← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

Ace စိတ်တည်တည်ငြိမ်ငြိမ်ထားလိုက်ကာ မာနကြီးချင်ယောင် ဆောင်လိုက်သည်။ “ဟမ်! မဆိုးပါဘူး။ တကယ်ကိုမဆိုးဘူး။ ဒီအကြောင်းကို ငါ့မိသားစုဆီပြန်ပြီး တင်ပြလိုက်မယ်။ သူတို့ မနက်ဖြန်ကျရင် ဒီကိုလာပြီးတော့ မင်းရဲ့ ဆေးတွေအာလုံးအတွက် ပိုက်ဆံချေပေးလိမ့်မယ်။ ခုတော့ ငါသွားသင့်ပြီ။”

Billy ၏တုံ့ပြန်မှုကို သူမစောင့်တော့ပဲ လျှို့ဝှက်ခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့လိုက်သည်။ ဤလျှို့ဝှက်ခန်းထဲမှ မြင်ကွင်းများကို ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသကဲ့သို့ ဟန်ဆောင်လိုက်တာကြောင့် Billy သည် မည်သည့်အရာကိုမှ သံသယဝင်လိမ့်မည်မဟုတ်ပေ။

လျှို့ဝှက်ခန်းထဲသို့ Ace တစ်ချက်သာ လှည့်ပတ်ကြည့်ရှုပြီး ထွက်သွားတော့မည်ကို Billy မြင်သည့်အခါ Ace၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ နှင့်ပတ်သတ်ပြီး သူ၏သံသယအားလုံး ပျောက်ကွယ်သွားသည်။ ထို့နောက် သူတွေးလိုက်သည်။ ‘အတွင်းပိုင်းဒေသက မိသားစုကသာ ဒီဆေးလုံးတွေ အားလုံးအတွက် ဝယ်ဖို့တတ်နိုင်လိမ့်မယ်။ အကယ်၍ ဒီကောင်လေးရဲ့ မိသားစုနဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ငါအတွင်းပိုင်းဒေသကို ဝင်ရောက်နိုင်ပြီး ငါ့စီးပွားရေးကိုလည်း အဲ့ဒီနေရာကို ရွှေပြောင်းနိုင်လိမ့်မယ်’

Ace သူ့ဆိုင်မှ ထွက်သွားတော့မည်ကို မြင်သည့်အခါ သူ၏ နေ့ခင်းအိပ်မက်မှ နိုးထလာပြီး Ace နောက်သို့ ပြေးလိုက်လိုက်သည်။ ထို့နောက် လေးစားမှုရှိစွာဖြင့် လိုက်ပို့ပေးလိုက်ကာ သူ၏ အဆီများပြည့်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုတပ်ဆင်၍ နှုတ်ဆက်လိုက်သည်။

Ace ၏ခေါင်းထဲမှ စနစ်၏အသံကို ကြားလိုက်ရသောအချိန်တွင် သူသည် ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ပြီဖြစ်သည်။

[စကန်ဖတ်ခြင်း ပြီးဆုံးပါပြီ]

စနစ်၏ အကြောင်းကြားစာကို ကြားသောအချိန်တွင် သူ၏မျက်လုံးများသည် မျှော်လင့်ချက်များနှင့် တောက်ပသွားသည်။ အဘယ်ကြောင့်ဆိုသော် သူလမ်းဆုံးသို့ ရောက်နေပြီဖြစ်ကာ လျှို့ဝှက်တံခါးနှင့် အစောင့်နှစ်ယောက်ရှိသော ဤဆိုင်ကို မည်သို့လုယက်ရမည်ကို မသိတာကြောင့်ဖြစ်သည်။ ထိုလျှို့ဝှက်တံခါးသည် သူ့အတွက် ကြီးမားသော ခေါင်းကိုက်စရာပင် ဖြစ်သည်။ ထို့ကြောင့် သူစနစ်ဆီမှ သတင်းကောင်းကို မျှော်လင့်နေခြင်းပင်။

စာအိတ်ပုံစံ သင်္ကေတရှိသော အကြောင်းကြားစာဘောင်ကွက်ကို မဖွင့်မှီ ဆေးမားကတ်မှ လျှင်မြန်စွာ ထွက်ခွာလာသည်။ စနစ်မှ ပေးပို့သော အကြောင်းကြားစာများ အားလုံးကို ဤနေရာတွင် ကြည့်ရှုနိုင်သည်။

