ရှင့်ကိုသတ်ပြီး ဝမ်းနည်းဖွယ် မန်ဒရင်းဘဲစုံတွဲ ဖြစ်စေမယ်။
Vol. 35 Ch. 485
ဘာသာပြန်- The Fate
"ရှင်တို့ လူသားမျိုးနွယ်ကရော ကျွန်မတို့ ရဲ့ကံကြမ္မာကို အာရုံစိုက်လို့လား။"
"မျိုးနွယ်စု မတူညီတာကိုတောင် ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးလား။"
အမျိုးသမီးက လှောင်ရယ်လိုက်သည်။ သူမ၏ သန့်စင်ကြည်လင်ပြီးချိုမြိန်သော အသံကလေးသည် သာယာနာပျော်ဖွယ်ကောင်းသော တေးသံအလား တောအုပ်ကြီးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ယင်းအသံဟာ ဖက်တီးအမျိုးသား၏ မျက်နှာကို အေးခဲသွားစေခဲ့သည်။ သူဟာ အရှိန်နှုန်းလျော့ကျသွားခဲ့ပြီး မောပန်းနွမ်းနယ်စွာ အသက်ရှုရှိုက်လိုက်ကာ ချွေးစီးများက သူ၏ နှဖူးထက်မှ ကျဆင်းလာခဲ့သည်။ သူဟာ အမျိုးသမီး၏ လက်အတွင်းမှ မလွတ်မြောက်နိုင်တော့တာကို သိမြင်ခဲ့ရသည့်အလား ဆက်လက်ထွက်ပြေးခြင်းမပြုတော့ပါ။
ဖက်တီးအမျိုးသား ရပ်တန့်သွားတာကို တွေ့မြင်လိုက်ရသည့်အခါ အမျိုးသမီးနှင့် သူမ၏အဖွဲ့ကလည်း တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်လိုက်ကြကာ ကြီးမားသော သစ်ငုတ်ကြီး၏အပေါ်၌ ဆင်းသက်လိုက်ကြပြီး ဖက်တီးအမျိုးသားကို ငြိမ်သက်စွာ စူးစိုက်ကြည့်နေခဲ့သည်။
"မင်းတို့ ကောင်းကင်တာအိုမျိုးနွယ်က ငါတို့ရဲ့ မွန်မြတ်ဘုံလောကကို ကျူးကျော်လာခဲ့တယ်။ မင်းတို့က လူသားမျိုးနွယ်ရဲ့ သဘာဝရန်သူကြီးပဲ။ ငါက လူသားမျိုးနွယ်ဝင်တစ်ယောက်လေ။ မင်းနဲ့ ဘယ်လိုလုပ် ပေါင်းဖက်နိုင်မှာလဲ။"
ဖက်တီးအမျိုးသားက အနောက်ကို လှည့်လိုက်ပြီး အမျိုးသမီးကို လေးလေးနက်နက်စိုက်ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုခဲ့သည်။
"ဘာလို့ မရရမှာလဲ။"
"ဒါက အမျိုးသားနဲ့ အမျိုးသမီးပေါင်းဖက်တာပဲ မဟုတ်ဘူးလား။"
"ရှင်နဲ့အတူနေရဖို့ ကျွန်မဘာလုပ်ရမှာလဲ။ ကျန်တဲ့သူတွေကိုရော ဘာကိစ္စအရေးစိုက်ရမှာလဲ။"
