အရှင်သခင်ကိုလေးစားသည်
Vol. 35 Ch. 479
Translator - Hsue Htet
ဟွမ်ထျန်းစံအိမ်၏ ပင်မခန်းမဆောင်တွက်ဖြစ်သည်။ ဝမ်ဖုန်းသည် စားပွဲရှည်ထိပ်ဆုံး၌ထိုင်နေပြီး လက်ဝဲအောက်ဘက်၌ မဟာနတ်ဆိုးရွှမ်ရှတို့ ထိုင်နေကြကာ လက်ယာအောက်ဘက်၌ အင်အားစုအကြီးအကဲသူတော်စင်များ ထိုင်နေကြသည်။ ယွမ်ဟွားကောင်းကင်နယ်မြေတွင် ချန်ခွမ်းဘုံအဆင့်အောက်ရှိ ကျင့်ကြံသူများသည် ခန်းမထဲသို့ဝင်ရောက်ရန် အရည်အချင်းမပြည့်မီပေ။
ယခင်လူတွေ့ညီလာခံ၌ ဝမ်ဖုန်းသည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ များစွာသောဂိုဏ်းအင်အားစုအရှင်သခင်များ၏ ရှေ့မှောက်၌ အရေးကြီးသည့်စီမံချက်များကို ပြောထားခဲ့ပြီးဖြစ်သည်။
ပထမအချက်မှာ ‘ရှန်ရှန့်ကျုံဂိုဏ်းသည် မကြာမီအချိန်အတွင်း၌ မွန်မြတ်ဘုံလောကသို့ သွားမည်ဖြစ်၍ ယွမ်ဟွားကောင်းကင်နယ်မြေမှ အင်အားကြီးမားသည့် ချန်ခွမ်းဘုံအဆင့်ရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်များ အတူလိုက်ပါရမည်'ဟူ၍ ဖြစ်သည်။
၎င်းသည် လူအားလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည်။ ဆိုလိုသည်မှာ ယခုအချိန်မှစတင်၍ ယွမ်ဟွားကောင်းကင်နယ်မြေ၌ ထျန်းကျွင်းအထွတ်အထိပ်အဆင့်သည် ထိပ်ဆုံးသောကျင့်ကြံသူများဖြစ်သွားကြမည် ဖြစ်ပြီး ထျန်းကျွင်းအထွတ်အထိပ်အဆင့်ထက် သာလွန်သူမရှိတော့ ဟူ၍ဖြစ်သည်။
ဒုတိယအချက်မှာ ‘အင်အားစုကြီးများထဲမှ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ရှိ စွမ်းအားမြင့်ကျင့်ကြံသူအချို့ ရွေးချယ်၍ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများဖြစ်သော ချုံဖုန်း၊ဓားဧကရာဇ်ယန်ေတာက်၊. ယုရွှမ်းတို့သုံးဦးနှင့်အတူ ယွမ်ဟွားကောင်းကင်နယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းကို ဖွဲ့စည်းတည်ထောင်ရန်ဖြစ်သည်။ ဖြေးနှေးငြိမ်သက်သော လတ်ဆတ်သည့်သွေးစီးကြောင်းကို တင်သွင်းပြီးနောက် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ကြီးမြတ်သူအချို့ကို ရွေးချယ်လိုက်၏။
စစ်ဆေးမှုကိုအောင်မြင်သည့် မည်သူမဆို ကူးသန်းဆက်သွယ်ရေးအစီအရင်သို့ ဖြတ်ကျော်၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်မည်။
ထိုသတင်းသည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ မျိုးဆက်သစ်လေးများကို အံ့အားသင့်စေခြင်းနှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ရန် စိတ်လှုပ်ရှားမှုဖြင့်တက်ကြွစေခဲ့သည်။
ထို့ပြင် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေ၍ အင်အားစုကြီးများ၏ အရှင်သခင်များကို မောက်မာထောင်လွှားမှုများ ပပျောက်၍ ရှန်ရှန့်ကျုံဂိုဏ်းကို ဦးညွတ်စေသည့် ဖြစ်ရပ်ကြီးရှိခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဝမ်ဖုန်းသည် နေရာရှိလူအားလုံး၏ ရှေ့မှောက်တွင် ကမ္ဘာလောကတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုကမ္ဘာလောကမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အမှန်တကယ်ဌာနဖြစ်သည့် ကမ္ဘာဝန်းဖြစ်သည်။
