ကြယ်သားရဲ ဝိညာဥ်။
Vol. 35 Ch. 481
ဘာသာပြန်- The Fate
ချန်ခွမ်းရှင်းတောက်သည် မွန်မြတ်ဘုံလောကနှင့် ယွမ်ဟွားကောင်းကင်ဘုံအကြားရှိ အကာအရံကြီးဖြစ်ကာ ထျန်းကျွင်းအဆင့် စွမ်းအားရှင်များကို မွန်မြတ်ဘုံလောကအတွင်း သွားရောက်ခြင်းမှ ကာကွယ်ပေးသည်။ မွန်မြတ်ဘုံလောကအတွင်း၌ အဆုံးအစမဲ့သော အန္တရာယ်များရှိနေပြီး ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်များကသာ လုံခြုံနိုင်ပါသည်။ ချန်ခွမ်းရှင်းတောက် အကာအရံအတွင်းသို့ ဝင်ရောက်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သင်ဟာ မွန်မြတ်ဘုံလောကအတွင်း ရောက်ရှိသွားပြီဟု ပြောဆိုနိုင်သည်။
အကာအရံအလွှာကြီးသည် အထက်ဘုံနှင့်အောက်ဘုံကို ပိုင်းခြားပေးထားသည်။ ယင်းက ခွန်အားမလုံလောက်သေးသော ကျင့်ကြံသူများကို မွန်မြတ်ဘုံလောကအတွင်း သွားရောက်ခြင်းမှ ကာကွယ်ပေးပြီး မွန်မြတ်ဘုံလောက၏ လူဉီးရေကိုလည်း လျှော့ချပေးနေသည်။
မွန်မြတ်ဘုံလောကအတွင်း ဝင်ရောက်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ချန်ခွမ်းရှင်းတောက်အကာအရံဟာ ပျောက်ကွယ်သွားမှာဖြစ်သည်။ ဒီလိုဆိုရင် မွန်မြတ်ဘုံလောကမှ လူတွေက အောက်ဘုံကို ဘယ်လိုများ သွားကြလိမ့်မလဲ။ ဒါကလွယ်ပါတယ်။ သင်သာ လုံလောက်အောင် သန်မာသ၍ ချန်ခွမ်းရှင်းတောက်ကို ဖြတ်ကျော်ပြီး မွန်မြတ်ဘုံလောကမှ ထွက်ခွာနိုင်သည်။
ကျယ်ပြောပြီး အကန့်အသတ်မဲ့သော ကြယ်တာရာလမ်းမကြီးအထက်တွင် အလင်းတန်းကြီးလေးတန်းသည် မရေမတွက်နိုင်သော ကြယ်များကို ဖြတ်သန်း၍ မြန်ဆန်စွာ သွားလာနေခဲ့သည်။ ထိုအလင်းတန်းကြီးလေးတန်းမှာ အမှန်တကယ်အားဖြင့် လူပုဂ္ဂိုလ်များဖြစ်ကြသော်လည်း သူတို့၏ အရှိန်နှုန်းက အင်မတန် မြန်ဆန်လှတာကြောင့် အလင်းတန်းများအဖြစ်သာ တွေ့မြင်ရသည်။ ထိုလူပုဂ္ဂိုလ်လေးယောက်မှာ မွန်မြတ်ဘုံလောကသို့ သွားရောက်နေသော ဝမ်ဖုန်းတို့အုပ်စုဖြစ်သည်။
ချောမောခန့်ညားသော အသွင်အပြင်ရှိသည့် လီရှောင်းယောင်သည် ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ ဝမ်ဖုန်းအနောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။ ဝမ်ဖုန်း၏ ဝဲနှင့်ယာတွင်တော့ ပါးသိုင်းမွေးဖြူကြီးများရှိနေသော ရှောင်းစန်ရှောင်းနှင့် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လီပိုင်တို့ ရှိနေကြသည်။ ဝမ်ဖုန်းသည် တလက်လက်တောက်ပနေသော ကြယ်စင်များကို ငေးစိုက်ကြည့်လိုက်ရင်း သူ၏ မျက်ဝန်းများအတွင်း၌ နက်ရှိုင်းသော အရိပ်အယောင်များ ဖြတ်သန်းသွားလာနေခဲ့ကာ နှလုံးသားအတွင်းမှ တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။ေကာင်းကင်ဘုံစည်းချက်သင်္ကေတများမပါရှိဘဲ သူ၏ ကျင့်ကြံမှုနှင့် ဂိုဏ်းအစောင့်အရှောက်သားရဲများကို ထည့်တွက်လိုက်ပါက သူ့ရဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းဟာ မွန်မြတ်ဘုံလောကကြီးအတွင်းက အဓိကအင်အားစုတစ်စု ဖြစ်လာနိုင်ပါ့မလား။
နောင်တရစရာ အချို့ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားသည် အထက်အောက်ပြောင်းပြန်လှန်၍ တိုးတက်လာခဲ့သည်။ ဂိုဏ်းအစောင့်အရှောက်လီပိုင်သည် ချန်ခွမ်းဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီး ရှီကန်းတန်ဟာ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။လီရှောင်းယောင်နှင့် ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများဟာ ခုနှစ်ပြည်ထောင်ထက် အနည်းငယ်ဆိုးရွားနေသေး သော်လည်း ထိပ်တန်းအင်အားစုများကိုတော့ နှိုင်းယှဥ်နိုင်သေးသည်။
(ခုနှစ်ပြည်ထောင်- မွန်မြတ်ဘုံလောက၏ မင်းဆက် ခုနှစ်ခု သို့မဟုတ် အင်ပါယာကြီး ခုနှစ်ခု)
ချန်ခွမ်းရှင်းတောက်၏ အန္တရာယ်များကို လေ့လာဆန်းစစ်လိုက်ပြီးနောက် ဝမ်ဖုန်းက လီရှောင်းယောင်၊ လီပိုင်နှင့် ရှောင်းစန်ရှောင်းတို့ကိုသာ ခေါ်ဆောင်သွားခဲ့သည်။ ကျန်ရှိနေသော ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်များအားလုံးကို ကမ္ဘာဘောလုံးလေးအတွင်း၌ သိမ်းဆည်းထားခဲ့ကာ ဂိုဏ်းတပည့်များကို သင်ကြားပေးရန် စေခိုင်းခဲ့သည်။
ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်များ၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမှု၊ ကျင့်ကြံရာ၌ အကျိုးကျေးဇူး ပွားများစေသော ရှန်ရှန်ကျုံ့ဂိုဏ်း၏ အဆောက်အဦးများနှင့် ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိ သန်မာသော စွမ်းအားများကို ထည့်တွက်လိုက်ပါက သူတို့ မွန်မြတ်ဘုံလောကသို့ ရောက်ရှိသွားသည့်အခါ ရှန်ရှန်ကျုံ့ဂိုဏ်း၏ တပည့်များမှာလည်း ခုန်ပျံကျော်လွှား၍ တိုးတက်လာလိမ့်မည်။
ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ ဘယ်ဂိုဏ်းကများ ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခိုင်းနိုင်မလဲ။ အနည်းစုသော အထူးအင်အားစုများကတောင် ထိုသို့ လုပ်နိုင်မှာ မဟုတ်ပါ။
