← Chapters

အစစ်အမှန် ခန္ဓာကိုယ်နှစ်ခု

Vol. 70 Ch. 1048

အစစ်အမှန် ခန္ဓာကိုယ်နှစ်ခု

Vol. 70 Ch. 1048

ဆူဇီမိုက မေးလိုက်လေသည်။

“အဲဒါဆိုရင် ကျုပ်ရဲ့ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကိုရော ဘယ်လိုလုပ်မလဲ”

“ကိစ္စမရှိဘူး”

မွှေးနီတစ္ဆေက သူ၏လက်ကို ကာပြပြီး အလေးအနက်မထားဟန်ဖြင့် နှုတ်ခမ်းစူလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ်.. ဒီနဂါးခန္ဓာကိုယ်က မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်.. အလွန်ဆုံး မင်းရဲ့ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က ခန္ဓာကိုယ်တစ်ခုကိုရှာပြီး ကိုယ်ပွားတစ်ခုအဖြစ် ကျင့်ကြံရုံပေ့ါ”

“မရဘူး”

ဘုန်းကြီးအိုက ခေါင်းကိုခါယမ်းပြီး ရုတ်တရက် ပြောလိုက်လေသည်။

“နဂါးမျိုးနွယ်ခန္ဓာကိုယ်က ကိုယ်ပွားအဖြစ် ကျင့်ကြံရမယ်.. ဒီအနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကတော့ ဆူဇီမိုရဲ့ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာရမယ်”

“အဓိပ္ပာယ်မရှိတာဗျာ”

မွှေးနီတစ္ဆေက စိတ်ဆိုးမာန်ဆိုးပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

“ဒီခန္ဓာကိုယ်က ဒီကောင်လေးရဲ့ မျိုးဆက်သွေးနဲ့ ချိတ်ဆက်ထားတဲ့အတွက် နဂါးမျိုးနွယ်ရဲ့ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာရမယ်.. ဒီမှာ ကျန်ခဲ့မယ့် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုတောင် ရှိသေးတာ မဟုတ်ဘူး.. အဲဒါက ဘယ်လိုလုပ် အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာနိုင်ပါ့မလဲ”

ဘုန်းကြီးအိုက ခေါင်းခါ၍ ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ်.. သူက လူသားတစ်ယောက်ပဲ.. သူ့ရဲ့ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကနေ ပြန်လည်တည်ဆောက်မယ့် ခန္ဓာကိုယ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာရမယ်.. နဂါးမျိုးနွယ်ခန္ဓာကိုယ်က ကိုယ်ပွားတစ်ခု ဖြစ်ရမယ်”

သူတို့နှစ်ယောက်သည် ဤကိစ္စနှင့် ပတ်သက်၍ စတင်ငြင်းခုံလာကြလေသည်။

ဘုန်းကြီးအိုကလည်း အလျှော့ပေးလိုစိတ် မရှိပေ။

သူတို့နှစ်ယောက်စလုံးသည် ဆူဇီမို၏ ပါရမီအလားအလာကို ကောင်းကောင်းသိထားကြလေသည်။ ဤကောင်လေးက ဆက်လက်ကြီးထွားလာမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်မည့် အလွန်တရာ ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

မွှေးနီတစ္ဆေသည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာစေလိုခြင်းမှာ နဂါးမျိုးနွယ်၏ ကောင်းကျိုးအတွက် ရှေးရှု၍ ဖြစ်လေသည်။

ဘုန်းကြီးအိုအတွက်လည်း အနာဂတ်မှာ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်တစ်ခုကို သူက စိုက်ပျိုးလိုသော ရည်ရွယ်ချက်ရှိလေသည်။

“ဆရာ.. မွှေးနီတစ္ဆေ.. ဆက်ပြီးတော့ ငြင်းခုံမနေကြနဲ့တော့.. “

ဆူဇီမိုသည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချပြီးသွားသည့်အလား သူ၏ အကြည့်က ပြတ်သားနေလေသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ပဲဖြစ်ဖြစ်.. အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ပဲဖြစ်ဖြစ်.. သူတို့တွေက ကိုယ်ပွားတွေ မဟုတ်ကြဘူး.. သူတို့နှစ်ခုစလုံးက ကျုပ်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေ ဖြစ်လာလိမ့်မယ်”

