အသင်္ချေဆေဘာနှင့် အစိမ်းရောင် ကြာပန်းဓား
Vol. 70 Ch. 1038
အဲဒါက ပကတိခွန်အားသက်သက် ယှဉ်ပြိုင်ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်ဘက်လက်မှာ ကိုင်ထားလေသည်။ သူတစ်ကြိမ်ဝှေ့ယမ်းလိုက်တိုင်း အလင်းရောင်က ဖြာလက်သွားပြီး အစိမ်းရောက်ကြာခုံက ဆင်းသက်လာခဲ့လေသည်။ အဲဒါက ဥက္ကာခဲတစ်ခဲ ကြွေကျခြင်းထက် ပို၍ ပြင်းထန်နေပုံရလေသည်။
သူ၏ ညာဘက်လက်ထဲတွင် မည်သည့်လက်နက်မှ မရှိသော်လည်း နတ်ဖီးနစ်အရိုးနှင့်အတူ သူက သီယင်း၏ နဂါးစစ်ထိုးလက်ရိုက်တုတ်ကို အရေးနိမ့်ခြင်း မရှိဘဲ ယှဉ်ပြိုင်နိုင်လေသည်။
ဤတိုက်ပွဲသည် ကပ်ဘေးသုံးဆင့်နယ်မြေ အတွင်းဆုံးပိုင်းမှာတုန်းက သူ၏ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သော တောက်ပထည်ဝါသည့် အလင်းစွမ်းအားကို နှိုးဆွပေးလာခဲ့လေသည်။ ၎င်းက အကန့်အသတ်မဲ့သော စွမ်းအင်များကို ထုတ်ပေးပြီး သူ့ကို ထောက်ပံ့ပေးလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ တိုက်ခိုက်မှုက ပို၍ ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့လေသည်။
သို့သော်လည်း သီယင်းကတော့ စတင်၍ နောက်ဆုတ်နေရလေပြီ။
ဤအတိုင်းသာ ဆက်သွားလျှင် သူက အမောဆို့ပြီး သေဆုံးသွားနိုင်ကြောင်း နားလည်လာခဲ့လေသည်။
သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် လူသားဧကရာဇ်၏ ခန္ဓာမီးဆေး အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး သူ၏ ကိုယ်ကာယက ကြောက်စရာကောင်းလောက်အောင် သန်မာပြီး သူ၏ သက်လုံအားကလည်း အလွန်တရာ ပေါကြွယ်ဝလေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကြားမှ ခန္ဓာမီးဆေးထိပ်သီးဂိုဏ်းကြီးများ၏ အရိုက်အရာဆက်ခံသူများပင်လျှင် သူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ပြောရလျှင် သူသည် ကမ္ဘာဦးမျိုးနွယ် ၉စုမှ တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ကြောက်ရွံ့မှု ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် သူက ဆူဇီမိုကို စတင်၍ အရေးနိမ့်လာခဲ့လေသည်။
အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ခန္ဓာမီးဆေး နည်းစနစ်က အရမ်းကို ကြောက်စရာကောင်းလေသည်။
သူသည် သူ၏သွေးချီကို လှည့်ပတ်လို့ မရနိုင်လျှင်တောင် သူ့ခန္ဓာကိုယ်ထဲရှိ အခြေခံအုတ်မြစ်က တည်ရှိနေဆဲပင်။
သီယင်း၏ ခွန်အားအရ ထိုသူသည် သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိစေဖို့ မဖြစ်နိုင်ပေ။
ရုတ်တရက်ဆိုသလို..
သီယင်း၏ နှာရောင်သည် တောက်ပသွားပြီး ကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။ အဲဒါက လေထဲတွင် ဆေဘာတစ်လက် သို့မဟုတ် ဓားတစ်လက်နှင့် ဆင်တူသော စိတ်ဝိညာဉ်အသိစိတ်လက်နက်တစ်ခု ဖြစ်လာခဲ့လေသည်။
ထိုလက်နက်သည် အလွန်တရာ ဗျက်ကျယ်ပြီး အစွန်းတစ်ဖက်က ဆေဘာတစ်လက်နှင့် တူလေသည်။
သို့သော်လည်း ဓားသွားထိပ်ဖျားမှာ အသွားနှစ်ဖက် ပါရှိပြီး အဲဒါက ဓားတစ်လက်နှင့် တူနေပြန်လေသည်။
ထိုစိတ်ဝိညာဉ်အသိစိတ်လက်နက်သည် ဓားရှည်တစ်လက်၏ ထက်ရှမှုနှင့် ဆေဘာတစ်လက်၏ ကြမ်းကြုတ်ခက်ထန်မှုကို ပိုင်ဆိုင်ထားပြီး အော်ရာနှစ်မျိုးက ပြီးပြည့်စုံစွာ ပေါင်းစပ်နေလေသည်။
“အဲဒါက ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ ထိပ်တန်းအဆင့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် အသင်္ချေဆေဘာပဲ”
“သီယင်းရဲ့ စိတ်ဝိညာဉ်အသိစိတ်က အရမ်းကို ကြောက်ဖို့ကောင်းတာပဲ.. အဲဒါက ဓမ္မဝိသေသ တာအိုအရှင်တွေနဲ့တောင် ယှဉ်လို့ရနေပြီ”
“ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဒီမှာရှိနေရင်တောင် သူ့ရဲ့ အသင်္ချေဆေဘာနဲ့ တိုက်ခိုက်ခံရရင် အဲဒီလူက သတ်ဖြတ်ခံရမှာပဲ”
လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာခဲ့လေသည်။
ကစဉ့်ကလျားအမြုတေလက်ဝါးနှင့် အသင်္ချေဆေဘာသည် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ နာမည်အကြီးဆုံး လျှို့ဝှက်ပညာရပ်နှစ်ခု ဖြစ်လေသည်။
“သတ်ဖြတ်စမ်း”
သီယင်းသည် ကစဉ့်ကလျားအမြုတေခေါင်းလောင်းကို ထိန်းချုပ်၍ ဖန်တီးခြင်းကြာပဒုမ္မာ၏ တိုက်ခိုက်မှုကို ခုခံပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ရုတ်တရက် ထုတ်ဖော်လိုက်လေသည်။
အသင်္ချေဆေဘာက ဖျက်ဆီးအားလှိုင်းမြင့်မားသော အော်ရာတစ်ခုနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့လေသည်။
ဆူဇီမို၏ အမူအရာက သုန်မှုန်သွားခဲ့လေသည်။
ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ စွမ်းအားက တကယ့်ကို အံ့မခန်းပင်။
မင်းဝမ်ဆုတောင်းပုတီးသည် ကျန်ရှိနေသော ဗုဒ္ဓပုတီးစေ့နှစ်ခုနှင့်အတူ အကောင်းပကတိ ရှိနေမည်ဆိုလျှင် အဲဒါက ၎င်း၏စွမ်းအားကို ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။
သို့သော် ယခုအခါမှာတော့ မင်းဝမ်ဆုတောင်းပုတီးသည် မပြီးပြည့်စုံသော ဓမ္မလက်နက်တစ်ခု ဖြစ်နေဆဲပင်။
သူ၏စွမ်းအားကို အစွမ်းကုန် လှည့်ပတ်ထားမည်ဆိုလျှင်တောင် မင်းဝမ်ဆုတောင်းပုတီး၏ အကာအရံအလွှာက အသင်္ချေဆေဘာ၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု ဆူဇီမိုက ခံစားမိနေလေသည်။
ယခုချိန်အထိတော့.. သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကိုသာလျှင် သိရှိထားလေသည်။ အဲဒါက ရူလိုင်းဓမ္မချိပ်စည်း ဖြစ်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာအပေါ်မှာရှိသည့် သူ၏ အမြုတေစိတ်ဝိညာဉ်သည် အင်အားအများစုကို ပြန်လည်ရရှိထားပြီ ဖြစ်သော်လည်း သူက ရူလိုင်းဓမ္မချိပ်စည်းကိုတော့ နောက်တစ်ဖန် မထုတ်ဖော်နိုင်သေးပေ။