[အကြောင်းကြားစာ ဘောင်ကွက်]

[ပစ်မှတ်၏ စကန်ဖတ် စစ်ဆေးခြင်း အစီအရင်ခံစာ]

[စုစုပေါင်း အသားတင် တန်ဖိုး : လက်ရှိစနစ်၏ ငွေကြေးနှုန်းအတိုင်းလဲလှယ်ခြင်း = ပတ္တမြားဒင်္ဂါး တန်ဖိုးရှိသော ဆေးပြား -၂၀၀၀၀ + ပတ္တမြားဒင်္ဂါး ၂၀၈၄ ပြား]

[လုံခြုံ‌ရေး : ထင်ယောင်ထင်မှား ဖြစ်စေသော အမှိုက်ပုံသဏ္ဍာန် ၁ခု စီရင်ကာ သော့ခတ်ထားသည်။ သာမန်လူသားအစောင့်နှစ်ယောက်နှင့် အဆင့်အနိမ့်ဆုံးဘဏ္ဏာတိုက်]”

[အကဲဖြတ်ခြင်း : သင်၏လက်ရှိ အရည်အချင်းဖြင့် ခိုးယူရန် မဖြစ်နိုင်ပါ]

ဤအစီအရင်ခံစာကို ကြည့်ရှုပြီးနောက် သူစွံ့အသွားကာ စနစ်ကိုကြိမ်ဆဲလိုက်တော့သည်။ “အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် စနစ်ရေ။ ကျေးဇူးပါ $ပိုက်ဆံသူခိုး လူယုတ်မာစနစ်”

“အဲ့ဒီ ချမ်းသာတဲ့ မျိုးမစစ်ကောင်” Billy ၏ချမ်းသာမှုကိုမြင်ပြီးနောက် သူ့ကိုလည်း ဆဲရေးလိုက်သည်။ ပတ္တမြားဒင်္ဂါး ပမာဏကို မြင်ပြီးနောက် သူခေါင်းခြောက်သွားသည်။ ထိုဆိုင်သည် ထိုမျှ တန်ဖိုးရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အဲ့ဒီ လူလိမ်ဖြစ်တဲ့ ဖက်တီးက မရေမတွက်နိုင်တဲ့ လူတွေကို လှည့်စားပြီးတော့ ပိုက်ဆံရလာတာပဲ”

သူ၏ခန့်မှန်းချက်သည် လုံးဝမှန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူဝကြီး Billy သည် သူ့ကိုဘာမှပြန်မလုပ်နိုင်သော သာမန်လူ အများအပြားကို လိမ်လည်ခဲ့လေသည်။ သို့သော် စွမ်းအားနှင့် ပိုက်ဆံရှိသော လူများကိုတော့ ဘယ်တော့မှ စော်ကားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်သူသည် ဆေးမားကတ်ထဲတွင် လိမ္မာပါးနပ်သော စီးပွားရေးပိုင်ရှင်အဖြစ် နာမည်ကြီး၏။

“ဆိုတော့ အဲ့ဒီလျှို့ဝှက်တံခါးကို စိတ်လှည့်စားမှုတံခါးလို့ခေါ်ပြီး အစောင့်နှစ်ယောက်က သိုင်းကျင့်ကြံသူမဟုတ်ဘူးပေါ့? ကောင်းပြီ အနည်းဆုံးတော့ အဲ့တာသတင်းကောင်းပဲ” ထို့နောက် တောက်ပနေသော အပြုံးမျက်နှာဖြင့် ဆက်၍စဉ်းစားနေသည်။

သတိလစ်နေသော Alinaကို ပြန်တွေ့ပြီးနောက် လေးနက်သောအမူအယာသို့ ပြန်ပြောင်းသွားသည်။

“ဒီအခွင့်အရေးကို ငါမဆုပ်ကိုင်ခဲ့ရင် ၇ရက်အတွင်း ငါသေမယ်။ ပြီးတော့ Alinaလည်း သုံးရက်အတွင်းသေလိမ့်မယ်” သူထပ်မံ၍ဆုံးဖြတ်ချက်ချလိုက်သည်။ ဘာတွေပဲဖြစ်လာပါစေ သူအောင်မြင်ရမည်။