အမျိုးသမီးက ပဟေဠိဖြစ်သွားခဲ့သည်။သူမ၏ လှပသော မျက်ဝန်းကလေးများမှာ သန့်စင်ကြည်လင်သော လဝန်းကလေးအလား ဝိုင်းစက်နေပြီး နှစ်လိုဖွယ်ကောင်းလှသည်။ သူမက ဖက်တီးအမျိုးသားကို စူးစိုက်ကြည့်နေရင်း သူမ၏ လှပသော မျက်နှာကလေးမှာ နူးညံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်မျိုးနွယ်စုဝင်တစ်ယောက်က ဤမျှလောက်အထိ ညင်သာနေသည်မှာ ယုံကြည်ရန်တောင် ခက်ခဲလှပေသည်။
ထိုအမျိုးသမီးက ကောင်းကင်မျိုးနွယ်စုဝင်မဟုတ်ပါက သူမဟာ မရေမတွက်နိုင်သော လူသားမျိုးနွယ်ပါရမီရှင်များ၏ ချစ်မြတ်နိုးခြင်းကို ခံရပေလိမ့်မည်။
မင်းမှန်တယ်။ ငါတော့ ဆွံ့အနေမိပြီ။
ဖက်တီးအမျိုးသားက တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြန်လည်၍ ရုန်းကန်ပြောဆိုလိုက်ပြန်သည်။
"ငါယန်ယဲ့က ကြီးမားတဲ့ ခန္တာကိုယ်နဲ့ ဝဖြိုးတဲ့ပုံအသွင်ရှိတယ်။ ပြီးတော့ ငါက အသုံးလည်းမကျဘူး။ ငါ့မှာ ကောင်းမွန်တဲ့ ပါရမီစွမ်းအားရှိပေမယ့် ဘယ်နောက်ခံမှမရှိဘူး။ ငါက မင်းတို့ရဲ့ အစွမ်းထက်တဲ့ ပါရမီရှင်တွေထက်တောင် နိမ့်ကျပါသေးတယ်။ မင်းက ဘာလို့များ ငါ့ကို ဒုက္ခပေးနေရတာလဲ။"
"ကျွန်မပိုင်ရွှမ်ဟာ အချိုးကျ လှပတဲ့ ခန္တာကိုယ်နဲ့ ချောမောတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး သာမန်မဟုတ်တဲ့ ပါရမီစွမ်းအားလည်းရှိတယ်။ ဒါ့အပြင် ကျွန်မက ကောင်းကင်မျိုးနွယ်စုခေါင်းဆောင်ရဲ့သမီးဖြစ်ပြီးတော့ ကောင်းကင်မျိုးနွယ်စုတစ်စုလုံးမှာ ထိပ်တန်းအလှမယ်ဆယ်ယောက်ထဲ ဝင်တယ်။ ဒါက ရှင့်အတွက် လုံလောက်တာထက် မပိုဘူးလား။ ရှင်ဘာဖြစ်လို့ လက်မခံချင်ရတာလဲ။"
အမျိုးသမီးက သူမ၏ ဦးခေါင်းကို မြင့်မြင့်မြှောက်ထားပြီး သူမ၏ အဆင့်အတန်းအကြောင်းကို ဖက်တီးယန်ယဲ့အား ပြောပြနေခဲ့သည်။ သူမ၏ လှပသော အသံလေးက ပဲ့တင်ထပ်ထွက်သွားခဲ့သည်။
ကောင်းကင်မျိုးနွယ်ရဲ့ ထိပ်တန်းအလှမယ် ဆယ်ယောက်ထဲပါဝင်တဲ့ မင်းလိုအမျိူးသမီးက ငါ့လို ဖက်တီးတစ်ယောက်ကို ဘာကြောင့် ပြဿနာပေးနေရတာလဲကွာ။
ယန်ယဲ့ဟာ ဝမ်းနည်းသွားသလို တစ်ချိန်တည်းမှာလည်း ဒေါသထွက်လာခဲ့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။
"မင်း ငါ့ကို ဘာကြည့်ကြိုက်တာလဲ။ ငါပြောင်းလဲလိုက်လို့ မရဘူးလား။"
ဤအချိန်၌ ယန်ယဲ့ဟာ အင်မတန်မှ နောင်တရနေပါပြီ။
