အပြစ်လုပ်မိခြင်း
Vol. 32 Ch. 604
သေဆုံးသူများရဲ့ ဝိဉာဉ်များကို ပြန်ဝင်စားစေရန်အတွက် အိမ်ရှေ့စံမင်းသားသာ သူမနှင့်အတူ လုပ်ဆောင်လျှင် အသုံးဝင်လိမ့်မည်ဟု ရှဲ့ချောင် တွေးမိသည်
ဝိဉာဉ်တွေကိုတောင် သူ့ကို ကာကွယ်ဖို့ အမိန့်ပေးနိုင်သေးတာ.. အဲ့ဒါနဲ့တင် အထင်ကြီးစရာ ကောင်းနေပြီမဟုတ်လား ?
အိမ်ရှေ့စံ၏ မျက်ခုံးတို့ ပြေလျော့သွားသည်။
“ဒီလိုဆိုမှတော့ နောင်ကျလို့ ဆရာတူအစ်မမော့ ဝိဉာဉ်တွေကို ဖြေရှင်းတဲ့ အခါကျရင်သာ ဒီက
ဆရာတူမောင်လေးကို မေ့မထားနဲ့နော်”
“ဒါ-ဒါပေါ့” ရှဲ့ချောင်ရဲ့ ခြေထောက်တို့ တစ်ခဏ ယိမ်းထိုးသွားခဲ့ပြီးမှ သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ကာ အသက်ရှူထုတ်လိုက်သည်။
“ငါ ခဏလောက် နားလိုက်ဦးမယ်”
နဂါးငါးကောင် မန္တာန်မှာတကယ်ကို အားကောင်းသလို အဆောင်ရေးဆွဲခြင်းနှင့် မန္တန်ရွတ်ခြင်းဟာလည်း စိတ်စွမ်းအင် အများအပြား လိုအပ်သည်။ သူမက လတ်တလော ကောင်းမှုများစွာ လုပ်ထားခဲ့၍ သူမရဲ့ စွမ်းအင်က ပိုပိုပြီး အားကောင်းလာသဖြင့် သူမ မေ့မလဲခဲ့ခြင်းသာ။ သို့မဟုတ်ပါက … သူမ လဲနေလောက်လေပြီ။
“လှည်းထဲမှာ ခေါင်းအုံးတစ်ခုရှိတယ်” ကျောက်ရွှ
မ်ကျင်းရဲ့ မျက်လုံးထဲ၌ စိုးရိမ်စိတ်တို့ ပေါ်ထွက်နေလျက်။
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
သူမ ထီးကို ယူ၍ လှည်းဆီ တည်တည်ငြိမ်ငြိမ် လျှောက်သွား၏။
လှည်းထဲကို ရောက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
လှည်းက တစ်စီးတည်းသာ ရှိပြီး ဘုရားကျောင်းဝန်းထဲမှာ ရပ်ထားရာ အထဲကနေ လှမ်းမြင်နေရသဖြင့် အထူးတလည် စောင့်ကြပ်နေစရာ မလိုခဲ့။အပြင်ဘက်တွင် မိုးရွာနေသေးသဖြင့် လီချင်းယွီနှင့် တခြားသူများမှာ ဘုရားကျောင်းထဲတွင်သာ နေနေကြရသည်။
အိမ်ရှေ့စံ၊ ရှဲ့ဖင်းကန်း နှင့် တခြားသူများကတော့ အေးအေးလူလူပင်။ နေရာကောင်းတစ်ခု ရှာတွေ့သည်နှင့် ချက်ချင်း အနားယူကြ၏။
သို့သော် လီချင်းယွီကတော့ ဒီနေရာကို ကြည့်ပြီး ကြောက်လန့်နေလေသည်။
“ ခုနတုန်းက ခင်ဗျား တကယ်ပဲ ဘာတစ်ခုမှ မမြင်လိုက်ဘူးလား” လီချင်းယွီမှာ သတိထားနေလျက်။ သူ အိမ်ရှေ့စံမင်းသားကို စကားမပြောရဲသလို ကြမ်းကြုတ်သည့် ရှဲ့ဖင်းကန်းဟာလည်း စကားများတဲ့သူမဟုတ်၊ ထို့ကြောင့် သူ ကျိုးဝေ့ကျုံးကိုသာ သွားပြောရလေသည်။
ကျိုးဝေ့ကျုံး ပဟေဠိဖြစ်သွားသည့် ပုံနှင့်။
“မမြင်ပါဘူး၊ မြွေလောက်ပဲရှိတာ၊ အဆိပ်ကတော့ တော်တော်လေး ပြင်းသား။ ဒါပေမဲ့ ကျုပ်တို့ မြွေသတ်တဲ့ဆေးတွေ ယူလာခဲ့တယ်လေ၊ အကိုက်ခံရတဲ့သူလည်း မရှိဘူး၊ မြွေတွေအကုန်လုံးလည်း ရှင်းပြီးသွားပြီ”
လီချင်းယွီ သက်ပြင်းချလိုက်၏။ “ကျွန်တော် မြင်လိုက်တဲ့ဟာက.. တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်”
“ဘယ်လိုမျိုးလဲ” ကျိုးဝေ့ကျုံး စိတ်ဝင်စားသွားပြီး သိချင်မိသွားသည်။
“အစက လက်တစ်ဖက် ထွက်လာတာ၊ ဒါပေမဲ့ အဲ့လက်က တစ်ဝက်ပြတ်နေတာကြီး.. လှုပ်တော့ လှုပ်နိုင်နေတုန်းပဲဆိုတော့ ခြံဝန်းအပြင်ဘက်ကို ထွက်သွားတယ်..” လီချင်းယွီက အပြင်ဘက်ကို