ထို့နောက် အရင်တစ်ခေါက်တုန်းက စနစ်၏စျေးဆိုင်ကို ပြီးဆုံးသည်ထိ မစစ်ဆေးခဲ့ကြောင်း သတိရသွားသည်။ ထိုအချိန်တုန်းက သူအလျင်လိုနေကာ ဆေးဆိုင်ကိုသာ စစ်ဆေးခဲ့၏။ သူ့တွင် သူခိုးမှတ် ၁၂ မှတ်ကျန်ရှိသေးတာကြောင့် စနစ်၏ဆေးဆိုင်ကို ဖွင့်လိုက်ကာ တစ်စုံတစ်ခုကို ရှာတွေ့နိုင်ရန် မျှော်လင့်နေလေသည်။

“စနစ်စျေးဆိုင်” မျှော်လင့်စောင့်စားခြင်းများစွာဖြင့် သူညင်သာစွာ ရေရွတ်လိုက်သည်။

[စနစ်စျေးဆိုင်]

[ရရှိနိုင်သော အရာများ]

[အရည်အချင်း စာအုပ်များ]

[သိုင်းကျင့်ကြံခြင်း နည်းလမ်းများ]

[လက်နက်များ]

[ဆေးပြားများ]

Ace သည် ရင်းနှီးနေပြီးသော အနက်ရောင်ဘောင်ကွက်ကို မြင်လိုက်ရကာ ပြောလိုက်သည်။ “ရရှိနိုင်သော သိုင်းကျင့်ကြံခြင်း နည်းလမ်းတွေကိုပြပေး!”

ယခင်တုန်းက Alinaမှလွဲ၍ စစ်မှန်သော သိုင်းကျင့်ကြံသူတစ်ယောက်ကို မတွေ့ခဲ့ဘူးပေ။ သိုင်းကျင့်ကြံခြင်း နည်းလမ်းများကို ပို၍ပင် မတွေ့ခဲ့ဘူးပေ။ စနစ်မှသူ့ကိုပေးခဲ့သော မှတ်ဉာဏ်များမှ မဟုတ်လျှင် သိုင်းကျင့်ကြံသူသည် မည်သို့သောသူဖြစ်သည်ကိုပင် သိမည်မဟုတ်ပေ။

သာမန်လူများက သိုင်းကျင့်ကြံသူတို့ကို နတ်ဘုရားဟုခေါ်ကာ တစ်ချို့က ကိုးကွယ်ရာအဖြစ် သတ်မှတ်သည်ကိုသာ သူသိသည်။

Ace ၏စိတ်ထဲတွင် သူသည် နတ်ဘုရား ဖြစ်မည့် နည်းလမ်းကို တွေ့ရတော့မည်ဟု တွေးကာ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။

[ရရှိနိုင်သော သိုင်းကျင့်ကြံခြင်း နည်းလမ်းများ]

[ကောင်းကင်ဘုံ သူခိုးနည်းလမ်း {ပထမအပိုင်း} ]

[စျေးနှုန်း- သူခိုးမှတ် ၁၀၀မှတ်]

[အခြေခံအရိပ်ကိုယ်ပွား ဓားသိုင်း နည်းလမ်း]

[စျေးနှုန်း- သူခိုးမှတ် ၁၀မှတ်]

“ဈေးကြီးလိုက်တာ!” ထိုကျင့်ကြံခြင်းနည်းလမ်းများသည် တစ်စုံတစ်ယောက်ကို ‘နတ်ဘုရား’ဖြစ်‌အောင် ပြုလုပ်ပေးနိုင်သည်ကို တွေးမိလိုက်ကာ ထိုဈေးနှုန်းများကို မအံ့ဩတော့ပေ။ ထို့နောက် စိတ်အနှောင့်အယှက်ဖြစ်စွာ သူဆက်ပြောလိုက်သည်။ “ဘာလို့ ‘ကောင်းကင်ဘုံသူခိုး’ ကျင့်ကြံခြင်းနည်းလမ်းက တစ်ခြားကျင့်ကြံခြင်းနည်းလမ်းတွေနဲ့ ယှဉ်ရင် ပိုပြီးဈေးကြီးနေရတာလဲ”