ဒီလို ဖြစ်လာမယ်မှန်းသိခဲ့ပါက သူဘယ်တော့မှ ဟန်သွမ့်တောင်တန်းတွေထဲကို ဝင်ရောက်လာခဲ့မှာ မဟုတ်ပါ။ သူက ချန်ခွမ်းကပ်ဘေး အထွတ်အထိပ်အဆင့်မှ ချိုးဖျက်တက်ရောက်နိုင်ရန် ဟန်သွမ့်တောင်တန်းတွေထဲကို ဝင်ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအိုမျိုးနွယ်စုမှ လူတစ်ချို့ကို သတ်ဖြတ်ပြီး ကုသိုလ်အမှတ်များ ရယူကာ ခုနှစ်ပြည်ထောင်တွင် ကျင့်ကြံရေးအရင်းအမြစ်များနှင့် လဲလှယ်ရန် စီစဥ်ထားခဲ့သည်။
သို့ပါသော်လည်း သူ ဟန်သွမ့်တောင်တန်းတွေထဲ ဝင်ရောက်လိုက်ပြီး မကြာခင်မှာ ပိုင်ရွှမ်နဲ့ သူ့အဖွဲ့ကို တွေ့လိုက်ရလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားအံ့နည်း။ ထိုအမျိုးသမီးက ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို လက်ထပ်ချင်သည်ဟု ပြောလာခဲ့ပြီး သူမနှင့်အတူ ကောင်းကင်မျိုးနွယ်စုကို လိုက်ပါရန် ခေါ်ဆောင်ခဲ့သည်။
ယန်ယဲ့ဟာ နေရာမှာတင် ဒေါသထွက်သွားခဲ့သည်။ သူက ဘယ်လိုလူမျိုးလဲ။ သူယန်ယဲ့ဟာ အသက်နှစ်ဆယ် ဝန်းကျင်အရွယ်မှာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ကို ရောက်ရှိနိုင်ခဲ့သူဖြစ်သည်။ သူဟာ အလှအပ၌ ကျရှုံးမည့်ပုဂ္ဂိုလ်မဟုတ်ပါ။
ဒါ့အပြင် သူမဟာ လူသားမျိုးနွယ်ရဲ့ ရန်သူတော် ကောင်းကင်တာအိုမျိုးနွယ်ခွဲ၊ ကောင်းကင်မျိုးနွယ်စုမှ အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူဟာ ပေါက်ကွဲဒေါသထွက်သွားခဲ့ပြီး အမျိုးသမီး၏ မြေပြင်ပေါ်မှောက်ချသည်အထိရိုက်နှက်ခြင်းခံခဲ့ရသည်။ သူဟာ အကြိမ်ဘယ်လောက်များများ ရိုက်နှက်ခံခဲ့ရသလဲဆိုတာကိုတောင် မသိရှိနိုင်ခဲ့ပါ။ ထိုအမျိုးသမီးက ရိုက်နှက်နေရင်းမှလည်း သူ့ကို ထပ်တူညီသော မေးခွန်းအား မေးမြန်းခဲ့သေးသည်။
ဒီအရွယ်ထိတိုင်အောင် သူယန်ယဲ့ဟာ ဘယ်တုန်းကမှ ဒီလိုမျိုး အနိုင်ကျင့်မခံခဲ့ရပါ။ ထို့နောက် သူဟာ အုပ်စုကို ချိုးဖျက်သွားပြီး လျို့ဝှက်နည်းစနစ်ကို အသုံးပြု၍ လွတ်မြောက်လာနိုင်ခဲ့သည်။ ထို့နောက်မှာ ဤမြင်ကွင်းများ ဆက်လက်ဖြစ်ပွားလာခြင်းဖြစ်၏။
"ရှင်ပြောင်းလဲလိုက်ရင်တောင် ကျွန်မကတော့ ကြိုက်နေတုန်းပဲ။ ကျွန်မ ရှင့်ကို လက်ထပ်ချင်နေဦးမှာပဲ။"
