ဝိညာဥ်များ ပေါင်းစည်းခြင်း။
Vol. 35 Ch. 482
ဘာသာပြန်- The Fate
"ရှောင်းယောင်၊ မင်းကိုလွှဲပေးလိုက်မယ်။"
ဝမ်ဖုန်းဟာ လက်ကိုဝေ့ယမ်းလိုက်ပြီး လီပိုင်နှင့် ရှောင်းစန်ရှောင်းတို့ကို အနောက်ကို ဦးဆောင်ခေါ်သွားခဲ့ကာ တိုက်ပွဲမြေပြင်၌ လီရှောင်းယောင်တစ်ယောက်တည်းကိုသာ ထားရစ်ခဲ့သည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်။"
လီရှောင်းယောင်က တုန့်ပြန်ပြောဆိုလိုက်ပြီး ဝမ်းဖုန်းတို့ အုပ်စုအရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ ပုံရိပ်ဟာ တောင့်တင်းခိုင်မာကာ မြင့်မားလှပြီး ချန်ခွမ်းရှင်းတောက်တစ်ခုလုံးကို ထိတ်လန့်စေနိုင်သော မမြင်တွေ့နိုင်သည့် ခန်းနားသော ဖိအားတစ်ရပ်ကို ထုတ်ဖော်နေခဲ့သည်။
"ဝေါင်း!"
လီရှောင်းယောင်လို သတ္တဝါငယ်လေးတစ်ကောင်က သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရဲတာကို တွေ့မြင်လိုက်ရသည့်အခါ ကြယ်သားရဲဝိညာဥ်များသည် ရုတ်တရက် ဒေါသထွက်လာကြသည်။ ဦးဆောင်လာသော ဧရာမကြယ်သားရဲဝိညာဥ်ကြီးက ကောင်းကင်ယံကို မော့ကြည့်လျက် ဟစ်ကြွေးလိုက်ကာ သူ၏ တောင်တန်းကြီးတစ်ခုလို ကြီးမားသော ခန္တာကိုယ်ကြီးသည် လီရှောင်းယောင်ထံသို့ အလင်းတန်းတစ်ခုအလား ပြေးဝင်လာခဲ့သည်။
ကြယ်သားရဲဝိညာဥ်ကြီး၏ ထိတ်လန့်ဖွယ်စွမ်းအားများသည် နက်ရှိုင်းသော ပင်လယ်ပြင်ကြီးအလား ခက်ထန်ကြမ်းကြုတ်လျက်ရှိကာ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်ကြီးသည် ပြေးလာရာလမ်းတစ်လျှောက်ရှိ ကြယ်များကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေခဲ့သည်။
ခေါင်းလောင်းမြည်သံကြီးကဲ့သို့သော ဧရာမဟစ်ကြွေးသံကြီးသည် လူအများ၏ နားစည်ကို တုန်ခါစေခဲ့ကာ ဝမ်ဖုန်းနှင့် အခြားသူများကို ထိတ်လန့်စေခဲ့သည်။
ကြယ်သားရဲဝိညာဥ်တစ်ကောင်မှာတောင် ဒီလောက်ထိတ်လန့်ဖွယ်ကောင်းတဲ့ အစွမ်းတွေရှိနေရင် သက်ရှိကြယ်သားရဲဆိုရင် ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်မလဲ။
ကြောက်မက်ဖွယ်အလင်းတန်းကြီးနှင့် ရင်ဆိုင်လိုက်ရသော်လည်း လီရှောင်းယောင်က တည်ငြိမ်နေသေးဆဲသာ။ သူဟာ ဖြူသွယ်နူးညံသော ကျောက်စိမ်းရောင်လက်ကို ဆန့်ထုတ်လိုက်ပြီး ခပ်သာသာ ဝေ့ယမ်းလိုက်သည့်အခါ စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်သွားခဲ့သည်။ အဆိုပါ စွမ်းအားလှိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းကြီးကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေလျက် လေဟာပြင်အတွင်း၌ အလင်းစက်ကလေးများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သော အလင်းစက်ကလေးများသည် အာကာပြင်တစ်ခွင်၌ ထွန်းလင်းတောက်ပနေခဲ့ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို ဖော်ဆောင်ခဲ့သည်။
"ဝေါင်း!"
