အကန့်အသတ်မဲ့သော သက်လုံအား
Vol. 70 Ch. 1037
“အဲဒါက ခေါင်းလောင်းပျက်တစ်ခုပါကွာ”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံးလိုက်လေသည်။
“ဒီနေ့ ငါက မင်းကို တမလွန်ပို့ပေးမယ်”
သူ၏လက်ဖဝါးသည် သူ၏သိုလှောင်အိတ်ဆီ ရောက်ရှိသွားပြီး ကောင်းကင်ဖြိုခွဲသူကို ဆွဲထုတ်လိုက်လေသည်။
ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်ဘက်လက်မှာ ကိုင်ထားပြီး ကောင်းကင်ဖြိုခွဲသူကို ညာဘက်လက်မှာ ကိုင်ထားလေသည်။ သူက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သီယင်းထံသို့ ပြေးဝင်သွားလေသည်။
ရွှစ်..
အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့သွားပြီး ဝင်းလက်တောက်ပလာကာ သီယင်းကို နောက်တစ်ဖန် တိုက်ခိုက်လိုက်လေသည်။
သီယင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားလေသည်။ သူ၏ ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေလေသည်။ သူသည် ဘယ်ဘက်လက်က ကစဉ့်အလျားအမြုတေခေါင်းလောင်းကို ကိုင်ထားပြီး ဓမ္မစွမ်းအားများကို ထိုးသွင်းကာ ကစဉ့်အလျားအမြုတေခေါင်းလောင်း ဘေးပတ်လည်တွင် မြူခိုးများကို သိပ်သည်းစုဖွဲ့လာစေလေသည်။
ချွမ်း..
ဖန်တီးခြင်းကြာပဒုမ္မာသည် ကစဉ့်အလျားအမြုတေခေါင်းလောင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး နောက်ထပ်ခေါင်းလောင်းသံက ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း.. ထို့နောက် ချက်ချင်းပင် တစ္ဆေညည်းတွားသံများနှင့် ဝံပုလွေအူသံများက တိုက်ပွဲနယ်မြေမှာ ထွက်ပေါ်လာပြီး ခေါင်းလောင်းသံကို ဖိနှိမ်လိုက်လေသည်။
ဆူဇီမိုသည် ကောင်းကင်ဖြိုခွဲသူကို လက်ပြန်ဝှေ့ယမ်း၍ များစွာသော ဆေဘာအရိပ်များကို ခုတ်ပိုင်းလိုက်ပြီး တစ္ဆေညည်းသံ၊ ငရဲခန်းနှင့် တန်ပြန်စီးကြောင်း ဆေဘာစိတ်ဆန္ဒတို့ကိုပင် ထုတ်ဖော်လိုက်လေသည်။
များစွာသော ဆေဘာစိတ်ဆန္ဒများက အတူတကွ ပေါင်းစည်းသွားလေသည်။
တိုက်ပွဲနယ်မြေတွင် ဧရာမ ငရဲခန်းတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ သွေးများက မြစ်တစ်ခုလို စီးဆင်းနေပြီး နတ်ဆိုးများနှင့် မိစ္ဆာအရိပ်များက ထိတ်လန့်ချောက်ချားဖွယ်ရာ အော်ဟစ်လိုက်ကြလေသည်။
မသိလိုက်မသိဘာသာနှင့်ပင်.. သီယင်း၏ လက်ထဲမှာ ရှေးဟောင်း ကျောက်သားလက်ရိုက်တုတ် တစ်ချောင်းက ပေါ်ထွက်လာခဲ့လေသည်။ အဲဒါက သွေးများဖြင့် စွန်းထင်းနေပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ရှိနေလေသည်။
“ပြိုကွဲစမ်း”
သီယင်းသည် သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး ကျောက်သားလက်ရိုက်တုတ်ကို လွှဲယမ်းလိုက်လေသည်။ လေခွင်းသံက ထွက်ပေါ်လာပြီး ဝမ်းနည်းပူဆွေးဖွယ်ရာ အော်ဟစ်သံများက လောကကို တုန်လှုပ်သွားစေလေသည်။
ထိုအသံကို ကြားရသည့်အခါ အခြားသူများက ထူးထူးခြားခြား ခံစားရမည် မဟုတ်သော်လည်း ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
သူ၏ မျိုးဆက်သွေးတွင် နဂါးသွေး ပါဝင်လေသည်။
ထိုဝမ်းနည်းပူဆွေးဖွယ်ရာ အော်သံများသည် သူ၏ နှလုံးနှင့် အမှန်တကယ်ပင် ပဲ့တင်ထပ်နေလေသည်။
အဲဒါက နဂါးမျိုးနွယ်မှ ဝမ်းနည်းပူဆွေးဖွယ်ရာ အော်ဟစ်သံများ ဖြစ်လေသည်။
ဘန်း.. ဘန်း.. ဘန်း..