ဟွမ်ထျန်းစံအိမ်တော်အထက်၌ ကမ္ဘာဝန်းထွက်ပေါ်လာခဲ့ပြီး နေရာရှိလူအားလုံး၏ စိတ်နှလုံးကို ကိုင်လှုပ်ခဲ့သည်။ ကမ္ဘာဝန်း၏ ကြီးမားကျယ်ပြောမှုနှင့် ၎င်းကမ္ဘာဝန်းအတွင်းရှိ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ စွမ်းအင်များကိုမြင်တွေ့ရလေရာ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများသည်ပင် ကြောက်ရွံ့တုန်လှုပ်မိကြလေသည်။
ထိုကမ္ဘာဝန်းနှင့်ယှဉ်လိုက်သောအခါ သူတို့ဖန်တီးထားသည့် ဤလျှို့ဝှက်နယ်ပယ်လေးမှာ အရေးမပါလှသည့် အသေးအဖွဲလေးသာဖြစ်တော့သည်။
ထိုမျှကြီးမားသော လျှို့ဝှက်နယ်ပယ်ကြီးကို ထိန်းချုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ မည်မျှနက်ရှိုင်းခိုင်မာ၍ မည်မျှအင်အားကြီးမားသည်ကို သိမြင်နိုင်ပေသည်။
“ဒင်! စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အသက်သွင်းနိုင်သည့်အတွက် ဂုဏ်ပြုပါတယ်။ အဆင့်မြှင့်တင်ပါမလား?”
ထိုအခိုက်အတန့်၌ ဝမ်ဖုန်း၏စိတ်ထဲမှ စနစ်၏အချက်ပေးသံ ထွက်ပေါ်လာသည်။
ဝမ်ဖုန်း စနစ်အသံကို လျစ်လျူရှုလိုက်ပြီး အကြီးအကဲသူတော်စင်များကိုကြည့်၍ ကျယ်လောင်စွာပြောလိုက်သည်။
“ခင်ဗျားတို့တွေက ချန်းခွမ်းဘုံအဆင့်မှာရှိတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေပဲ။ ဒီယွမ်ဟွားကောင်းကင်နယ်မြေမှာ နေတာက တိုးတက်နိုင်တဲ့နှုန်းထားက အရမ်းသေးငယ်လွန်းတယ်။ မွန်မြတ်ဘုံလောကကို ခြေချလိုက်ရင် ပိုပြီးအင်အားကြီးမားလာနိုင်တယ်။ ကျုပ်အထင် ခင်ဗျားတို့လည်း ဒီတိုင်းကြီးတိုးတက်မှုမရှိ မနေချင်ပါဘူး ဟုတ်တယ်မလား?”
ဝမ်ဖုန်း၏စကားလုံးများ ခန်းမဆောင်ထဲ၌ ပဲ့တင်ထပ်သွားပြီး အကြီးအကဲသူတော်စင်များသည် တုန်လှုပ်ချောက်ချားဟန်ဖြင့် အချင်ချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ဟွမ်ထျန်းစံအိမ်သူတော်စင်မှ ရှက်ရွံ့စွာဖြင့်ပြော၏။
“ဂိုဏ်းချုပ်ဝမ် ကျုပ်တို့က ဒီယွမ်ဟွားကောင်းကင်နယ်မြေမှာပဲ အနာဂတ်ကိုဖန်တီးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မွန်မြတ်ဘုံလောကမှာ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေ အများကြီးရှိတယ်။ ကျုပ်တို့ရဲ့အင်အားလေးနဲ့ မွန်မြတ်ဘုံလောကကို သွားလိုက်ရင် အားနည်းလွန်းတဲ့ အမြှောက်စာလေးပဲ ဖြစ်နိုင်မှာစိုးရတယ်”
“သတိတကြီးမထားရင် သေသွားတောင် ကိုယ်ဘယ်လိုသေသွားလဲ သိလိုက်မှာမဟုတ်ဘူး”
မွန်မြတ်ဘုံလောကရှိ ကျင့်ကြံသူအားလုံးသည် ပဏ္ဍတအဆင့်ကျင့်ကြံသူကြီးများ မဟုတ်နိုင်သော်ငြား မွန်မြတ်ဘုံလောက၏ ပဏ္ဍိတအဆင့်ဟူသည် သေချာပေါက် သာမန်ထက်ကျယ်ပြောနက်နဲနိုင်သည်။ မွန်မြတ်ဘုံလောကသည် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို အချိန်မရွေး ကျူးကျော်ဖျက်ဆီးနိုင်စွမ်းသည်။ သို့သော် မိမိတို့မှ မွန်မြတ်ဘုံလောကကို သွားရောက်ခြင်းမှာမူ အချိန်အနည်းငယ်အတွင်း အားနည်းလှသည့် အမြှောက်စာလေးသာ ဖြစ်သွားနိုင်ပေသည်။
ဇာမဏီအမြီးဖြစ်မယ့်အစား ကြက်ခေါင်းသာ ဖြစ်ချင်ပါ၏!