စနစ်သည် သူ၏နာမည်လိုပင် အမှန်ကို သူခိုးဖြစ်ပေသည်။ ဈေးနှုန်းများကို မြင်ပြီးနောက် သူပို၍ သေချာသွားတော့သည်။ ထိုကျင့်ကြံခြင်းနည်းလမ်းနှင့် နာမည်တူရှိသော ကောင်းကင်ဘုံသူခိုးဆေးပြားရှိသည်ကိုလည်း သူမှတ်မိကာ ထိုနှစ်ခုလုံးသည် အလွန်ကို ဈေးကြီးပေသည်။

[ကောင်းကင်ဘုံသူခိုး ကျင့်ကြံခြင်းနည်းလမ်းက သင်တစ်ဦးတည်းအတွက်သာ ရှိသော အထူးနည်းလမ်းဖြစ်ပြီး သင်တစ်ဦးတည်းကသာ ကျင့်ကြံနိုင်ပါတယ်။ အဲ့ဒီကျင့်ကြံခြင်းနည်းလမ်းက သူခိုးတစ်ယောက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားတာလည်း ဖြစ်တယ်။]

စနစ်ဆီမှ အေးစက်နေသော အသံနှင့် အဖြေကို ပြန်ရပြီးနောက် Ace ပြောလိုက်သည်။ “အထူးသဖြင့် သူခိုးတစ်ယောက်အတွက် ဖန်တီးထားတယ်ပေါ့လေ။ ကောင်းပြီ ငါ့မှာ အခု သူခိုးမှတ်တွေ မရှိသေးဘူး။ ပြီးတော့ ၃ရက်အတွင်း သင်ဖို့မလွယ်ကူဘူးဆိုမှတော့ ဘယ်ဓားသိုင်းကိုမှလည်း မရချင်ဘူး။ ငါလိုချင်တာက ဟိုဆေးဆိုင်ရဲ့ လုံခြုံရေးကို ဖောက်နိုင်မယ့်နည်းလမ်။ အရည်အချင်းဘောင်ကွက်ကို ဖွင့်လိုက်”

[အရည်အချင်းဘောင်ကွက်]

[ကိုယ်ပျောက်ခြင်း : အခမဲ့]

{အသေးစိတ်ဖော်ပြချက် : သူခိုးတစ်ယောက်အတွက် အခြေခံအရည်အချင်းဖြစ်ပြီး တစ်ခါသင်ယူပြီးသည်နှင့် မည်သူမှ သင့်ကို ရှာတွေ့နိုင်တော့မည် မဟုတ်ပါ။

သတိပေးချက် : ကျင့်ကြံခြင်းနယ်ပယ်မှ သင်၏အထက်တွင်ရှိသော ကျင့်ကြံသူများအားလုံး သင့်ကို ရှာဖွေတွေ့ရှိနိုင်သည်။}

[ခါးပိုက်နှိုက်အရည်အချင်း : အခမဲ့]

{အသေးစိတ်ဖော်ပြချက် : သူခိုးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်းဖြစ်ပြီး လက်လှုပ်ရှားမှုကို မြန်ဆန်စေသည်။ မည်သူမျှ သင်၏လက်လှုပ်ရှားမှုကို မြင်နိုင်မည် မဟုတ်။ ပိုက်ဆံအမြန်ရှာဖွေရန်အတွက် ကောင်းမွန်သည်။

သတိပေးချက် : ကျင့်ကြံခြင်းနယ်ပယ်မှ သင်၏အထက်တွင်ရှိသော ကျင့်ကြံသူများအားလုံး သင်၏လှုပ်ရှားမှုကို အာရုံခံနိုင်လိမ့်မည်။}

[တိတ်ဆိတ်သော ခြေလှမ်း : အခမဲ့]