( ချန်ခွမ်းဘုံဆိုတာ ချန်ခွမ်းနယ်ပယ်နော်။အဲ့မှာ အဆင့်ခွဲတွေ အများကြီးရှိပါသေးတယ်)
"ဘုန်း"
သို့ပါသော်လည်း ဤအချိန်တွင် ကျယ်လောင်သော ဆူညံသံကြီးများ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းနှင့် အခြားသူများ၏ ဦးခေါင်းများမှာ တောင့်တင်းသွားကြပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
အဝေးတစ်နေရာရှိ ကြယ်လမ်းမကြီးအထက်တွင် မြစ်ကြီးတစ်စင်းကဲ့သို့ အဖြူရောင်တိမ်တိုက်များသည် စုဝေးတည်ရှိနေခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံလွင့်နေခဲ့ကာ အနီးဝန်းကျင်ရှိ ကြယ်စင်များကို အစိတ်စိတ်အမွာမွာ ကြေကွဲသွားစေခဲ့သည်။
အဆိုပါ တိမ်တိုက်မြူခိုးထုအတွင်း၌ အလင်းတန်းထောင်ချီ လင်းလက်လျက်ရှိကာ သားရဲပေါင်းထောင်ချီကလည်း ဟိန်းဟောက်နေကြသလို ကြောက်မက်ဖွယ် အသံကြီးများ ကြားယောင်နေရသည်။
ထိုနေရာ၌ ခန္တာကိုယ်ထည် ကြီးမားသော သားရဲကောင်ကြီးများ၏ ပုံရိပ်ယောင်များ ရှိနေကြကာ ကောင်းကင်ကြီးတစ်ခွင်ကို ဖြန့်ကျက်ထားလျက် ဝမ်ဖုန်းတို့၏ နှလုံးသားကို တုန်ယင်စေခဲ့သည်။
ထိုကြီးမားသော သားရဲကြီးများ၏ အထက်၌ ဦးချိုတစ်ချောင်းပါရှိသော မြင်းသဏ္ဌာန်သားရဲကြီးတစ်ကောင်ရှိနေသည်။ ၎င်း၏အမြင့်မှာ မီတာတစ်သောင်းခန့်ရှိသည်။ ထိုကြီးမားသော ကိုယ်လုံးကိုယ်ထည်ကြီးမှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများပျံလွင့်နေခဲ့သည်။ ယင်းက ပုံရိပ်ယောင်တစ်ခုသာဆိုသော်လည်း အနီးဝန်းကျင်ရှိ ကြယ်စင်များကို ပျက်စီးသွားစေသည်အထိ စွမ်းအားကြီးလှသည်။
"ကြယ်သားရဲဝိညာဥ်!"
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး နက်ရှိုင်းသော အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
ချန်ခွမ်းရှင်းတောက်အတွင်း မဝင်ရောက်လာခင်က သူဟာ ချန်ခွမ်းရှင်းတောက်၏ အခြေအနေကို သိနားလည်စေရန် အထူးအင်အားစုများ၏ ပဏ္ဍိတစွမ်းအားရှင်များကို မေးမြန်းခဲ့သည်။ သူတို့၏ နှုတ်ဖျားမှတဆင့် ချန်ခွမ်းရှင်းတောက် အတွင်းရှိ အန္တရာယ်အများဆုံးအရာမှာ ကြယ်သားရဲဝိညာဥ်များဖြစ်ကြောင်း သိရှိခဲ့ရသည်။
ကြယ်သားရဲများသည် အာကာသအတွင်း၌ ရှိနေသော ထိတ်လန့်ဖွယ်ကောင်းသည့် သားရဲများဖြစ်ကြသည်။ သူတို့ဟာ ကြယ်စင်များကို စားသုံးပြီး အလွန်အမင်း ခွန်အားကြီးမားကြသည်။အရွယ်ရောက်ပြီးသော သားရဲများသည် အနိမ့်ဆုံးကျင့်ကြံမှုအနေဖြင့် ချန်ခွမ်းဘုရင်အဆင့်ကို ရောက်ရှိနိုင်ပြီး အများစုမှာ ချန်ခွမ်းနိယာမအဆင့်ကို ရောက်ရှိနိုင်သည်။
