← Chapters

ဟန်သွမ့် တောင်တန်း

Vol. 35 Ch. 484

ဟန်သွမ့် တောင်တန်း

Vol. 35 Ch. 484

ဘာသာပြန်- The Fate

အချိန်ဘယ်လောက်ကြာသွားသည်မသိ။ ပတ်ပတ်လည်ရှိ သန့်စင်သောဝိညာဥ်စွမ်းအားများဟာ ဝမ်ဖုန်းတို့အုပ်စု၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ဝမ်ဖုန်းဟာ ဈာန်ဝင်စားနေရာမှ နိုးထလာသည့်အခါ လီပိုင်နဲ့အခြားသူများသည် အစောကတည်းက နိုးထလာခဲ့ပြီး သူ့ကို ကာကွယ်စောင့်ရှောက်ပေးနေကြောင်း တွေ့မြင်လိုက်ရသည်။

ဝိညာဥ်၏ခွန်အားတိုးတက်လာခြင်းကြောင့် ဝမ်ဖုန်း နိုးထလာပြီးသည့်အခါ ကမ္ဘာလောကကြီးက တနည်းတဖုံပြောင်းလဲသွားသလို ခံစားလိုက်ရသည်။သူ၏ ကံတရားဝိညာဥ်မှာ စုစည်းဖြစ်ပေါ်ပြီးဖြစ်သော်လည်း ယခင်က ခြောက်သွေ့နေသော ကိုယ်ထည်တစ်ခုနဲ့ တူညီနေခဲ့သည်။ သို့သော်လည်း ယခုအချိန်အခါမှာတော့ သွေးနဲ့အသားများကို ပေါင်းစည်းပြီးဖြစ်၏။ သူ၏ ကံတရားဝိညာဥ်သည် ပြည့်ဝလာခဲ့ပြီး အာရုံခံစားမှုများမှာ ပို၍ သန်မာလာခဲ့သည်။

ဝမ်ဖုန်းဝိညာဥ်၏ လက်ရှိခွန်အားဖြင့်ဆိုပါက ချန်ခွမ်းဧကရာဇ်အဆင့်စွမ်းအားရှင်များကတောင် သူ့ကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ပါ။ အတိတ်တွင် သူဟာ သန်မာသောပုဂ္ဂိုလ်များ၏ စွမ်းအင်ဖိအားကို ရင်ဆိုင်နိုင်အောင် စနစ်ကို မှီခိုခဲ့ရသည်။ ယခုအချိန်မှာတော့ သူ့ကိုယ်ပိုင်ခွန်အားဖြင့် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအားရှင်များ၏ အရှိန်အဝါကို ခုခံနိုင်ခဲ့ပြီဖြစ်သည်။ ဤကဲ့သို့ပြောင်းလဲမှုမျိုးမှာ သူဟာ စနစ်ကို တစ်စတစ်စ မှီခိုမှုကင်းမဲ့လာကြောင်း ဖော်ပြနေ၏။

စနစ်ဟာ သန်မာသော်လည်း အဆုံးမှာတော့ ပြင်ပအရာတစ်ခုသာဖြစ်သည်။ သန်မာသောခန္ဓာကိုယ်တစ်ခုကသာ အစစ်အမှန်စွမ်းအားကြီးပါ၏။

တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနဲ့ ကံတရားဝိညာဥ်တို့ဟာ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို ပို၍သန်မာလာအောင် ပြုလုပ်ပေးမည့် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။ ရှောင်းစန်ရှောင်းနဲ့ လီပိုင်တို့သည် ဝမ်ဖုန်းကဲ့သို့ မြင်သာသောတိုးတက်မှု မရှိခဲ့သော်ငြားလည်း သူတို့ဟာလည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပါသည်။ ဟုတ်ပါပေသည်။ ဝိညာဥ်စွမ်းအားအများစုကို ဝမ်ဖုန်းက စုပ်ယူလိုက်ခြင်းဖြစ်ပြီး သူတို့ဟာ များပြားစွာ မစုပ်ယူလိုက်ရပါ။

ဒီလိုမှမဟုတ်ပါက ဧရာမဝိညာဥ်စွမ်းအားများသည် သူတို့၏ကျင့်ကြံမှုကို တိုးတက်လာစေနိုင်သည် !