{အသေးစိတ်ဖော်ပြချက် : သူခိုးတစ်ယောက်၏ အခြေခံအရည်အချင်းဖြစ်ပြီး သူ၏နာမည်အတိုင်းပင် လမ်းလျှောက်နေချိန်တွင် မည်သည့်အသံမှ ထွက်လိမ့်မည် မဟုတ်။ ကျွမ်းကျင်သွားလျှင် ရေ‌ပေါ်တွင်ပင် အသံမထွက်ပဲ လမ်းလျှောက်နိုင်လိမ့်မည်။

သတိပေးချက် : ကျင့်ကြံခြင်းနယ်ပယ်မှ သင်၏အထက်တွင်ရှိသော ကျင့်ကြံသူများအားလုံး သင့်ကို ဖမ်းနိုင်လိမ့်မည်။}

[အခြေခံ အမှန်နှင့်အမှားမျက်လုံးများ : အခမဲ့]

{အသေးစိတ်ဖော်ပြချက် : သူခိုးတစ်ယောက်အတွက် ရှိကိုရှိရမည့် အရည်အချင်းဖြစ်သည်။ သူခိုးတစ်ယောက်၏ အဓိကလက်နက်သည် မျက်လုံးနှင့် ထက်ရှသော အာရုံခံစားမှု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူခိုးကောင်းတစ်ယောက်သည် ရှာပါးရတနာများကို မိုင်ပေါင်းအဝေးမှပင် သတိပြုနိုင်တာကြောင့် သို့မဟုတ် အနံ့ခံနိုင်တာကြောင့် ဖြစ်သည်။ အကယ်၍ သူခိုးတစ်ယောက်သည် ရှားပါးရတနာများကို သတိမပြုမိလျှင် သူခိုးတစ်ယောက် မဖြစ်နိုင်ပါ။

သတိပေးချက် : သင့်ထက်စွမ်းအားပိုကြီးသော သူများအပေါ်တွင် ဘယ်တော့မှ အသုံးမပြုပါနှင့်။}

[ရတနာများကို ဖွင့်နိုင်သောလက်များ {အခြေခံအဆင့်} : သူခိုးမှတ် ၁၀မှတ်]

{အသေးစိတ်ဖော်ပြချက် : မည်သည့်အဆင့်နိမ့်အစီရင်မျိုးကိုမဆို သင်၏လက်ဖြင် ဖွင့်နိုင်စွမ်း ရှိသည်။ သူခိုးတစ်‌ယောက်အတွက် ရတနာများဖွင့်ရန် ရှိကိုရှိသင့်သော စွမ်းရည်တစ်ခုဖြစ်သည်။

သတိပေးချက် : ပထမအဆင့် ရတနာများကို မဖွင့်ပါနှင့်}

ဤတစ်ခေါက်တွင်တော့ Ace ဘာမှ မပြောတော့ပေ။ များစွာသော ‘အခမဲ့’များကို ကြည့်ကာ မှင်သက်သွားသည်။ သူမှားကြည့်မိသည် မဟုတ်သည်ကို သေချာစေရန် သူ့မျက်လုံးများကို ပွတ်သတ်လိုက်သည်။ သို့သော် ထိုအရာများသည် အမှန်ပင် အခမဲ့များ ဖြစ်ပေသည်။

“ဟဟဟ မင်းဆီမှာ အသိစိတ်‌လေးတော့ ရှိနေသေးတာပဲ” ကျေနပ်မှုများဖြင့် အရူးတစ်ယောက်လို သူခေါင်းငြိမ့်လိုက်ကာ ပျော်ရွှင်မှုများပြည့်နေသော မျက်နှာဖြင့် ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။

“ရရှိနိုင်တဲ့ အရည်အချင်းတွေ အားလုံးကို ယူမယ်။ အထူးသဖြင့် ရတနာဖွင့်နိုင်စွမ်းရှိတဲ့ လက်ကို ၁၀မှတ်နဲ့ ယူမယ်။” ကျေနပ်ဝမ်းသာစွာ သူပြုံးရင်း ပြောလိုက်သည်။ အရည်အချင်းတိုင်း၏ အသေးစိတ်အကြောင်းအရာများကို ဖတ်ပြီးနောက် နောက်ဆုံးတွင် စနစ်သည် သူ့ကို သေဆုံးအောင် တွန်းပို့နေခြင်းမဟုတ်ကြောင်း နားလည်သွားတော့သည်။ ဤအရည်အချင်းများကို သူအမြဲ ရရှိနိုင်ပေသည်။ သို့သော် သူAlinaအတွက် စိုးရိမ်ပူပန်နေပေသေးသည်။