လီရှောင်းယောင်း၏ အထင်အမြင်သေးသော အမူအယာသည် ကြယ်သားရဲဝိညာဥ်များကို ရန်စခံလိုက်ရသလို ခံစားစေခဲ့သည်။ သူတို့ဟာ ကောင်းကင်ယံကို မော့ကြည့်လျက် ဟစ်ကြွေးလိုက်ကြသည်။ ကြယ်သားရဲဝိညာဥ်များ၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့သော တောက်ပသည့် အလင်းတန်းများသည် လီရှောင်းယောင်ထံ ကျဆင်းသွားခဲ့သည်။
ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော မိုးကြိုးရောင်အလင်းတန်းကြီးများသည် အာကာပြင်တစ်ခွင်လုံးကို မိုးကြိုးမုန်တိုင်းကြီး တိုက်ခတ်သွားသည့်အလား ထင်ယောင်မှားစေခဲ့သည်။ မိုးခြိမ်းသံကြီးများဟာ အဆက်မပြတ်ပဲ့တင်ထပ်လျက်ရှိပြီး ကမ္ဘာလောကကို ဖျက်ဆီးနိုင်သော မိုးကြိုးများသည် အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းစွာ ကျဆင်းလာခဲ့သည်။
လီရှောင်းယောင်၏ အမူအယာဟာ တည်ငြိမ်နေခဲ့ကာ သူဟာ လက်များကို စုပေါင်းလျက် ဓားသဏ္ဌာန်ဖော်ဆောင်လိုက်သည်။ လက်ချောင်းများမှ ဖန်တီးပုံဖော်လာသော ဓားအလင်းတန်းသည် အေးစက်သော အလင်းတန်းများ စုဝေးနေသည့် ဓားချီအဖြစ် ပြောင်းလဲသွားခဲ့သည်။ လီရှောင်းယောင်ညွှန်ပြလိုက်သည့်အခါ အနီးနားရှိ ဓားချီများသည် ဓားတစ်သောင်းအဖြစ်ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံအပြည့်ရှိနေသော မိုးကြိုးများနှင့် ထိတ်တိုက်ရင်ဆိုင်လိုက်သည်။
"ဘုန်း"
ဓားချီများနှင့် မိုးကြိုးအလင်းတန်းများ၏ ထိတွေ့မှုသည် ကျယ်လောင်သော ပေါက်ကွဲသံကြီးများကို အဆက်မပြတ် ထွက်ပေါ်စေခဲ့သည်။
စွမ်းအားကြီးသော ဖိအားကြောင့် ကြယ်တာရာလမ်းမကြီးတစ်ခုလုံး ယိမ်းထိုးလာခဲ့ကာ အနီးနားရှိ ကြယ်များကတောင် ဤဖိအား၏ အောက်တွင် ကြေကွဲပျောက်ကွယ်သွားကြရသည်။
လီရှောင်းယောင်၏ တည်ငြိမ်နေသော အမူအယာက လီပိုင်နှင့် ရှောင်းစန်ရှောင်းတို့ကို မနာလိုဖြစ်လာစေခဲ့သည်။ သူတို့နှစ်ယောက်ဟာလည်း အစွမ်းထက်သော်ငြား ကြယ်သားရဲဝိညာဥ်အစုအဝေးကြီးကိုတော့ ဤမျှလောက် လွယ်ကူစွာ မခုခံနိုင်ကြပါ။
ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်တွင်ရှိနေသော ရှောင်းစန်ရှောင်းကတောင် ဤကြယ်သားရဲဝိညာဥ်များကို တားစီးနိုင်လိမ့်မည်မဟုတ်။