၎င်းမှာ အကြီးအကဲသူတော်စင်များ၏ အတွေးဖြစ်သည်။
“မစိုးရိမ်ပါနဲ့။ ခင်ဗျားတို့ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် သစ္စာရှိသ၍ ဘယ်တော့မှ အနိုင်ကျင့်မခံစေရဘူးလို့ ဒီဂိုဏ်းချုပ် ကတိပေးတယ်!”
ဝမ်ဖုန်းသည် ထိုအကြီးအကဲသူတော်စင်များကို မလှောင်ရယ်ဘဲ တည်ကြည်လေးနက်စွာပြောသည်။
လူတိုင်းလူတိုင်း၌ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိကြ၏။ သူတို့၏ရည်မှန်းချက်မှာ တစ်ယောက်နှင့်တစ်ယောက် မဆက်နွယ်နေပါလျှင် မိမိ၏ကိစ္စအတွင်းသို့ ဆွဲမသွင်းသင့်ပေ။ သို့သော် ဤလူများသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ အညံ့ခံထားပြီးဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းဝင် ဖြစ်နေခဲ့လေပြီ။ သို့ဖြစ်ရာ ဘာလို့များ ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ ဒီကျင့်ကြံသူတွေကို ပိုအင်အားကြီးမားတဲ့အနာဂတ်မျိုး ဖန်တီးမပေးရမှာလဲ? သို့သော် ၎င်းအနာဂတ်ကို ယွမ်ဟွားကောင်းကင်နယ်မြေမှာပဲ ဖန်တီးဖို့ခွင့်ပြုထားရမည်လော?
ထိုလူများသည် ယခုအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို ကြောက်ရွံ့ကောင်းကြောက်ရွံ့နိုင်သည်။ ပေါ်ပေါ်ထင်ထင်ဖြင့် အသေးစိတ်သောအတွေးအကြံများ ရှိရဲကြမည်မဟုတ်။ ဒါပေမဲ့ နှစ်သောင်းချီကြာပြီးနောက်မှာရော? ရှန်ရှန့်ကျုံဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေမှာ အချိန်အတော်ကြာ ထွက်ပေါ်မလာဘဲနေရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုကို မေ့လျော့သွားကြပြီး သူတို့ ပြန်ပြီးထောင်လွှားလာကြလိမ့်မယ်။
သေချာပေါက်ပင် ဝမ်ဖုန်း ဤနည်းလမ်းသည်လည်း အပြည့်အဝ ဟန့်တားနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ ယွမ်ဟွားကောင်းကင်နယ်မြေကို အင်အားကြီးမားလာရန်အတွက် ကြိုးစားနေရသည့်ဖြစ်စဉ်နှင့် ထိုခေတ်အချိန်အခါသို့ ပြန်လည်ပို့ဆောင်ပေးနိုင်သည်။
“ဂိုဏ်းချုပ်ရဲ့အမိန့်ကို နာခံပါ့မယ်”
အကြီးအကဲသူတော်စင်များသည် ဝမ်ဖုန်း၏စကားများကို ယုံကြည်သည်။ ကိစ္စအထူးတလည်မရှိပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ဘိုးဘေးသည် သူတို့ကို လုံခြုံအောင် ကာကွယ်ပေးနိုင်မည်ဖြစ်၏။
ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေး၏ကျင့်ကြံဆင့်သည် မွန်မြတ်ဘုံလောကတွင် ပြိုင်ဘက်ကင်းမဖြစ်နိုင်သော်ငြား အင်အားထိန်းသိမ်းရန်အတွက်တော့ လုံလောက်၏။
“ဒါဆို သွားပြင်ဆင်ကြတော့”
ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်၍ လက်ဝှေ့ယမ်းပြလိုက်သည်။
“ဟုတ်ကဲ့ပါ!”
