မင်း ငါ့အတိတ်ကို စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး(ဂ)
Vol. 70 Ch. 1096
ဤသည်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အခွင့်အာဏာဖြစ်သည်။
သူ၏ အကြည့်အောက်မှာ သေးငယ်သော ဒဏ်ရာများသည် ဆိုးဝါးသော ဒဏ်ရာများဖြစ်လာပြီး ဆိုးဝါးသော ဒဏ်ရာများသည် သေစေနိုင်သော ဒဏ်ရာများဖြစ်လာလိမ့်မည်။
ထို့ပြင် သူ၏ ဘဝအဆင့်အတန်းသည် မြင့်မားသည်။ ထို့ကြောင့် ကျန်းစီယွမ်သည်ပင် သူ၏ တိုက်ခိုက်မှုကို ချက်ချင်း မဖိနှိပ်နိုင်ပေ။
ကျန်းစီယွမ်၏ အသွင်ပုံစံသည် ပရမ်းပတာဖြစ်နေပြီး သူ၏ ဒဏ်ရာများသည် အလွန်ဆိုးဝါးသည်။ သို့သော်လည်း သူက အခြေအနေဆိုးဝါးနေသည့်တိုင် သွားရည်သည် သူ၏ ပါးစပ်ထဲမှ အလိုအလျောက် စီးကျလာသည်။ သူ၏ အကြည့်သည် အဝေးသို့ ကျရောက်သွားပြီး ထိုနေရာမှ ဟင်းလင်းပြင်သည် တွန့်လိမ်သွားသည်။ အပြုံးသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ မင်းက အရသာရှိရမယ် ”
ကျန်းစီယွမ်သည် စကားပြောပြီးသည်နှင့် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး မင်းသမီးမင်မိန်ကို ကြည့်လိုက်သည်။
မင်းသမီးမင်မိန်၏ အနောက်မှ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး အချိန်မြစ်သည် အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။ ပဉ္စမသမီးတော်သည် အချိန်မြစ်၏ ဘေးမှာ ရှိနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ အဌမသားတော်သည်တော့ ပဉ္စမသမီးတော်၏ ကောင်းချီးပေးမှုအောက်မှာ လောလောဆယ် ပြန်ရှင်သန်လာနေသည်။
“ ဒီတော့ မင်းက အဲ့ဒီမှာ ပုန်းနေတာကို ”
“ ကောင်းတယ်… အခု မင်းတို့အားလုံး တစ်နေရာတည်းမှာ ရှိသွားပြီ ”
ကျန်းစီယွမ်၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားသည်။ သူ၏ အက်ကွဲနေသော လက်တစ်ပိုင်းကို မြှောက်တင်လိုက်သည်။ သူ၏ လက်ချောင်းများသည် သူ၏ နဖူးပေါ်မှ အလယ်တည့်တည့်သို့ ကျရောက်သွားသည်။
မရေမတွက်နိုင်သော ထပ်ဆင့်ပုံရိပ်များသည် ကျန်းစီယွမ်၏ အနောက်မှာ ချက်ချင်း ထွက်ပေါ်လာကြသည်။
ထိုမြင်ကွင်းအားလုံးသည် သူ၏ အတိတ်ဖြစ်သည်။
ယင်းက နီလာနတ်သမီးမဟုတ်ပေ။ ကျန်းစီယွမ်ကိုယ်တိုင်၏ အတိတ်သာ ဖြစ်သည်။
ထိုမြင်ကွင်းများထဲမှာ သူမွေးဖွားသည့်အချိန်မှစ၍ မှတ်ဉာဏ်များ ပါဝင်သည်။ ထိုထဲမှာ ယောင်ယွင်ဟွေ့ကိုပင် ရွှီချင်းမြင်လိုက်သည်။
ဤသည်မှာ ကျန်းစီယွမ်၏ တစ်ဘဝလုံးဖြစ်သည်။
ထိုမြင်ကွင်း၏ အဆုံးသတ်သည် ဤအခိုက်အတန့်မဟုတ်ပေ။ ဖုန်းဟိုင်ဒေသငယ်၏ အင်မော်တယ်တားမြစ်နယ်မြေထဲတွင် သွေးနီရောင်ကောင်းကင်ပေါ်မှ နီလာနတ်သမီး ဆင်းသက်လာသည့်အခိုက်အတန့် ဖြစ်သည်။
ထိုအချိန်မှစ၍ ကျန်းစီယွမ်၏ ကံတရားသည် ပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူ မပိုင်ဆိုင်တော့ပေ။
ကျန်းစီယွမ်သည် သူ၏ အတိတ်ကို မထူးမခြားနား အမူအရာဖြင့် ကြည့်ရှုနေသည်။ သူက လက်ကို မြှောက်လိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲမှ နောက်ဆုံးမြင်ကွင်းကို ထိတွေ့လိုက်သည်။ သူက ထိုမြင်ကွင်းကို အပြင်သို့ ဆွဲထုတ်လိုက်ပြီး သူ့အရှေ့မှာ ထားလိုက်သည်။
ထိုမြင်ကွင်းထဲမှ သွေးနီရောင်ကောင်းကင်နှင့် နီလာနတ်သမီး၏ လက်ချောင်းသည် အတော်လေး ကြောက်စရာကောင်းသည်။
ကျန်းစီယွမ်သည် သူ၏ လက်မောင်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏ အရှေ့မှ မြင်ကွင်းသည် တုန်ယင်လာပြီး အမြန်ကျယ်ပြန့်လာသည်။
