ပစ္စုပ္ပန်၏ ခေါင်းမာမှု
Vol. 70 Ch. 1093
လရောင်ခြည်ပင်လယ်သည် ပေါက်ကွဲသွားသည်။
ပင်လယ်ပေါ်မှ အနီရောင်သွေးရေသည် ဘေးနှစ်ဖက်ဆီသို့ တွန်းထုတ်ခံလိုက်ရပြီး ရေတံတိုင်းနှစ်ခု ဖြစ်ပေါ်လာကြသည်။ ထိုရေတံတိုင်းနှစ်ခု၏ အလယ်တွင် ဖြောင့်တန်းပြီး အထဲသို့ ချိုင့်ဝင်သွားသော စွတ်ကြောင်းတစ်ခုရှိလေရာ ပင်လယ်၏ အတိမ်အနက်ကို ဖော်ပြနေသည်။
လောကပုံရိပ်ခြောက်ခုဖြင့် လင်းလက်တောက်ပနေသော အဖြူရောင်သံချောင်းသည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ဖောက်ထွင်းသွားသည်။ ၎င်း၏ အရှေ့မှ နတ်ဘုရားများ၏ ပုံရိပ်များသည်ပင် သံချောင်းကို မတားဆီးနိုင်ကြပေ။
သံချောင်းသည် နတ်ဘုရားပုံရိပ်များကို အလွယ်တကူ ဖောက်ထွင်းသွားသည်။
မိုးထစ်ချုန်းသံများကြားမှာ နတ်ဘုရားသုံးပါး၏ ပုံရိပ်များသည် ပြိုကွဲပျက်စီးသွားကြသည်။
နောက်အခိုက်အတန့်မှာ သံချောင်းသည် ကျန်းစီယွမ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါနှင့် ဖိအားကို သယ်ဆောင်လျက် သံချောင်းသည် သူ၏ နဖူးဆီသို့ ပျံသန်းလာသည်။
မည်သို့ဖြစ်ပါစေ ကျန်းစီယွမ်သည် နီလာနတ်သမီး၏ ကိုယ်ပွားတစ်ခုမဟုတ်ပါလော။ သူ၏ ဘဝအဆင့်အတန်းသည် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သံချောင်းက သူ၏ နဖူးပေါ်သို့ ကျရောက်လာတော့မည့်အခိုက် သူက ညာလက်ကို လှုပ်ရှားလိုက်သည်။ သူ၏ လှုပ်ရှားမှုသည် နှေးကွေးသည်ဟု ထင်ရသော်လည်း ယင်းက သံချောင်း၏ ဘေးမှာ တိုက်ရိုက် ထွက်ပေါ်လာပြီး သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် သံချောင်းကို ညင်သာစွာ ညှပ်လိုက်သည်။
ထိုသို့ညှပ်ထားစဉ် ကျန်းစီယွမ်၏ လက်ချောင်းများသည် တည်ငြိမ်သည်။ သူ၏ လက်သည် အနည်းငယ်မှ တုန်ခါမသွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်သည်လည်း တစ်လက်မမှ ရွေ့လျားမသွားပေ။ သူ၏ အနီရောင်ဝတ်ရုံသည်သာ လေပြင်းတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
သူ၏ အနီရောင်ဆံပင်ရှည်သည်လည်း တဖျပ်ဖျပ်လွင့်မျောသွားပြီး သူ့အနောက်မှ ဟင်းလင်းပြင်သည် တုန်ခါလာသည်။ နောက်ဆုံးမှာ ဟင်းလင်းပြင်သည် ပြိုကွဲသွားသည်။
“ မဆိုးဘူး ”
ကျန်းစီယွမ်၏ အမူအရာသည် ကန်ရေပြင်ပမာ တည်ငြိမ်သည်။ သူက သံချောင်းကို ပြန်ပစ်လွှတ်တော့မည့်အချိန် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အဖြူရောင်သံချောင်းသည် သူ၏ လက်ချောင်းကြားထဲမှာ အညှပ်ခံထားရသော်လည်း ၎င်း၏ အပြောင်းအလဲသည် မမြန်ဆန်ပေ။ ဤအခိုက်အတန့်မှာ သံချောင်းပေါ်မှ အရောင်သည် အဖြူရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး အရည်ပျော်သွားသည်။
အရည်ပျော်သွားသော သံချောင်းသည် ရာထောင်ချီသော အစိမ်းရောင်ချည်မျှင်များသို့ အသွင်ပြောင်းလဲသွားကြပြီး ကျန်းစီယွမ်၏ လက်ချောင်းများကြားထဲမှ ရုန်းထွက်သွားသည်။ ၎င်းတို့က ပိုပြီးမြန်ဆန်သော အလျင်နှင့်အတူ ကျန်းစီယွမ်၏ မျက်နှာပေါ်သို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