သီယင်း၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ကျောက်သား လက်ရိုက်တုတ်ကို လွှဲယမ်း၍ ယခုတင် ဖြစ်ပေါ်လာသော ငရဲခန်းကို အလွယ်တကူ ချေမွဖျက်ဆီးပစ်လိုက်လေသည်။
ကျောက်သား လက်ရိုက်တုတ်က ကောင်းကင်ဖြိုခွဲသူနှင့် ရိုက်ခတ်သောအခါ မီးပွားများက လွင့်စင်ထွက်လာလေသည်။
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားလေသည်။
ချက်.. ချက်.. ချက်..
ကောင်းကင်ဖြိုခွဲသူပေါ်တွင် အက်ကွဲကြောင်းများက ဖြစ်ပေါ်လာခဲ့လေသည်။
အဆုံးစွန်မီးကိုယ်တိုင် သွန်းလုပ်ဖန်တီးပေးခဲ့သော မူလတာအိုသက်ရှိ ဓမ္မလက်နက်သည် သီယင်း၏ ကျောက်သား လက်ရိုက်တုတ်ကြောင့် အက်ကွဲသွားပြီး ၎င်း၏ အရောင်အဝါက မှိန်ကျသွားလေသည်။
“အဲဒါက နဂါးစစ်ထိုး လက်ရိုက်တုတ်ပဲ”
လင်းရွှမ်ကျီက သုန်မှုန်နေသော အမူအရာဖြင့် ရေရွတ်လိုက်လေသည်။
သီယင်းက ခေါင်းညိတ်ပြလိုက်လေသည်။
“ပဟေဠိနန်းတော်က အရိုက်အရာဆက်ခံသူတစ်ယောက်ဆိုတဲ့အတိုင်းပါပဲလား.. မင်းက တော်တော်လေး ဗဟုသုတကြွယ်သားပဲ”
“ညီအစ်ကိုဆူ သတိထား.. အဲဒီ နဂါးစစ်ထိုးလက်ရိုက်တုတ်က ရှေးဟောင်းခေတ်က လက်နက်တစ်ခုပဲ.. အဲဒါက အဆင့်သတ်မှတ်လို့ မရပေမဲ့ တစ်ခါတုန်းက အဲဒီလက်နက်က နတ်နဂါးတစ်ကောင်ကို ဒဏ်ရာရရှိစေခဲ့တယ်”
လင်းရွှမ်ကျီသည် အလောတကြီး သတိပေးလိုက်လေသည်။
“အဲဒီလက်နက်ပေါ်မှာ စွန်းထင်းနေတဲ့ သွေးတွေက နတ်နဂါးရဲ့ သွေးတွေပဲ”
ဆူဇီမိုသည် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားလေသည်။ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာတုန်းက ယဲ့ထျန်းချန် အသုံးပြုခဲ့သော ကျောက်သားတူသည် ဤနဂါးစစ်ထိုး လက်ရိုက်တုတ်နှင့် ပြုလုပ်ထားသော ပစ္စည်းချင်း တူပုံရလေသည်။
လင်းရွှမ်ကျီက ကြောက်ရွံ့မှုကို ခံစားလာရလေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် သီယင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း မရှိချေ။ မဟုတ်ပါက ထိုသူသည် ဤလက်နက်ကို ထုတ်ယူလိုက်သည်နှင့် သူက မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားရနိုင်လေသည်။
“အထီးကျန်သိုင်းသခင်.. မင်း အားထားရဆုံး ဓမ္မလက်နက်တွေကတောင် ငါ့ကို မခြိမ်းခြောက်နိုင်တော့ဘူး.. မင်းမှာ တခြား ဘာနည်းလမ်း ရှိသေးလို့လဲ”
သီယင်း၏ အမူအရာက အေးစက်နေပြီး သူ၏အော်ရာက မိုးထိတိုင် ထိုးတက်လာလေသည်။ ဘယ်ဘက်လက်မှာ ကစဉ့်ကအလျားအမြုတေခေါင်းလောင်း၊ ညာဘက်လက်မှာ နဂါးစစ်ထိုး လက်ရိုက်တုတ်ကို ကိုင်ဆွဲပြီး သူက ဆူဇီမိုထံသို့ ပြေးဝင်လာခဲ့လေသည်။
ဘုန်း..