စောစောက မည်ကာမတ္တ တပည့်လေးယောက်နှင့် တိုက်ခိုက်ခဲ့စဉ် သူ၏ အထွတ်အထိပ် အခြေအနေမှာတောင် ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်သောအခါ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ခြောက်သွေ့လုနီးပါးဖြစ်ပြီး သူက သတိလစ်မတတ် ဖြစ်ခဲ့ရလေသည်။
သူက ရူလိုင်းဓမ္မချိပ်စည်းကို ယခုအခါ ပြန်လည်ထုတ်ဖော်မည်ဆိုလျှင် သူက အသင်္ချေဆေဘာကို မခုခံနိုင်ခင်မှာပင် အားအင်ကုန်ခမ်းပြီး သေဆုံးသွားရပေလိမ့်မည်။
သီယင်းက ခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. ဒီတိုက်ပွဲက အခုဆို ပြီးသွားပြီ”
“မလိုပါဘူး”
ဆူဇီမိုက သူ၏အတွေးများကို ထိန်းချုပ်လိုက်လေသည်။
အစိမ်းရောင်ကြာခုံမှ အလင်းတန်းများက ပျံသန်းထွက်ပေါ်လာခဲ့လေသည်။ အဲဒါက အစိမ်းရောင်ကြာစေ့ ၅၄စေ့ ဖြစ်လေသည်။ အစိမ်းရောင်ကြာစေ့များသည် မည်ကာမတ္တ တပည့်လေးယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် သူတို့၏ အရောင်အဝါက မှိန်ကျကာ ထက်ရှနိုင်ခြင်း မရှိတော့ပေ။
သို့သော်လည်း သူတို့သည် ကြာခုံထဲသို့ ပြန်လည်ရောက်ရှိ၍ အချိန်အတိုင်းအတာတစ်ခုအတွင်း ပြန်လည်အားဖြည့်ပြီးနောက်.. အစိမ်းရောင်ကြာစေ့ တစ်စေ့ချင်းစီက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။ သူတို့က ထက်ရှ၍ အရောင်တလက်လက် ထွက်နေလေသည်။
ကြာစေ့ ၄၅စေ့သည် လျင်မြန်စွာ စုစည်းသွားပြီး အားလုံး၏ ရှေ့မှောက်မှာပင် ပျောက်ကွယ်ကာ အစိမ်းရောင်ဓားတစ်လက်အသွင် ပြောင်းလဲသွားခဲ့လေသည်။
ဓား၏ကိုယ်ထည်ပေါ်တွင် ကြာပန်းပွင့်များကို နတ်ဘုရားဆန်ဆန် ထွင်းထုထားလေသည်။
အစိမ်းရောင်ဓားကို အလင်းရောင်ခြည်များက လှည့်ပတ်နေပြီး အဲဒါက လေထဲမှာ ဖြာလက်နေလေသည်။ အစိမ်းရောင်ကြာပန်းများသည် အသက်ရှိသည်ဟု ထင်ရပြီး ဓားချီနှင့်အတူ တိတ်တဆိတ် ဖူးပွင့်လာကြလေသည်။
ဇီ…
ဓားသံက ထွက်ပေါ်လာခဲ့လေသည်။
အစိမ်းရောင်ကြာပန်းဓားသည် သူ့ဆီသို့ ဝင်ရောက်လာသော အသင်္ချေဆေဘာဆီသို့ ပစ်ဝင်သွားလေသည်။
ဆေဘာနှင့် ဓား၏ ထိတွေ့ရိုက်ခတ်မှုက အသံကျယ်ကျယ် ထွက်မလာခဲ့ပေ။
သို့သော်လည်း ဆေဘာနှင့် ဓားတို့၏ ထိတွေ့ရိုက်ခတ်မှု အလယ်တွင် မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။ ဆေဘာချီက လေထဲမှာ ပြည့်နှက်သွားပြီး ဓားချီများကလည်း အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။
တိုက်ပွဲနှင့် နီးကပ်နေသော ကျင့်ကြံသူအချို့သည် အဲဒါကို အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ကြွင်းကျန်ရစ်သော စိတ်ဝိညာဉ်အသိစိတ် တုန်ခါလှိုင်းများ၏ သက်ရောက်ခြင်းကို ခံလိုက်ရလေသည်။
သူတို့ထဲမှ အချို့သည် မှင်တက်နေပြီး သူတို့၏ အမူအရာများက အေးခဲတောင့်တင်းသွားလေသည်။ သူတို့သည် လုံးဝ မလှုပ်ရှားတော့ဘဲ သူတို့၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ခွာ၍ လဲပြိုကျသွားလေသည်။
ထိုကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ သို့သော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်များသည် အသင်္ချေဆေဘာနှင့် အစိမ်းရောင်ကြာပန်းဓား၏ ထိတွေ့ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
ဟင်း..