မည်သည့်ချည်မျှင်မဆို ဓမ္မရတနာများဖြင့် နှိုင်းယှဉ်နိုင်ပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ယင်းတို့၏ ထက်ရှမှုသည် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သည်။ ထို့ပြင် ဤအခိုက်အတန့်မှာ ယင်းတို့က ကျန်းစီယွမ်ဖြင့် အလွန်နီးကပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းတို့က သူ၏ မျက်နှာကို ချက်ချင်း ထိမှန်နိုင်သည်။
ကျန်းစီယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူထုတ်လိုက်သည်။
အသက်ရှူထုတ်လိုက်သော အငွေ့သည် သွေးနီရောင်ဖြစ်ပြီး ချည်မျှင်များဖြင့် ထိတွေ့သွားသည်။
ထိုအခါ သံချောင်းမှ ဖြစ်ပေါ်လာကြသော ချည်မျှင်များသည် မြန်ဆန်စွာ ပျက်စီးသွားကြသည်။ သို့သော်လည်း ထိုထဲမှ ချည်မျှင်လေးခုသည် တခြားချည်မျှင်များနှင့် ခြားနားသည်။
ယင်းတို့က ချည်မျှင်အများအပြားကြားမှာ ပုန်းအောင်းနေခြင်းဖြစ်ပြီး သွေးနီရောင်အခိုးအငွေ့ကို ထွင်းဖောက်သွားကြကာ ကျန်းစီယွမ်၏ မျက်နှာပေါ်သို့ ပျံသန်းသွားကြသည်။
ကျန်းစီယွမ်က ရှောင်တိမ်းရန် ကြိုးစားလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ဝေဝါးလာသည်။ သို့သော်လည်း ထိုချည်မျှင်လေးခုသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အစွမ်းတိုးမြှင့်ပေးခြင်းခံထားရပြီး မရှောင်တိမ်းနိုင်သော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားကြသည်။
သို့ဖြစ်၍ ထိုချည်မျှင်လေးခုသည် ကျန်းစီယွမ်၏ အရေပြားကို ထွင်းဖောက်သွားပြီး အထဲသို့ ဝင်ရောက်သွားကြသည်။
ကျန်းစီယွမ်၏ မျက်နှာပေါ်မှ သွေးမစီးကျလာသော်လည်း ထိုချည်မျှင်လေးခုသည် ပိုးကောင်များသဖွယ် သူ၏ အသွေးအသားထဲသို့ လူးလွန့်ဝင်သွားကြပြီး ခန္ဓာကိုယ်ကို ရူးသွပ်စွာ တူးဖောက်လိုက်ကြသည်။
၎င်းတို့က ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားနေရင်း အိမ်ရှေ့စံမင်းသားနှင့် သူ့ညီအကိုမောင်နှမများ၏ သက်ဆိုင်ရာနတ်ဘုရားအစွမ်းများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က ကျန်းစီယွမ်၏ ခန္ဓာကိုယ်ကို အတွင်းဘက်မှ ခြောက်သွေ့သွားစေပြီး အက်ကွဲသွားစေသည်။
ကျန်းစီယွမ်သည် နီလာနတ်သမီး၏ ကိုယ်ပွားတစ်ခုဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် သေမျိုးလောကမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းက အဆင့်မြှင့်တင်ခံထားရသော်လည်း သေမျိုးဟူသောအချက်က မပျောက်ကွယ်သွားခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ကျန်းစီယွမ်၏ တစ်ကိုယ်လုံးက ပုံပျက်တွန့်လိမ်လာလေရာ မကြာခင် ပျက်စီးသွားတော့မည့်ဟန် ရသည်။
သို့သော်လည်း သူ၏ အကြည့်က တည်ငြိမ်နေဆဲပင်။ ဤသည်မှာ ထိုနာကျင်မှုက သူ့အား နည်းနည်းမှ စိတ်ခံစားချက် မဖြစ်ပေါ်စေဟန် ရသည်။ သူက တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး အနောက်ဆုတ်သွားသည်။
