အခန်း (၆၁၂)
Vol. 32 Ch. 612
ဝမ်လန်ချန်သည် ဖေဝမ်ယွဲ့ကို မမှတ်မိခဲ့။ ထိုမိန်းကလေးက တိုင်လုံးဆီ ပြင်းပြင်းထန်ထန် ဝင်ဆောင့်တာကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမကို ဆေးပေးခန်းဆီ အမြန် ခေါ်သွားပေးခဲ့၏။
ကံကောင်းစွာဖြင့် ကြီးကြီးမားမား ဒဏ်ရာ မဟုတ်ဘဲ၊ အရေပြား ဒဏ်ရာလောက်သာ ဖြစ်သည်။
သို့သော် တိုင်လုံးက ညီနေတာ မဟုတ်သည့်အတွက် သူမရဲ့ ဒဏ်ရာက အမာရွတ်တော့ ကျန်ခဲ့ပေမည်။
“ဦးလေးရှဲ့ ဒီမိန်းကလေးက ဘယ်သူလဲ” ဝမ်လန်ချန်းမှာတစ်ကိုယ်လုံး အားနည်းနေသလို ခံစားရကာ သူ့မျက်လုံးတို့က အတွေးများဖြင့် နက်နဲနေသည်။
“ငါ ကွာရှင်းခဲ့တဲ့ လုသခင်မရဲ့ သမီး၊ ငါ့အရင် ယောက်ျားနဲ့ ရခဲ့တဲ့ကလေးပေါ့” ရှဲ့နျိုရှန်း စိတ်မချမ်းမသာ ဖြစ်နေ၏။
“ ကျွန်တော့ အထင် ဦးလေး သူ့ကို သိပ်ပြီး သဘောမကျဘူးလားလို့၊ ဒါပေမဲ့ ဘာလို့လဲ”
ဝမ်လန်ချန်း ထပ်မေးလိုက်သည်။
ရှဲ့နျိုရှန်းကလည်း ဖေဝမ်ယွဲ့တစ်ယောက် ပစ္စည်းခိုးပြီး ရှဲ့ချောင်ကို ဘယ်လို ချောက်ချသလဲဆိုတာတွေကို မကွယ် မဝှက်ဘဲ ပြောပြလိုက်သည်။
ဝမ်လန်ချန်းလည်း ထိတ်လန့်သွားရသည်။ ထိုမိန်းကလေးက အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့မှမလိုက် စိတ်သဘောထား ကျဉ်းမြောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
သူမက ရှဲ့မိသားစုနဲ့ သွေးသားတော်စပ်ခြင်းမရှိတာတောင် သူတို့က သူမကို ကျောင်းတော် ပို့ပေးဖို့ ဆန္ဒရှိခဲ့ကြသည်။
ဒီလို အခွင့်အရေးကြီးပေးခဲ့တာတောင် သူမက လောဘကြီးနေသေးသည်။
“ဒီနေ့ ကျွန်တော် နည်းနည်းရိုင်းပျသွားမိတာ
တော့ အမှန်ပဲ။အဲဒီ သခင်မလေးက တိုင်နဲ့တောင် ဝင်ဆောင့်ခဲ့တာ ဆိုတော့။ အပြင်က လူတွေက ဦးလေးနဲ့ ကျွန်တော်က သူ့ကို ဒီလိုဖြစ်အောင်ဖိအားပေးတာ ဆိုပြီး ပြောကြမှာ။ အခု ရှဲ့သခင်လေးက အိမ်ရှေ့စံမင်းသား သဘောကျတဲ့သူ ဖြစ်နေတာ။ ဦးလေးနဲ့ သူနဲ့က သားအဖတွေဆိုတော့….”
“ကျွန်တော် စိုးရိမ်တာက ဒီကိစ္စကြောင့် ဦးလေးကို ပစ်မှတ်ထားပြီး နန်းတွင်းရုံးတော်မှာ တိုင်တန်းကြမှာကို၊ အဲ့အချိန်ကျရင် ဦးလေးရဲ့ လောလောလတ်လတ် တိုးပေးထားတဲ့ရာထူးက ပြန်ပြီး လျော့ချ ခံလိုက်ရမှာကို စိုးရိမ်လို့ပါ…”
ဝမ်လန်ချန်း ထိုအကြောင်းကို သေသေချာချာ စဉ်းစားကြည့်ပြီး ဖေဝမ်ယွဲ့ကို ကြည့်လိုက်၏။ သူ့မျက်ခုံးတို့ ပို၍ပင် တွန့်ချိုးသွားရသည်။
“ ငါကတော့ ကြောက်မနေဘူး၊ မဖြစ်စလောက် အမတ်ရာထူးလေးပဲဟာ ယူသွားချင်တဲ့ သူ ယူသွားစမ်းပါ!”
“အဲ့လိုတော့ မပြောပါနဲ့ ဦးလေးရှဲ့၊ ဦးလေး ကိုယ့်ဟာကိုယ် ဂရုမစိုက်ဘူးဆိုရင်တောင် ရှဲ့သခင်လေးနဲ့ ရှဲ့သခင်မလေးအတွက် စဉ်းစားပေးသင့်တယ် မဟုတ်လား” ဝမ်လန်ချန်းက သွေးဆောင်ဖို့ကြိုးစားတော့သည်။
အခုချိန်က ရှဲ့မိသားစု အတွက် ရှေ့ကို ခြေတစ်လှမ်းပြီးတစ်လှမ်းတိုးသွားဖို့ အကောင်းဆုံး အချိန် ဖြစ်သည်။
“ငါ အဲ့မိန်းကလေးရဲ့ စရိုက်ကို မကြိုက်ဘူး။ အလေးအနက် ထားပြီးတစ်ခုမှ မလုပ်ဘဲနဲ့ ယုတ်မာတဲ့ဟာတွေချည်း လုပ်နေတာ။ အရေထူ
ချက်က အပြင်က မြို့ရိုးထက်တောင် ထူသေးတယ်။ ပစ္စည်းခိုးလို့ ကျောင်းကနေ မောင်းထုတ်ခံရတုန်းကတော့ မသေချင်ဘဲ။ အခုမှလာပြီး မင်းက သူ့အသားကို မြင်သွားရုံလေးနဲ့ ကိုယ့်ဟာကိုယ် သတ်ချင်နေရတယ်လို့!” ရှဲ့နျိုရှန်း အရူးတစ်ယောက်မဟုတ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသင်္ကာစရာရှိနေလိမ့်မယ်ဟု ထင်သည်။
ဝမ်လန်ချန်း ခဏ စဉ်းစားလိုက်၍
“ဦးလေး ပြောတာမှန်တယ်”
အဲဒီ ဖေသခင်မလေးက သူ့ကို ခြိမ်းခြောက်ဖို့အတွက် သူမကိုယ်သူမ သတ်သေချင်နေတာ ဖြစ်ရမည်။
သို့သော် သူမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဟုတ်မဟုတ် သူမသိ။ သူမသာ ရည်ရွယ်ချက် ရှိရှိ လုပ်
ခဲ့တာဆိုလျှင်…..
နောက်ထပ် ဖြစ်နိုင်ချေ နှစ်ခုရှိသေးသည်။ တစ်ခုက သူမ သူ့ကို အကွက်ဆင်တာ နောက်တစ်ခုက တစ်စုံတစ်ယောက်ဆီကနေ ခိုင်းစေခံရတာ။
ဝမ်လန်ချန်း၏ ဦးနှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်နေသည်။ သူ ထိပ်တန်း ကျောင်းသားတစ်ယောက် ဖြစ်လာကတည်းက သူ့အနာဂတ်က လွယ်ကူမှာမဟုတ်တော့ဘူးဆိုတာ သူ သိသည်။
အိမ်ရှေ့စံမင်းသားက သူ့ကို ကယ်တင်ပေးခဲ့တဲ့သူတစ်ယောက်ဖြစ်၏။
ဒီကိစ္စက အသေးအမွှားသာဆိုရင် သူ ဖေဝမ်ယွဲ့ကို လက်ထပ်ခဲ့လျှင်တောင် သူ့ လုပ်ရပ်တွေက ကျိန်းသေပေါက် စောင့်ကြည့်ခြင်းခံရမှာပင်။
ဒီကိစ္စက ကြီးကြီးမားမားဆိုရင်တော့ အဓိပွာယ်က .. တစ်စုံတစ်ယောက်က ဒီကိစ္စကို အသုံးချ၍ သူနဲ့ ရှဲ့နျိုရှန်းနဲ့က မိန်းမကောင်လေးတွေကို အရှက်ခွဲဖို့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဟူသည့် ကောလဟာလများ ဖန်တီးလောက်သည်။
သူနှင့် ရှဲ့နျိုရှန်းတို့မှာ တစ်ယောက်က အသစ်စက်စက် ထိပ်တန်းကျောင်းသား၊ နောက်တစ်ယောက်က ရာထူးတိုးခံထားရတဲ့ ဓားပြစစ်သူကြီး။ သူတို့ နှစ်ယောက်စလုံး ထင်ပေါ်ကျော်ကြားနေတဲ့ အချိန် ဖြစ်နေသည်။
ဒါတင်မက ဒီမိန်းကလေးကို သတ်သေချင်အောင် ဖိအားပေးသလို ဖြစ်သွားသေးသည်။
ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားခဲ့မယ်ဆိုရင် အိမ်ရှေ့စံက သူတို့က ကာကွယ်ပေးနေရင်တောင် သူတို့ ကျိန်းသေပေါက် အပြစ်ပေးခံရနိုင်သည်။
ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းသာ။
ဝမ်လန်ချန်း သက်ပြင်းချလိုက်၍ “ရှဲ့သခင်ကြီး ဒီငယ်သားက အစက ရှဲ့သခင်မလေးကို လက်ထပ်ချင်ခဲ့တာပါ.. ရှဲ့သခင်မလေးက ဆန္ဒမရှိဘူးဆိုမှတော့ ကျွန်တော်လည်း အပူကပ်မနေတော့ပါဘူး၊ ဒီနေ့ ကျွန်တော် ဖေသခင်မလေးရဲ့ ဖြူစင်မှုကို ဖျက်ဆီးခဲ့မိတာဆိုတော့၊ တာဝန်ယူတာ ဖြစ်သင့်ပါတယ်”
“တာဝန်ယူမယ် ? ဒီမိန်းကလေးက ယုတ်မာတဲ့ စိတ်ရှိနေတာ၊ မင်းသူ့ကို လက်ထပ်မလို့လား၊” ရှဲ့နျိုရှန်းမှာ မကျေမနပ် ဖြစ်နေ၏။ “ဇနီးဆိုးတစ်
ယောက်က မျိုးဆက် သုံးဆက်အထိ ဒုက္ခရစေနိုင်တယ် !”
“ဟုတ်ပါတယ်၊ ကိုယ်လုပ်တော်တစ်ယောက်ဆိုရင်တော့… အဲဒါတွေ စိတ်ပူနေစရာ မလိုတော့ဘူးလေ၊ ကျွန်တော်…” ဝမ်လန်ချန်း ခဏ ရပ်လိုက်၍ “ကျွန်တော် ဇာတိမြိုမှာ ငယ်ငယ်တုန်းက ချစ်ခဲ့ရတဲ့သူတစ်ယောက်ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက လက်ထပ်ဖို့ စီစဉ်ထားကြတာလေ၊ သူက ကျွန်တော် ပညာသင်တစ်ယောက် ဖြစ်လာရင် လက်ထပ်မယ်ဆိုပြီး ပြောဖူးတယ်။ အဲဒါ ကျွန်တော် သူ့ဆီ စာတစ်စောင် ပို့ပြီး ခေါ်လိုက်မလို့”
•••••