စတုရတီ တာအိုမီး
Vol. 70 Ch. 1040
အစကတော့ ဆူဇီမိုသည် သီယင်းကို မျှခြေတစ်ခုမှာ လွန်ဆွဲ၍ တိုက်ခိုက်ပြီး သူ့ကို ခြေကုန်လက်ပန်းကျစေချင်လေသည်။ ဖန်တီးခြင်းကြာပဒုမ္မာသည် ကစဉ့်ကလျားအမြုတေခေါင်းလောင်းနှင့် နဂါးစစ်ထိုးလက်ရိုက်တုတ်၏ ဖိနှိမ်မှုကနေ လွတ်မြောက်လာသည်နှင့် သူက ဖန်တီးခြင်းကြာပဒုမ္မာနှင့်အတူ အသာစီး ပြန်လည်ရယူနိုင်ပေလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေက အလွန်တရာ အန္တရာယ်များလာခဲ့လေပြီ။
သီယင်းသည် သူ့ကို ထိုအခွင့်အရေး ပေးတော့မည် မဟုတ်ပေ။
ဆူဇီမို၏ အကြည့်က အေးစက်လာသော်လည်း သူ၏မျက်လုံးထဲတွင် မီးတောက်လုံးနှစ်လုံးက လောင်ကျွမ်းလာသည်ဟု ထင်ရလေသည်။
ရွှစ်..
သူသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ပြောင်းလဲလိုက်ပြီး သူ၏ဘေးတွင် မီးတောက်လုံး သုံးလုံးကို ဖြစ်ပေါ်လာစေလေသည်။
တစ်လုံးက သွေးနီရောင်၊ တစ်လုံးက ရွှေရောင်ဖြစ်ပြီး တစ်လုံးက အနက်ရောင်ဖြစ်လေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုမီးတို့ ဖြစ်လေသည်။
ဆူဇီမိုသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ မိစ္ဆာနည်စနစ်များကို အမွေခံရရှိပြီးနောက်.. သူက များစွာသော ကျင့်ကြံရေး နည်းစနစ်များအပြင် မိစ္ဆာတာအိုမီးကိုပါ ထုတ်ဖော်လာနိုင်ခဲ့လေသည်။
သမာဓိတာအိုမီးသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်တွင် အသန်မာဆုံး ဓမ္မပညာရပ် ဖြစ်လေသည်။ ဆူဇီမိုသည် အဲဒါကို တတ်ကျွမ်းလာပြီးနောက် သမာဓိတာအိုမီးသည် သူ၏လက်ထဲတွင် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ကာ ၎င်း၏စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလာခဲ့လေသည်။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာတုန်းက ငရဲမီးစံအိမ်က မူလနတ္ထိတစ်ယောက်သည် ဆူဇီမို၏ ဒေဝတိတာအိုမီးကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားခဲ့ရလေသည်။
ထိုစဉ်က ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်မှာသာရှိပြီး ထိုဓမ္မပညာရပ်တွင် မီးတောက်လုံးနှစ်လုံးသာ ပါဝင်ခဲ့လေသည်။
ယခု ဆူဇီမိုသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိလာပြီး သူ၏ဘေးတွင် မီးတောက်လုံး သုံးလုံးက ထွက်ပေါ်လာခဲ့လေသည်။
အဲဒါက အစစ်အမှန် သမာဓိတာအိုမီး ဖြစ်လေသည်။
‘ဟမ့်.. မဆိုးပါဘူး’
သီယင်းက သမာဓိတာအိုမီး၏ ဇစ်မြစ်ကို မသိရှိသော်လည်း သူ၏ ကျင့်ကြံခြင်းက သန်မာပြီး သူက ထက်ရှလေသည်။ ထိုမီးတောက်လုံး သုံးလုံးက တမူထူးခြားနေကြောင်း သူက ချက်ချင်းပင် ခံစားမိနိုင်လေသည်။
‘မင်းရဲ့ မီးတောက်ဓမ္မပညာရပ်က တကယ်ပဲ ငါ့ရဲ့ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုခံနိုင်လောက်ပါရဲ့’
သီယင်း၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး လှောင်ရယ်လိုက်လေသည်။
‘ဒါပေမဲ့လို့ အဲဒါက ခဏတဖြုတ်ပဲ ခုခံနိုင်မှာပေါ့.. မင်းရဲ့ ဓမ္မပညာရပ်ကို အဆက်မပြတ် ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့လို့ ငါ့ရဲ့ ကစဉ့်ကလျားအမြုတေလက်ဝါးကတော့ ရတယ်’
သီယင်းသာလျှင် မဟုတ်.. ဆူဇီမိုသည်လည်း ထိုကဲ့သို့ တွေးမိလေသည်။