သူက အနောက်သို့ ဆုတ်သွားနေစဉ် လက်မြှောက်လိုက်ပြီး သူ့လည်ပင်းကို လှီးဖြတ်လိုက်သည်။ လက်ချောင်းနှစ်ချောင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ချည်မျှင်များကို ဆွဲထုတ်ရန် ရှည်ထွက်လာကြသည်။ တစ်ချိန်တည်းမှာ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ လရောင်ခြည်ပင်လယ်ဆီသို့ ရိုက်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို ကျန်ရှိသော နတ်ဘုရားပုံရိပ်(၃၄)ခုသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြပြီး ဂိတ်တံခါးအပြင်သို့ စိုက်ကြည့်လိုက်ကြသည်။ ကြောက်စရာကောင်းသော အရှိန်အဝါသည် သူတို့အားလုံး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကြသည်။
သို့သော်လည်း ယင်းက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ခြေလှမ်းကို မရပ်တန့်စေပေ။ သူတို့သည် လနန်းတော်၏ ဂိတ်တံခါးထဲသို့ ပြေးဝင်သွားကြပြီး နတ်ဘုရားပုံရိပ်များဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားကြသည်။ သူတို့က အစွမ်းအမျိုးမျိုးကို ထုတ်ဖော်လိုက်ကြပြီး တိုက်ခိုက်လိုက်ကြသည်။
အိမ်ရှေ့စံမင်းသားသည် သူ၏ အစစ်အမှန်အသွင်အပြင်ကို ထုတ်ဖော်လိုက်ပြီး မဟာလောကတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူ၏ မဟာလောကက ဧရာမမျက်လုံးတစ်လုံးကို ဖြစ်ပေါ်လာစေပြီး ကျန်းစီယွမ်ကို စိုက်ကြည့်လိုက်သည်။
ထိုမျက်လုံးသည် နတ်ဘုရားတစ်ပါး၏ မျက်လုံးမဟုတ်ပေ။ သို့သော်လည်း တူညီသော အစွမ်းသက်ရောက်မှုများကို ပိုင်ဆိုင်ထားသည်။ ဧရာမမျက်လုံး၏ အကြည့်ကျရောက်သွားသော နေရာသည် ပုံပျက်တွန့်လိမ်လာပြီး အသိအမြင်နှင့် အတွေးများက လွှမ်းမိုးခြယ်လှယ်ခံရလိမ့်မည်။
နတ်ဘုရားပုံရိပ်များသည်ပင် ဧရာမမျက်လုံး၏ သက်ရောက်ခံရလိမ့်မည်။
မည်သို့ဖြစ်ပါစေ ၎င်းတို့အားလုံးက သေဆုံးပြီးသားမဟုတ်ပါလော။ ဤသည်မှာ ၎င်းတို့၏ ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။
မင်းသမီးမင်မိန်သည်လည်း ကြောက်စရာကောင်းသည်။ လှံတစ်ချောင်းသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာပြီး စစ်ချပ်ဝတ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက အချိန်မြစ်ပေါ်မှာ ခြေချလိုက်လေရာ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အထွတ်အထိပ်သို့ မြှင့်တတ်သွားသည်။
အဌမသားတော်သည် နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ အသံသည် ဗုံသံပမာ မြည်ဟိန်းထွက်လာပြီး ကောင်းကင်ဘုံမိစ္ဆာနှင့် ဆင်တူသော ပုံရိပ်ယောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ကောင်းကင်ဘုံမိစ္ဆာပုံရိပ်သည် နတ်ဘုရားပုံရိပ်တစ်ခု၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး လူသားသဘာဝအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားသဘာဝကို ဖျက်ဆီးပစ်လိုက်သည်။