လက်ညှိုးထိုးပြလိုက်ကာ ထို့နောက် ဗုဒ္ဓဆင်းတုတော်ဘက်ကို ထိုးပြလိုက်၏။
“ အဲ့နေရာက သန့်ရှင်းနေတာတော့ မဟုတ်ဘူး၊ အဲ့ထဲကနေ မကောင်းဆိုးဝါးတွေ တန်းပြီးထွက်လာတာ.. ရုပ်ဆိုးဆိုးနဲ့ ကြောက်စရာကြီးတွေ.. ခေါင်းကလည်း တစ်ခြမ်းပြတ်နေသေး.. ရွံစရာ ကောင်းချက်က စားချင်သောက်ချင် စိတ်တောင် ပျောက်လောက်တယ်”
“အဲဒါတင် မဟုတ်သေးဘူး.. သူတို့က အရမ်းကြောက်စရာကောင်းတယ်.. လူကိုတောင် စားချင်နေကြတာ.. ကျွန်တော့်လည်ပင်းကိုတောင် ကိုင်ပြီးတော့.. အာ့..” လီချင်းယွီ သူ့လည်ပင်းကို ထိကြည့်လိုက်ရာ နာကျင်မှုကို ခံစားလိုက်ရသည်။
ကျိုးဝေ့ကျုံး ကြည့်ကြည့်လိုက်ပြီး “အဲ့နေရာမှာ ဒဏ်ရာ ရှိနေတယ်”
လီချင်းယွီ၏ မျက်နှာထား ပြောင်းလဲသွားသည်။
“ ထင်တဲ့ အတိုင်းပဲ ! အဲဒါက တကယ် ကြောက်စရာ ကောင်းတာပါဆို.. ဒီနေရာကို ထိတောင် မထိလိုက်ပဲနဲ့.. ဘယ်လိုလုပ်ပြီး ဒဏ်ရာ ရသွားရတာလဲ.. ဒုက္ခပေးတဲ့ကောင်တွေပဲ!”
ကျိုးဝေ့ကျုံး လီချင်းယွီအား ဂရုဏာသက်စွာဖြင့် ကြည့်လိုက်၏ “တော်တော် သနားစရာ ကောင်းတာပဲ”
လီချင်းယွီမှာ ငိုချင်နေသည့်တိုင် မျက်ရည်က ထွင်မလာခဲ့။
သနားစရာကောင်းရုံပဲလား..?
ခုနတုန်းက မြင်ကွင်းကို သူတို့မှ မမြင်ခဲ့ရတာ အဲ့ အချိန်တုန်းက သူ့ခံစားချက်ကို ဘယ်လိုလုပ်ပြီး နားလည်ပေးနိုင်မှာလဲ ?
“အခုတောင် ဒီဘုရားကျောင်းကို ကြည့်လိုက်ရင် စိတ်ထဲ မသက်မသာ ဖြစ်နေတုန်း”
မကောင်းဆိုးဝါးဝိဉာဉ်များစွာ မြင်ခဲ့ပြီးတာတောင် သူ့နှလုံးသားထဲ အကြောက်တရားက စွဲကျန်ရစ်နေဆဲ။ သူ ကြောက်လန့်နေသည်မှာ ဘေးပတ်ဝန်းကျင်ကနေ ရုတ်တရက် တစ်ခုခု ပေါ်လာတော့မည့်အတိုင်း။
“စိတ်မပူပါနဲ့ ကျုပ်တို့ဒီနေရာကို ရှာကြည့်ပြီးသွားပြီ၊ ကြွက်တစ်ကောင်တောင်မရှိဘူး..ကောင်းကောင်း အနားယူလိုက်.. မနက်ဖြန်
ကျရင် အားလုံး အဆင်ပြေသွားလိမ့်မယ်.. ဒါပေမဲ့ ဒီလောက်တောင် ဒုက္ခရောက်တဲ့အထိ မင်း အဖိုးက ဘယ်သူ့ကို သွားပြီး အပြစ်လုပ်ထားမိလို့လဲ။” ကျိုးဝေ့ကျုံး သူ့ကို နှစ်သိမ့်ပေးလိုက်၏။
လီချင်းယွီတစ်ယောက် နှုတ်ဆိတ်သွားခဲ့သည်။
ဒီရက်ထဲ၌ သူ့အဖိုး ဒုက္ခရောက်နေခဲ့သည်။
သူ ထိုအကြောင်းကို မေးခဲ့ဖူးသည်။ သူ့အဖိုးပြောခဲ့ဖူးတာက… လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က.. သူ လူတွေအများကြီးကို အပြစ်လုပ်ခဲ့မိတယ်ဟု..
များလွန်း၍ လီမိသားစုမှာ အမုန်းဆုံးက ဘယ်သူလဲဆိုတာ ရှာလို့မရလောက်တဲ့အထိ…
အဲဒီအချိန်က သူ့အဖိုးဟာ လက်ရှိမင်းဆက်၏ တော်ဝင် ဆရာတစ်ယောက် ဖြစ်ခဲ့သည်။ လီမိသားစုက အင်အားကြီးပြီး ကြွယ်ဝချမ်းသာတဲ့အပြင် ဧကရာဇ်ကလည်း ပ,စားပေးထားသေး၏။ မယ်တော်ကြီးနှင့် မိဖုရားခေါင်တို့ကလည်း လီမိသားစုကို အထူးတလည် ဆက်ဆံခဲ့ကြသည်။ နန်းတွင်းရုံးတော်၌ အရေးပါသူများဖြစ်ခဲ့ကြပြီး ဘုရင် အတွက် အလုပ်လုပ်ပေးခဲ့ကြသည်။ ဒါကြောင့် သူတို့ လူများစွာကို ဆန့်ကျင်ခဲ့မိသည်မှာ အသေချာပင်..
•••••