← Chapters

နဂါးမျိုးရိုးငါးခု

Vol. 70 Ch. 1050

နဂါးမျိုးရိုးငါးခု

Vol. 70 Ch. 1050

ဘာကြောင့်ရယ်မသိ.. ဆူဇီမိုသည်လည်း ဝမ်းနည်းမှုကို ခံစားလိုက်ရလေသည်။

မွေးနီတစ္ဆေပြောသော ယန်အာသည် သူအချစ်ခင်ရဆုံး လူတစ်ယောက် သေချာပေါက်ဖြစ်ပြီး ကံမကောင်းစွာနှင့်ပင် အခုမရှိတော့ပုံရသည်ကို သူပြောနိုင်လေသည်။

အပေါ်ယံမှာကြည့်လျှင်တော့ မွေးနီတစ္ဆေသည် ဘာကိုမှ ဂရုမစိုက်တတ်ဘဲ ခွတီးခွကျနိုင်သည်ဟု ထင်ရလေသည်။ သို့သော်လည်း သူ့နှလုံးအနက်ပိုင်းထဲတွင်တော့ မည်သူ့မှ မမြင်နိုင်သည့် ပူဆွေးဝမ်းနည်းမှုတစ်ခု ရှိနေလေသည်။

မွေးနီတစ္ဆေက နတ်ဆိုးနဂါးတစ်ကောင်ဆိုတာ ဟုတ်ပါ့မလား..

လွန်ခဲ့သည့်နှစ်တစ်သောင်းက မွေးနီတစ္ဆေသည် မဟာချွမ်အင်ပါယာ၊ တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်တို့ကို ဖျက်ဆီးခဲ့ပြီး ကြီးမားသည့် ကပ်ဘေးတစ်ခုကို ဖြစ်စေကာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လေသည်။ သူက အလွန်တရာ ဆိုးယုတ်သည်ဟု ပြောနိုင်လေသည်။

သို့သော်လည်း ဆူဇီမို၏ မျက်လုံးထဲတွင်တော့ မွေးနီတစ္ဆေသည် သနားစရာကောင်းသော လူတစ်ယောက်မျှသာ ဖြစ်လေသည်။

သူ့ကို ထိုမျှအထိ ဒေါသထွက်စေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုစိတ်ပေါက်လာအောင် သူဘယ်လို နာကျင်စရာတွေကိုများ ကြုံတွေ့ခဲ့ရသလဲ စဉ်းစားကြည့်ဖို့ ခက်လေသည်။

လွန်ခဲ့သည့် နှစ် ၁၀၀၀၀က ကပ်ဘေးကို အတိအကျ ဘယ်အရာကများ ဖြစ်စေခဲ့တာပါလိမ့်..

မွေးနီတစ္ဆေသည် ဤနေရာကနေ ထွက်ခွာသွားဖို့ ငြင်းဆန်နေခြင်းမှာ သူသည် စိတ်ထဲမှာ လိပ်ပြာမလုံသလို ခံစားနေရတာ သို့မဟုတ် သူ၏ အပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ချင်သောကြောင့်ဆိုတာ ဆူဇီမိုက ခန့်မှန်းမိလိုက်လေသည်။

ဘုန်းကြီးအိုကလည်း လူအများ တွေးထင်ထားကြသလို မွေးနီတစ္ဆေအပေါ် မည်သည့်အမုန်းတရားမှ ရှိမနေပေ။

သူ့ကို တျဲယွဲ့က ကူညီပေးခဲ့ဖူးကြောင်း မွေးနီတစ္ဆေသည် တစ်ခါက အမှတ်တမဲ့ ထုတ်ပြောခဲ့ဖူးလေသည်။

တျဲယွဲ့သည် ဤနေရာသို့ လာပြီး အသောကပန်းကို ထုတ်ယူခဲ့စဉ်က ဘာတွေများ ဖြစ်ပျက်ခဲ့ပါလိမ့်..