နဝမသားတော်သည် အရှေ့သို့ တိတ်တဆိတ် လျှောက်သွားသည်။ သူ၏ လက်ထဲမှ ဓားသည် အေးစက်စက်အလင်းကို ထုတ်လွှတ်လာသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်လေရာ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး အရာအားလုံးသည် ပိုင်းဖြတ်ခံလိုက်ရသည်။
သို့သော်လည်း ဤနေရာမှ နတ်ဘုရားပုံရိပ်များ၏ အရေအတွက်သည် သူတို့အတွက် အလွန်များပြားလှသည်။ ကျန်းစီယွမ်၏ လက်ချောင်းသည် ထိုအချိန်တိုအတွင်းမှာ ချည်မျှင်တစ်ခုကို ဆွဲထုတ်ပြီးသွားပြီ ဖြစ်သည်။ သူက ဒုတိယချည်မျှင်ကို ဆက်လက်ရှာဖွေနေသည်။
ချည်မျှင်လေးခုစလုံးကို ဆွဲထုတ်ရန် သူ့အတွက် အချိန်အကြာကြီး မလိုအပ်ပေ။
ဤသည်ကိုမြင်သောအခါ ဂိတ်တံခါးဆီသို့ ပျံသန်းသွားမည့် ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့၏ ခြေလှမ်းကို ရပ်တန့်လိုက်ကြသည်။
သူတို့က အထဲသို့ မဝင်ချင်၍ မဟုတ်ပေ။ သို့သော်လည်း ထိုဂိတ်တံခါးထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ကျင့်ကြံခြင်းဖြင့် ယင်းကို ခုခံရန် အလွန်ခက်ခဲပေသည်။
ခေါင်းဆောင်သည် ကိုးရိုးကားရားဖြစ်လာသည်။
“ ချင်းလေး… ဒီမှာ ငါတို့အတွက် လုပ်စရာ ဘာမှမရှိဘူးလို့ မင်းမခံစားမိဘူးလား… ငါတို့ရှိတာ မရှိတာက ဒီမှာ ဘာမှမထူးခြားတဲ့ပုံပဲ ”
ရွှီချင်းသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ ဒီအစီအစဉ်ကို အစပြုခဲ့တာက ငါတို့မဟုတ်လား… ငါတို့က အဓိကပဲ… အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသင့်တာ… ငါတို့မရှိရင် သူတို့က ဒီနေရာထိရောက်လာမှာတောင် မဟုတ်ဘူး ”
ခေါင်းဆောင်သည် အနည်းငယ် ဆန္ဒမရှိပေ။ သူက စိတ်ဆိုးစွာ ပြောသည်။
“ ဒီလို ဆက်မဖြစ်ရဘူး ”
ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်သည်။ အထူးသဖြင့် အစောနက နတ်ဘုရားအပေါ် သူ၏ ဆင့်ခေါ်မှုက ကျရှုံးသွားပြီးနောက် သူက ရှက်ရွံ့မှုကို အနည်းငယ် ခံစားမိလာသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တစ်စုံတစ်ခုပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
သူက ထိုအချက်ကို တွေးပြီးနောက် အာရုဏ်ဦးနေမင်းနှစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းကို တစ်ခုပေးလိုက်သည်။
ထို့နောက် သူက ရွှီချင်းကို ပြောသည်။
“ မင်းလည်း တစ်ခုပစ်ပါ… ငါတို့ဘယ်လောက်အရေးပါလဲ သူတို့သိအောင် ပြုလုပ်ကြမယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် အာရုဏ်ဦးနေမင်းကို ဂိတ်တံခါးအပြင်ဘက်မှ ပစ်လွှတ်လိုက်ပြီး ဂိတ်တံခါးနောက်မှာ ချက်ချင်း ဝင်ပုန်းလိုက်သည်။