လီရှောင်းယောင်ဟာ သူတို့၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် လွယ်လင့်တကူ ချေပနိုင်တာကို တွေ့မြင်လိုက်ရသည့်အခါ ကြယ်သားရဲခေါင်းဆောင်သည် ဤသတ္တဝါမှာ သေးငယ်သော်လည်း သူ၏ ခွန်အားက သာလွန်ထူးမြတ်ကြောင်း သတိပြုမိသွားခဲ့သည်။
"ဝေါင်း"
၎င်းက ဦးခေါင်းကို မော့ချီလျက် ထပ်ဖန်တစ်ခါ ဟစ်ကြွေးပြောဆိုလိုက်သည်။ သို့ပါသော်လည်း ဤအသံက အစောပိုင်းက ဒေါသထွက်နေသော အသံနှင့် ကွာခြားမှုရှိပါသည်။ ၎င်းအသံသည် အင်မတန်မှ ထူးဆန်းလှပြီး တစ်စုံတစ်ခုအား ပြောကြားနေပုံပေါ်၏။
ဟိန်းဟောက်သံကြီး ပြီးဆုံးသွားသည့်အခါ အနောက်ဘက်ရှိ ကြယ်သားရဲကြီးများမှာလည်း ၎င်းအသံကို တုန့်ပြန်သည့်အလား ထပ်တူထပ်မျှဟစ်ကြွေးလိုက်ကြသည်။ ယင်းနောက် ဝမ်ဖုန်းတို့ကို ထိတ်လန့်စေသော မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ဧရာမကြယ်သားရဲဝိညာဥ်ကြီးများ၏ မျက်လုံးကြီးများသည် ရုတ်တရက်လင်းလက်တောက်ပလာခဲ့ကာ ကြယ်သားရဲဝိညာဥ်ခေါင်းဆောင်ထံသို့ တစ်ရှိန်ထိုး ပြေးဝင်သွားခဲ့သည်။
အရှိန်ဖြင့် ပစ်တိုက်မိလိုက်သည့်အတွက် ထိခိုက်မှုတစ်စုံတစ်ရာကိုမှ မဖြစ်ပေါ်စေခဲ့ပါ။သို့သော်ငြားလည်း အဆိုပါ ကြယ်သားရဲဝိညာဥ်များသည် ကြယ်သားရဲဝိညာဥ်ခေါင်းဆောင်၏ ကြီးမားသော ခန္တာကိုယ်ကြီးနှင့် ပေါင်းစပ်မိလိုက်ကြသည်။ ယင်းနောက် ချက်ချင်းဆိုသလို ကြယ်သားရဲဝိညာဥ်ခေါင်းဆောင်၏ ဧရာမခန္တာကိုယ်ကြီးမှာ သိသာထင်ရှားသောနှုန်းထားဖြင့် ပိုမို၍ ကြီးမားလာခဲ့သည်။
"သောက်ကျိုးနဲ! သူတို့တွေက အတူတကွ ပေါင်းစည်းနိုင်တာလား?"
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းနှင့် အခြားသူများမှာ ကြောင်အထိတ်လန့်သွားကြသည်။ ဤကြယ်သားရဲဝိညာဥ်များ၏ ကျင့်ကြံမှုမှာ အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလေရာ သူတို့အတူတကွ ပေါင်းစည်းလိုက်ပါက ဘယ်လိုလူကများ ရှင်သန်နိုင်ပါတော့လဲ။
ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ ပဏ္ဍိတစွမ်းအားရှင်များမှာ မွန်မြတ်ဘုံလောကသို့ အဘယ်ကြောင့် မသွားရောက်လိုကြကြောင်း ဝမ်ဖုန်းတစ်ယောက် နောက်ဆုံးမှာ နားလည်သွားခဲ့သည်။ ထိုပဏ္ဍိတစွမ်းအားရှင်များ၏ ခွန်အားဖြင့်ဆိုပါက လာရောက်သည့်အကြိမ်တိုင်း သေဆုံးရပေလိမ့်မည်။
"ကျစ်!"