ယန်ယဲ့က ဝမ်းနည်းစွာ တွေးတောနေစဥ်တွင် ကြည်လင်သော အသံကလေးက သူ့ကို ကြောင်အသွားစေခဲ့သည်။ ရိုးသားစွာ ပြောဆိုရပါလျှင် သူ့ဘဝ၌ ဤမျှလောက်ခေါင်းမာသော အမျိုးသမီးကို မတွေ့မြင်ဖူးပါ။
ထိုအမျိုးသမီးသာ လူသားမျိုးနွယ်၏ အမျိုးသမီးဖြစ်ပါက ထိုမျှလောက်သော အလှတရားနှင့် သူ့ကို ဆွဲဆောင်နိုင်လိမ့်မည်။ သူယန်ယဲ့ဟာလည်း သူမအား အနည်းငယ်တောင် လိမ်ညာခြင်းမရှိဘဲ နှစ်ခြိုက်မိပေလိမ့်မည်။
သို့ပါသော်လည်း သူမဟာ လူသားမျိုးနွယ်ရဲ့ ရန်သူတဖြစ်လည်း ကောင်းကင်မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေခဲ့၏။
"ငါသာ မင်းနဲ့ပေါင်းဖက်လိုက်ရင် ကြီးမားတဲ့ လူသားမျိုးနွယ်စုကြီးမှာ ငါ့အတွက် နေရာမရှိတော့မှာကို ကြောက်လန့်မိတယ်။"
ယန်ယဲ့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိမိဘာသာ တည်ငြိမ်အောင် ထိန်းကျောင်းလိုက်ကာ ပိုင်ရွှမ်ကို စူးစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
"အဲ့ဒါအမှန်ပဲ။ ရှင် ကျွန်မနဲ့အတူ ကောင်းကင်မျိုးနွယ်စုကို လိုက်ခဲ့ပါ။"
"ကျွန်မပိုင်ရွှမ်ရှိနေသ၍ ရှင့်ကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူး။"
"ရှင် ဘယ်လို ကျင့်ကြံရေး အရင်းအမြစ်တွေလိုချင်သလဲ။ ကျွန်မနဲ့ ကောင်းကင်မျိုးနွယ်စုမှာသာ ရှိနေသေးသ၍ ရှင့်ကို အကုန်လုံးပေးအပ်မှာပါ။"
ပိုင်ရွှမ်၏ ကြီးမားသော မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး ယန်ယဲ့ကို လေးလေးနက်နက် စိုက်ကြည့်ကာ ပျော့ပျောင်းစွာ ပြောဆိုခဲ့သည်။
"မဖြစ်နိုင်ဘူး။ ငါယန်ယဲက သေဆုံးရရင်တောင် လူသားမျိုးနွယ်ကို သစ္စာမဖောက်နိုင်ဘူး။"
ယန်ယဲ့ဟာ အင်မတန်မှ ဒေါသထွက်လာခဲ့ပြီး သူ၏ မျက်ဝန်းများက အနီရောင်ပြောင်းလဲသွားကာ ဟစ်ကြွေးခဲ့သည်။
"ကောင်းပြီ။ ဒါဆိုရင် ကျွန်မ ရှင့်ကို အရင်သတ်မယ်။ အဲ့ဒီနောက်မှာ ကျွန်မကိုယ် ကျွန်မသတ်သေပြီး ရှင်နဲ့အတူ မြှုပ်နှံပစ်မယ်!"
"ရှင်သန်နေချိန်မှာ ကျွန်မတို့ အတူမရှိနိုင်ဘူးဆိုမှတော့ သေဆုံးပြီးတဲ့နောက်မှာ ဝမ်းနည်းစရာ မန်ဒရင်းဘဲစုံတွဲအဖြစ် တည်ရှိလိုက်ရုံပေါ့!"