အာရုဏ်ဦးနေမင်းသည် နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး ကြမ်းတမ်းစွာ ပေါက်ကွဲထွက်သွားသည်။ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းမှာ စူးရှသော အလင်းရောင်သည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုအလင်းရောင်အောက်မှာ နတ်ဘုရားပုံရိပ်များသည် အမှန်တကယ် ဝေဝါးသွားကြသည်။ သို့သော်လည်း ၎င်းတို့က ထပ်မံကြည်လင်လာကြသည်။
အာရုဏ်ဦးနေမင်းကို ပစ်လွှတ်ခြင်းက သိပ်မထိရောက်ကြောင်း မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။ သူက ရွှီချင်းကိုလည်း ပစ်လွှတ်ခိုင်းရန် လှမ်းခေါ်တော့မည့်အချိန် ရွှီချင်းသည် မြန်ဆန်စွာ ကြည်လင်လာနေသော နတ်ဘုရားပုံရိပ်များကို စိုက်ကြည့်လိုက်သည်။
ထိုနတ်ဘုရားပုံရိပ်အားလုံး၏ အလုံးစုံအရောင်သည် အနက်ရောင်ဖြစ်သည်။ စောစောက ရွှီချင်းသည် အများကြီး မစဉ်းစားမိပေ။ ယခု အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုအောက်မှာ နတ်ဘုရားပုံရိပ်များက ဝေဝါးလာနေကြောင်း သူမြင်လိုက်ရသောအခါ ထိုမြင်ကွင်းသည် သူ့အား အတွေးနက်သွားစေသည်။ မကြာမီ သူက ရုတ်တရက် ပြောသည်။
“ စီနီယာအကိုကြီး… ခဏနေဦး ”
ရွှီချင်းက စကားပြောလိုက်စဉ် သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက လနန်းတော်ထဲသို့ ခြေမချခဲ့သော်လည်း သူ၏ အနီရောင်လအခွင့်အာဏာကို ထုတ်လွှတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ သွေးကို ထိန်းချုပ်လိုက်ပြီး ဂိတ်တံခါးထဲသို့ ပျံ့နှံ့သွားစေသည်။ ထို့နောက် သွေးကို လရောင်ခြည်ပင်လယ်ထဲသို့ ပေါင်းစပ်သွားစေသည်။
ချက်ချင်းဆိုသလို ပင်လယ်၏ သေးငယ်သော ဧရိယာပေါ်မှာ လှိုင်းတချို့ ထွက်ပေါ်လာကြပြီး ဆက်လက် ပျံ့ပွားသွားကြသည်။ သို့သော်လည်း ထိုမျှအပြောင်းအလဲက တိုက်ပွဲအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု မဖြစ်ပေါ်စေပေ။
သို့သော်လည်း ရွှီချင်း၏ ရည်ရွယ်ချက်သည် တိုက်ရိုက် တိုက်ခိုက်ရန် မဟုတ်ပေ။
သူက သွေးကို ထိန်းချုပ်လိုက်ပြီး သူ၏ အခွင့်အာဏာကို လရောင်ခြည်ပင်လယ်ပေါ်မှာ ပျံ့နှံ့သွားစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ထိုစဉ် သူ၏ သွေးသည် အစဉ်မပြတ် တိုးထွက်လာနေပြီး ပါးလွှာသော သွေးအလွှာတစ်ခုသို့ ပြောင်းလဲသွားနေသည်။
သို့သော်လည်း သူက အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ၏ သွေးက ရေမျက်နှာပြင်၏ ထက်ဝက်ကျော်ကို လွှမ်းခြုံသွားသည့်အခါ ရွှီချင်းသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီး ဆက်လက် မတိုးချဲ့နိုင်တော့ပေ။ သူက ရုတ်တရက် အော်ပြောလိုက်သည်။
“ စီနီယာအကိုကြီး… အာရုဏ်ဦးနေမင်းသုံးခုကို အထဲပစ်လွှတ်လိုက်ပါ… အဲ့ဒါတွေကို မပေါက်ကွဲစေပါနဲ့… အထဲမှာ အလင်းရောင်ထွန်းလင်းစေဖို့ပဲ ပြုလုပ်ပါ ”
ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို နားထောင်ရန် မတုံ့ဆိုင်းသကဲ့သို့ ခေါင်းဆောင်သည်လည်း လုံးဝမတုံ့ဆိုင်းပေ။ သူက အာရုဏ်ဦးနေမင်းသုံးခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး လနန်းတော်ထဲသို့ ပစ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို အာရုဏ်ဦးနေမင်းသုံးခုသည် လရောင်ခြည်ပင်လယ်ပေါ်မှာ တုန်ယင်သွားကြပြီး စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းရောင်အောက်မှာ လရောင်ခြည်ပင်လယ်တစ်ခုလုံး လင်းထိန်သွားသည်။ အထဲမှ နတ်ဘုရားပုံရိပ်များသည် ချက်ချင်း ဝေဝါးသွားပြီး မှေးမှိန်သွားကြသည်။ ဤသည်မှာ ၎င်းတို့က အားကောင်းသော အလင်းရောင်အောက်မှာ မဖွဲ့စည်းနိုင်ဟန် ရသည်။
သာမန်ပုံရိပ်များသည် ထိုသို့မဖြစ်နိုင်ပေ။ သို့သော်လည်း ၎င်းတို့က သာမန်မဟုတ်သည်မှာ ရှင်းလင်းသည်။ ၎င်းတို့၏ တည်ရှိမှုနည်းလမ်းသည် ရွှီချင်း၏ အရိပ်လေးနှင့် အနည်းငယ် ဆင်တူသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ နဖူးပေါ်မှ သွေးကြောများသည် ဖောင်းကြွလာသည်။ သူက သွေးကို ကြားခံနယ်အဖြစ် အသုံးပြုပြီး လပုန်ကန်ကြေးမုံကို လရောင်ခြည်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို အပြင်လောကမှ လပုန်ကန်ကြေးမုံသည် ရွှီချင်း၏ သွေးအလွှာကို ငှားယူ၍ လနန်းတော်၏ ဂိတ်တံခါးအတွင်းသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့သွားသည်။ ပင်လယ်၏ ရေမျက်နှာပြင်က ပရမ်းပတာ လှုပ်ခတ်လာသည့်အခါ ဧရာမကြေးမုံသည် ပင်လယ်ပေါ်မှာ ထွက်ပေါ်လာသည်။
ကြေးမုံ၏ ထွက်ပေါ်လာမှုကြောင့် မူလက တောက်ပနေသော လောကသည် အလင်းပြန်မှုသဘောတရားကြောင့် အဆပေါင်းများစွာ ပိုပြီးလင်းထိန်သွားသည်။ အရာအားလုံးက တောက်ပသော အလင်းရောင်၏ လွှမ်းခြုံခံလိုက်ရသည့်အလား အလင်းရောင်သည် အစွန်းရောက်စွာ တောက်ပလာသည်။
ဤနေရာမှာ အဆုံးမဲ့သော အလင်းရောင်သာ ကျန်ရှိတော့သည်။ ထိုသို့အလင်းရောင်သည် လရောင်ခြည်ပင်လယ်ထဲမှာ တစ်ခါမှ မပေါ်ထွက်လာဖူးပေ။
ထိုနတ်ဘုရားပုံရိပ်များသည် အလင်းရောင်အောက်မှာ ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း ယင်းက အခြေခံပြဿနာကို မဖြေရှင်းနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအလင်းရောင်သည် အချိန်ကြာကြာ မတည်ရှိနိုင်ပေ။ အလင်းရောင်ပျောက်ဆုံးသွားသည်နှင့် နတ်ဘုရားပုံရိပ်များသည် ထပ်မံထွက်ပေါ်လာကြလိမ့်မည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများအတွက်တော့ နတ်ဘုရားပုံရိပ်များ ပျောက်ဆုံးသွားခြင်းသည် သူတို့အတွက် ကြီးမားသော အခွင့်အရေးကို ဖြစ်ပေါ်စေသည်။ ဤအခိုက်အတန့်မှာ အလင်းရောင်၏ တောက်ပမှုအောက်မှာ သူတို့သည် ကျန်းစီယွမ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ကျန်းစီယွမ်သည်တော့ မျက်မှောင်ကြုတ်သွားသည်။ သူက ချည်မျှင်သုံးခုကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပြီးပြီ ဖြစ်သည်။ နောက်ဆုံးချည်မျှင်သည် ကောင်းမွန်စွာ ပုန်းအောင်းနေသောကြောင့် ဆွဲထုတ်ရန် သူ့အတွက် အချိန်တချို့လိုအပ်သည်။