ကြယ်သားရဲဝိညာဥ်များ၏ ပေါင်းစည်းမှုနှင့်အတူ ယူနီကွန်းပုံသဏ္ဌာန် ကြယ်သားရဲဝိညာဥ်ကြီး၏ ခန္တာကိုယ်မှာ ကြီးမားသည်ထက် ကြီးမားလာခဲ့သည်။ သူ့ထံမှ ပျံ့လွင့်နေသော အရှိန်အဝါများသည်လည်း ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ၎င်းက ကောင်းကင်ယံအတွင်း၌ ထွန်းလင်းတောက်ပနေသော နေတစ်စင်းအလား လူအများကို စေ့စေ့စိုက်မကြည့်ရဲလောက်အောင် ထိတ်လန့်စေခဲ့၏။
တခဏအတွင်းမှာပဲ သောင်းချီသော ကြယ်သားရဲဝိညာဥ်များသည် ယူနီကွန်းပုံသဏ္ဌာန် ကြယ်သားရဲဝိညာဥ်ကြီးနှင့် ပေါင်းစည်းသွားခဲ့ကာ မီတာတစ်သောင်းဝန်းကျင်ခန့်မျှသော ပုံရိပ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းပုံရိပ်ကြီးက ဧရာမတောင်တန်းကြီးအလား ကြယ်တာရာလမ်းမထက်၌ ဒေါင်လိုက်အတိုင်း တည်ရှိနေပြီး မော့ကြည့်လိုက်ပါက ဦးခေါင်းကိုတောင် တွေ့မြင်နိုင်ခြင်းမရှိပါ။
ထိုခန္တာကိုယ်ကြီးမှာလည်း အင်မတန်မှ တောင့်တင်းသန်မာလှသည်။ ၎င်းခြေချောင်းများပေါ်ရှိ အကြေးခွံတစ်ခုချင်းစီတိုင်းကတောင် ဝမ်ဖုန်းတို့ ခန္တာကိုယ်ထက် ပို၍ ကြီးမားနေခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဟုန်သည် မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာခဲ့၏။
၎င်းအရှိန်အဟုန်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် ကြယ်တာရာလမ်းမကြီးတစ်ခုလုံးသည် အချိန်မရွေး ပြိုကျသွားတော့မည့်အလား အဆက်မပြတ် ယိမ်းထိုးလာခဲ့သည်။
ခန္တာကိုယ်ကြီးထွားသွားသည်ထက် ဝမ်ဖုန်းတို့ကို ပို၍ ထိတ်လန့်စေခဲ့သည်က ၎င်း၏ကျင့်ကြံမှုဖြစ်သည်။ မူလက ထိုအရာသည် ချန်ခွမ်းဘုရင်အစောပိုင်းအဆင့်၌သာ ရှိခဲ့သော်လည်း ကြယ်သားရဲဝိညာဥ်သောင်းကျော်၏ ပေါင်းစပ်မှုအပြီး၌ အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်သွားခဲ့ကာ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
"ဝေါင်း!"
ယူနီကွန်းပုံသဏ္ဌာန် ကြယ်သားရဲဝိညာဥ်ကြီးသည် ကြယ်တာရာလမ်းမအထက်၌ မြဲမြံစွာ ရပ်တန့်နေခဲ့ပြီး ရုတ်တရက် အရှေ့ကို ဟိန်းဟောက်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးသည် မိုးကောင်းကင်၏ အသံကြီးအလား အရပ်လေးမျက်နှာသို့ ပျံလွင့်သွားခဲ့ကာ လူအများ၏ နားစည်အား ရိုက်ခတ်လျက် နာကျင်မှုကို ခံစားရစေခဲ့သည်။
ဝမ်ဖုန်းတို့အားလုံးသည် အစွမ်းထက်ကြပြီး အနိမ့်ဆုံးပုဂ္ဂိုလ်မှာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌ ရှိနေခဲ့၍၊ လီရှောင်းယောင်က သူတို့၏အရှေ့၌ ရပ်တည်နေခဲ့၍ မဟုတ်လျှင် ထိုအသံလှိုင်းကတောင် သာမန်ချန်ခွမ်းကပ်ဘေးအဆင့်ပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်စွမ်းရှိ၏။
"စိတ်ဝင်စားစရာပဲ..."