ဆူဇီမိုက သူ၏လက်ကို မှောက်လှန်ပြီး ဂမ္ဘီရသံလိုက်တောင်ကို ထုတ်ယူကာ သူတို့ကြားမှာ ပစ်ကာလိုက်လေသည်။
သို့သော်လည်း သီယင်း၏ အရှိန်အဟုန်က လုံးဝ လျော့ကျသွားခြင်း မရှိပေ။
“ဟီးဟီးဟီး”
သီယင်းက လှောင်ရယ်မောလိုက်လေသည်။
“ဂမ္ဘီရသံလိုက်တောင်က ကစဉ့်ကအလျားအမြုတေခေါင်းလောင်းနဲ့ နဂါးစစ်ထိုး လက်ရိုက်တုတ်ပေါ်မှာ သက်ရောက်မှု လုံးဝမရှိဘူး.. ငါ နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်ခဲ့တုန်းက ငါရွေးချယ်တဲ့ ဓမ္မလက်နက်တွေက မင်းကို တိုက်ခိုက်ဖို့ အထူးတလည် ရည်ရွယ်ထားတာပဲ”
များစွာသော ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ ကြက်သီးမွေးညင်းများ ထလာကြလေသည်။
သူသည် နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်သည့် အချိန်မှာပင် သူရွေးချယ်သော ဓမ္မလက်နက်များက ဆူဇီမိုကို အထူးသဖြင့် ဖိနှိမ်ဖို့ ဖြစ်နေလေသည်။ သူ၏ မကျေမချမ်းမှုများက ဘယ်လောက်တောင် များပြားနေတာပါလဲ။
ဆူဇီမိုပြောသည့် အချက်တစ်ချက်က မှန်ကန်နေကြောင်း လူတိုင်း ရုတ်တရက် နားလည်လာကြလေသည်။
သူက သီယင်း၏ အတွင်းနတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့လေပြီ။
ဤတိုက်ပွဲက သီယင်း၏ နောက်ဆုံးအခွင့်အရေး ဖြစ်လေသည်။
သီယင်းက ဂမ္ဘီရသံလိုက်တောင်ကို အလွယ်တကူ ဖြတ်ကျော်လာခဲ့သည်ကို မြင်သောအခါ ဆူဇီမိုက ထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိပေ။
ဂမ္ဘီရသံလိုက်တောင်က သုံးစားမရမှတော့ သူကိုယ်တိုင် တိုက်ခိုက်ရပေလိမ့်မည်။
သီယင်းနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက ဘယ်ဘက်လက်ဖြင့် ဖန်တီးခြင်းကြာပဒုမ္မာကို ဝှေ့ယမ်းပြီး သူ၏ ညာဘက်လက်သီးကို ဆုပ်ကာ ရှေ့သို့ ပစ်ထိုးလိုက်လေသည်။
ချွမ်း..
အစိမ်းရောင်ကြာပန်းသည် ကစဉ့်ကအလျားအမြုတေခေါင်းလောင်းနှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။
ရွှစ်..
နတ်ဆိုးဆန်ဆန် လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့လေသည်။
နဂါးစစ်ထိုး လက်ရိုက်တုတ်သည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်ရိုက်လာလေသည်။
ဆူဇီမိုက သူ၏ ညာဘက်လက်သီးကို ဆုပ်ပြီး အေးစက်စက် အကြည့်နှင့်အတူ အဲဒါကို ပစ်ထိုးလိုက်လေသည်။
ဘန်း…
နဂါးစစ်ထိုးလက်ရိုက်တုတ်သည် ဆူဇီမို၏ ညာဘက်လက်သီးနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက်.. ထုံထိုင်းထိုင်း အသံတစ်သံကို ထွက်ပေါ်လာစေလေသည်။
သွေးရောင်က ဖြာလက်သွားလေသည်။
ဆူဇီမို၏ ညာဘက်လက်သီးသည် နဂါးစစ်ထိုးလက်ရိုက်တုတ်ကြောင့် စုတ်ပြဲသွားခဲ့လေသည်။
သို့သော်လည်း ကောင်းကင်ဖြိုခွဲသူကို ဖျက်ဆီးချေမွနိုင်ခဲ့သော နဂါးစစ်ထိုးလက်ရိုက်တုတ်သည် နတ်ဖီးနစ်အရိုး ပါရှိသော ဆူဇီမို၏ ညာဘက်လက်ကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
“နတ်ဖီးနစ်အရိုးလား.. ဟမ့်..”