" သွားကြရအောင် "

ဝမ်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး လီပိုင်နဲ့အခြားသူများကို ဝေ့ဝဲကြည့်ရှူလျက် လက်ကိုခါရမ်းလိုက်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ထိုစကားများကြားသိလိုက်ရပြီးနောက် သူတို့အုပ်စုဟာ ချန်ခွမ်းကြယ်တာရာလမ်းမကြီး၏ အနက်ပိုင်းသို့ ထပ်မံတိုးဝင်သွားကြသည်။အစောပိုင်းက တိုက်ပွဲပြီးသည့်နောက်တွင် ချန်ခွမ်းကြယ်တာရာလမ်းမကြီးအတွင်း၌ ပုန်းအောင်းနေကြသော ကြယ်သားရဲကြီးများမှာ ဦးခေါင်းတောင်မဖော်ရဲကြတော့ဘဲ ဝမ်ဖုန်းတို့ကို ဖြတ်ကျော်ခွင့်ပြုလိုက်ကြရသည်။

ကြယ်သားရဲဝိညာဥ်အစုအဝေးကြီး၏တိုက်ပွဲကြောင့် ဝမ်ဖုန်းနှင့် သူ၏အဖွဲ့မှာ ချန်ခွမ်းရှင်းတောင်အကာအရံကြီးအထဲ၌ အာဏာရှင်ကြီးများ ဖြစ်နေကြပြီဖြစ်၏။

ချန်ခွန်းရှင်းတောက်ရဲ့ မူလအာဏာရှင်ကြီးများကတောင် ဝမ်ဖုန်းတို့အုပ်စုလက်ထဲမှာ ကျရှုံးသွားတာလေ။ သူတို့လို ကြယ်သားရဲဝိညာဥ်အသေးအမွှားတွေက ဘယ်လိုလုပ် ယှဥ်တိုက်ရဲပါ့မလဲ။ ကျန်ရစ်သောကြယ်သားရဲဝိညာဥ်များဟာ အန္တရာယ်၏စစ်မှန်မှူကို နားလည်ခဲ့ကြသည်။

ကြယ်သားရဲဝိညာဥ်များ၏ နှောင့်ယှက်တားဆီးမှုမရှိတာကြောင့် ဝမ်ဖုန်းနဲ့အခြားသူများသည် မြန်ဆန်စွာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြသည်။တစ်နာရီအတောအတွင်းမှာပင် ဝမ်ဖုန်းတို့သည် ကြယ်တာရာလမ်းမ၏ ထက်ဝက်ကျော်ကို ဖြတ်ကျော်ပြီးဖြစ်၏။အဝေးတစ်နေရာ၌ အလင်းတန်းများတောက်ပနေသော နေရာရွေ့ပြောင်းရေးအစီအရင်တစ်ခုရှိနေခဲ့သည်။ 

" ဒါက ချန်ခွမ်းကြယ်တာရာမုဒ်ဝ ဖြစ်ရမယ်။ချန်ခွမ်းကြယ်တာရာမုဒ်ဝကို ဖြတ်ကျော်ပြီးရင် မွန်မြတ်ဘုံလောကကို ဝင်ရောက်နိုင်လိမ့်မယ်။ "

ဝမ်ဖုန်းနဲ့အခြားသူများမှာ မနီးမဝေးတွင်ရှိနေသော ရွေ့ပြောင်းရေးအစီအရင်ကြီးကို စူးစိုက်ကြည့်လျက် ရပ်တန့်လိုက်ကြသည်။ ဝမ်ဖုန်းက မျက်ဝန်းကို အနည်းငယ်ကျဥ်းမြောင်းလျက် နက်ရှိုင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။

သူဟာ ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူဟာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားရှိ ထူးခြားဆန်းကြယ်သော မွန်မြတ်ဘုံလောကကို တွေ့မြင်ရတော့မည်။

အခြားဘုံလောကနဲ့မတူညီစွာ မွန်မြတ်ဘုံလောကလို ဘုံလောကကြီးတစ်ခုကသာ စကြာဝဠာအတွင်း၌ မြဲမြံစွာ ရပ်တည်နိုင်ကြသည်။

စကြာဝဠာကြီးအတွင်း၌ များစွာသောဘုံလောကများစွာ ရှိနေကြသည်။ သို့ပေသော်ငြားလည်း မွန်မြတ်ဘုံလောက၊ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကနဲ့ ဟုန်မန် နတ်ဘုရားဘုံလောကတည်းဟူသော ကမ္ဘာလောကကြီးသုံးခုကသာ မြင့်မြတ်သောဘုံလောကများအဖြစ် ထိုက်တန်ကြသည်။

ဟုန်မန်နတ်ဘုရားဘုံလောကသည် စကြာဝဠာကြီးတစ်ခုလုံး၏ ပင်မအူတိုင်ဖြစ်သည်။ ယင်းနောက်မှာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောက၊ မွန်မြတ်ဘုံလောက စသည်ဖြင့် အစဥ်အတိုင်း တည်ရှိကြသည်။ ယွမ်ဟွားကောင်းကင်ဘုံကဲ့သို့သော ဘုံလောကကြီးများကတော့ စကြာဝဠာကြီး၏ သေးနုပ်သော တည်ရှိမှုများသာ ဖြစ်ကြ၏။

" သွားကြမယ် "

တစ်ခဏကြာရပ်တန့်လိုက်ပြီးနောက် ဝမ်ဖုန်းက လက်ကို ဝေ့ရမ်းကာဖြင့် လီရှောင်းယောင်တို့ကို ဦးဆောင်လျက် မုခ်ဝထံ ဦးတည်သွားခဲ့သည်။

.....

ကောင်းကင်နှင့်ကမ္ဘာမြေအကြား၌ တည်ရှိသော မွန်မြတ်ဘုံလောကသည် ကျယ်ပြောနက်ရှိုင်းပြီး အကန့်အသတ်မဲ့ကာ ၎င်းအတွင်း၌ ခမ်းနားကြီးကျယ်သော တောင်စဥ်တောင်တန်းများ၊ မြစ်ချောင်းအင်အိုင်များ ရှိကြသည်။ ကမ္ဘာမြေကြီး၏ အသက်သွေးကြောဖြစ်သော မြင့်မြတ်သည့်မြစ်ကြီးများသည် ကျယ်ပြောသောနယ်မြေ၌ လှပစွာ စီးဆင်းနေကြကာ သက်ရှိများအား အကျိုးပြုလျက်ရှိ၏။

ကောင်းကင်နဲ့ကမ္ဘာမြေကြားတည်ရှိသော မွန်မြတ်ဘုံလောက၏ အလှတရားသည် တစ်ခါတစ်ရံ၌ ဖြတ်သန်းသွားလာကြသော ချန်ခွမ်းဘုရင်အဆင့်အထက် သန်မာသောပုဂ္ဂိုလ်များကိုတောင် ရင်သက်ရှုမောဖွယ် ဖမ်းစားနိုင်၏။

ဤဘုံလောကာကြီး၏ အလယ်ဗဟိုတွင် ဘုံလောကကြီးတစ်ခုလုံးကိို ဖြန့်ကျက်လျက်တည်ရှိသော အဆုံးအစမဲ့သည့် တောင်တန်းကြီးတစ်ခု တည်ရှိ၏။ယင်းတောင်တန်းကြီးဟာ ကျယ်ပြောသောနယ်မြေကြီးကို အရှေ့နဲ့အနောက်ဟူ၍ ပြီးပြည့်စုံစွာ ပိုင်းခြားပေးထားသည်။

အရှေ့ဖက်နယ်မြေအတွင်း၌ရှိကြသော ဝိညာဥ်စွမ်းအားများသည် ဒဏ္ဍာရီဆန်လှကာ မြင့်မြတ်သောအရှိန်အဝါများ ကိန်းဝပ်နေလျက် နတ်ဘုံတမျှ ခမ်းနားလှသော်ငြားလည်း အနောက်ပိုင်းနယ်မြေတွင် သေခြင်းနဲ့ နတ်ဆိုးစွမ်းအားများသာ ရှိကြသည်။ နယ်မြေတစ်ခုလုံးက နတ်ဆိုးကမ္ဘာကြီးအလား မဲမှောင်လျက်ရှိ၏။

အဆုံးအစမဲ့သောတောင်တန်းကြီးသည် ယင်းနယ်မြေနှစ်ခုအား တိကျစွာ ပိုင်းဖြတ်ထားပြီး တူညီသောဘုံလောကထဲမှ မတူညီသောလောကနှစ်ခုအဖြစ် ကွဲထွက်စေခဲ့သည်။ တစ်ခုမှာ အလင်းလောကဖြစ်ပြီး ကျန်တစ်ခုမှာ အမှောင်လောကဖြစ်ကာ ဆန့်ကျင်ဖက်ဖြစ်ထွန်းလျက်ရှိ၏။

ထိုတောင်တန်းကြီးကို ဟန်သွမ့်တောင်တန်းဟု ခေါ်ဆိုသည်။ ယင်းဟာ မွန်မြတ်ဘုံလောကအတွင်းရှိ အကြီးမားဆုံးတောင်တန်းကြီး ဖြစ်၏။

ပကတိအားဖြင့် ဟန်သွမ့်တောင်တန်းသည် မွန်မြတ်ဘုံလောကအတွက် မိုးကောင်းကင်က ပေးအပ်ခဲ့သော အရင်းအမြစ်ကြွယ်ဝသည့် သဘာဝရတနာတိုက်ကြီးဖြစ်သည်။ ယင်းက မွန်မြတ်ဘုံလောကတစ်ခွင်လုံးရှိ ကျင့်ကြံသူများအားလုံးကို အရင်းအမြစ်အားဖြင့် ထောက်ပံ့ပေးထားသလို နောက်ဆုံးသောအကာအရံအတားအဆီးကြီးလည်း ဖြစ်ချေသည်။

ဟန်သွမ့်တောင်တန်း၏အနောက်ဖက်နယ်မြေကိုတော့ ကောင်းကင်တာအို မျိုးနွယ်စုခွဲငါးစုက အုပ်စိုးထားပြီး အရှေ့ပိုင်းနယ်မြေကိုတော့ ခုနှစ်ပြည်ထောင်နှင့် ကြွင်းကျန်ရစ်သောဂိုဏ်းများက အုပ်စိုးထားသည်။

ဟန်သွမ့်တောင်တန်းကို စစ်မြေပြင်အဖြစ်အသုံးပြု၍ နှစ်ဖက်စလုံးသည် တစ်ဖက်နဲ့တစ်ဖက် အရူးအမူးတိုက်ခိုက်ခဲ့ကြသည်။ သန်မာသောလူသားမျိုးနွယ်စုများက အနောက်ပိုင်းနယ်မြေကို ကျူးကျော်လိုကြပြီး ဆုံးရှုံးသွားသောနယ်မြေကို ပြန်လည်ရယူလိုကြသည်။ ကောင်းကင်တာအိုမျိုးနွယ်စုကလည်း အရှေ့ပိုင်းနယ်မြေကိုရယူပြီး မွန်မြတ်ဘုံလောကတစ်ခုလုံးကို သူတို့၏ဘုံလောကအဖြစ် ပြောင်းလဲချင်ကြသည်။

တိုက်ခိုက်ကြရာ နှစ်များစွာအတောအတွင်း၌ ဤဟန်သွမ့်တောင်တန်းကြီးသည် သဘာဝရတနာတိုက်ကြီးအဖြစ်မှ အပျက်အစီးများပြည့်နှက်နေသော စစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဤအချိန်တွင် အနက်ရောင်တောင်တန်းနှင့် တောအုပ်များအတွင်း၌ ကြောင်နှင့်ကြွက် ကစားနည်းတစ်ခုကို ကစားလျက်ရှိ၏။

ချောမောခန့်ညားသော မျက်နှာသွင်ပြင်နှင့် ခပ်ဝဝအမျိုးသားတစ်ယောက်သည် အလွန်အမင်းအရှက်ရနေပုံပေါ်သည်။ သူဟာ အသက်နှစ်ဆယ်ဝန်းကျင်မျှရှိပြီး သူ၏မျက်နှာဟာ စက္ကူစတစ်ရွက်လို ဖြူဆုတ်လျက်ရှိကာ ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ သူဟာ တောင်တန်းအတွင်းရှိ တောအုပ်ထဲသို့ အမောတကော ပြေးဝင်သွားခဲ့သည်။

ထိတ်လန့်စရာကောင်းသည့်အချက်မှာ ခပ်ဝဝအမျိုးသားသည် အသက်နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သို့ပါသော်လည်း သူ၏ထူးဆန်းသောပုံသွင်ကြောင့် လူအများဟာ သူ၏ကျင့်ကြံမှုကို လျစ်လျူရှုလိုက်နိုင်၏။

သူဟာ အနောက်ဖက်ကို အချိန်နဲ့အမျှ လှမ်းလှမ်းကြည့်တတ်ပြီး သူ့မျက်နှာထက်၌လည်း ထိတ်လန့်မှုများ ပြည့်နှက်လျက်ရှိ၏။ သူ၏အနောက်ဖက်တွင်တော့ များစွာသောပုံရိပ်များသည် လိုက်လံဖမ်းဆီးလျက်ရှိသည်။ အမျိုးသားကိုယ်တွင်းမှ သတ်ဖြတ်မှုစိတ်ဆန္ဒများ ထွက်ပေါ်လျက် တောအုပ်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။