လီရှောင်းယောင်၏ ဖြူဖွေးသော မျက်နှာအထက်၌ အပြုံးတစ်ခုဖြစ်ထွန်းလာခဲ့ကာ ဧရာမကြယ်သားရဲဝိညာဥ်ကြီးကို စိတ်ပါဝင်စားစွာ စူးစိုက်ကြည့်ခဲ့သည်။
ဤကြယ်သားရဲဝိညာဥ်သည် ဝိညာဥ်ပေါင်းစည်းလိုက်ပြီးနောက် အင်မတန်မှ အစွမ်းထက်လာခဲ့သော်လည်း သူ၏ဓားကို အသုံးပြုအောင် ဖိအားမပေးနိုင်ပါ။ ဘယ်သူကမှ သူ့ရဲ့ လုံကွမ်းဓားကို စိတ်တိုင်းကျ တွေ့မြင်နိုင်ခွင့်မရှိဘူး။အနည်းဆုံးတော့ ရှေ့မှောက်တွင်ရှိနေသော ကြယ်သားရဲဝိညာဥ်ဟာ အဆင့်မမှီသေးချေ။
"ဘုန်း!"
ဝမ်ဖုန်းတို့၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ယူနီကွန်းပုံသဏ္ဌာန် ကြယ်သားရဲဝိညာဥ်ကြီးသည် ၎င်း၏ ရှေ့ခြေထောက်ကြီးကို မြှောက်လိုက်ကာ လီရှောင်းယောင်ကို ဖိခြေချလိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းသော ခြေထောက်ကြီးသည် ဧရာမတောင်တန်းကြီးတစ်ခုအလား ကျဆင်းလာခဲ့ကာ ယင်းထံမှ ကောင်းကင်ဘုံ၏ မြစ်တစ်စင်းအလား စွမ်းအားများလည်း အဆက်မပြတ် စီးဆင်းထွက်ပေါ်လာခဲ့သည်။
ယွမ်ဟွားကောင်းကင်ဘုံတွင်ဆိုပါက ထိုခြေထောက်တစ်ဖက်ကတောင် ကောင်းကင်ဘုံကြီးတစ်ခုလုံးကို ဖျက်စီးနိုင်ရန် လုံလောက်လေ၏။
အတော်ဝေးဝေးတွင် ရှိနေခဲ့သော်လည်း ၎င်းခြေထောက်မြှောက်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများသည် ဝမ်ဖုန်းနှင့် အခြားသူများကို တည်ကြည်လေးနက်သွားစေခဲ့သည်။ သူတို့သာ လီရှောင်းယောင်လို စွမ်းအားရှင်တစ်ယောက်ကို မဆင့်ခေါ်ခဲ့ပါက ရှီကန်းတန်ထွက်ပေါ်လာရင်တောင် အဆိုပါကြယ်သားရဲဝိညာဥ်ကြီးကို အလွယ်တကူ ရင်ဆိုင်နိုင်မှာ မဟုတ်ပါ။
"ချွင်!"
ဧရာမခြေထောက်ကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ လီရှောင်းယောင်က ပြုံးယောင်သမ်းလိုက်ပြီး သူ၏ လက်ချောင်းများကို အတူတကွ စုပေါင်းလျက် ဝေ့ယမ်းလိုက်သည့်အခါ အလင်းတန်းတစ်ခုသည် လက်နှစ်ချောင်းကြားမှ ထွက်ပေါ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် သူ့ခန္တာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ထူထပ်သိပ်သည်းသော ဓားစွမ်းအင်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ကာ သူ၏ ခန္တာကိုယ်တစ်ခုလုံးဟာ နတ္ထိအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။ ဓားများဖြင့် ဖွဲ့တည်ထားသော ကမ္ဘာလောကအတွင်း၌ သူဟာ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေခဲ့ကာ လေးမျက်နှာ၌ ပြိုင်ဘက်ကင်းသောအရှိန်အဝါကို သယ်ဆောင်ထားခဲ့၏။