ဆူဇီမို၏ စိတ်ထဲမှာ မေးခွန်းများက ပြည့်နှက်နေ၏။

“ကောင်လေး.. နဂါးအရိုးတောင်ကြားဆီ သွားရမှာနဲ့ ပတ်သတ်ပြီး ဘာမှ စိုးရိမ်မနေနဲ့”

မွေးနီတစ္ဆေက မေးလိုက်လေသည်။

“မင်းက အရင်တုန်းက နဂါးဥတစ်လုံးကို ဝါးမျိုခဲ့ဖူးတယ်မလား”

သူသည် ဤကိစ္စကို ဖုံးကွယ်ထားလို့ မရနိုင်ဆိုတာ သိထားပြီး ခေါင်းညိတ်ပြလိုက်လေသည်။

မွေးနီတစ္ဆေက ပြောလိုက်၏။

“အဲ့ကိစ္စက အရေးမကြီးပါဘူး.. လျစ်လျူရှုလိုက်လို့ရတယ်.. တကယ်တော့ မင်းမြင်တွေ့ခဲ့ရတဲ့ နဂါးဥက ဥသေတစ်လုံးပဲ”

“အာ..”

ဆူဇီမိုက ခဏမျှ မှင်တက်သွား၏။

မွေးနီတစ္ဆေက ရှင်းပြလိုက်၏။

“နဂါးမျိုးနွယ်ရဲ့ မျိုးရိုးသွေးက မြင့်မြတ်ပြီးတော့ စွမ်းအားကြီးမားတယ်.. သူတို့က ဘဝသက်တမ်းရှည်လျားပြီးတော့ စွမ်းအားကြီးတဲ့ တိုက်ခိုက်ရည်ခွန်အားလဲ ရှိကြတယ်.. ဒါပေမယ့် သူတို့မှာ အားနည်းချက် မရှိတာတော့ မဟုတ်ဘူး”

“နဂါးမျိုးနွယ်ရဲ့ မျိုးပွားနိုင်စွမ်းရည်က အရမ်းကို နိမ့်ကျတယ်.. နဂါးဥတစ်လုံး ရလာအောင် ပြုစုပျိုးထောင်ရတာတောင် အောင်မြင်နိုင်ခြေ အရမ်းနဲတယ်.. နဂါးဥတစ်လုံး ရလာမယ်ဆိုရင်တောင် နဂါးတစ်ကောင် ပေါက်လာဖို့နှုန်းက သိပ်မမြင့်မားဘူး”

ဤနေရာအရောက်တွင် ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

နဂါးမျိုးနွယ်သာ လူသားတွေလို မျိုးပွားနှုန်းစွမ်းရည်ရှိမည်ဆိုလျှင် ထိုမျိုးနွယ်စုက အလွန်တရာ အင်အားကြီးမားတောင့်တင်း၍ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တစ်ချိန်လုံး စိုးမိုးထားပေလိမ့်မည်။

လူသားဧကရာဇ်ဆယ်ယောက် ပေါ်ထွက်လာလျှင်တောင် အဲ့ဒါက သုံးစားမရနိုင်ပေ။

မွေးနီတစ္ဆေက ပြောလိုက်လေသည်။

“အမှန်တကယ် ရှင်သန်နိုင်တဲ့ နဂါးဥတွေကို နဂါးမျိုးနွယ်ရဲ့ ပညာရှင်တွေက နေ့နေ့ညည စောင့်ရှောက်နေလိမ့်မယ်.. မင်းက သူတို့ကို ဘယ်လိုလုပ် တွေ့နိုင်ပါ့မလဲ”

ဆူဇီမိုသည် ဂရုတစိုက် ပြန်စဉ်းစားကြည့်လိုက်၏။

သူနှင့် ညဝိညာဉ် အရိုးပင်လယ်ကို ဖြတ်ကျော်ခဲ့စဉ်က သူတို့သည် တောင်တစ်တောင်အပေါ် တက်ရောက်၍ ဧရာမလိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ တကယ်ပင် သူတို့သည် လမ်းတစ်လျှောက် မည်သည့်အဟန့်အတားကိုမှ မကြုံတွေ့ခဲ့ရပေ။

တကယ်ဆို နဂါးဥကို သူတို့ကုန်စင်အောင် ဝါးမျိုပြီးမှသာလျှင် အစိမ်းရောင်နတ်နဂါးက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

“ဒါကတော့ လုံယန်.. အခုကစပြီး သူ့ကို ဦးလေးယန်လို့ ခေါ်ပေါ့”

မွေးနီတစ္ဆေသည် သွေးနီရောင်ဝတ်လူကို လက်ညိုးထိုးပြပြီး ဆူဇီမိုကို ပြောလိုက်၏။

“ဦးလေးယန်”

ဆူဇီမိုက တွေဝေခြင်း မရှိဘဲ လုံယန်ကို ဦးညွတ်လိုက်၏။

မမျှော်လင့်ထားစွာပင်.. လုံယန်က ဆူဇီမို၏ ဦးညွတ်မှုကို လက်ခံ၍ လေးစားသမှုကို ပြန်လည်ပြသလိုက်၏။

“နှုတ်ဆက်ပါတယ်.. သခင်လေး”

သခင်လေးတဲ့လား..