ဟုတ်ပါပေသည်။ ချန်ခွမ်းဧကရာဇ်အဆင့်ကို ရောက်ရှိနေသော ထိတ်လန့်ဖွယ် ကြယ်သားရဲကြီးများရှိကြသော်လည်း ထိုသို့သောသားရဲကြီးများမှာ မွန်မြတ်ဘုံလောကအတွင်း၌ ပေါ်မလာနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် မွန်မြတ်ဘုံလောကအတွင်းရှိ ကြယ်စင်များအားလုံးကို ဝါးမျိုလိုက်ရင်တောင် ထိုကဲ့သို့ ကြီးထွားနိုင်သည့် အခွင့်အရေး မရှိသောကြောင့်ပင်။
ဘုံလောကတစ်ခုစီအကြားရှိ ကြယ်စင်များမှာလည်း ကွာခြားမှုရှိသည်။ ဘုံလောကအဆင့်ပိုမြင့်လေလေ ကြယ်များအတွင်း၌ ရှိနေသော စွမ်းရည်များ ပိုမို များပြားလေလေဖြစ်သည်။ ထို့အတွက်ကြောင့် မြင့်မြတ်သော ဘုံလောကများအတွင်း၌ ပိုမိုအစွမ်းကြီးသော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာနိုင်ခြင်းဖြစ်၏။
အချို့သော ပါရမီရှင်လူငယ်များကတော့ သာမန်လူများထက်ကျော်လွန်၍ တိုးတက်နိုင်သေး သည်။ ဤသည်က ရှားပါးသော ဖြစ်စဥ်ဖြစ်၏။
ကြယ်သားရဲဝိညာဥ်သည် ကြယ်သားရဲတစ်ကောင်၏ ဝိညာဥ်ဖြစ်သည်။ သေဆုံးသွားပြီးနောက် ကြယ်သားရဲများမှာ ဝိညာဥ်အဖြစ်ပြောင်းလဲသွားကြပြီး အာကာသအတွင်း၌ လှည့်လည်လှုပ်ရှားနေကြသည်။ များသောအားဖြင့် သူတို့ဟာ သေဆုံးပြီးသော အရာများဖြစ်ကြသည်။ ရည်ရွယ်ချက်မရှိ လှည့်ပတ်သွားလာနေခြင်းဖြစ်သည်။ သို့သော်လည်း သက်ရှိတစ်ကောင်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူတို့ဟာ စတင်လှုပ်ရှားလာလိမ့်မည်။
အသက်ရှိနေသော ကြယ်သားရဲများသည် ရန်စမခံရပါက သက်ရှိများကို ယေဘုယျအားဖြင့် တိုက်ခိုက်ခြင်းမရှိကြပါ။ ကြယ်များကသာ ၎င်းတို့၏ အနှစ်သက်ဆုံး အစားအစာဖြစ်၏။
သို့ပါသော်လည်း ဝိညာဥ်အဖြစ် ကူးပြောင်းသွားပြီးသော သေဆုံးပြီးသည့် ကြယ်သားရဲများကတော့ သက်ရှိများကို စားသုံးကြသည်။လုံလောက်သော သက်ရှိများကို စားသုံးနေသ၍ သူတို့၏ ဝိညာဥ်မှာ ပို၍ ပို၍ သိပ်သည်းထူထပ်လာမည်ဖြစ်ကာ အဆုံးသတ်တွင် သူတို့ဟာ အသက်ရှိသော ကြယ်သားရဲတစ်ကောင်အဖြစ် ပြန်လည်ပြောင်းလဲနိုင်ကြသည်။ ထိုသို့ပြောင်းလဲပြီးသော ကြယ်သားရဲသည် သတ်ဖြတ်မှု စိတ်ဆန္ဒများကို သယ်ဆောင်နေသည်။
သူတို့နှင့် ထိပ်တိုက်တွေ့ဆုံရသော ကမ္ဘာလောကကြီးများမှာ သူတို့၏ ကျူးကျော်ခြင်းကို ခံရမည်ဖြစ်ပြီး ထိုလောကအတွင်းရှိ သက်ရှိများအားလုံးဟာ သူတို့၏ စားသုံးခြင်းကို ခံရလိမ့်မည်။
