← Chapters

အခန်း (၄၂၉)

Vol. 35 Ch. 429

အခန်း (၄၂၉)

Vol. 35 Ch. 429

“အဖေ”

သူက လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဝင်သွားသည့် အခါတွင် လီချန်ချင်း၏ ခန္ဓာကိုယ်မှာလည်း အလင်းရောင်များထွက်လာပြီးနောက် လောကကြီးထဲ၌ အလင်းစက်များအသွင် မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူနောက်ဆုံးအနေနဲ့ သူတွေ့လိုက်ရသည်။

လီဟမ်ရှန်းသည် ယခုအချိန်၌ လုံးဝကို ကူကယ်ရာမဲ့နေခဲ့သည်။ သူမြင်ခဲ့ရသည့် နောက်ဆုံး မြင်ကွင်းက ကျန်းထျန်းယွမ်က စိတ်သက်သာရာ ရသွားသည့် အပြုံးဖြင့် သူ့ကို ပြုံးကာ ကြည့်နေခြင်းပင် ဖြစ်သည်။ ထို့နောက်တွင် သူ၏ လက်ကို မြှောက်လိုက်ပြီး လေဟာနယ် အက်ကွဲကြောင်းကို ချိတ်ပိတ်လိုက်တော့သည်။

“ကျန်းထျန်းယွမ်”

ယွဲ့ဟန်ကျွင်း၏ နှုတ်မှ ကျယ်လောင်စွာ ဒေါသထွက်နေသည့် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာခဲ့သည်။ မူလနယ်မြေ ပုလဲမှာ ယခုထက်ထိ ရှာမတွေ့သေးပါ။ သူ၏ နတ်ဘုရားဝိဉာဉ်မှာလည်း မဟာလွတ်မြောက်ခြင်းအဆင့်သို့ မရောက်သေးပါ။ လီဟမ်ရှန်းက ယခုလိုမျိုး လွတ်မြောက်သွားပြီ ဆိုမှတော့ လီဟမ်ရှန်းကို ပြန်ရှာဖို့က အလွန် အင်မတန် ခက်ခဲပေလိမ့်မည်။

ကျန်းထျန်းယွမ်က လီဟမ်ရှန်းကို ဘယ်နေရာကို ပို့လိုက်လဲဆိုတာကို ဘယ်သူမှ မသိပါသေးချေ။ လီဟမ်ရှန်းသည် အဆုံးအစမဲ့သော အမှောင်ထုထဲသို့ ကျရောက်နေခဲ့သည်။ သူသည် ဦးတည်ရာ မရှိဘဲ လွင့်မြောနေခဲ့၏။ သူ၏ စိတ်နှလုံးသားထဲတွင်တော့ ဖခင်ဖြစ်သူ လီချန်ချင်း၏ မျက်နှာနှင့် မှတ်ဉာဏ်များသာ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

သူ၏မိသားစုကို ယွဲ့ဟန်ကျွင်းက ယခုလို ဖျက်ဆီးလိုက်မည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။ ထို့အပြင် သူက မူလနယ်မြေ ပုလဲ၏ မွေးဖွားလာသော ခန္ဓာကိုယ်ဟုလည်း မမျှော်လင့်ထားပါ။ ဒါ့အပြင် သူ့ခန္ဓာကိုယ်မှ မူလနယ်မြေ ပုလဲက ပျောက်ကွယ်သွားပြီး သူ၏ ကလေးထံသို့ လွှဲပြောင်းသွားပြန်သည်။

အဲ့တာဆိုရင် သူနဲ့ လုချောင်းချောင်းမှာ သားသမီးတစ်ယောက် ရှိနေတာလား။ နောက်တခဏတွင် စန်းယွမ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် သတင်းတစ်ခုက ထွက်ပေါ်လာခဲ့ပြန်ပါသည်။

နာမည်ကျော်ကြားကာ စွမ်းအားကြီးမားသော ချင်းလဲ့ဓားသခင်က သေဆုံးသွားခဲ့ပြီ။ ချင်းလဲ့ဓားခုနှစ်လက်နှင့် ဓားသေတ္တာက ထျန်းဟိုင်မြို့ အရှင်သခင်ရဲ့ လက်ထဲကို ကျရောက်သွားပြီ။ ပြီးတော့ စန်းယွမ်နယ်မြေ အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ယွဲ့ကျီမင်းကနေ ယွဲ့ဟန်ကျွင်းကို လွှဲပြောင်းပေးအပ်တယ်။

အရင် စန်းယွမ်နယ်မြေ အရှင်သခင် ကျန်းထျန်းယွမ်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီး သေဆုံးသွားတယ်တဲ့။ ချင်းလဲ့ဓားသခင်ရဲ့ သေဆုံးမှု သတင်းက ထွက်ပေါ်လာပြီးနောက်တွင် အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်း နယ်မြေ တစ်ခုလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

လူတော်တော်များများသည် ချင်းလဲ့ဓားသခင်၌ အသက်ကြွေးများ တင်နေခဲ့သည်။ သို့သော် ယခုလိုမျိုး စောစီးစွာပင် ချင်းလဲ့ဓားသခင်က အရင်သေဆုံးသွားရမည်ဟု မထင်မှတ်ထားခဲ့မိပါ။ အကြွေးတင်နေကြသော လူများစွာတို့က ချင်းလဲ့ဓားသခင်အတွက် မချိတင်ကဲဖြစ်ကာ ဒေါသထွက်နေကြသည်။

တချို့ကတော့ ဝမ်းနည်းပူဆွေးနေကြသည်။ တချို့ကတော့ မကောင်းကြံချင်သော အကြံအစည်များ ရှိနေကြသည်။ ချင်းလဲ့ဓားသခင် သေဆုံးသွားပြီ ဖြစ်သောကြောင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ကွယ်တွင် ရှိသော အကာအကွယ် ပေးမှုကြီးက ပျောက်ကွယ်သွားပြီဟု ပြော၍ ရသည်။ ထို့ကြောင့် ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကို လုယက်ချင်သော လူများစွာတို့ ရှိနေပါသည်။ ထို့ကြောင့်ပင် မြောက်များစွာသော လူများသည် အဖွဲ့ဖွဲ့လိုက်ပြီး လုချင်းမြို့သို့ ချီတက်သွားကာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ရှိသော ရတနာပစ္စည်းများနှင့် လက်ဖက်ခြောက် လျှို့ဝှက်ချက်များ၊ စားသောက်ကုန် လျှို့ဝှက်ချက်များကို လုလိုကြပါသည်။

သူတို့ မမျှော်လင့်ထားသည်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ရုံးချုပ်သို့ အဆင့်မြင့် ဆရာသခင် နှစ်ပါးနှင့် မူလအဆင့် ခုနှစ်ပါးတို့ ချီတက်သွားတာတောင်မှ အလောင်းပင် မကျန်

အောင် အသတ်ခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူတို့ကို သတ်ဖြတ်သူမှာ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ ရွှယ်ချမ်းပိုင်ပင် ဖြစ်သည်။ လူတစ်ယောက် ဓားတစ်လက်က အဆင့်မြင့် ဆရာသခင်နှစ်ပါးနှင့် မူလအဆင့် ခုနှစ်ဦးကို တစ်ချက်ထဲ အသက်ဖျောက်ခဲ့သည်။ထို့အပြင် သူသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သည်ကိုပါ တစ်ပါတည်း ကြေငြာခဲ့သည်။ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကို ထိချင်သော ဘယ်သူမဆို သူ၏ ချင်းရွှယ်အာဏာဓားကို ဖြတ်ကျော်ရမည်ဟု ကြွေးကြော်ခဲ့ပါသေး၏။

ထိုဖြစ်ရပ်ကြောင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မကောင်းကြံလိုသော လူများအားလုံးသည် မိမိတို့၏ အကြံအစည်များကို ယာယီ ရပ်ဆိုင်းလိုက်ရကြ၏။ ချင်းလဲ့ဓားသခင်၏ ကာကွယ်မှု မရှိသည့်နောက်တွင် ချင်းရွှယ်အာဏာဓားအရှင်ကပါ ကာကွယ်ပေးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိပါ။

ရွှယ်ချမ်းပိုင်က အခုလိုမျိုး အချိန်ကိုက်ပေါ်လာရခြင်းမှာ လီချန်ချင်းက သူမသေခင်တွင် သူ့ကိစ္စများအားလုံးကို အစီအစဉ်ချထားသောကြောင့် ဖြစ်သည်။

ရွှယ်ချမ်းပိုင်ထံသို့ လွန်ခဲ့သော ရက်များစွာက စာတစ်စောင် ရောက်လာခဲ့၏။ စာထဲ၌ သူ တစ်ခုခု ဖြစ်သွားပါက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ကာကွယ်ပေးရန်အတွက် ပါခဲ့၏။ သို့သော် သူ့ကို လုံးဝ လာမကယ်ရန် ပြင်းပြင်းထန်ထန် သတိပေးထားခဲ့ပါသည်။

လီချန်ချင်း၏ စာထဲ၌ သူကျိန်းသေပေါက် ပြန်လာပြီးတော့ ပြဿနာ အားလုံးကို ရှင်းပစ်မည်ဟု တစ်ပါတည်း ရေးသားခဲ့သည်။ ထို့အပြင် တစ်ချိန်တည်းမှာပင် လောရှောင်ချွမ်ထံသို့လည်း စာများ ရောက်ခဲ့သည်။ လီချန်ချင်းက လောရှောင်ချွမ်အား ချန်ထင်းမြို့တွင် ရှိသော လူများကို ကာကွယ်ပေးရန်အတွက် ရေးသားထား၏။

သူပြန်လာသောအခါတွင် လောရှောင်ချွမ်အား စန်းယွမ်နယ်မြေ အရှင်သခင်နေရာ ရာထူးကို ရအောင် ကူညီပေးမည်ဟုလည်း ရေးသားထားပါသည်။ စာကို ရရှိသောအခါ လောရှောင်ချွမ်က အံ့ဩသွား၏။ သို့သော် လီချန်ချင်း သေဆုံးသွားသည့်အခါမှသာ ထိုစာက လီချန်ချင်း ကြိုတင်စီစဉ်ထားသော အရာဖြစ်သည်ကို လောရှောင်ချွမ် သဘောပေါက်ခဲ့သည်။ ထို့ကြောင့် လောရှောင်ချွမ်သည် သူ၏ကောင်းကင်ကို ဆန့်ကျင်သော ကံကြမ္မာဖတ်သည့် နည်းလမ်းကို အသုံးပြုပြီး လီချန်ချင်း၏ ကံကြမ္မာကို တွက်ချက်ပါတော့သည်။

သို့သော် မည်မျှပင် တွက်ချက်ပါစေ သူ၏တွက်ချက်မှုများမှာ မတည်မငြိမ် ဖြစ်လာပြီး ရှုပ်ထွေးမှု များစွာ ပေါ်လာခဲ့သည်။ ဆက်လက် တွက်ချက်ပါက သူ၏အသက်ကိုပင် ပြန်လည် ထိခိုက်တော့မည် ဖြစ်သောကြောင့် လောရှောင်ချွမ်က ကမန်းကတမ်းပင် ကံကြမ္မာကို ကြည့်ခြင်းအား ရပ်တန့်လိုက်ရ၏။

ထိုကဲ့သို့သော သေဆုံးရမည့် ကံကြမ္မာတွင် မိမိအသက်ကို ရှင်သန်အောင် လီချန်ချင်း ဘယ်လိုလုပ်မလဲဆိုတာ လောရှောင်ချွမ်က အမှန်အကန်ကို သိချင်နေခဲ့သည်။ နှစ်ရက်ကြာမြင့်ပြီးသောအခါတွင် ယွဲ့ဟန်ကျွင်း၏ ပုံရိပ်က ကန္တာရထဲ၌ ပေါ်လာခဲ့ပါသည်။

ဒီအဘိုးကြီးရဲ့ လေဟာနယ်လမ်းကြောင်းက ဒီလောက်ဝေးဝေးကို ရောက်နေတာလား။ ယွဲ့ဟန်ကျွင်းက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါတွင် လေဟာနယ် လက္ခဏာများကို အာရုံခံမိသည်။ လီဟမ်ရှန်းက ဒီနေရာကို ရောက်ရှိခဲ့ရမည်။ ထို့ကြောင့် အနှေးနဲ့ အမြန်ပင် လီဟမ်ရှန်းကို သူရှာတွေ့တော့မည် ဖြစ်သည်။ သူက မဟာလွတ်မြောက်ခြင်းအဆင့်ကို ဘာကြောင့် ပြန်မရောက်သေးတာလဲ။ ပြီးတော့ မူလနယ်မြေ ပုလဲကို ဘာလို့ ရှာမတွေ့သေးတာလဲ။ ဒါတွေက သူ့အတွက် အခက်အခဲ သေးသေးလေးများဟုသာ ယွဲ့ဟန်ကျွင်းက သတ်မှတ်ထားသည်။

အဲ့နေရာမှာလား….။ ယွဲ့ဟန်ကျွင်းသည် သူ၏စုတ်တံကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ လေဟာနယ်အား စုတ်တံနှင့် တစ်ချက်တို့လိုက်သည်။ ထို့နောက် လီဟမ်ရှန်း၏ တည်ရှိမှုကို သူခံစားလိုက်ရ၏။ လီဟမ်ရှန်းသည် လေဟာနယ်အတွင်း၌ ရှိနေသော်လည်း ယွဲ့ဟန်ကျွင်းက လက်ကို ကွေးလိုက်ပြီး လေဟာနယ်ကို ခွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် ထိုအခိုက်မှာပင် ယွဲ့ဟန်ကျွင်းက တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီးနောက် သူ၏လက်ကို ကမန်းကတမ်း ပြန်ရုတ်လိုက်၏။

ထို့နောက်တွင် ကိုယ်ကို ရို့ကာ ရှောင်တိမ်းလိုက်သည်။ ဓားတစ်ချောင်းက သူရပ်နေသော နေရာသို့ ထိုးဖောက်သွား၏။ နောက်တခဏတွင်တော့ ယွဲ့ဟန်ကျွင်း၏ ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုလူသည် တိရစ္ဆာန်သားရေနှင့် ချုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ အစိမ်းရောင် တိုက်ပွဲဝင်ဓားကို ကိုင်ဆောင်ထား၏။ သူ့အား တည်ငြိမ်သော အမူအရာနှင့် စိုက်ကြည့်နေသည်။

“သွေးအရိပ်ဂိုဏ်းက လူလား..။”

ယွဲ့ဟန်ကျွင်းက ထိုသူကို ကြည့်ပြီး မေးလိုက်သည်။

“မင်းက ဘာလုပ်ချင်တာလဲ”

“ကျုပ်က လူကြီးမင်းချန်ချင်းကို ပေါက်စီတစ်လုံး အကြွေးတင်နေတယ်..။ ဒီနေ့မှာ အကြွေးတင်နေတဲ့ ပေါက်စီကို လာပြန်ဆပ်တာပဲ။”

ကျန်းဖုကွမ်းက တည်ငြိမ်စွာ ပြောလိုက်၏။

“လူကြီးမင်းချန်ချင်းက သေသွားပြီ။ ဒါပေမဲ့ သူ့ရဲ့သားကို ငါကာကွယ်ပေးမယ်။ ဒီနေ့မှာ ငါမင်းကို သတ်ပြီးတော့ ငါ့ရဲ့ အသက်အကြွေးကို ပြန်ဆပ်မယ်”

“ဟား ဟား ဟား ဟား…..”

ယွဲ့ဟန်ကျွင်းက ရယ်လိုက်သည်။

“မင်းမှာ အဲ့လိုမျိုး စွမ်းအား ရှိလို့လားကွ”

သူ၏ စကားဆုံးသွားသည့် နောက်တွင် ကျန်းဖုကွမ်း၏ လက်ထဲမှ ဗုဒ္ဓမီးအိမ် တစ်ခုသည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ချက်ချင်းပင်လျှင် မီးအိမ်သည် နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ထိန်ထိန်လင်းနေသော သဲကန္တာရကြီး တစ်ခုလုံးသည် ပိန်းပိတ်အောင် မှောင်မဲသွားတော့သည်။ ချက်ချင်းပင် ညအချိန်သို့ ရောက်သွားသောကြောင့် ယွဲ့ဟန်ကျွင်းပင်လျှင် ထိတ်လန့်သွားခဲ့သည်။ ဘယ်လိုရတနာမျိုးလဲ။ ဒီလောက်ထိ နေ့ခင်းကြောင်တောင်ကြီးကို ညဖြစ်အောင် လုပ်လိုက်တာ …။

ထိုအခိုက်မှာပင် ကျန်းဖုကွမ်းက သူ့ရှေ့မှ ပျောက်ကွယ်သွားသည်ကို ယွဲ့ဟန်ကျွင်းက အာရုံခံမိလိုက်သည်။ ယွဲ့ဟန်ကျွင်းသည် သူ၏ နတ်ဘုရားဝိဉာဉ်ကို ဖော်ထုတ်လိုက်ပြီး ကျန်းဖုကွမ်း ဘယ်နေရာမှာ ရှိမလဲ ဆိုတာကို အာရုံခံလိုက်၏။ သို့သော် ကျန်းဖုကွမ်းကို သူဘယ်လိုမှ ရှာမတွေ့ပါ။ အမှောင်ထဲမှာ ပုန်းအောင်းနိုင်တဲ့ စွမ်းအားလား ။ ယွဲ့ဟန်ကျွင်းသည် သတိပိုထားလာပြီး သွေးအရိပ်ဂိုဏ်းတွင်ရှိသော လူများ၏ စွမ်းအားက အထင်မသေးသင့်ပါ။ သူတို့၌ ထူးခြားသော စွမ်းအားများ ရှိပါသည်။ သတိကြီးကြီး ထားမှသာ သူ့အသက် မသေမည် ဖြစ်သည်။

All Chapters