အခွင့်အလမ်း
Vol. 70 Ch. 1047
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ရှေးဟောင်း ဘုရားကျောင်းအိုကြီးတွင်..
ပင်မခန်းမ၏ နောက်ဖေးဘက် သုဿာန်သင်္ချိုင်းတွင် ဘုန်းကြီးအိုတစ်ပါးက မြေပြင်ပေါ်မှာ ထိုင်နေလေသည်။ သူ၏ မုတ်ဆိတ်နှင့် မျက်ခုံးမွေးများက ဆွတ်ဆွတ်ဖြူနေပြီး သူ၏ခန္ဓာကိုယ်က ပိန်လှီနေလေသည်။ သူသည် မြေပြင်ပေါ်မှာ ထိုင်ရင်း ပြန်လည်မွေးဖွားခြင်းသုတ္တန်ကို အသံခပ်တိုးတိုးဖြင့် ရွတ်ဖတ်သရဇ္စျယ်နေလေသည်။
သုတ္တန်ထဲတွင်.. သွေးနီရောင် ဖရိုဖရဲဆံပင်နှင့် စုတ်ပြဲနေသော အင်္ကျီများကို ဝတ်ဆင်ထားသည့် ဗလတောင့်တောင့် လူတစ်ယောက် ရှိနေလေသည်။ သူ၏ခန္ဓာကိုယ်ကို သံချေးတက်နေသော ချိန်းကြိုးများဖြင့် ရစ်ပတ်ထားလေသည်။
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူသည် ကျောက်သားစားပွဲတစ်ခုကို ခံစားချက်ကင်းမဲ့စွာ မှီ၍ ဘုန်းကြီးအို သုတ္တန်ရွတ်ဖတ်သရဇ္ဈာယ်နေစဉ် သူက ငိုက်မျဉ်းနေလေသည်။
“ဘုန်းကြီးအိုကြီး.. ခင်ဗျားက ဒီနေရာကို နေ့တိုင်းလာပြီး နားပူနားဆာ လုပ်နေတော့တာပဲ.. ကျုပ်က သေသွားရင်လည်း အကောင်းသား.. ဒါပေမဲ့ အခုတော့ အသက်ရှင်လျက်နဲ့ သေချင်စိတ်ပေါက်အောင် နားငြီးနေရတယ်”
အိပ်မောကျနေသည် ထင်ရသော သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူက ညည်းတွားပြောဆိုလိုက်လေသည်။
ဘုန်းကြီးအိုက သူ့ကို လျစ်လျူရှုပြီး ဆက်လက်၍ သုတ္တန်ရွတ်ဖတ်နေလေသည်။
ရုတ်တရက်ဆိုသလို…
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူ၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား.. မတ်တတ်ထရပ်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက တချွင်ချွင် မြည်သွားလေသည်။
သူသည် မလှမ်းမကမ်းရှိ လေဟာနယ်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှု အရိပ်အယောင်များ မရှိတော့ပေ။
ရွတ်ဖတ်သရဇ္ဈာယ်နေသော အသံကလည်း ရုတ်တရက် ရပ်တန့်သွားလေသည်။
တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဘုန်းကြီးအိုသည် သူ၏ အင်္ကျီလက်စကို ရုတ်တရက် လှုပ်ရှားကာ မလှမ်းမကမ်း လေဟာနယ်ထဲတွင် ကြီးမားသည့် နေရာလွတ်တစ်ခုကို ဖန်တီး၍ ထိုအထဲသို့ ပစ္စည်းများစွာကို အပုံလိုက် ပြုတ်ကျလာစေလေသည်။
အဲဒီမှာ ကျိုးပဲ့နေသော ကြာရိုးများ၊ ကြေမွနေသော ကြာရွက်များနှင့် ပြောင်ချောနေသော ကြာခုံတစ်ခု ပါရှိလေသည်။
ထို့နောက် ချက်ချင်းပင်.. ပုံရိပ်တစ်ခုက ပြုတ်ကျလာခဲ့လေသည်။ အဲဒါက တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို ဆုတ်ဖြဲ၍ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင် သီဖန်း၏လက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော ဆူဇီမိုဖြစ်လေသည်။
ဘန်း..
ဆူဇီမို၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
အဲဒါသည် သူက မလှုပ်ရှားချင်သောကြောင့် မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်က အသက်ဓာတ်များ အားလုံးကို ဆုံးရှုံးနေပြီဖြစ်သောကြောင့်ပင်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးမခံရသော်လည်း သူက သူ၏ခန္ဓာကိုယ်ကို ဆက်လက်၍ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူသည် ပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး တုန်လှုပ်သွားရလေသည်။
“အဲ့လောက်တောင် ပြင်းထန်ရတာလား”
တစ်ချက်ကြည့်လိုက်ရုံဖြင့်.. ဤခန္ဓာကိုယ်က လုံးဝ ချို့ယွင်းပျက်စီးနေပြီဆိုတာကို သူပြောနိုင်လေသည်။ သူ၏အရိုးများက ကြေမွနေပြီး သူ၏ ကိုယ်လက်အင်္ဂါများက ပျော့ပြဲနေလေသည်။ သူ၏အသားများက မည်သည့် အသက်ဓာတ်မှ မရှိတော့ဘဲ အသက်မဲ့နေခဲ့လေပြီ။
ရှင်းရှင်းပြောရလျှင်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင် သူ၏ခန္ဓာကိုယ်သည် ဤအခြေအနေထိ ရောက်ရှိသွားပါက အဲဒါကို ပြန်လည်ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားသည် ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်ဖွားလာစေလေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ဤမျှအတိုင်းအတာအထိ ပျက်စီးသွားပါက မဟာယာနအဆင့်သို့ မရောက်ရှိသရွေ့ အဲဒါကို ပြန်လည်ကုသနိုင်မည့် နည်းလမ်း မရှိတော့ပေ။
မဟာယာန မျိုးနွယ်စုခေါင်းဆောင်တိုင်းသည် သွေးကနေ ပြန်လည်မွေးဖွားခြင်းဟူသော နတ်ဘုရားစွမ်းအားတစ်မျိုးကို သိကြလေသည်။
သူတို့သည် အဆီအနှစ်သွေးတစ်စက်ဖြင့် သူတို့၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ကြလေသည်။
ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး ဘုန်းကြီးအိုက မျက်မှောင်ကြုတ်လိုက်လေသည်။
“အဆင့်ခြောက် ဖန်တီးခြင်းကြာပဒုမ္မာတောင် ပျက်စီးသွားရတယ်ဆိုတော့.. “
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူ၏ အမူအရာက ပိုမိုသုန်မှုန်လာခဲ့လေသည်။
အဆင့်ခြောက် ဖန်တီးခြင်းကြာပဒုမ္မာကို ချေမွဖျက်ဆီးနိုင်သော စွမ်းအားသည် ပေါင်းစည်းခန္ဓာအဆင့်ထက် ကျော်လွန်နေခဲ့လေပြီ။
“အဲဒါက ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်များလား.. “
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး ဒေါသထောင်းထောင်း ထွက်လာခဲ့လေသည်။
ကျင့်ကြံရေးလောကတွင် အထူးတလည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မရှိသော်လည်း ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်သည် မူလနတ္ထိတစ်ယောက်ကို တိုက်ခိုက်ခြင်းက လုံးဝ ကျိုးကြောင်းဆီလျော်မှု မရှိပေ။
“ခွေးမသား.. ဒီကောင်လေးက အင်အားကြီးနောက်ခံ မရှိဘူးဆိုပြီး တကယ်ပဲ အနိုင်ကျင့်နေကြတယ်ပေါ့လေ”
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူက ကျိန်ဆဲလိုက်ပြီး သူ၏နှာခေါင်းက တုန်ယင်သွားလေသည်။ သူက လေရနံ့ကို ရှူရှိုက်ပြီးနောက် သူ၏အမူအရာက ပို၍ပင် ရုပ်ဆိုးအကျည်းတန်လာခဲ့လေသည်။
သူက အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။
“အဲဒါက သီကလန်ရဲ့ မျိုးဆက်သွေးပဲ.. နောက်တစ်ခါထပ်ပြီး သူ့ရဲ့မျိုးဆက်တွေပဲလား.. “
ထိုစဉ်မှာပင်.. ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကနေ အလင်းတန်းနှစ်ခုက ပျံသန်းထွက်ပေါ်လာလေသည်။ အဲဒါက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုဖြစ်သော သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်နှင့် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်တို့ ဖြစ်လေသည်။
ဆူဇီမို၏ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို ကြည့်ရင်း.. ဗလတောင့်တောင့်လူက စိတ်ကျေနပ်မှုဖြင့် ဝင်းလက်သွားလေသည်။
သို့သော်လည်း မကြာခင် သူက မျက်မှောင်ကြုတ်လိုက်လေသည်။
“မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကပါ ဒဏ်ရာရထားတာလား.. “
သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူ၏ မျက်လုံးသည် ဒေါသမီးဖြင့် တောက်လောင်လာခဲ့လေသည်။
“ဆရာ..”
အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ဘုန်းကြီးအိုကို ဦးညွတ်ပြီးနောက်.. တွေဝေရှုပ်ထွေးသော အမူအရာဖြင့် သွေးနီရောင်ဆံပင် ဗလတောင့်တောင့်လူကို လှည့်ကြည့်လိုက်လေသည်။
ဆူဇီမိုထင်တာ မမှားဘူးဆိုလျှင်.. တစ်ခါတုန်းက မွေးနီတစ္ဆေဟု သူခေါ်ဆိုခဲ့ဖူးသော ဤလူသည် ဟိုအရင်တုန်းက မဟာကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သော လက်သည်တရားခံ နတ်ဆိုးနဂါးဖြစ်ရပေမည်။
“မင်းက ငါ့ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ”
မွေးနီတစ္ဆေက သူ့ကို ပြန်စိုက်ကြည့်လိုက်လေသည်။
“ငါက အရင်တုန်းက မီးပဒေသာ နဂါးမျိုးနွယ်ကပဲ.. အဲ့တော့ ဘာဖြစ်လဲ.. မင်းလည်း ဒီတောင်ကြားထဲမှာ နှစ်နှစ်ဆယ်လုံးလုံး ငါ့ရဲ့သွေးကို သောက်ခဲ့တာပဲ မဟုတ်လား”
မွေးနီတစ္ဆေ၏ စကားလုံးများကို ကြားသောအခါ ဆူဇီမိုက ဆက်လက်၍ သံသယမရှိတော့ပေ။
သို့သော်လည်း သူသည် ယခုအချိန်တွင် မွေးနီတစ္ဆေနှင့် ငြင်းခုန်နေဖို့ အမှန်တကယ်ပင် စိတ်ကူးမရှိပေ။
မြေပြင်ပေါ်တွင် အသက်မဲ့နေသော သူ၏ခန္ဓာကိုယ်ကို ငေးကြည့်ရင်း သူ၏ စိတ်နှလုံးက ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်လာခဲ့လေသည်။
အဲဒါသည် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးမှုသက်သက်ကြောင့် မဟုတ်ပေ။
သူသည် မူလနတ္ထိအဆင့်မှာရှိပြီး သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးသွားမည်ဆိုလျှင်တောင် သူက သေဆုံးရလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးမည်ဆိုလျှင် သူက အဲဒါကို အချိန်မရွေး ပြန်လည်တည်ဆောက်နိုင်လေသည်။
အဲဒါသည် သူ၏ခန္ဓာကိုယ်က အရမ်းသန်မာပြီး သူ၏ နှစ်ပေါင်းများစွာ ကျင့်ကြံမှုများက ပျက်စီးသွားသောကြောင့်သက်သက် မဟုတ်ပေ။
အဲဒါသည် သူက ဤခန္ဓာကိုယ်ဖြင့် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ကတည်းက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံခဲ့သောကြောင့် ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်မှာ တဲရွဲ့၏ အငွေ့အသက်များ ပါဝင်နေလေသည်။
သူ၏ မျိုးဆက်သွေးနယ်မြေကို ၎င်း၏ အကန့်အသတ်အထိ အသက်သွင်းလိုက်မည်ဆိုလျှင် သွေးနီရောင် လိပ်ပြာတစ်ကောင်က ပေါ်ထွက်လာပေလိမ့်မည်။
ယခုတော့ ထိုအရာများ အားလုံးက ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့လေပြီ။
သူက ထိုအရာများနှင့် ပတ်သက်၍ နှမျောတမ်းတနေခြင်း ဖြစ်လေသည်။
မွေးနီတစ္ဆေက ဘုန်းကြီးအိုကို ကြည့်လိုက်လေသည်။
“ဘုန်းကြီးအို.. အခုကစပြီး ကျုပ်ရဲ့ အစီအစဉ်အတိုင်း လိုက်နာပေးပါ.. သူ့ရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်”