ဟုတ်ပါပေသည်။ ကြယ်သားရဲဝိညာဥ်ကို သတ်ဖြတ်နိုင်ပါက ယင်း၏ သန့်စင်သော စွမ်းအားများက လူပုဂ္ဂိုလ်တစ်ယောက်၏ စိတ်ဝိညာဥ်ကို တိုးတက်စေနိုင်သည်။ ထို့အတွက်ကြောင့် အာကာသအတွင်း၌ ကြယ်သားရဲများကို အမဲလိုက်သတ်ဖြတ်သော စွမ်းအားကြီး ကျင့်ကြံသူများလည်း ရှိကြသည်။
ဝမ်ဖုန်းသည် ပြေးလွှားလာနေသော ကြယ်သားရဲမြစ်ကြီးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားသည်။ ထိုသားရဲဝိညာဉ်အုပ်စုကြီးသည် သူတို့လေးယောက်အသက်ဓာတ်များ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရကာ သူတို့ကို စားသုံးရန် ပြင်ဆင်နေပုံပေါ်၏။
ဝမ်ဖုန်းသည် သားရဲဝိညာဥ်များ၏ ကျင့်ကြံမှုအရှိန်အဝါကို အာရုံခံမိလိုက်သည်။ သူတို့အများစုဟာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ပတ်လည်၌ ရှိနေကြပြီး အနည်းစုကတော့ ချန်ခွမ်းဘုရင်အဆင့်၌ ရှိနေကြသည်။
ထိုအုပ်စုကို ဦးဆောင်လာသော ယူနီကွန်း(ဦးချိုတစ်ချောင်းပါသောမြင်း)ပုံသဏ္ဌာန်သားရဲကြီးကတော့ ချန်ခွမ်းဘုရင်အစောပိုင်းအဆင့်သာ ရှိနေခဲ့သည်။
သူတို့လေးယောက်သာ သာမန်လူများဖြစ်ပါက ဒီကြယ်သားရဲဝိညာဥ်အုပ်စုကြီးနဲ့ ရင်ဆိုင်လိုက်ရရင် ဘယ်လိုတောင်သေဆုံးသွားမှန်း သိမှာ မဟုတ်ပါ။
ဝမ်ဖုန်း၏ နှလုံးသားအတွင်း၌ ပူပင်မှုများ ပြည့်နှက်နေခဲ့သည်။ ချန်ခွမ်းရှင်းတောက်အကာအရံကို ဖန်တီးခဲ့သော ဆရာသခင်များ ဘာတွေကို တွေးနေခဲ့သလဲဆိုတာ သူမသိတော့ပါ။ သူတို့က ဒီလောက်အစွမ်းထက်တဲ့ ကြယ်ဝိညာဥ်သားရဲကြီးကို အတွင်းပိုင်းမှာ ထားရှိခဲ့တာလား။
ယွမ်ဟွားကောင်းကင်ဘုံအတွင်းမှာ ဘယ်သူကများ ချန်ခွမ်းအထွတ်မြတ်ဘုံကိုရောက်အောင် လွယ်လွယ်ကူကူ ကျင့်ကြံနိုင်လို့လဲ။
အမှန်တကယ်တော့ ဝမ်ဖုန်းက မသိရှိခဲ့ခြင်းသာဖြစ်သည်။ အစပိုင်း၌ ချန်ခွမ်းရှင်းတောက်အတွင်းရှိ ကြယ်သားရဲများမှာ အရမ်းအစွမ်းမထက်ကြသေးပါ။ သို့ပါသော်လည်း နှစ်ပေါင်းများစွာကြာ ကြယ်များကို စုပ်ယူပြီးနောက် သူတို့ဟာ အင်မတန်မှ စွမ်းအားကြီးလာကြသည်။
ဒါ့အပြင် အသက်ဓာတ်ကို ဖုန်းကွယ်နိုင်သော ရတနာပစ္စည်းတစ်ခု ရှိနေသ၍ ကြယ်သားရဲဝိညာဥ်များကို လှုံဆော်နိုင်မည့်အခွင့်အရေးမှာ အင်မတန်မှ နည်းပါးလေသည်။
"ကြည့်ရတာ ဒီဂိုဏ်းချုပ်ရဲ့ ကံတရားဝိညာဥ်က ပြီးပြည့်မစုံသေးပုံပဲ။ဆိုတော့ ဒီသန့်စင်တဲ့ ဝိညာဥ်စွမ်းအားတွေနဲ့ဆိုရင် ကံတရားဝိညာဥ်ကို အနည်းငယ်ပိုမိုကောင်းမွန်လာစေမှာပါ။ ဟုတ်တယ်မလား?"
ဝမ်ဖုန်းသည် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသော်လည်း ကြောက်လန့်ခြင်းမရှိဘဲ စိတ်လှုပ်ရှားနေခဲ့သည်။