လိုက်ပါဖမ်းဆီးသူများ၏ အုပ်စုခေါင်းဆောင်မှာ အမှန်တကယ်တော့ အင်မတန်မှ ချောမောလှပသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမဟာ ဖြေးညှင်းစွာ လမ်းလျှောက်လျက်ရှိပြီး သူမခြေလှမ်းလှမ်းလိုက်သည့်အခါတိုင်းတွင် မရေမတွက်နိုင်သော တောင်စဥ်များနှင့်မြစ်များကို ဖြတ်ကျော်သွားခဲ့သည်။ သိသာစွာဖြင့် သူမရဲ့အရှိန်နှုန်းက အင်မတန်မှ မြန်ဆန်ပါသည်။ သူမဟာ ဖက်တီးအမျိုးသားကို မျက်တောင်တစ်ခတ်အတွင်းဖမ်းဆီးနိုင်သော်လည်း အလျင်လိုခြင်းမရှိဘဲ ဆော့ကစားနေခဲ့သည်။

သူမဟာ အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ နှင်းဖြူရောင်အရေပြားကို ခပ်ဖျဖျ တွေ့မြင်နိုင်၏။ သို့ပါသော်လည်း ထိတ်လန့်ဖွယ်ကောင်းသည့်အချက်မှာ အရေပြားပေါ်၌ ထူထပ်သိပ်သည်းသော အဖြူရောင်မျဥ်းကြောင်းများရှိနေခဲ့ကာ သူမ၏မျက်နှာပေါ်တွင်လည်း အဖြူရောင်မျဥ်းကြောင်းများဖြင့် ဖုံးအုပ်ထားခဲ့သည်။

၎င်းမှာ ထူးဆန်းပြီးထိတ်လန့်ဖွယ်ကောင်းလှသော်လည်း သေသေချာချာစိုက်ကြည့်ပါက အမျိုးသမီး၏အသွင်အပြင်ကို တမူထူးခြားကာ ဆွဲဆောင်မှု ရှိလာစေခဲ့သည်။ သူမတွင် ထူးဆန်းသောအလှတရားကို ပိုင်ဆိုင်ထားပါ၏။

ထိုကဲ့သို့ပုံပန်းသွင်ပြင်ဖြင့် သူမတို့အုပ်စုဟာ ကောင်းကင်တာအိိုမျိုးနွယ်စု၏ မျိုးနွယ်စုခွဲတစ်စုဖြစ်သော ကောင်းကင်မျိုးနွယ်စုမှ ဖြစ်ကြောင်းသေချာနေခဲ့သည်။

(ကောင်းကင်မျိုးနွယ်စုနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုက မတူပါဘူး။ ကောင်းကင်ဆိုတာက ကောင်းကင်တာအိုမျိုးနွယ်စုကြီးထဲက အခွဲတစ်ခုပါ)

သူမနဲ့အတူ ဖက်တီးကို လိုက်လံဖမ်းဆီးကြသူများမှာလည်း ကောင်းကင်မျိုးနွယ်စုအဖွဲ့သားများ ဖြစ်ကြ၏။

" ကျွန်မနဲ့လိုက်ခဲ့...ဒီလိုမှမဟုတ်ရင် ရှင်ဒီနေ့သေဆုံးရမယ်။ "

အမျိုးသမီး၏နှုတ်ဖျားမှ အေးစက်သောစကားလုံးများ ထွက်ပေါ်လာခဲ့ပြီး တောအုပ်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

" မဖြစ်နိုင်ဘူး။ ငါက လူသားမျိုးနွယ်စုပဲ။ မင်းက ကောင်းကင်တာအိုမျိုးနွယ်စုက။ ငါတို့နှစ်ယောက်က မဖြစ်နိုင်ဘူး။ တွေးတောင်မတွေးစမ်းနဲ့။ "

ဖက်တီးအမျိုးသားသည် အနောက်ကို လှမ်းကြည့်ခြင်းမရှိဘဲ ဟိန်းဟောက်ပြောဆိုလိုက်သည်။ သူဟာ တွေးဆ၍မရနိုင်တော့ပါ။အဲ့ဒီအမျိုးသမီးက သူ့ကို ဘာလို့များ အပြင်းအထန် ဖမ်းဆီးချင်ရတာလဲ?

All Chapters