(မန်ဒရင်းဘဲတွေက အချစ်ငှက်တွေအဖြစ် ယူဆခံရပါတယ်။ သူတို့ရဲ့အဖော် သေဆုံးသွားတာနဲ့ သူတို့ကလည်း လိုက်ပါသေဆုံးတတ်ပါတယ်။)
"မစိုးရိမ်ပါနဲ့။ ရှင်သေဆုံးသွားရင်တောင် လူသားမျိုးနွယ်မှာ ရှင့်ရဲ့ ဂုဏ်သတင်းက မွေးပျံ့နေမှာပါ။ ရှင်က ကောင်းကင်မျိုးနွယ်စုရဲ့ မင်းသမီးပိုင်ရွှမ်ကို ချစ်မြတ်နိုးခဲ့ပြီး လူသားမျိုးနွယ်ကိုလည်း သစ္စာမဖောက်လိုတာကြောင့် မင်းသမီးလေးနဲ့အတူ သတ်သေသွားခဲ့တယ်လို့ ကျွန်မရဲ့လူတွေကို သတင်းဖြန့်ခိုင်းလိုက်မယ်။"
ပိုင်ရွှမ်၏ စကားဆုံးသွားသည့်အခါ ယန်ယဲ့ဟာ လုံးဝကို ကြောင်အထိတ်လန့်နေပြီဖြစ်သည်။ သူဟာ ပိုင်ရွှမ်ကို မကောင်းဆိုးရွားတစ်ကောင်အား ကြည့်သလိုမျိုး လှမ်းကြည့်လိုက်မိသည်။ သူ၏ ဝဖြိုးသော ခန္တာကိုယ်ကြီးမှာ ထိန်းကွပ်မရ တုန်ယင်လာခဲ့ရသည်။
မင်းက မိန်းမတစ်ယောက်လေ။ ဒီလိုမျိုး ရက်စက်ဖို့ လိုလို့လားကွာ။
မင်းက ငါ့ကို လူသားမျိုးနွယ်တွေထဲမှာ ဂုဏ်သတင်းပျံ့နှံ့အောင် လုပ်ပေးနေတာလား။ ဒါမှမဟုတ် ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနေတာလား။
"မင်း ငါ့ကို ချစ်ကြိုက်ရမယ့် အကြောင်းရင်းလည်း မရှိပါဘူး။ ဘာဖြစ်လို့ ဒီလောက်ထိ တန်းတန်းစွဲ ဖြစ်နေရတာလဲ။"
ယန်ယဲ့ဟာ ပိုင်ရွှမ်၏ လုံးဝချေမှုန်းအနိုင်ယူခြင်းကို ခံခဲ့ရသည်။ သူဟာ ပိုင်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ မေးမြန်းခဲ့သည်။ သူဟာ လူသားမျိုးနွယ်ကို သစ္စာဖောက်မှာ မဟုတ်ပါ။ သို့ပါသော်လည်း အဘယ့်ကြောင့် မင်းသမီးပိုင်ရွှမ်က သူ့ကို အရမ်းစွဲလမ်းနေရကြောင်း သူနားမလည်ပါချေ။
"အရင်တုန်းက မွန်မြတ်ဘုံလောကမှာရှိတဲ့ ဌာနခွဲက မွန်မြတ်ဘုံလောကကို အုပ်စိုးပြီး အခြေအနေတွေကို ထိန်းကျောင်းနိုင်ဖို့အတွက် ကျွန်မရဲ့ ဖခမည်းတော်ကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်မကလည်း ဖခမည်းတော်နဲ့အတူ မွန်မြတ်ဘုံလောကကို ရောက်လာခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မက မိန်းမငယ်လေးပဲ ရှိသေးတာ။ မွန်မြတ်ဘုံလောကကြီးကို စူးစမ်းလိုတာကြောင့် ကျွန်မက တိတ်တဆိတ် ခိုးထွက်သွားခဲ့ပြီး မကောင်းဆိုးရွားတစ်ကောင်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ရှင်က ကျွန်မကို ကယ်တင်ခဲ့တာပဲ။"
"ရှင်က ချောမောခန့်ငြားတဲ့ လူငယ်လေးအဖြစ်ကနေ ဒီလို ပုံပန်းသွင်ပြင်မျိုး ဘယ်လိုပြောင်းလဲသွားလဲဆိုတာ ကျွန်မ မသိပေမယ့် ရှင် ကျွန်မကို ကယ်တင်ခဲ့တဲ့အချိန်ကတည်းက ရှင့်ကို လက်ထပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာ။"
ပိုင်ရွှမ်၏ စကားဆုံးသွားသည့်အခါ ယန်ယဲ့၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားပြီး အံအားသင့် ရေရွတ်လိုက်မိသည်။
"အဲ့ဒီ ကောင်မငယ်လေးက မင်းကိုး။"