အမိန့်ပေးပြီးနောက် သူ၏ကျန်ရှိသော သူခိုးမှတ် ၁၂မှတ်သည် ၂မှတ်သို့ ပြောင်းလဲသွားပြီး သတင်းအချက်အလက်မျိုးစုံသည် ယခင်တုန်းကလို သူ့ခေါင်းထဲသို့ တိုးဝင်လာတော့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ နာကျင်မှုကို မခံစားရတော့ပေ။ ထို့‌အပြင် လန်းဆန်းမှုကိုပါ ခံစားရနေပေသေးသည်။

၅မိနစ်ကြာပြီးနောက် အရည်အချင်း၅ခု၏ သတင်းအချက်အလက်များ အားလုံးကို သူ့ဦးနှောက်ထဲသို့ လွှဲပြောင်းပြီးသွားပေပြီ။ အရည်အချင်းတစ်ခုချင်းဆီ၏ လှုပ်ရှားမှုများကို သူမှတ်မိသွားကာ မည်သို့ လေ့ကျင့်ရမည်ကိုလည်း သိသွားသည်။

သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် သူ့မျက်စံအိမ်သည် အနက်ရောင်မှ ရွှေရောင်သို့ ပြောင်းသွားသည်။ ယခင်ကလိုမဟုတ်တော့ဘဲ ယခုကမ္ဘာကြီးကို ပိုမိုရှင်းလင်းစွာ မြင်နေရသည်။ သို့သော်လည်း တစ်ခဏမျှ အကြာတွင် စူးရှသော နာကျင်မှုကို သူ့မျက်လုံးများအတွင်းမှ ခံစားလာရကာ အော်ဟစ်လိုက်သည်။ “အားးးး”

သူ့မျက်လုံးများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ မြေပေါ်သို့ ဒူးထောက်ကျသွားသည်။ ထို့နောက် သူ့မျက်လုံးများထဲမှ ရွှေရောင်သည်လည်း ပျောက်ကွယ်သွားပြီး ယခင်ကလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

[သတိပေးချက် : သင်က ကျင့်ကြံသူတစ်ယောက် မဟုတ်တာကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ ချီအနည်းငယ်ပဲ ရှိပါသေးတယ်။ အဲ့တာကြောင့် အမှန်နှင့်အများမျက်လုံးက ပိတ်နေဆဲပါ။ အမှန်နှင့်အများမျက်လုံးကို အသုံးမပြုခင် တစ်ခြားအရည်အချင်းတွေနဲ့ ချီကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အရင် လေ့လာဖို့ အကြံပေးချင်ပါတယ်။ သင့်ရဲ့ ချီကို အကန့်အသတ်ထက် ကျော်ပြီး သုံးမိသွားရင် သေသွားနိုင်ပါတယ်။]

ဘာ‌တွေဖြစ်ပျက်သွားသည်ကို သူနားလည်လိုက်ပြီး သူ့အမြင်အာရုံများ ပြန်ရလာသည်။

သို့သော် သူ့အမြင်အာရုံ ပြန်ရလာသောအချိန်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် အလွန်အမင်း ဆာလောင်မှုတို့ကို ခံစားရသည်။ သူဘာမှ မစားလျှင် ချီကုန်ဆုံးခြင်းကြောင့် သေသွားနိုင်သည်ဟု ခံစားလိုက်ရသည်။

ညနေခင်းပင် ရောက်နေပြီ ဖြစ်ပြီး ယနေ့ သူနေ့လည်စာ မစားရသေးပေ။ ထို့ကြောင့် သူအသားဆိုင်များဆီသို့ လျှင်မြန်စွာ ဦးတည်သွားလိုက်ကာ အသားနှင့် အခြားဟင်းချက်စရာများကို ဝယ်လိုက်သည်။ အသားကို ချက်ပြုတ်လိုက်ပြီးနောက် ဗိုက်ဆာနေသော သရဲတစ်ကောင်လို စားသောက်တော့သည်။

သူယခင်ကလို ဖြစ်မှာ ကြောက်တာကြောင့် ထိုအရည်အချင်းများကို ထပ်မစမ်းရဲတော့ပေ။ အကြောင်းပြချက်အချို့ကြောင့် ထိုအရည်အချင်းများသည် နားလည်ရ လွယ်ကူကာ ထိုအရာများကို အသက်သွင်းနိုင်ပေသည်။

ဤအရည်အချင်းများသည် အခြေခံသာဖြစ်တာကြောင့် မည်သူမဆို သင်ယူနိုင်ပေသည်။ ထို့ကြောင့် သူနားလည်ရန် လွယ်ကူနေခြင်းကို မအံ့ဩတော့ပေ။ စနစ်၏ အကြံဉာဏ်ကို သူလက်ခံလိုက်ကာ အရင်ဆုံး ချီကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်တော့သည်။ ထို့နောက် အခြားအရာများကို ထပ်မံသင်ယူရန် လုပ်တော့သည်။

“လက်နက်ဘောင်ကွက်ကို ပြပေး” ဤဘောင်ကွက်မှနေ၍လည်း အခြားသော ‘အခမဲ့’များကို ရရှိနိုင်ရန် သူမျှော်လင့်နေမိသည်။

[ရရှိနိုင်သော လက်နက်များ]

[အနက်ရောင်ဓားသွားများအစုံ‌လိုက် (အတို ၁ချောင်း၊ အရှည် ၁ချောင်း : သူခိုးမှတ် ၃၀မှတ်]

[မျက်နှာဖုံး ၂ခု : သူခိုးမှတ် ၈၀မှတ်]

[မမြင်နိုင်‌သော ပုတီးစေ့ : တစ်စေ့လျှင် သူခိုးမှတ် ၅၀မှတ်]

{ပုတီးစေ့ ၅စေ့ ရရှိနိုင်ပြီး တစ်ခါသုံးဖြစ်သည်။

သက်တမ်း : ၁မိနစ်}

ထိုအချိန်တွင် လက်နက်၏ ‌ဈေးနှုန်းများကို Ace တွေ့လိုက်ရတာကြောင့် ထိုဘောင်ကွက်ကို လျှင်မြန်စွာ ပိတ်လိုက်တော့သည်။ ထိုလက်နက်များသည် $ရမ်း ဈေးကြီးပေသည်။

ထိုမမြင်နိုင်‌သော ပုတီးစေ့များကို ဝယ်နိုင်လျှင် အောင်မြန်ရန် အခွင့်ရေး ပိုများနိုင်သော်လည်း ပိုက်ဆံဓားပြတိုက်နေသော စနစ်သည် သူခိုးမှတ် ၅၀မှတ်အတွက်ကို ၁စေ့သာလျှင် ပေး၏။ ထို့အပြင် ၁စေ့ကို ၁ကြိမ်သာ အသုံးပြုနိုင်ပြီး ၁မိနစ်တည်း အသုံးပြုနိုင်၏။

သူလက်နက်များအကြောင်း အလျင်အမြန် မေ့ပစ်လိုက်တော့သည်။ ထို့နောက် ‘အခမဲ့’အရည်အချင်းများပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။ ညအချိန်ရောက်ရန်စောင်းဆိုင်းကာ သူအပြင်ထွက်သွားလိုက်သည်။

သူသွားနေသောနေရာသည် ဆင်းရဲသားရပ်ကွက်အနီးတွင် ဖွင့်ထားသော ပန်းခြံသို့ဖြစ်သည်။ ဤပန်းခြံသည် မြို့တော်အပြင်ပိုင်းဒေသတွင် ဖွင့်ထားသော တစ်ခုတည်းသော ပန်းခြံပင်။ သို့သော်

ထိုပန်းခြံကို ကောင်းမွန်စွာ မပြုပြင်ထားဘဲ မနက်ပိုင်းတွင် ဆင်းရဲသားကလေးငယ်များသာ လာရောက်ဆော့ကစားကြသည်။

လက်ရှိတွင် Ace သည် သူ၏ တိတ်ဆိတ်သောခြေလှမ်းအရည်အချင်းကို လေ့ကျင့်နေကာ စနစ်မှ ပြောသည့်အတိုင်း ချီကိုလည်း ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။ အချိန်အနည်းငယ် လေ့ကျင့်ပြီးနောက် အောင်မြင်သွားသည်။

ချီအနည်းငယ်ကို ထိန်းချုပ်သွားနိုင်ပြီးနောက် ညလယ်ထိ သူဆက်လက်လေ့ကျင့်နေလေသည်။

နောက်ထပ် နာရီအနည်းငယ် ဆက်လေ့ကျင့်ပြီးနောက် သူအလွန် ပင်ပန်းနွမ်းနယ်မှုကို ခံစားရတော့သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အိမ်ပြန်လမ်းတစ်လျှောက် ဆွဲသွားကာ ညနေခင်းမှ ကျန်သော အစားအစာ အနည်းငယ်ကို စားလိုက်သည်။ ထို့နောက် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်တွင် သူ့မျက်လုံးများကို ဖွင့်လိုက်ကာ ယနေ့သည် ယခင်ကနှင့် ကွဲပြားခြားနာသည်ဟု ခံစားရသည်။ Alina လေးသည် မနေ့ကအတိုင်းဖြစ်ပြီး သူမအသားရည်သည် ပို၍ပင် ဖြူ‌ဖျော့လာ၏။

‘ငါဒီည လုပ်မှ ဖြစ်မယ်။’ သူဆုံးဖြတ်ပြီးသွားလေပြီ။

ယမန်နေ့ညက ချီမကုန်ဆုံးခင်ထိ အရည်အချင်း ၂မျိုးကို လေ့ကျင့်ခဲ့သည်။ သူအလျင်အမြန် အပြင်ထွက်လိုက်ကာ အသားများ ပိုဝယ်လာခဲ့လိုက်၏။ အသား သို့မဟုတ် အခြားအာဟာရဓာတ် မြင့်မားသော အစားစာများကို မစားလျှင် ပင်ပန်းနွမ်းနယ်မှုကြောင့် သေသွားနိုင်သည်ကို သူခံစားခဲ့ရပေသည်။ သူခံစားရသည်ကလည်း မှန်ပေသည်။ သူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ့တွင် အခြားသာမန်လူများလို မပြောပ‌လောက်အောင် နည်းသော ချီသာ ရှိပေသည်။

Ace သည် သူလေ့ကျင့်နေသော အရည်အချင်းများသည် ၎င်းတို့၏ အခြေခံအဆင့်တွင် အဆုံးစွန်သော အရည်အချင်းများဖြစ်သည်ကို မသိခဲ့ပေ။ ထို့ကြောင့် အခြားအရာများထက် ပို၍ ချီကို လိုအပ်ခြင်းပင်။ သူ့နေ‌ရာတွင် အခြားတစ်‌ယောက်သာဆိုလျှင် ထိုအရည်အချင်းများကို လေ့ကျင့်ခြင်းကြောင့် သေသွားခဲ့လောက်ပေပြီ။

မနက်စာအတွက် ၂ပေါင်၊ ၃ပေါင်လောက်ရှိသော အသားများကို စားပြီးနောက် ဈေးသို့ ထပ်မံသွားလိုက်ကာ အိတ်တစ်လုံး၊ ဓါးမြောင်တစ်ချောင်း၊ ‌ခေါင်းစွပ်ပါသော ကိုယ်လုံးပြည့် အနက်ရောင် ဝတ်စုံတစ်စုံနှင့် အနက်ရောင် မျက်နှာဖုံးတစ်ခုတို့ကို ဝယ်ခဲ့လိုက်သည်။ ထိုအတွက် ငွေဒင်္ဂါး ၄၀ပြား ကျသင့်ခဲ့သည်။

သူ၏ ဈေးဝယ်မှု ပြီးပြီးနောက် ‌တိတ်ဆိတ်သောခြေလှမ်းကို ထပ်မံ၍ လေ့ကျင့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို ကျွမ်းကျင်ရန် အလွန် ခက်ခဲတာကြောင့်ပင်။ ထို့အပြင် ထိုအရည်ချင်းသည် ယနေ့ညအတွက် သူအသုံးချရမည့် အလွန်အရေးပါသော အရည်ချင်းဖြစ်သည်။

All Chapters