သူ၏ သမာဓိတာအိုမီးသည် ပြန်လည်မွေးဖွားလာသော်လည်း သူ၏ ကျင့်ကြံမှုက အစောပိုင်း နိုးထဝိညာဉ်အဆင့်မှာသာ ရှိနေသေးလေသည်။ သူ၏ ဤဓမ္မပညာရပ် တစ်ခုတည်းဖြင့်ဆိုလျှင် သူက သီယင်း၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။
သူက သီယင်းကို အမှန်တကယ် ခြိမ်းခြောက်ချင်သည်ဆိုလျှင် ထိုဓမ္မပညာရပ်၏ စွမ်းအားကို နောက်ထပ် အဆင့်တစ်ခုအထိ တိုးမြှင့်ရပေလိမ့်မည်။
‘ဒီသမာဓိတာအိုမီးကို မင်းက ခုခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့’
ဆူဇီမိုက အေးစက်စွာ ပြောဆို၍ ရှေ့သို့ လက်ညိုးညွှန်လိုက်လေသည်။ သူ့ကို လှည့်ပတ်နေသော မီးတောက်လုံး သုံးလုံးက သီယင်းဆီသို့ ရုတ်တရက် ပျံသန်းထွက်ခွာသွားလေသည်။
သူတို့က သီယင်းဆီသို့ မရောက်ခင်.. လေထဲမှာပင် မီးတောက်လုံး သုံးလုံးသည် ပူးကပ်သွားပြီး သူတို့၏ စွမ်းအားက တဟုန်ထိုး တိုးလာခဲ့လေသည်။ လေဟာနယ်တစ်ခုလုံးက လောင်ကျွမ်း၍ တွန့်လိမ်သွားခဲ့လေသည်။
အဝေးကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် သူတို့ဆီသို့ အပူလှိုင်းက ရိုက်ခတ်လာသည်ကို ခံစားရလေသည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓမ္မပညာရပ်လဲ..။
‘ငြိမ်းသေစမ်း’
သီယင်း၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ လောင်ကျွမ်းလာပြီး သူက အဲဒါကို ပမာမခန့်ပြုလိုက်လေသည်။ သူ၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ပြီး သမာဓိတာအိုမီးတောက်ကို ဖိနှိမ်ဖို့ ကြိုးစားလိုက်လေသည်။
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက သမာဓိတာအိုမီးနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ နှာရောင်က တောက်ပသွားပြီး အနီရောင် အလင်းတန်းတစ်ခုက ပျံသန်းထွက်ခွာသွားလေသည်။ အဲဒါက ခြစ်ခြစ်တောက် ပူလောင်သော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။
အမြုတေစိတ်ဝိညာဉ်မီး..
စတုတ္ထမြောက်မီးတောက်သည် ချက်ချင်းပင် ရောက်ရှိလာပြီး အဲဒါက သမာဓိတာအိုမီးထဲသို့ တိုးဝင်သွားခဲ့လေသည်။
သမာဓိတာအိုမီးသည် ချက်ချင်းပင် စတုရတီတာအိုမီးတောက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့လေသည်။
နောက်ထပ် မီးတောက်တစ်ခု ထပ်တိုးလာခြင်းနှင့်အတူ ထိုဓမ္မပညာရပ်၏ စွမ်းအားက ဆပွားတိုးလာခဲ့လေသည်။
ယခုအခါ သမာဓိတာအိုမီးသည် စတုရတီတာအိုမီးအဖြစ် အသွင်ပြောင်းလဲသွားပြီး ၎င်း၏ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်း၏ သဘောသဘာဝကလည်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေသည်။
လင်းရွှမ်ကျီသည် မလှမ်းမကမ်းရှိ ပြိုကျနေသော အုတ်တံတိုင်းတစ်ခုပေါ်တွင် ထိုင်ကာ တိုက်ပွဲကို စောင့်ကြည့်နေလေသည်။
ဆူဇီမိုနှင့် သီယင်း၏ ထိတွေ့ရိုက်ခတ်ခြင်းမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းသည် အခြားကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော်လည်း သူ့ကိုတော့ မခြိမ်းခြောက်နိုင်ပေ။
သူသည် တိုက်ပွဲနယ်မြေကနေ ဝေးဝေးခွာနေသည့်အကြောင်းမှာ သူက ဆူဇီမိုကို စိုးရိမ်ပူပန်သောကြောင့် ဖြစ်လေသည်။
ဆူဇီမိုက ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် သူက ဒီတိုင်းထိုင်နေနိုင်တော့မည် မဟုတ်ပေ။ သူက ဆူဇီမိုကို ဝင်ကယ်ပြီး ဆက်လက်ထွက်ပြေးရမည် ဖြစ်လေသည်။
သို့သော်လည်း စတုရတီတာအိုမီး ထွက်ပေါ်လာသည့်အချိန်တွင် အစက ပမာမခန့်ရှိနေသော လင်းရွှမ်ကျီသည် တုန်လှုပ်သွားရလေသည်။
‘လခွမ်းတဲ့မှ.. ‘
သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နေရာကနေ ချက်ချင်း နောက်သို့ခုန်ဆုတ်လိုက်ရလေသည်။
သူ၏ လှုပ်ရှားမှုနည်းစနစ်က အမြဲတမ်း မြန်ဆန်ခဲ့လေသည်။ မဟုတ်ပါက ပြီးခဲ့သည့် ရက်နှစ်ဆယ်လုံးလုံး သီယင်း၏ လိုက်လံဖမ်းဆီးမှုကနေ သူက လွတ်မြောက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် သူသည် လူအုပ်ကြီး၏ဘေးသို့ ရောက်ရှိသောအခါ သူ၏ အဝတ်များက ဆိုးဆိုးဝါးဝါး လောင်ကျွမ်းခံရပြီး ဇကာပေါက် ဖြစ်နေခဲ့လေပြီ။
သူ၏ဆံပင်များနှင့် မျက်ခုံးမွှေးများက အပူချိန်ဖြင့် တွန့်လိမ်သွားပြီး သူ၏ခန္ဓာကိုယ်မှ မီးခိုးများက အူထွက်နေလေသည်။
တိုက်ပွဲနယ်မြေ အပြင်ဘက်မှာတောင် ထိုသို့ဆိုလျှင် တိုက်ပွဲနယ်မြေ အလယ်တွင် စတုရတီတာအိုမီး၏ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ စဉ်းစားကြည့်နိုင်လေသည်။
လင်းရွှမ်ကျီက တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်လေသည်။
ဆူဇီမိုနှင့် သီယင်း၏ ပေတစ်ထောင် ပတ်လည်အတွင်းရှိ အပျက်အစီးပုံများသည် ချက်ချင်းပင် ပြာအဖြစ် လောင်ကျွမ်းသွားခဲ့လေသည်။
ရွှစ်..
မဟာကစဉ့်ကလျားအမြုတေလက်ဝါးအောက်တွင် လေးရောင်စပ် မီးလုံးတစ်လုံးက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ချက်ချင်းပင် ဧရာမ ကြိတ်ဆုံကျောက်သည် လောင်ကျွမ်းနီရဲလာပြီး ချော်ရည်များအဖြစ် ပြောင်းလဲကာ တပေါက်ပေါက် ကျဆင်းလာခဲ့လေသည်။
လေထဲတွင် မီးတောက်များက တောက်ပစွာ လောင်ကျွမ်းနေပြီး သီယင်း၏ လက်ဖဝါး၊ လက်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့လေသည်။
သမာဓိတာအိုမီးသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားနှင့် ညီတူမျှတူ ယှဉ်ပြိုင်နိုင်သည်ဆိုလျှင် နောက်ထပ် အမြုတေစိတ်ဝိညာဉ်မီး ထပ်ပေါင်းထည့်လိုက်သော စတုရတီတာအိုမီးက သီယင်းကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။
‘အား.. ‘
သီယင်းက မီးတောက်များအကြား စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
‘အထီးကျန်သိုင်းသခင်.. အထီးကျန်သိုင်းသခင်.. မင်းကို ငါသတ်မယ်’
တဝုန်းဝုန်း တောက်လောင်နေသော မီးတောက်များကြားမှာ သီယင်းသည် ဧရာမ မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်နှစ်ဖက်ကို ဒေါသတကြီး ခါယမ်းနေလေသည်။
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားရလေသည်။
ချက်ချင်းပင် တိုက်ပွဲနယ်မြေတွင် အခြေအနေများက လုံးဝပြောင်းလဲသွားခဲ့လေပြီ။
စောစောကတင် လုံးဝ အသာစီးရရှိနေသော သီယင်းသည် တခဏအတွင်းမှာပင် လေးရောင်စပ်မီးတောက်တစ်ခု၏ လောင်ကျွမ်းခြင်း ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
ထိန်ထိန်လင်းနေသော မီးရောင်အောက်တွင် လူတိုင်း၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်လာခဲ့လေသည်။
သူတို့၏မျက်လုံးများသည် တုန်လှုပ်မှုများဖြင့် လုံးဝ ပြည့်နှက်သွားခဲ့လေသည်။
စတုရတီတာအိုမီး၏ စွမ်းအားက မူလတာအိုသက်ရှိ ဓမ္မလက်နက်များကိုပင် ပြာအဖြစ် လောင်ကျွမ်းပစ်နိုင်လေသည်။
သို့သော်လည်း သီယင်းသည် ကြောက်စရာကောင်းသော မီးတောက်များကြားမှာ သေသည့်တိုင်အောင် လောင်ကျွမ်းမခံရသေးပေ။ သူ၏ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