သူတို့နှစ်ယောက်စလုံးသည် ခဏမျှ ကြောင်အမှင်တက်ပြီးနောက် ဆူဇီမို ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်လာကြလေသည်။

သာမန်ကျင့်ကြံသူတစ်ယောက်သည် ကိုယ်ပွားတစ်ခုကို သန့်စင်ချင်သည်ဆိုလျှင် အလွန်ဆုံး သူလုပ်ရမည်မှာ ထိုခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်အသိစိတ် စီးကြောင်းတစ်ခုကို ထိုးသွင်းလိုက်ရုံပင်။ အဲဒါက အကြွင်းအကျန် အသိစိတ်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ အခြေအနေက အလွန်တရာ ထူးခြားလေသည်။

သူသည် အမြုတေစိတ်ဝိညာဉ်နှစ်ခုကို အမှန်တကယ်ပင် ကျင့်ကြံထားခဲ့လေသည်။

သူတို့က သီးခြားခွဲ၍ ကျင့်ကြံရမည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များသည် တစ်ခုအပေါ်တစ်ခု သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

အမြုတေစိတ်ဝိညာဉ် နှစ်ခုစလုံးမှာ သူတို့၏ ကိုယ်ပိုင်အသက်ဓာတ်များ ရှိနေမှတော့ အဲဒါက ဘယ်လိုလုပ် ကိုယ်ပွားများ ဖြစ်လာနိုင်ပါတော့မလဲ။

သူတို့ကို သီးခြားခွဲ၍ ကျင့်ကြံဖို့ ကံပါလာပြီဆိုမှတော့ သူသည် အနာဂတ်တွင် အစစ်အမှန်ခန္ဓာကိုယ် နှစ်ခုကို ကျင့်ကြံရပေလိမ့်မည်။

ဘုန်းကြီးအိုနှင့် မွှေးနီတစ္ဆေက ငြင်းခုံနေခြင်းကို ရပ်တန့်လိုက်ကြလေသည်။

သူတို့နှစ်ယောက်စလုံးသည် ဤရလဒ်ကို လက်ခံနိုင်ကြလေသည်။

တကယ်တော့ ဆူဇီမိုသည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်နှင့် သူ၏ ခန္ဓာကိုယ်ကို နဂါးအရိုးတောင်ကြားဆီသို့ လိုက်ပါသွားဖို့ သဘောတူလိုက်ခြင်းမှာ နောက်ထပ် အရေးကြီးသည့် အကြောင်းပြချက် ရှိနေသေးလေသည်။

“မွှေးနီတစ္ဆေ.. ကျုပ်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်”

ဆူဇီမိုက ရုတ်တရက် ပြောလိုက်လေသည်။

မွှေးနီတစ္ဆေက မျက်ခုံးပင့်ပြီး ဆူဇီမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

“ဒီလောက်ကောင်းတဲ့ အပေးအယူ ဖြစ်မြောက်ပြီးတာတောင် မင်းက ဘာကိုများ တောင်းဆိုချင်သေးလို့လဲ”

“ကျုပ်က အခြားတစ်ယောက်ကိုပါ ကျုပ်နဲ့အတူ ခေါ်သွားချင်တယ်”

ဆူဇီမိုက ပြန်ပြောလိုက်လေသည်။

“မရဘူး”

မွှေးနီတစ္ဆေက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းပယ်လိုက်လေသည်။

“နဂါးအရိုးတောင်ကြားကို မင်းက ဘယ်လိုနေရာ ထင်နေလို့လဲ.. အဲဒါက ဘယ်သူမဆို ဝင်ထွက်သွားလာလို့ရတဲ့ နေရာလို့ မင်းထင်လို့လား”

ဆူဇီမိုက ခဏမျှ စဉ်းစားလိုက်လေသည်။

“ပြောရမယ်ဆိုရင်.. သူက လူသားတစ်ယောက် မဟုတ်ဘူး.. သူက မြွေနဂါးတစ်ကောင်ပဲ.. သူက နဂါးချီအချို့ကို စုပ်ယူထားဖူးတဲ့အတွက် အနာဂတ်မှာ အစစ်အမှန် နဂါးတစ်ကောင် သေချာပေါက် ဖြစ်လာလိမ့်မယ်”