“ ပုရွက်ဆိတ်တွေရဲ့ အရေးမပါတဲ့ ခုခံမှုပဲ ”
ကျန်းစီယွမ်က တည်ငြိမ်စွာ ပြောသည်။ သူက အနောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်သွားပြီး လရောင်ခြည်ပင်လယ်ပေါ်သို့ သူ၏ လက်ဝါးဖြင့် ဖိချလိုက်သည်။
“ အနီရောင်လ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လရောင်ခြည်ပင်လယ်သည် တုန်ယင်သွားသည်။ ပင်လယ်က ပြင်းထန်စွာ လှုပ်ခတ်လာသည့်အခါ သွေးနီရောင်ပင်လယ်ရေသည် အလွှာတစ်လွှာပြီးတစ်လွှာ အပေါ်သို့ မြှောက်တတ်သွားပြီး မြင့်သထက် ပိုမြင့်လာသည်။ ယင်းက ကျန်းစီယွမ်၏ အမြင့်ထက် ကျော်လွန်သွားပြီးနောက် အပေါ်သို့ လုံးဝမြှောက်တတ်သွားသည်။
ထို့နောက် အဆုံးမဲ့သော သွေးနီရောင်ပင်လယ်ရေသည် ဧရာမလက်ဝါးတစ်ခုသို့ ဖွဲ့စည်းသွားသည်။
သွေးနီရောင်လက်ဝါးသည် အလွန်အံ့ဖွယ်ကောင်းပြီး ကောင်းကင်ယံနှင့် ထိစပ်သွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချိုင့်ကြီးတစ်ခု ထွက်ပေါ်လာစေသည်။ ထိုလက်ဖဝါးပေါ်တွင် လက္ခဏာမျဉ်းကြောင်းများ မရှိပေ။ ယင်းက ကျန်းစီယွမ်၏ လက် တစ်နည်းအားဖြင့် နတ်ဘုရားတစ်ပါး၏ လက်ဖြစ်သည်။
ထိုဧရာမလက်ဝါးက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများဆီသို့ ပျံသန်းသွားသည့်အခါ ကမ္ဘာမြေတုန်ဟီးစေမည့် ပေါက်ကွဲသံနှင့် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက ထွက်ပေါ်လာသည်။
ဧရာမလက်ဝါး ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး ပျက်စီးသွားပြီး ဤလောကထဲမှ ဖယ်ရှားခံလိုက်ရသည်။ လပုန်ကန်ကြေးမုံသည် လက်ဝါးကို တားဆီးလိုက်ပြီး နတ်ဘုရားထံမှ ကြီးမားသော ဖိအားကို တောင့်ခံလိုက်လေရာ အက်ကွဲတော့မည့် လက္ခဏာများ ဖော်ပြလာသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာသည် ပြောင်းလဲသွားကြပြီး သူတို့က ချက်ချင်း အနောက်ဆုတ်သွားကြသည်။ ခေါင်းဆောင်သည်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အပြာရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည့်အခါ သူက စိတ်ထဲမှာ အော်ပြောလိုက်သည်။
“ မီးလျှံလ… တကယ်လို့ မင်းထွက်မလာသေးဘူးဆိုရင် ဒီစားသောက်ပွဲကနေ မင်းကို ဖယ်ရှားလိုက်မယ် ”
ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက အနောက်ဆုတ်သွားနေစဉ် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခရမ်းသလင်းကျောက်ပေါ်မှာ အာရုံစူးစိုက်လိုက်သည်။
ကျန်းစီယွမ်၏ ကံတရားထိန်းချုပ်ခြင်း နတ်ဘုရားအတတ်ပညာက ပျက်ပြယ်သွားပြီး ရွှီချင်း၏ အတိတ်မှတ်ဉာဏ်များက ပြန်ကောင်းမွန်လာသော်လည်း အတိတ်မှ မြင်ကွင်းနှစ်ခုသည် သူ၏ ခရမ်းသလင်းကျောက်ထဲမှာ ဆက်လက်ရှိနေဆဲပင်။
သူက အတိတ်မှ ထိုမြင်ကွင်းနှစ်ခုကို အပြင်သို့ ထုတ်လွှတ်နိုင်သည်ဟု ရေးတေးတေး ခံစားနေမိသည်။
“ တကယ်လို့ အဲ့ဒါတွေကို ထုတ်လွှတ်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။