သီယင်းက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်လေသည်။
“မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
သူတို့နှစ်ယောက်က နောက်တစ်ဖန် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
သူတို့နှစ်ယောက်စလုံးသည် ကြောက်စရာကောင်းသော ဓမ္မလက်နက်များကို သူတို့၏လက်ထဲမှာ ကိုင်ဆွဲထားကြလေသည်။ ဤကဲ့သို့သော အနီးကပ်တိုက်ခိုက်မှုတွင် မည်သည့်နည်းစနစ်မှ ပါဝင်ခြင်း မရှိတော့ပေ။ အဲဒါက ခွန်အားနှင့် သက်လုံးအားသက်သက် ယှဉ်ပြိုင်ခြင်း ဖြစ်လာခဲ့လေသည်။
ထိတွေ့ရိုက်ခတ်မှု တစ်ကြိမ်စီတိုင်းက ကမ္ဘာတုန်လောက်လေသည်။
သူတို့နှစ်ယောက် ဖြတ်သွားရာနေရာတိုင်း အပျက်အစီးပုံများက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ချွမ်း.. ချွမ်း.. ချွမ်း..
ကစဉ့်ကအလျားအမြုတေခေါင်းလောင်းက အဆက်မပြတ် မြည်ဟည်းနေလေသည်။
၎င်းတစ်ကြိမ်မြည်လာတိုင်း ဆူဇီမို၏ ခန္ဓာကိုယ်က တုန်ယင်သွားပေလိမ့်မည်။
ဘန်း.. ဘန်း.. ဘန်း..
နဂါးစစ်ထိုးလက်ရိုက်တုတ်နှင့် ဆူဇီမို၏ ညာဘက်လက်သီးကလည်း အဆက်မပြတ် ထိတွေ့ရိုက်ခတ်နေကြလေသည်။
ဆူဇီမို၏ ညာဘက်လက်သီးသည် နဂါးစစ်ထိုးလက်ရိုက်တုတ်နှင့် အဆက်မပြတ် ထိတွေ့ရိုက်ခတ်ပြီးနောက် ၎င်း၏ လက်ခုံပေါ်တွင် အသွေးအသားများစွာ မကျန်ရှိတော့ပေ။ နဂါးစစ်ထိုးလက်ရိုက်တုတ်နှင့် အဆက်မပြတ် ရိုက်ခတ်ပြီးနောက် နီရဲနေသော နတ်ဖီးနစ်အရိုးသာလျှင် ကျန်ရှိခဲ့လေတော့သည်။
ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးက စွမ်းအင် အမြောက်အများကို သုံးစွဲရလေသည်။
ဆူဇီမို၏ ညာဘက်လက်သာ ဆိုးဆိုးဝါးဝါးပုံစံပေါက်နေသည် မဟုတ်ပေ။
သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများကလည်း စီးကျလာနေခဲ့လေပြီ။
ကစဉ့်ကအလျားအမြုတေခေါင်းလောင်း၏ အသံကြောင့် သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်၍ မွန်းကျပ်နေပြီး သူ၏အသားများက အက်ကွဲလာကာ သူ၏ အစိမ်းရောင်ဝတ်ရုံက သွေးများဖြင့် စိုရွှဲသွားခဲ့လေပြီ။
သီယင်းသည် အောင်နိုင်သူတစ်ယောက်အလား သူ့ရှေ့ကနေ တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာခဲ့လေသည်။ သူ၏ အမူအရာက စိတ်လှုပ်ရှားလာပြီး သူတစ်ကြိမ်တိုက်ခိုက်တိုင်း သူ၏ခွန်အားအပြည့်ကို အသုံးပြုထားလေသည်။
ဆူဇီမိုသည် အဆက်မပြတ် နောက်ဆုတ်နေရလေသည်။ သူသည် သွေးများဖြင့် စိုရွှဲ၍ အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်နေသော်လည်း သူ၏မျက်လုံးများက မည်သည့် ကြောက်လန့်မှုမှ မရှိဘဲ တမူထူးခြားအောင် တည်ငြိမ်နေလေသည်။
သူ၏ခန္ဓာကိုယ်သည် ချုံးချုံးကျနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူက ဒဏ်ရာအပြင်းအထန် ရရှိထားခြင်း မရှိပေ။