ဆူဇီမိုသည် နဂါးအရိုးတောင်ကြားဆီသို့ သွားရောက်လိုသည့် နောက်ထပ် အရေးကြီးသည့် အကြောင်းပြချက်မှာ တစ်ကိုယ်တော်တိမ်စိုင်အတွက်ကြောင့် ဖြစ်လေသည်။

သူ့ကို ကယ်တင်ဖို့အတွက် တစ်ကိုယ်တော်တိမ်စိုင်သည် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိခဲ့ရလေသည်။ သူ၏ ကံကြမ္မာက သေမလား ရှင်မလား မသိရသေးပေ။

တစ်ကိုယ်တော်တိမ်စိုင်က သူ့အပေါ် သစ္စာရှိမှတော့ သူကလည်း ထိုသူ့အတွက် အခွင့်အရေးတစ်ခုကို ပြန်ပေးနိုင်ရပေမည်။

“မရဘူး.. သူက မြွေတစ်ကောင်ဆိုရင် ပိုလို့တောင် ဆိုးသေးတယ်”

မွှေးနီတစ္ဆေက နှုတ်ခမ်းစူလိုက်လေသည်။

“ရှင်းရှင်းပြောရရင်.. ငါ့ရဲ့သွေးကို နှစ်နှစ်ဆယ်ကြာအောင် သောက်သုံးခဲ့တဲ့ မင်းလိုလူမျိုးတောင် သန့်စင်တဲ့ မျိုးဆက်သွေး ရှိတာမဟုတ်ဘူး.. ငါက မင်းကို အဲဒီကို ပို့နိုင်ရင်တောင်မှ မဆိုးလှဘူး ခေါ်ရမယ်.. နဂါးချီအချို့သာ စုပ်ယူဖူးတဲ့ မြွေတစ်ကောင်ကို ငါက ဘယ်လိုလုပ် ပို့ပေးနိုင်ပါ့မလဲ”

“ပြောရမယ်ဆို သူက အထဲကို ဝင်ရောက်နိုင်ရင်တောင် နဂါးအရိုးတောင်ကြားက အစစ်အမှန်နဂါးတွေ အနိုင်ကျင့်တာနဲ့တင် သေသွားရလိမ့်မယ်”

ဆူဇီမိုက လုံးဝ နောက်ဆုတ်ပေးခြင်း မရှိပေ။

“တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်မယ်ဆိုရင်တော့ အဲဒါက သူ့ထိုက်နဲ့သူ့ကံပေါ့.. ဒါပေမဲ့လို့ ကျုပ်ကတော့ သူ့ကို ခေါ်သွားရမှာပဲ”

တစ်ကိုယ်တော်တိမ်စိုင်သည် နဂါးအရိုးတောင်ကြားလို ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံရမည်ဆိုလျှင် သူ့အနေဖြင့် အစစ်အမှန် နဂါးတစ်ကောင်အဖြစ်သို့ အသွင်ကူးပြောင်းနိုင်ဖို့ အခွင့်အလမ်းက ပို၍များလာပေလိမ့်မည်။

“ကောင်လေး.. မင်းက ဘယ်လို အခွင့်အရေးယူရမလဲပဲ ချောင်းနေတာပဲ”

“ချီးပဲ.. မင်းကို ကယ်ဖို့အတွက်နဲ့ ငါက မြွေတစ်ကောင်ကိုပါ ထပ်ကယ်ရဦးမှာလား.. မင်းမေကြီးတော်.. ငါ့ကို ဘာလုပ်ခိုင်းနေတာလဲ”

မွှေးနီတစ္ဆေသည် ကျိန်ဆဲလိုက်ပြီး ဆူဇီမိုကို သူ၏ မျက်လုံးထောင့်ကနေ တစ်ချက်ချောင်းကြည့်လိုက်လေသည်။ ထိုသူက လုံးဝ အလျှော့ပေးလိုစိတ် မရှိသည်ကို မြင်သောအခါ သူက ညည်းတွားပြောဆိုလိုက်လေသည်။

“ကောင်းပြီလေ.. ငါ သူ့ကို ခေါ်သွားပေးမယ်.. ဒါပေမဲ့လို့..”