မြင်ကွင်းထဲမှ လောကသည် နန်းတော်ထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ဤနေရာမှ လောကကို လွှမ်းခြုံသွားသည်။
ထိုလောကထဲတွင် အဆုံးမရှိသော ကောင်းကင်သည် သွေးနီရောင်ဖြစ်ပြီး မြေပြင်သည် အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ ဤနေရာက အင်မော်တယ်တားမြစ်နယ်မြေသို့ ပြောင်းလဲသွားသည့်အလားပင်။
ဂိတ်တံခါးအပြင်ဘက်မှာရှိသော ရွှီချင်းနှင့် ခေါင်းဆောင်သည်ပင် ထိုမြင်ကွင်းဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ရင်းနှီးသော ဘေးပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသည် ပရမ်းပတာ လှုပ်ခါသွားကြသည်။
ဤနေရာကို မေ့သွားရန် ရွှီချင်းအတွက် မည်သို့မှမဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အတိတ်တွင် သူသည် ဤနေရာမှာ နီလာနတ်သမီး၏ မူလခန္ဓာကိုယ်ကို အမှန်တကယ် မြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ထိုအချိန်တုန်းက ကျန်းစီယွမ်သည် နီလာနတ်သမီး၏ သိမ်းပိုက်ခံခဲ့ရပြီး အင်မော်တယ်တားမြစ်နယ်မြေထဲမှ နတ်ငါးဖြင့် တိုက်ခိုက်ခဲ့သည်။ အတိအကျဆိုရလျှင် သူက တိုက်ခိုက်နေခြင်းမဟုတ်ပေ။ နတ်ငါးကို ဝါးမျိုနေခြင်းသာ ဖြစ်သည်။
သူက နတ်ငါးကို ဝါးမျိုတော့မည့်အချိန် နတ်ငါးသည် မီးစာကုန်းမြေ၏ အရှင်သခင်ဖြစ်သော ၎င်း၏ ဆရာကို ဆင့်ခေါ်ခဲ့သည်။
ထို့နောက် နီလာနတ်သမီး၏ မူလခန္ဓာကိုယ်က ဆင်းသက်လာခဲ့သည်။
ထိုမြင်ကွင်းသည် ဤနေရာမှာ တဖန်ဖြစ်ပေါ်လာသည်။ အနီရောင်အလင်းက ပျံ့နှံ့သွားသည့်အခါ ကောင်းကင်သည် လှုပ်ခါသွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများသို့ ပြောင်းလဲသွားကြကာ ထွန်းလင်းတောက်ပလာသည်။
ကောင်းကင်တစ်ခုလုံး သွေးနီရောင်သို့ ပြောင်းလဲသွားပြီး စတင်လှည့်ပတ်လာသည်။ ယင်းက မြန်သထက် ပိုပြီးမြန်ဆန်လာပြီး နောက်ဆုံးမှာတော့ သွေးနီဝဲကတော့သို့ ပြောင်းလဲသွားသည်။
ယင်းက အနီရောင်လဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန်ထူးခြားဆန်းကြယ်သည်။ ရွှီချင်းနှင့် တခြားလူများသည် ယခု အနီရောင်လပေါ်မှာ ရှိနေကြောင်း ထင်ရှားသည်။ သို့သော်လည်း သူတို့ခေါင်းမော့လိုက်သည့်အခါ မြင်လိုက်ရသော ဝဲကတော့သည် အနီရောင်လဖြစ်သည်။
အနီရောင်လပေါ်တွင် ဒူးထောက်နေသော ရုပ်တုတစ်ခုရှိသည်။ ထိုရုပ်တုသည် သူ၏ မျက်လုံးများကို လက်ဖြင့် ဖုံးအုပ်ထားသည်။
ဤအခိုက်အတန့်မှာ ရုပ်တုသည် ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။
သူ၏ နှုတ်ခမ်းသည် အပေါ်သို့ တွန်းကွေးသွားပြီး အဆုံးမဲ့သော ဆာလောင်မှုတို့ ထွက်ပေါ်လာသည်။
ဤသည်မှာ နီလာနတ်သမီး၏ အစစ်အမှန်ပုံစံဖြစ်သည်။
လောကကြီးသည် တုန်လှုပ်သွားသည်။ ကျန်းစီယွမ်၏ အတိတ်မှတ်ဉာဏ်ထဲမှ နီလာနတ်သမီးသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။
သူက လမ်းလျှောက်ထွက်လာသည်နှင့် အဆုံးမရှိသော သွေးသည် ဝဲကတော့ထဲမှ ပျံ့နှံ့ထွက်လာသည်။ ယင်းက ကျန်းစီယွမ်၏ နတ်ဘုရားအစွမ်းထက် အများကြီး သာလွန်သည်။ ယင်းက ကောင်းကင်ယံမှ ဆင်းသက်လာသည့်အခါ အလွန်တရာ ကျယ်ပြောသည်။
သူ့အရှေ့တွင် ဝိညာဉ်စုစည်းခြင်းအဆင့်ဟူသည် သူတိုက်ခိုက်ရန် အရည်အချင်းမပြည့်မီပေ။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ခန္ဓာကိုယ်သည် တုန်ယင်လာကြသည်။ သူတို့အားလုံးသည် ချက်ချင်း အနောက်ဆုတ်သွားကြသည်။
ဤအခိုက်အတန့်မှာ သေခြင်းတရားသည် အရာအားလုံးကို လွှမ်းခြုံသွားသည်။
ပျက်စီးခြောက်သွေ့ခြင်းသည် ထာဝရဖြစ်တည်လာသည်။
ပုပ်သိုးဆွေးမြေ့ခြင်းကို ပြောင်းပြန်မလှန်နိုင်ပေ။
နတ်ဘုရားအစွမ်းကို မခုခံနိုင်သလို မတားဆီးနိုင်ပေ။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ခေါင်းဆောင်သည် ရုတ်တရက် ရယ်မောလိုက်သည်။ သူ၏ အပြုံးသည် ချောက်ချားဖွယ်ကောင်းပြီး သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။
“ ဟိုမသာမကို အားကိုးနေလို့ ဘာမှမထူးဘူး… ငါ့ကိုယ်ငါပဲ အားကိုးတာ ကောင်းတယ် ”
ခေါင်းဆောင်၏ စကားဆုံးသွားသည့်အခါ သူ၏ တစ်ကိုယ်လုံးသည် အပြာရောင်အလင်း တောက်ပလာသည်။ သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော မျက်နှာများ တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော ပါးစပ်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတတ်သွားသည့်အခါ သူ၏ အကြည့်သည် ထူးဆန်းလာသည်။
သူက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး နီလာနတ်သမီးထံမှ နတ်ဘုရားအစွမ်းကို ခုခံလိုက်လေရာ သူ၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပုပ်သိုးဆွေးမြေ့သွားသည်။
နာကျင်မှုက ပိုပြီးပြင်းထန်လာလေ သူက ပိုပြီးပုပ်သိုးဆွေးမြေ့လာလေ ဖြစ်သည်။ ထို့အတူ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည်လည်း ပိုပြီးအားကောင်းလာသည်။ ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပါးစပ်အားလုံးသည် ပွင့်ဟသွားကြပြီး အော်သံတစ်သံကို ထုတ်ဖော်လိုက်ကြသည်။
“ အရင်ဘဝ ”
သူ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာကြသည်။ အပြာရောင်အလင်းသည် ပေါ်လျှိုးထွက်လာပြီး အလင်းပင်လယ်တစ်ခုကို ဖွဲ့စည်းသွားသည်။ အလောင်းတစ်လောင်းသည် ထိုအလင်းပင်လယ်ထဲမှ ထွက်လျှောက်လာသည်။
ဤသည်မှာ အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ဖြစ်သည်။ ၎င်းက ခေါင်းဆောင်၏ ယခင်ဘဝမှ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
သူထွက်ပေါ်လာသည့်အခိုက် ခေါင်းဆောင်သည် အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… ငါအရဲစွန့်တော့မယ် ”
ခေါင်းဆောင်သည် စကားဆုံးအောင်ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ယခင်ဘဝမှ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် ကောင်းကင်ယံထိ မြှောက်တတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများက ပေါ်လျှိုးလာသည်။ ဧရာမခြင်တစ်ကောင်၏ ပုံရိပ်သည် သူ၏ အနောက်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ထိုဧရာမခြင်သည် မကောင်းဆိုးဝါးစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ၎င်း၏ မျက်လုံးသည် ခေါင်းဆောင်ကဲ့သို့ အပြာရောင်ဖြစ်ပြီး လောဘရမ္မက်ဖြင့် ပြည့်နှက်နေသည်။
ဧရာမခြင်ထွက်ပေါ်လာပြီးနောက် ခေါင်းဆောင်သည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ဆင်းသက်လာနေသော နီလာနတ်သမီးထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း အေးစက်စက်လေသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ကို လှုပ်ခါသွားစေသည်။ ရေခဲသည် သူ၏ တစ်ကိုယ်လုံးနှင့် သူ့အနောက်မှ ဧရာမခြင်ပုံရိပ်ကို လွှမ်းခြုံသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခြင်ရေခဲရုပ်တုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ဝဲကတော့ထဲမှ နီလာနတ်သမီးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။