ဒါ့အပြင် ကစဉ့်ကအလျားအမြုတေခေါင်းလောင်း၏ တုန်ခါအားသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် သိုဝှက်ထားသော ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သည့် အရောင်တောက်တောက် စွမ်းအားတစ်မျိုးကို နှိုးဆွပေးလာခဲ့လေသည်။
ထိုအရောင်တောက်တောက် စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများဖြင့် ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးခဲ့သော သေးငယ်သည့် အလင်းစက်ကလေးများ ဖြစ်လေသည်။
ယခုအခါ သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေသေးသော ထိုစွမ်းအားသည် အပြည့်အဝ ထွက်ပေါ်လာပြီး တကူးတက ထိန်းချုပ်စရာ မလိုဘဲ ဆူဇီမို၏ခန္ဓာကိုယ်ကို စတင်၍ ပြုပြင်ဖာထေးပေးလာလေသည်။
အပေါ်ယံကြည့်လျှင်တော့ ဆူဇီမိုက သွေးသံရဲရဲဖြစ်နေလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ဒဏ်ရာများက မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေလေသည်။ သူ၏ သက်လုံအားကလည်း လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာပြီး သူ၏ အခြေအနေက အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။
နှစ်ဖက်စလုံးသည် လုံးဝရပ်နားခြင်း မရှိဘဲ တစ်နာရီလုံးလုံးကြာအောင် အဆက်မပြတ် တိုက်ခိုက်နေကြလေသည်။
သီယင်းပင်လျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရလေသည်။
သူ သုံးစွဲခဲ့ရသော စွမ်းအင်ပမာဏက အရမ်းကို များပြားလွန်းလေသည်။
သူ၏ သွေးချီလည်ပတ်မှုအသံသည် အရင်ကလောက် ကျယ်လောင်ခြင်း မရှိတော့ပေ။
သီယင်း တုန်လှုပ်သွားရသည်မှာ သူက အလွန်တရာ ပင်ပန်းနေသည့်ပုံပေါ်သော်လည်း ဆူဇီမိုက ထိုသို့ဖြစ်သည့်ပုံ မပေါ်ပေ။ သူက တိုက်ခိုက်နေရင်း ပိုမိုသန်မာလာသည်ဟုပင် ထင်ရလေသည်။
နောက်ထပ် အဆက်မပြတ် တိုက်ခိုက်မှုများက ထွက်ပေါ်လာခဲ့လေသည်။
နောက်ထပ် တစ်နာရီကြာပြီးနောက်.. ဆူဇီမိုက ဆက်လက်၍ နောက်ဆုတ်ခြင်း မရှိတော့ပေ။
နောက်ထပ် တစ်နာရီကြာပြီးနောက်.. သီယင်းက စတင်၍ နောက်ဆုတ်လာရလေပြီ။
သူ၏ နဂါးစစ်ထိုးလက်ရိုက်တုတ်သည် နတ်ဖီးနစ်အရိုးကို ချေမွဖျက်ဆီးနိုင်ခြင်း မရှိပေ။
သူ၏ ကစဉ့်ကလျားအမြုတေခေါင်းလောင်းသည်လည်း ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်နိုင်ခြင်း မရှိတော့ပေ။
ထိုကဲ့သို့ အပြင်းအထန် အဆက်မပြတ် တိုက်ခိုက်ပြီးနောက် သူ၏သက်လုံအားက တဖြည်းဖြည်း လျော့ကျလာခဲ့လေပြီ။
ဆူဇီမိုရဲ့ သက်လုံအားက ဘာဖြစ်လို့ အကန့်အသတ်မဲ့တဲ့ပုံ ပေါ်နေရတာလဲ..။
သီယင်းက ဒေါသူပုန်ထလာခဲ့လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက ကစဉ့်ကလျားအမြုတေခေါင်းလောင်းကို တစ်ကြိမ်ထိတွေ့ရိုက်ခတ်တိုင်း သူ၏လက်က တုန်ခါသွားခဲ့လေသည်။
ထိုတုန်ခါမှုတွင် သူ၏သွားများက ယိုင်နဲ့လာပြီး သူ၏ပါးစပ်ထဲတွင် ငန်ကျိကျိသွေးများက ပြည့်နှက်လာခဲ့လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် တိုက်ပွဲ၏ အလှည့်အပြောင်းက ဖြစ်ပေါ်လာခဲ့လေပြီ။