လူအုပ်ကြီးက ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။
လူတိုင်းသည် ကြောက်လန့်တကြားဖြင့် နောက်သို့ ခုန်ဆုတ်လိုက်ကြလေသည်။
တာအိုအမွေအနှစ်ကုန်းမြေထဲသို့ ဝင်ရောက်လာခဲ့သော မူလနတ္ထိ တာအိုသက်ရှိများသည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏နောက်ခံ သေချာပေါက် ရှိကြလေသည်။ သူတို့ထဲ မည်သူကမှ သာမန်အညတရများ မဟုတ်ကြပေ။ သို့သော်လည်း ဤမူလနတ္ထိအချို့သည် ဆူဇီမိုနှင့် သီယင်းအကြား အမြုတေစိတ်ဝိညာဉ် ထိတွေ့ရိုက်ခတ်ခြင်း၏ ကြွင်းကျန်ရစ်သော စိတ်ဝိညာဉ်အသိစိတ် တုန်ခါလှိုင်းများကိုပင် ခံနိုင်ရည်မရှိကြပေ။ ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု၏ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ ခန့်မှန်းကြည့်နိုင်လေသည်။
အစိမ်းရောင်ကြာပန်းဓားသည် ဖန်တီးခြင်းကြာပဒုမ္မာ အဆင့်ခြောက်သို့ ဝင်ရောက်လာပြီးနောက် ဖန်တီးနိုင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်တစ်ခုလည်း ဖြစ်လေသည်။
ကြာစေ့တစ်စေ့ချင်းစီသည် ပြိုးပြိုးပြက်ပြက် အလင်းရောင်နှင့် တောက်ပနေပြီး အမြုတေစိတ်ဝိညာဉ်များကို ဖြတ်တောက်နိုင်သော ထက်ရှမှုနှင့် စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုများကို ခုခံနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ထိုအစိမ်းရောင်ကြာစေ့များ အားလုံးကို စုစည်းလိုက်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်းဓားက ဖြစ်ပေါ်လာပေလိမ့်မည်။ အဲဒါက အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုဖြစ်ပြီး ၎င်း၏စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းလေသည်။
သာမန်ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် အစိမ်းရောင်ကြာပန်းဓားနှင့် ရင်ဆိုင်ရပါက သူတို့၏ အမြုတေစိတ်ဝိညာဉ်က ဖြတ်တောက်ခံရပေလိမ့်မည်။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုသည် လေထဲမှာ ထိတွေ့ရိုက်ခတ်သွားပြီး တစ်ခုကိုတစ်ခု ဝါးမျိုကာ မည်သည့်ဘက်ကမှ အသာစီးမရရှိပေ။
အသင်္ချေဆေဘာက ပျက်ပြယ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်းဓားကလည်း ပျောက်ကွယ်သွားပြီး ကြာစေ့ ၅၄စေ့အဖြစ် ပြောင်းလဲကာ အရောင်မှိန်ကျသွားလေသည်။ သူတို့သည် ကြာခုံထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ဖြည်းဖြည်းချင်း အားဖြည့်လိုက်ကြလေသည်။
ထိုအခိုက်အတန့်တွင် သီယင်း၏ စိတ်နှလုံးထဲမှာ ကြီးမားသည့် လှိုင်းဂယက်များက ဖြစ်ပေါ်လာခဲ့လေပြီ။
အသင်္ချေဆေဘာက သူ၏ အကြီးမားဆုံး ဝှက်ဖဲတစ်ခု ဖြစ်လေသည်။
သူသည် ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ဖြင့် ဓမ္မဝိသေသ တာအိုအရှင်များကိုပင် သတ်ဖြတ်နိုင်ခဲ့လေသည်။
ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အဲဒါကို ခုခံနိုင်မည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။ သူ၏ နောက်ပိုင်းတိုက်ခိုက်မှုများကို သူတို့က ခုခံနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် အသင်္ချေဆေဘာ၏ တိုက်ခိုက်မှုကို မထိမခိုက် ခုခံနိုင်လိမ့်မည်ဟု သူက မျှော်လင့်မထားပေ။
“အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာပဲလား”
သီယင်း၏ မျက်လုံးက ဒေါသမီးဖြင့် တောက်လောင်လာခဲ့လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် လွန်ခဲ့သည့် နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် နေရာအတွက် ဆုလာဘ်ဖြစ်လေသည်။
ထိုရတနာက တကယ်တော့ သူပိုင်ဆိုင်ရသင့်လေသည်။
သူ့ရှေ့မှလူသည် သူပိုင်ဆိုင်သင့်သည့် အရာများအားလုံးကို သူ့ထံမှ လုယူသွားခဲ့လေသည်။
“စုဖွဲ့စမ်း”
ရုတ်တရက် သီယင်းသည် သူ့လက်ထဲရှိ ကစဉ့်ကအလျားအမြုတေခေါင်းလောင်းကို လေထဲသို့ မြှောက်တင်လိုက်လေသည်။ သူ၏နှာရောင်ကနေ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်သွားပြီး ကစဉ့်ကအလျားအမြုတေခေါင်းလောင်းထဲသို့ ဝင်ရောက်ကာ ကျယ်လောင်သော မြည်ဟည်းသံကို ထွက်ပေါ်လာစေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် လေဟာနယ်တစ်ခုလုံးက တုန်ခါသွားခဲ့လေသည်။
အဲဒီနောက်.. ကစဉ့်ကအလျားအမြုတေခေါင်းလောင်းသည် ရှေးကျ၍ အကန့်အသတ်မဲ့သော အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။ မြူခိုးအလင်းတန်းများက ရေတံခွန်တစ်ခုကဲ့သို့ ဝေါခနဲ ကျဆင်းလာပြီး ဆူဇီမိုအပေါ် လွှမ်းခြုံလာခဲ့လေသည်။
“ဟွင်း..”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ့လက်ထဲရှိ ဖန်တီးခြင်းကြာပဒုမ္မာက ယိမ်းနွဲ့သွားလေသည်။ အစိမ်းရောင်ကြာပန်းက ပြန့်ကားသွားပြီး ကြာရွက်များနှင့်အတူ ကျဆင်းလာသော မြူခိုးများကို ပိတ်ဆို့တားဆီးလိုက်လေသည်။
ကစဉ့်ကအလျားအမြုတေခေါင်းလောင်းက ဖန်တီးခြင်းကြာပဒုမ္မာကို လုံးဝ ဖိနှိမ်နိုင်ခြင်း မရှိပေ။
“သွား.. “
သီယင်းက သူ့လက်ထဲရှိ နဂါးစစ်ထိုးလက်ရိုက်တုတ်ကိုလည်း ပစ်ထုတ်လိုက်လေသည်။
နဂါးစစ်ထိုးလက်ရိုက်တုတ်သည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး ကျောက်စိမ်းရောင် ကြာရိုးဆီသို့ ပစ်ဝင်သွားခဲ့လေသည်။
အစိမ်းရောင်ကြာပန်းက သိမ်မွေ့စွာ ယိမ်းနွဲ့သွားပြီး နဂါးစစ်ထိုးလက်ရိုက်တုတ်ကို ညင်သာစွာ ပြန်ကန်ထွက်သွားစေလေသည်။
ထို့နောက် ချက်ချင်းပင် အစိမ်းရောင်ကြာရွက်က ပြန့်ကားလာပြီး နဂါးစစ်ထိုးလက်ရိုက်တုတ်ကို ရစ်ပတ်လိုက်လေသည်။
ထိုအချိန်တွင် ကစဉ့်ကအလျားအမြုတေခေါင်းလောင်း၊ ဖန်တီးခြင်းကြာပဒုမ္မာနှင့် နဂါးစစ်ထိုးလက်ရိုက်တုတ်သည် မျှခြေတစ်ခုဖြင့် လွန်ဆွဲနေကြလေသည်။ ထိုသို့ဖြင့် ဖန်တီးခြင်းကြာပဒုမ္မာသည် ကစဉ့်ကအလျားအမြုတေခေါင်းလောင်း၏ လွှမ်းခြုံမှုကနေ အချိန်တိုအတွင်း ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။