော့ နတ်ဘုရားကို ချိပ်ပိတ်တဲ့ အချိန်ကို မရောက်ခင်အထိ မင်းက သေမှာမဟုတ်ဘူး ”
“ ဒီနည်းနဲ့ဆိုရင် မင်းရဲ့ သေမျိုးခန္ဓာကိုယ်က နတ်ဘုရားအတတ်ပညာကို အကန့်အသတ်မရှိဘဲ အသုံးပြုနိုင်လာမယ်… မင်းက ကျိန်စာကို တောင့်ခံနိုင်ပြီး တခြားလူတွေကို ကောင်းချီးပေးနိုင်မယ်… ဒါ့အပြင် မင်းက ငါ့မူလခန္ဓာကိုယ်ကနေတောင် ပုန်းအောင်းနိုင်လိမ့်မယ် ”
“ ဒါပေမဲ့ မင်းက မသေဘူးဆိုပေမဲ့ အသက်အရွယ် အိုမင်းလာလိမ့်မယ်… မင်းရဲ့ သက်တမ်းက အဆုံးစွန်ကို ရောက်ရှိသွားတဲ့အခါကျရင် မင်းရဲ့ ခန္ဓာကိုယ်က အသိစိတ်မရှိတဲ့ အခွံလွတ်တစ်ခုဖြစ်လာလိမ့်မယ်… စိတ်ဝင်စားစရာပဲ… မင်းရဲ့ ခန္ဓာကိုယ်အတွက် ဘယ်နတ်ဘုရားကို ပြင်ဆင်ထားတာလဲ ”
ကျန်းစီယွမ်သည် တီးတိုးရေရွတ်လိုက်ပြီး ပဉ္စမသမီးတော်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ လနန်းတော်၏ အပြင်ဘက်တွင် ပြန်ရှင်သန်လာကြသော အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် သူတို့၏ ပဉ္စမညီမတော်ကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။
ယခု ပဉ္စမသမီးတော်၏ အရှိန်အဝါသည် အလွန်အားနည်းနေသည်။ သူ၏ အသက်အရွယ်သည် ပိုပြီးအိုမင်းလာသည်။ သူက သွေးအန်လိုက်ရသည်နှင့် ပိုပြီးအားကောင်းသော သေခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သို့သော်လည်း အပြုံးတစ်ခုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အက်ရှရှအသံဖြင့် ပြောသည်။
“ ဒါက ငါ့တည်ရှိမှုရဲ့ အဓိပ္ပာယ်ပဲ ”
ထိုစကားက လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားပြီး ရွှီချင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
စောစောက သူကြုံခဲ့သမျှအားလုံးသည် အိမ်မက်ဆိုးတစ်ခုဖြစ်ဟန် တူသည်။ ဤအခိုက်အတန့်မှာ ခေါင်းဆောင်သည် မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ မျက်နှာသည် မည်းမှောင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ရှားပါးသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ စောစောက အရေးကြီးအခိုက်အတန့်မှာ သူက အဆင့်မြင့်နတ်ဘုရားကို ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း တစ်ဖက်လူသည် သက်ဆင်းလာရန် ငြင်းဆန်ခဲ့သည်။
‘ အနှေးနဲ့အမြန် အဲ့မသာမကို ငါသတ်ပစ်မယ်… ဒီဟာမက အစီအစဉ် အောင်မြင်ဖို့ မသေချာမချင်း ပေါ်လာမှာမဟုတ်ဘူး ’
ခေါင်းဆောင်သည် စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကျန်းစီယွမ်ကို ကြည့်လိုက်သည်။ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ မျက်လုံးထဲမှာလည်း အေးစက်စက်အကြည့် ထွက်ပေါ်လာသည်။ သူတို့၏ အကြည့်က ပဉ္စမညီမတော်ထံမှ ပြောင်းရွှေ့သွားပြီး ကျန်းစီယွမ်ပေါ်သို့ ကျရောက်သွားသည်။ အိမ်ရှေ့စံမင်းသားသည် ပထမဆုံး စလှုပ်ရှားလိုက်သည်။
သူက ညာလက်ကို မြှောက်လိုက်လေရာ အနက်ရောင် သံချောင်းတစ်ချောင်းသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထိုသံချောင်းသည် အုပ်ချုပ်သူ၏ လက်နက်ဖြစ်သည်။
သံချောင်းထွက်ပေါ်လာသည့်အခိုက် သူက လျှာကိုက်လိုက်ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ လောက၏ ပုံရိပ်သည် ထိုသွေးထဲမှာ ဒြပ်ထည်ဖြစ်တည်လာပြီး သံချောင်းထဲသို့ ပေါင်းစပ်သွားသည်။
ဤသည်မှာ သူ၏ မဟာလောကဖြစ်သည်။ သူက သံချောင်း၏ စွမ်းအားကို တိုးမြှင့်ရန် မဟာလောကကို အသုံးပြုနေခြင်းဖြစ်သည်။
သူ၏ ဘေးတွင် မင်းသမီးမင်မိန်နှင့် အဌမသားတော်သည် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကြသည်။ သူတို့တစ်ယောက်စီသည် သံချောင်းပေါ်သို့ သွေးအန်လိုက်ကြသည်။ ချက်ချင်းဆိုသလို သံချောင်းပေါ်မှ မဟာလောကပုံရိပ်များသည် လေးခုအထိ တိုးမြှင့်သွားကြသည်။
သံချောင်း၏ အရှိန်အဝါသည် အလွန်အားကောင်းလာပြီး ကောင်းကင်အထိ ပျံတတ်သွားသည်။
သံချောင်း၏ အပေါ်ယံအလွှာသည် အက်ကွဲသွားပြီး အနက်ရောင်အပိုင်းက ကွာကျလာလေရာ အထဲမှ အုပ်ချုပ်သူ၏ အဖြူရောင်သံချောင်းက ထွက်ပေါ်လာသည်။ ဘေးမှ နဝမသားတော်၏ အမူအရာသည် တင်းမာခက်ထန်လာပြီး သံချောင်းကို ဖမ်းဆုပ်လိုက်သည်။ သူက သံချောင်းကို မြှောက်၍ သူ၏ လက်ဖဝါးပေါ်သို့ ထိုးစိုက်လိုက်ပြီး သွေးအများအပြားကို သံချောင်းပေါ်မှာ စီးဆင်းသွားစေသည်။
မကြာမီ ပဉ္စမလောကပုံရိပ်နှင့် ဆဌမလောကပုံရိပ်သည် သံချောင်းပေါ်မှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။
မဟာလောကများ၏ ထွက်ပေါ်လာမှုသည် သံချောင်းပေါ်မှ နောက်ဆုံး အနက်ရောင်အပိုင်းကို အက်ကွဲသွားစေပြီး အဖြူရောင်ကိုယ်ထည်ကို အပြည့်အဝ ထွက်ပေါ်လာစေသည်။
ဤသည်မှာ ချိပ်တံဆိပ်က ဖြေလျှော့သွားသည့်အလား အုပ်ချုပ်သူ၏ သံချောင်းသည် အစစ်အမှန်စွမ်းအားကို ထုတ်ဖော်လာသည်။
၎င်း၏ အရှိန်အဝါသည် အံ့ဖွယ်ကောင်းသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။ အနီရောင်လဂြိုလ်သည် လှုပ်ယမ်းသွားပြီး ကြောက်စရာကောင်းသော အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ အဖိုးကိုးသည် နက်ရှိုင်းစွာ ဟိန်းအော်လိုက်ပြီး သွေးစိုနေသော သူ၏ ညာလက်ကို အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။ မိုးခြိမ်းသံက ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်က ပြိုကွဲသွားသည့်အခါ သံချောင်းသည် အဖြူရောင်အလင်းတန်းသို့ ပြောင်းလဲသွားပြီး လနန်းတော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
“ အသိအမြင်ပြောင်းလဲခြင်းရဲ့ စွမ်းအားကြောင့် ဒီသံချောင်းက ပစ်မှတ်ကို သေချာပေါက် ထိမှန်ရမယ် ”
“ အချိန်စွမ်းအားကြောင့် အတိတ်ကာလက အရာအားလုံးနဲ့ မျှော်လင့်ချက်အားလုံးက ကျိုးပျက်သွားရမယ် ”
“ စိတ်ခံစားချက်ရဲ့ စွမ်းအားကြောင့် လူသားသဘာဝက နတ်ဘုရားသဘာဝကို တွန်းလှန်လိမ့်မယ် ”
“ သတ်ဖြတ်ခြင်းတာအိုရဲ့ အစွမ်းအောက်မှာ သွေးမထွက်ဘဲ ပြန်မလာနဲ့ ”
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် နက်ရှိုင်းစွာ ဟိန်းအော်လိုက်ကြသည်။
အဖြူရောင်သံချောင်းသည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းသွားပြီး လနန်းတော်၏ ဂိတ်တံခါးဆီသို့ ကမ္ဘာမြေတုန်ဟီးစေမည့် အရှိန်အဟုန်နှင့်အတူ ချက်ချင်း ပျံသန်းသွားသည်။ ယင်းက လေကို ဖောက်ထွင်းသွားပြီး လရောင်ခြည်ပင်လယ်ကို အလယ်မှ ခွဲထွက်သွားစေကာ မျဉ်းဖြောင့်အတိုင်း ပျံသန်းသွားသည်။
လရောင်ခြည်ပင်လယ်သည် ပရမ်းပတာ လှုပ်ရှားထကြွလာပြီး ဘေးပတ်ဝန်းကျင်သည် ပြိုကျပျက်စီးသွားသည်။ သံချောင်းသည် ထောပတ်ကို ဖောက်ထွင်းသွားသော ပူပြင်းသည့် ဓားတစ်ချောင်းနှယ် အနီရောင်နှင်းပန်းပွင့်ပေါ်မှ ကျန်းစီယွမ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။