ဆူဇီမိုသည် ခဏမျှ မှင်တက်သွားရ၏။

ထိုဘွဲ့က အရေးမပါသည့်ပုံ မပေါက်ပေ။

မွေးနီတစ္ဆေက တည်ငြိမ်နေသော အမူအယာရှိပြီး လုံးဝ အံ့အားသင့်မသွားပေ။

“လုံယန်နောက်ကို လိုက်သွားပြီး နဂါးအရိုးတောင်ကြားမှာ ကောင်းကောင်းကျင့်ကြံပါ.. မင်းမှာ မရှင်းလင်းတာ တစ်ခုခုရှိရင် လမ်းမှာသွားရင်းနဲ့ လုံယန်ကို မေးသွားလိုက်ပေါ့.. အဲ့ဒီကို ရောက်ရင်တော့ လောလောဆယ်မှာ မင်းနာမည်က လုံမိုပဲ”

မွေးနီတစ္ဆေက ဆူဇီမိုကို လေးနက်စွာ ကြည့်လိုက်၏။

“နောက်အနာဂတ်ကျရင်.. မင်းက မီးပဒေသာနဂါးမျိုးနွယ်ရဲ့ သခင်လေးတင်မကဘူးဆိုတာ ငါယုံတယ်”

ဘုန်းကြီးအိုကလည်း ခေါင်းညိတ်လိုက်၏။

“သွားပါ.. ထျန်ဟွမ်ကုန်းမြေတိုက်ပြီးမှာ ဖရိုဖရဲအခြေအနေက ဖြစ်လာနေပြီ.. ကပ်ဘေးတစ်ခုက မကြာခင် ဆိုက်ကပ်လာတော့မှာ ငါစိုးမိတယ်.. မင်းက နဂါးအရိုးတောင်ကြားမှာ ကောင်းကောင်းကျင့်ကြံမယ်ဆိုရင် မင်းရဲ့ အစစ်အမှန်နဂါးခန္ဓာကိုယ်က အဲ့ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်”

“ဆရာ.. မွေးနီတစ္ဆေ.. နှုတ်ဆက်ပါတယ်”

သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဉ်သည် ဘုန်းကြီးအိုနှင့် မွေးနီတစ္ဆေကို လေးလေးနက်နက် ဦးညွတ်ပြီး လုံယန်နှင့်အတူ လိုက်ပါသွားလေတော့သည်။

သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်အပြင် ဆူဇီမို ယူသွားချင်သော အရာအားလုံးကို သိုလှောင်အိတ်တစ်လုံးထဲမှာ ထည့်ပြီးသွားခဲ့လေပြီ။ သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဉ်က အရာရာတိုင်းကို သေချာထုပ်ပိုးပြီး လုံယန်နောက်သို့ လိုက်ပါသွားလေသည်။

သိပ်မကြာမီ.. သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဉ်သည် နဂါးသင်္ချိုင်းတောင်ကြားကနေ ပျောက်ကွယ်သွားလေသည်။

အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ပို၍ပို၍ ဝေးကွာသွားသော်လည်း.. သူတို့နှစ်ယောက်ကြားတွင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်ချက်တစ်ခု ရှိနေဆဲပင်။

....

လေထဲတွင် လုံယန်သည် ဆူဇီမို၏ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို သေချာဂရုတစိုက်ရှိနေပြီး သိပ်ပြီးမြန်မြန်ဆန်ဆန် ခရီးသွားခြင်း မရှိပေ။

“မင်း ကျင့်ကြံခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ”

လုံယန်က မေးလိုက်၏။

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“နှစ် တစ်ရာကျော်လောက်ပေါ့”

“မင်းရဲ့ ပါရမီအလားအလာက အတော်လေး ကောင်းသားပဲ”

လုံယန်က ချီးကျူးလိုက်၏။

“ဒါပေမယ့်.. ကလန်ခေါင်းဆောင်က မင်းအပေါ်မှာ အများကြီး မျှော်လင့်ထားတာ.. မင်းဆီမှာ သူ ဘာကို မြင်ထားရလဲ ငါမသိဘူး.. ဒါပေမယ့် ငါတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး မင်းကို ထောက်ပံ့ပေးမှာပါ.. မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ အဓိက မူတည်နေလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“နဂါးမျိုးနွယ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ငါမင်းကို အတိုချုံး ပြောပြမယ်.. နဂါးမျိုးနွယ်မှာ စုစုပေါင်း မျိုးရိုးငါးခုရှိတယ်.. သူတို့က ဦးချိုနဂါး၊ အပြာရောင်နဂါး၊ ဦးချိုမဲ့နဂါး၊ မီးပဒေသာနဂါးနဲ့ တောင်ပံနဂါးတို့ပဲ”

“အဲ့ဒီမျိုးဆက်သွေးငါးခုက မဟာနဂါးမျိုးရိုးငါးခုဆိုပြီး ကျော်ကြားတယ်.. သူတို့ရဲ့ မျိုးဆက်သွေးက အသန့်စင်ဆုံးနဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အသန်မာဆုံးပဲ.. ဦးချိုနဂါးက သတ္တုဓါတ်ရှိတယ်.. အပြာရောင်နဂါးက သစ်သားဓါတ်၊ ဦးချိုမဲ့နဂါးက ရေဓါတ်၊ မီးပဒေသာနဂါးက မီးဓါတ်နဲ့ တောင်ပံနဂါးက မြေဓါတ်ရှိတယ်.. အဲ့ဒီမျိုးရိုးငါးခုစလုံးမှာ မတူညီတဲ့ အားသာချက်တွေ ရှိကြတယ်”

လုံယန်က ဆက်ပြောလေသည်။

“အကြမ်းဖျင်း ပြောရရင်တော့.. နဂါးမျိုးရိုးငါးခုထဲမှာ အသန်မာဆုံးက အပြာရောင်နဂါးပဲ.. အပြာရောင်နဂါးက အထွတ်အမြတ်သတ္တဝါ.. အဇူရာနဂါးရဲ့ မျိုးဆက်သွေးအများစုကို အမွေခံထားတယ်.. သူတို့ရဲ့ ပုံသဏ္ဌာန်ကလဲ အဆင်တူဆုံးပဲ”

ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်လာ၏။

ရှေးဟောင်းကျမ်းစာအုပ်အချို့တွင် အပြာရောင်နဂါးနှင့် အဇူရာနဂါးက ဆင်တူသည်ဟု ဖော်ပြထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သို့သော်လည်း တကယ်တမ်းမှာတော့ အပြာရောင်နဂါးသည် အဇူရာနဂါး၏ မျိုးဆက်သွေးကို အများဆုံးအမွေခံထားနိုင်ရုံမျှသာ ဖြစ်လေသည်။

အဇူရာနဂါးက အထွတ်အမြတ် သတ္တဝါ ဖြစ်လေသည်။

အထက်ဘုံအပါအဝင် ကျယ်ပြောလှသော လောကတွင် အထွတ်အမြတ် သတ္တဝါ လေးမျိုးသာလျှင် ရှိလေသည်။

အပြာရောင်နဂါးက အဇူရာနဂါးနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျသေးလေသည်။

လုံယန်သည် ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောလိုက်၏။

“တကယ်တော့.. အဲ့ဒီနဂါးမျိုးရိုးငါးခုအပြင်.. နဂါးအရိုးတောင်ကြားမှာ တခြားသွေးနှောနဂါးတွေလဲ ရှိသေးတယ်.. အဲ့ဒီမှာ မြွေနဂါး၊ တိမ်လွှာနဂါး၊ မိုးနဂါး၊ ရစ်ခွေနဂါးနဲ့ အဲ့လိုမျိုး နဂါးမျိုးဆက်သွေးပါးပါးပဲရှိတဲ့ မျိုးစိတ်တွေလဲ ရှိသေးတယ်”

“သွေးနှောနဂါးမျိုးရိုးတွေရဲ့ အဆင့်အတန်းက နိမ့်ကျတယ်.. နဂါးအရိုးတောင်ကြားမှာဆို သူတို့က မဟာနဂါးမျိုးရိုးငါးခုရဲ့ အစေခံအဖြစ် အလုပ်အကျွေးပြရတယ်”

ခဏမျှ ရပ်တန့်ပြီးနောက်.. လုံယန်က ဆက်ပြောလိုက်၏။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မင်းနဲ့ အဲ့ဒီမြွေနဂါးရဲ့ မျိုးဆက်သွေးက သွေးနှောနဂါးမျိုးရိုးနဲ့တောင် မနှိုင်းယှဉ်နိုင်သေးဘူး”

သွေးနှောနဂါးများ၏ မျိုးဆက်သွေးက ခပ်ကျဲကျဲ မျိုးဆက်သွေးသာလျှင် ဖြစ်လေသည်။

ဆူဇီမိုမှာက.. ပကတိ သန့်စင်သော မျိုးဆက်သွေး မရှိပေ။

(အညစ်အကြေးပါတာကို ဆိုလိုခြင်း မဟုတ်ဘဲ.. သူ့သွေးများ အကုန်လုံးက နဂါးသွေးချည်းပဲ မဟုတ်ခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။)

သို့သော်လည်း ထိုနှစ်ခု၏ သဘောသဘာဝက လုံးဝ မတူဘဲ ကွဲပြားလေသည်။

တစ်ကိုယ်တော်တိမ်စိုင်ကတော့.. သူ၏ နဂါးမျိုးဆက်သွေးက အတော်လေး ကျဲပါးရုံသာမက မရှိသလောက်နီးပါး ဖြစ်လေသည်။ ၎င်းက လုံးဝ သန့်စင်မှုမရှိဘဲ.. သူ့ကို နဂါးမျိုးနွယ်၏ အဆက်အနွယ်ဟုပင် မသတ်မှတ်နိုင်သေးပေ။

“ကလန်ခေါင်းဆောင်က ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်.. ငါက သူ့အပေါ်မှာ အသက်ကြွေးတင်နေတယ်.. မင်းကို ငါ့ရဲ့သခင်လေးအဖြစ် သတ်မှတ်ရမယ်ဆိုရင်တောင် ငါ့မှာ စောဒကတက်စရာ မရှိဘူး.. ဒါပေမယ့်လို့ မီးပဒေသာနဂါးမျိုးရိုးက အခြားသူတွေကတော့.. အဲ့လိုမျိုး သေချာပေါက် စဉ်းစားမှာ မဟုတ်ဘူး”

လုံယန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်းက မီးပဒေသာနဂါးမျိုးရိုးရဲ့ အစစ်အမှန်သခင်လေး ဖြစ်လာချင်တယ်ဆိုရင်တော့ မီးပဒေသာနဂါးမျိုးရိုးရဲ့ လူငယ်မျိုးဆက်မှာရှိတဲ့ လူတိုင်းကို ဖိနှိမ်ပြီးတော့ လွှမ်းမိုးခြယ်လှယ်နိုင်ရမယ်”

“မီးပဒေသာနဂါးမျိုးရိုးမှာ မီးပဒေသာလို့ခေါ်တဲ့ တစ်မူထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုရှိတယ်.. မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးဖြစ်လာတဲ့ ဘယ်သူမဆို မီးပဒေသာဘွဲ့ကို ရရှိလိမ့်မယ်”

ဆူဇီမိုက နောက်ဆုံးမှာတော့ အကြမ်းဖျင်းအားဖြင့် နားလည်သဘောပေါက်လာခဲ့လေသည်။

ထိုဂုဏ်ပုဒ်က ထိပ်သီးဂိုဏ်းကြီးများ၏ မည်ကာမတ္တတပည့်များနှင့် ဆင်တူလေသည်။

မျိုးဆက်တိုင်းတွင် မီးပဒေသာဆိုသော အမည်နာမကို ခံယူနိုင်သော နဂါးတစ်ကောင်သာလျှင် ရှိပေလိမ့်မည်။

ယခင်မျိုးဆက်တွင် မွေးနီတစ္ဆေက မီးပဒေသာ ဖြစ်ခဲ့လေသည်။

ယခု မွေးနီတစ္ဆေက ထိုဘွဲ့ကို စွန့်လွှတ်လိုက်ခြင်းမှာ သူက ဆူဇီမိုကို အဲ့ဒါအတွက် ယှဉ်ပြိုင်တိုက်ခိုက်ပြီး အမွေခံစေချင်ပုံ ရလေသည်။

ထို့ကြောင့်ပင် မွေးနီတစ္ဆေက ဆူဇီမို၏ အမည်ကို လောလောဆယ်မှာ လုံမိုဟု ပြောင်းပေးလိုက်ခြင်းပင်။

ဆူဇီမိုသည် မီးပဒေသာနဂါးမျိုးရိုး၏ လူငယ်မျိုးဆက်ကို ဖိနှိမ်ပြီး သခင်လေး ဖြစ်လာနိုင်မည်ဆိုလျှင် သူက မီးပဒေသာ ဖြစ်လာပေလိမ့်မည်။

နဂါး မီးပဒေသာ...။

All Chapters