သူက စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

“ကိစ္စကို တစ်ခါတည်း ရှင်းအောင်ပြောထားမယ်နော်.. နဂါးမျိုးနွယ်မှာ ကြင်နာတတ်တဲ့ စိတ်ဝိညာဉ်ဆိုတာ မရှိဘူး.. သူက အထဲမှာ အနိုင်ကျင့်ခံရလို့ သေသွားရင် ငါ့ကိုလာပြီး အပြစ်မတင်နဲ့”

“ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက လက်သီးနှစ်ဖက် ယှက်ပြလိုက်လေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်လေသည်။

“မွှေးနီတစ္ဆေ.. ကျုပ်မှာ နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိသေးတယ်”

“ဘာ.. “

မွှေးနီတစ္ဆေက ဒေါသတကြီး ထခုန်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက တချွင်ချွင်မြည်သွားလေသည်။ သူ၏ မုတ်ဆိတ်ကို လေဖြင့်မှုတ်ထုတ်ပြီး စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ပြောလိုက်လေသည်။

“လူရှုပ်လေး.. မင်းက တော်တောင်ရောင့်တက်လာတာပဲ.. မင်း ထပ်ပြီးတော့ အတင့်ရဲနေဦးမယ်ဆို ငါက မင်းကိုလည်း ထပ်ပြီးတော့ ဂရုမစိုက်တော့ဘူး”

ဆူဇီမိုက တစ်ကိုယ်ကောင်းဆန်ဆန်​ ပြောလိုက်လေသည်။

“သူက ကျုပ်နဲ့အတူ လာခဲ့တယ်ဆိုမှတော့.. ပြန်လည်ကုသဖို့အတွက် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီကို ကျုပ်နဲ့အတူ ခေါ်သွားရမှာပေါ့”

“လုံးဝ မရဘူး”

မွှေးနီတစ္ဆေက ခပ်ပြတ်ပြတ်ပင် ငြင်းဆန်လိုက်​ပြီး ဆူဇီမိုကို ဒေါသတကြီး စိုက်ကြည့်ကာ သူ၏သွားကို ကြိတ်နေလေသည်။

“အဲဒီ ဂမ္ဘီရစိမ့်စမ်းက ဘယ်သူမဆို ဝင်စိမ်လို့ရတဲ့ နေရာလို့ မင်းထင်နေလို့လား”

“ဂမ္ဘီရစိမ့်စမ်းဆီ မင်းဝင်ရောက်ဖို့တောင် ငါက အာပေါက်အောင် ဖျောင်းဖျရမှာ.. မင်းက နောက်ထပ် မြွေတစ်ကောင်ကိုပါ ထပ်ခေါ်ချင်သေးတာလား”

ဆူဇီမိုက ခဏမျှ တွေးတောလိုက်လေသည်။

“ခင်ဗျား သူ့ကို ကယ်ပေးနိုင်တယ်ဆိုရင်တော့.. ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီ သူ့ကို ခေါ်မသွားလဲ ဖြစ်ပါတယ်”

“အဲဒါဆိုရင် ငါ့တာဝန်ထားလိုက်.. အဲဒါက မြွေလေးတစ်ကောင်ပဲမလား.. ငါ့ရဲ့ သွေးတစ်စက် တိုက်လိုက်တာနဲ့ သူက ပြန်ရှင်လာလိမ့်မယ်”

မွှေးနီတစ္ဆေက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါမှသာလျှင် ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ တစ်ကိုယ်တော်တိမ်စိုင်ကို ဖြည်းဖြည်းချင်း ဂရုတစိုက် ထုတ်ယူကာ မွှေးနီတစ္ဆေ၏ ရှေ့မှာ ချပေးလိုက်လေသည်။

မွှေးနီတစ္ဆေက တစ်ချက်ကြည့်ပြီးနောက်.. သူ၏ မျက်နှာက သုန်မှုန်ခက်ထန်လာခဲ့လေသည်။

ထိုသတ္တဝါ၏ ဒဏ်ရာများက ဆူဇီမိုနှင့် တူညီလုနီးပါးပင်။

သူ၏ ရင်ဘတ်က ပေါက်ထွက်နေပြီး သူ၏ နှလုံးက ကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်စီးလုနီးပါး ဖြစ်နေလေသည်။ သူက အသက်ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခံထားရ​ပြီး သူက အချိန်မရွေး အသက်ထွက်သွားနိုင်လေသည်။

ကျွိ.. ကျွိ..