“အဲ့နည်းလမ်းအတိုင်းပဲ လုပ်ရတော့မှာပေါ့လေ”
ဘုန်းကြီးအိုက အနည်းငယ် သက်ပြင်းချလိုက်လေသည်။
မွေးနီတစ္ဆေက ဆူဇီမိုဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။
“ဟေး ကောင်လေး.. မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လိုချင်သေးလား”
“ခင်ဗျားမှာ အဖြေရှိလို့လား”
ဆူဇီမိုက အနည်းငယ် တက်ကြွသွားပြီး သူ၏မျက်လုံးက ဝင်းလက်လာခဲ့လေသည်။
“ဟီးဟီး.. “
မွေးနီတစ္ဆေက ရယ်မောလိုက်လေသည်။
“တကယ်တော့ နည်းလမ်းတစ်လမ်းတော့ ရှိတာပေါ့.. မင်းသာ သဘောတူမယ်ဆိုရင် ငါက မင်းအတွက် အဲဒီ မဟာအခွင့်အရေးကို ပေးနိုင်တယ်.. အဲဒါက မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရရှိရုံတင်မကဘူး.. နောက်ထပ် အကျိုးကျေးဇူးတွေ အများကြီးလည်း ရှိသေးတယ်”
“ပြောကြည့်ပါဦး”
ဆူဇီမိုက စိတ်ကို တည်ငြိမ်စေလိုက်ပြီး ချက်ချင်း သဘောမတူလိုက်ပေ။
“အခုကစပြီး မင်းရဲ့ ဒီခန္ဓာကိုယ်ကို ဒီအမြုတေစိတ်ဝိညာဉ်က ထိန်းချုပ်လာနိုင်လိမ့်မယ်”
မွေးနီတစ္ဆေက သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“မင်းရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ မင်းရဲ့ ခန္ဓာကိုယ်က နဂါးအရိုးတောင်ကြားကို လိုက်ခဲ့ရမယ်.. အဲဒီမှာ မင်းရဲ့ ခန္ဓာကိုယ်နဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ဂမ္ဘီရစိမ့်စမ်းတစ်ခု ရှိတယ်”
“ကမ္ဘာဦးခေတ်က ဂမ္ဘီရစိမ့်စမ်းတွေက အသွေးအသားနဲ့ အရိုးတွေကို ပြန်လည်ပေါက်ဖွားစေဖို့အတွက် အံ့မခန်း အကျိုးသက်ရောက်မှုရှိတယ်.. အဲဒါက သေလူကိုတောင် ပြန်လည်ရှင်သန်နိုင်စေတယ်.. အဲဒါတွေက ဆိတ်သုဉ်းပျောက်ကွယ်သွားပြီဆိုပေမဲ့လို့ နဂါးအရိုးတောင်ကြားမှာတော့ အဲ့လိုမျိုး စိမ့်စမ်းတစ်ခု ရှိနေသေးတယ်”
မွေးနီတစ္ဆေသည် ထိုကဲ့သို့သော တစ်စုံတစ်ရာနှင့် ပတ်သက်၍ သူ့ကို လိမ်ညာမည်မဟုတ်ဆိုတာကို ဆူဇီမိုက သိထားလေသည်။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းတစ်ခုသည် ဤကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ဟု သူပြောမှတော့ အမှန်ပင် ဖြစ်ပေလိမ့်မည်။
မွေးနီတစ္ဆေက ဆက်ပြောလိုက်လေသည်။
“မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးသွားရင် မင်းက နဂါးမျိုးနွယ်ထဲကို ဝင်ရောက်ပြီးတော့ နဂါးအရိုးတောင်ကြားမှာပဲ ကျင့်ကြံရလိမ့်မယ်.. နောက်အနာဂတ်မှာ မင်းကို ဘယ်သူကမှ အခုလိုမျိုး အနိုင်ကျင့်စော်ကားရဲတော့မှာ မဟုတ်ဘူး”
ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော နဂါးမျိုးနွယ်၏နောက်ခံ ရှိလာပါက သူ့ကို ဘယ်သူက ရန်စစော်ကားရဲပါတော့မည်နည်း။
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းပင်လျှင် သူ့ကို ရန်စစော်ကားရဲတော့မည် မဟုတ်ပေ။
ဆူဇီမိုက ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက်.. မေးလိုက်လေသည်။
“ကျုပ်ရဲ့ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကရော ဘယ်လိုလုပ်မလဲ”
အဲဒါက အဓိကသော့ချက် ဖြစ်လေသည်။
သူ၏ခန္ဓာကိုယ်ကို မူလအခြေအနေထိ ပြန်လည်ရောက်ရှိစေပြီး အဲဒါကို သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်က ထိန်းချုပ်နိုင်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သူ၏ မျိုးဆက်သွေးကနေ အမြုတေစိတ်ဝိညာဉ်အထိ ပကတိ နဂါးတစ်ကောင် ဖြစ်လာတော့မည် မဟုတ်ပါလား။
ဆူဇီမိုသည် လူသားတစ်ယောက်အနေဖြင့် မွေးဖွားလာခဲ့ပြီး အများပြည်သူလူထုအတွက် တာအိုတစ်ခုကို တည်ဆောက်ချင်လေသည်။ သူက ပြင်ပမျိုးနွယ်တစ်ယောက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲမသွားချင်ပေ။
သို့သော်လည်း အဲဒါက သူ့အတွက် အရမ်းကိုကြီးမားသည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နေလေသည်။
အကြီးမားဆုံး အခွင့်အလမ်းမှာ သူ၏ခန္ဓာကိုယ်ကို မူလအခြေအနေထိ ပြန်လည်ရောက်ရှိနိုင်စေခြင်း ဖြစ်လေသည်။
သူသည် နဂါးအရိုးတောင်ကြားမှာ ကျင့်ကြံမည်ဆိုလျှင် အဲဒါက သူ၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်အတွက်လည်း အကူအညီ ကြီးကြီးမားမား ဖြစ်စေပေလိမ့်မည်။
ယန်စိတ်ဝိညာဉ်အပိုင်းမှာ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှင့် ဓမ္မပညာရပ်တစ်ခု ပါရှိလေသည်။
ဓမ္မပညာရပ်က ကျတ်တီးမြေ ဖြစ်လေသည်။
ဆူဇီမိုသည် ကျတ်တီးမြေနှင့် ပတ်သက်၍ အကြမ်းဖျဉ်းမျှသာ နားလည်သေးပြီး အဲဒါကို အရိုးရှင်းဆုံးပုံစံဖြင့်သာ ထုတ်ဖော်နိုင်သေးလေသည်။
သူသည် ၎င်း၏စွမ်းအား အပြည့်အဝကို မထုတ်ဖော်နိုင်သေးသလို ၎င်း၏ သက်ရောက်မှု ဧရိယာကိုလည်း ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးပေ။
ယခုအချိန်ထိကို သူသည် ထိုအပိုင်းမှာ ပါရှိသည့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ လျှို့ဝှက်ဆန်းကြယ်မှုကိုလည်း နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။
သူသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်၍ ကျင့်ကြံနိုင်မည်ဆိုလျှင် အဲဒါက ကျတ်တီးမြေကို ကျွမ်းကျင်တတ်မြောက်ပြီး ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို နားလည်ဆင်ခြင်နိုင်ဖို့အတွက် သူ့အတွက် ကြီးမားစွာ အကူအညီဖြစ်လာပေလိမ့်မည်။
ဘာပဲပြောပြော ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်အပိုင်းသည် နဂါးဘုရင် အထီးကျန်သမုဒ္ဒရာ၏ ကျင့်ကြံမှုကနေ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်။