အကြီးအကဲသူတော်စင်များ၊ မဟာနတ်ဆိုးရွှမ်ရှနှ့င့် အခြားသူများသည် လက်ဟန်ဖြင့်အရိုအသေပြု၍ ခန်းမဆောင်ထဲမှ ထွက်ခွာသွားကြသည်။ ဝမ်ဖုန်းတစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။
“စနစ် စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့်မြှင့်တင်မယ်”
အားလုံးထွက်သွားပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။
“ဒင်! စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်မြှင့်တင်ခြင်းအတွက် ဂိုဏ်းအမှတ်၅၀၀ဘီလီယံကို အသုံးပြုလိုက်ပါပြီ”
“ဒင်! စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်ကို အဆင့်၁၃သို့ မြှင့်တင်ပြီးပါပြီ”
စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပလာခဲ့၍ တည်ကြည်လေးနက်စွာပြောလိုက်သည်။
“အဆင့်မြှင့်တင်ပြီး လုပ်ဆောင်ချက်တွေပြောပါဦး”
“ဒင်! စနစ်အဆင့် အဆင့်၁၃သို့ မြှင့်တင်ပြီးပါပြီ။ ချန်ခွမ်းအထွတ်အမြတ်ဘုံရဲ့ ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ”
“အန္တိမအဆင့်ကျပန်းဆင့်ခေါ်ခွင့်၃ခုဖြင့် အနိမ့်ဆုံး ပဏ္ဍိတအထွတ်အထိပ်အဆင့်မှ အမြင့်ဆုံး ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့် ကျပန်းဆင့်ခေါ်ခွင့်ကို လဲလှယ်နိုင်ပါတယ်”
“ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်၂ခုဖြင့် ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်ကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်”
ဝမ်ဖုန်း စကားမဆိုဘဲ စနစ်၏အသံကို ဆက်လက်နားထောင်သည်။
“ဒါ့အပြင် စနစ်အဆင့်၁၃ကို မြှင့်တင်ပြီးတာကြောင့် ချန်ခွမ်းအထွတ်အမြတ်ဘုံကို အကန့်အသတ်မရှိဆင့်ခေါ်ခွင့် ပွင့်သွားပါပြီ”
သို့သော် စနစ်၏ ထပ်မံထွက်ပေါ်လာသောအသံသည် ဝမ်ဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။ ဝမ်ဖုန်း ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“စနစ် အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်ဆိုတာ ဘာလဲ?”
“ဒင်! ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်ကို ဆင့်ခေါ်ရာမှာ အမြင့်ဆုံးကန့်သတ်ချက် မရှိတာပါ။ ဆိုလိုတာက ဆင့်ခေါ်ခံရတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေမှာ ကန့်သတ်ချက်မရှိဘူး။ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ကို တိုက်ရိုက်ဆင့်ခေါ်မိတာလည်း ဖြစ်နိုင်တယ်”
“ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်ရဲ့အထက်ကို ဆင့်ခေါ်မိခဲ့ရင် ဆင့်ခေါ်ခံရတဲ့ကျင့်ကြံသူက ထီလက်မှတ်နဲ့ ဂိုဏ်းအစောင့်အရှောက်တွေရဲ့ ကျင့်ကြံမှုအခြေခံ တိုးမြှင့်မှုမှာ မပါဝင်တော့ပါဘူး”
ဪ..
စနစ်၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေကာ မျက်လုံးများလည်း တောက်ပနေ၏။ ထို့နောက် အလျင်စလိုမေးလိုက်သည်။
“အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်ကို ဘယ်လိုသုံးရမလဲ?”
“ဒင်! ချန်ခွမ်းအထွတ်အမြတ်ဘုံရဲ့ ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်၄ခုကို အသုံးပြုပြီး အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်၁ခုကို လဲလှယ်နိုင်ပါတယ်”
“မှတ်ချက်: အကန့်အသတ်မဲ့ဆင့်ခေါ်ခွင့်ဟု ဆိုလိုခြင်းမှာ အမြင့်ဆုံးအဆင့် ကန့်သတ်ချက်မရှိရုံသာမကဘဲ ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်အောက် နိမ့်သောအဆင့်ကိုလည်း ဆင့်ခေါ်မိနိုင်ပါသည်”