သီယင်းသည် စတုရတီတာအိုမီးကို ဖိနှိမ်ဖို့အတွက် သူ၏သွေးချီနှင့် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး ကြိုးစားရုန်းကန်နေဆဲ ဖြစ်လေသည်။
‘အဲဒီမီးတောက်က ဘယ်လိုဓမ္မပညာရပ် အမျိုးအစားပါလိမ့်.. ဓမ္မဝိသေသ တာအိုအရှင်တွေတောင် အဲဒီမီးတောက်နဲ့တွေ့ရင် ချမ်းသာရာရမှာ မဟုတ်ဘူး’
‘ဒဏ္ဍာရီအရဆို.. တာအိုအရှင်အဆုံးစွန်မီးက တစ်ချိန်တုန်းက နံပါတ်တစ် မီးထိန်းချုပ်ယဉ်ပါးသူပဲ.. အထီးကျန်သိုင်းသခင်က သူ့ရဲ့ တာအိုနည်းစနစ်ကို အမွေခံရရှိထားတယ်လို့ ငါကြားတယ်.. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ’
‘သီယင်းကတော့ သွားပြီ.. အဲဒီမီးတောက်တွေက အတောမသတ်ပဲ.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်တောင် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွင့်ရမှာ မဟုတ်ဘူး’
‘ဒီတိုက်ပွဲ ပြီးသွားရင်တော့ အထီးကျန်သိုင်းသခင်ရဲ့ နာမည်ဂုဏ်သတင်းက သေချာပေါက် အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်.. သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ခြွင်းချက်မရှိ နံပါတ်တစ် တာအိုသက်ရှိပဲ’
‘တချို့ကိစ္စတွေက အထွတ်အထိပ်အထိ ရောက်ရှိသွားပြီးရင် ပြောင်းလဲသွားတတ်တယ်.. ငါ့အထင်တော့ အထီးကျန်သိုင်းသခင်က သိပ်ကြာကြာ အသက်ရှင်မယ့်ပုံမပေါ်ဘူး’
များစွာသော ကျင့်ကြံသူများသည် အပြင်ဘက်မှာ မတ်တပ်ရပ်ရင်း တိုက်ပွဲနယ်မြေအလယ်ရှိ လူပုံသဏ္ဍာန်မီးတောက်ကို တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ငေးကြည့်နေကြလေသည်။
ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ချက်ချင်းပင် ညိုးခြောက်သွားခဲ့လေသည်။
ဆက်တိုက် အပြင်းအထန်တိုက်ခိုက်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ၎င်း၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့လေပြီ။
စတုရတီတာအိုမီးက သီယင်းကို မဖိနှိမ်နိုင်ဘူးဆိုလျှင် သူ့မှာ တခြားဝှက်ဖဲ ဘာမှမကျန်ရှိတော့ပေ။
မလှမ်းမကမ်းတွင် ကြိုးစားရုန်းကန်နေသော သီယင်းကို ကြည့်ရင်း ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူ၏မျက်လုံးထဲတွင် မည်သည့် သနားညှာတာမှုမှ မရှိပေ။
လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း.. ကျိချန်းရှန်နှင့် ဖက်တီးလေးသည် သီယင်း၏ အမဲလိုက်ခြင်းကို ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပုံကို သူက ပြန်လည်အမှတ်ရလာလေသည်။
လွန်ခဲ့သည့် ရက်နှစ်ဆယ်က သီယင်းသည် တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ဘတ်ကို ဖျက်ဆီးခဲ့ပုံကို သူက ပြန်လည်အမှတ်ရလာလေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ သိုလှောင်အိတ်ထဲတွင် ရှိနေသေးသော်လည်း သူ အသက်ရှင်ဖို့က မသေချာတော့ပေ။
ဆူဇီမို၏ ရင်ထဲတွင် ဒေါသမီးများက သိပ်သည်းစုဖွဲ့လာခဲ့လေသည်။
သူသည် သီယင်း၏ ဂုဏ်အဆင့်အတန်း သို့မဟုတ် သူ၏နောက်ခံအင်အား ဘယ်လောက်သန်မာသလဲ ဆိုသည်တို့ကို ဂရုမစိုက်တော့ပေ။ သူက ယနေ့ သီယင်းကို လုံးဝ ထွက်ခွာခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ယခုအချိန်က သီယင်းကို သတ်ဖြတ်ဖို့ အချိန်ပင်။