သူ့အသက် ဆယ်သုံးနှစ်အရွယ်တုန်းက သူဟာ အသက်ဆယ်နှစ်ဝန်းကျင်ခန့်ရှိသော မိန်းမငယ်လေးတစ်ယောက်အား ကယ်တင်ခဲ့လေသည်။ ထိုအချိန်တွင် ထိုကောင်မလေးက ကောင်းကင်မျိုးနွယ်စုမှဖြစ်ကြောင်းကို သူသိမထားခဲ့ပါ။ သူမမှာ ကောင်းကင်မျိုးနွယ်စုရဲ့ ဝိသေသလက္ခဏာတွေကို ပိုင်ဆိုင်မထားသေးဘူးလေ။
သူမ အန္တရာယ်ကျရောက်နေတာကိုတွေ့တော့ ယန်ယဲ့ဟာ တုန့်ဆိုင်းနေခြင်းမရှိဘဲ ကယ်တင်ခဲ့ပြီး ထိုကောင်မလေးနဲ့ အချိန်အတော်ကလေးကြာသည့်တိုင်အောင် နေထိုင်ခဲ့သည်။
နောက်ပိုင်းမှာတော့ ကောင်မငယ်လေးဟာ အကြောင်းရင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူ အချိန်တော်လေးကြာအောင် ကြိုစားရှာဖွေခဲ့သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ပါ။ ယန်ယဲ့ဟာ ထိုမိန်းမငယ်လေးက ကောင်းကင်မျိုးနွယ်စုမှ ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်ထားခဲ့ခြင်းမရှိချေ။
သူဟာ အချိန်အတော်ကလေးကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ ခေါင်းကို ဖြည်းလေးစွာ ခါယမ်းလိုက်သည်။
ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် လူသားမျိုးနွယ်စုအကြားတွင် စေ့စပ်ညှိနှိုင်းခြင်းဆိုသည်က မရှိနိုင်တော့ပါ။ သူက ကောင်းကင်မျိုးနွယ်စုရဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် လက်ထပ်နိုင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် သူဟာ လူသားမျိုးနွယ်ပင် မဟုတ်ပါလော။ ပိုင်ရွှမ်က မနီးမဝေးတွင်ရှိနေသော မိုးထိအောင်မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးအား စူးစိုက်ကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလျက် တီးတိုးရေရွတ်လိုက်သည်။
"အရှင်၊ အရှင် ကျွန်မတို့ကို စောင့်ကြည့်နေတာ ကြာလှနေပြီလေ။ ဒီကိစ္စတွေရဲ့ အကြောင်းရင်းကို အရှင်လည်း သိလောက်ပြီဖြစ်မှာပေါ့။ ဘာဖြစ်လို့ ထွက်မလာရသေးတာလဲ။"
ပိုင်ရွှမ်၏ စကားဆုံးသွားသည့်အခါ ယန်ယဲ့ဟာ ထိတ်လန့်သွားသည်။
သူဟာ ပိုင်ရွှမ်၏ အကြည့်နောက်ကို လိုက်လံကြည့်ရှုလိုက်မိသည်။ အမှောင်ထဲတွင် တစ်စုံတစ်ယောက်ပုန်းကွယ်နေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ကောင်းကင်မျိုးနွယ်စုမှ ပိုင်ရွှမ်ဟာ လူသားကျင့်ကြံသူတွေရဲ့ အဆုံးအဖြတ်ကို တကယ်ပဲခံယူခဲ့တာလား။
ထိုအကြောင်းကို တွေးတောလိုက်ရုံမျှဖြင့် ယန်ယဲ့ဟာ ရယ်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ အမှန်တွင်တော့ ယန်ယဲ့သာမက ပိုင်ရွှမ်နောက်ကို လိုက်ပါလာခဲ့သော ကောင်းကင်မျိုးနွယ်စုမှ လူများအားလုံးသည်လည်း ထိတ်လန့်သွားခဲ့သည်။ မင်းသမီးလေးသာ ထုတ်ဖော်မပြောကြားခဲ့ပါက အမှောင်ထုအတွင်း၌ တစ်စုံတစ်ယောက်ပုန်းကွယ်နေကြောင်းကို သူတို့သိမြင်နိုင်မှာ မဟုတ်ချေ။
လူအများ၏ အကြည့်များအောက်တွင် ပုဂ္ဂိုလ်လေးယောက်သည် ရှေးဟောင်းသစ်ပင်ကြီး၏ အရိပ်အတွင်းမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။