မွှေးနီတစ္ဆေသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သွားကို တကျွိကျွိ ကြိတ်နေလေသည်။

ဆူဇီမိုက ပခုံးတွန့်လိုက်လေသည်။

“ကြည့်လေ.. ခင်ဗျားလည်း အဲဒါကို မလုပ်နိုင်ဘူးမလား.. အဲ့လိုဆိုမှတော့ သူ့ကို ကျုပ်နဲ့အတူ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီ ထည့်ပေးလိုက်ပေါ့”

“အဲဒါက ဂမ္ဘီရစိမ့်စမ်းတစ်ခုကွ”

မွှေးနီတစ္ဆေက သူ၏မျက်လုံးကို စွေကြည့်ပြီး ငေါက်ငမ်းလိုက်လေသည်။

“မင်းက ဦးနှောက်ပျက်သွားတာလား”

“အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး”

မွှေးနီတစ္ဆေသည် အတန်ကြာ စဉ်းစားပြီးနောက် သူ၏ခေါင်းကို ခါ၍ ဆက်လက်ငြင်းဆန်လိုက်လေသည်။

“အဲဒါဆိုရင် ကျုပ်လည်း မလိုက်တော့ဘူး”

ဆူဇီမိုက အရာအားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဘုန်းကြီးအိုသည် ဘေးကနေ မတ်တတ်ရပ်နေရင်း ဘာစကားမှ မပြောဘဲ ပြုံးကြည့်နေလေသည်။

မွှေးနီတစ္ဆေသည် ဒေါသဖြင့် ဆွေ့ဆွေ့ခုန်နေသော်လည်း သူက ဆူဇီမိုကို ဘာမှမလုပ်နိုင်ပေ။

ခဏနေပြီးနောက်.. မွှေးနီတစ္ဆေက ပြောလိုက်လေသည်။

“မင်းရဲ့ တောင်းဆိုချက်ကို ငါလိုက်လျောပေးမယ်.. ဒါပေမဲ့လို့ ဘာမှထပ်ပြီးတော့ မတောင်းဆိုနဲ့တော့”

သူက အမှန်တကယ်ပင် ကြောက်နေလေပြီ။

ဆူဇီမိုက ရူးသွပ်သွားပြီး ခြင်္သေ့တွေ၊ ကျားတွေ၊ ဝံပုလွေတွေကိုပါ ဆွဲခေါ်ထည့်လာမည်ဆိုလျှင် နဂါးအရိုးတောင်ကြားက ပရမ်းပတာ ဖြစ်ကုန်တော့ပေမည်။

“ကောင်းပြီလေ”

ဆူဇီမိုက သဘောတူလိုက်လေသည်။

မွှေးနီတစ္ဆေက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

“ကောင်းပြီလေ.. မင်းရဲ့ တောင်းဆိုချက်နှစ်ခုကို ငါလိုက်လျောပေးလိုက်မယ်”

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက်.. မွှေးနီတစ္ဆေက သူ၏လက်ချောင်းထိပ်ကို ခွဲကာ နီရဲနေသော သွေးတစ်စက်ကို ကျဆင်းလာစေလေသည်။ ၎င်းက မြောက်များလှစွာသော အသက်ဓာတ်အားနှင့်အတူ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

သူသည် လက်ဟန်ချိပ်စည်းများကို အဆက်မပြတ် လှုပ်ရှား​ပြီး ထူးဆန်းသည့် အသံများကို ထွက်ပေါ်လာစေလေသည်။

ထိုသွေးတစ်စက်သည် လေထဲမှာ ရစ်ဝဲနေပြီး ပျက်ပြယ်သွားခြင်း မရှိပေ။

ခဏနေပြီးနောက်.. ထိုသွေးစက်သည် တဖြည်းဖြည်း အသွင်ပြောင်းလာပြီး သွေးနီရောင် နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်း၏ ဦးချိုက အသက်ရှိနေသကဲ့သို့ ငွားငွားစွင့်စွင့် ရှိနေလေသည်။

“သွားတော့.. “

မွှေးနီတစ္ဆေက တီးတိုးရေရွတ်လိုက်လေသည်။

သေးငယ်သော နတ်နဂါးသည် သံရှည်တစ်ချက်ဆွဲ၍ အော်ဟစ်လိုက်ပြီးနောက် သွေးနီရောင် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လေထဲသို့ လျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters