← Chapters

ခိုးပြေးမယ်

Vol. 35 Ch. 486

ခိုးပြေးမယ်

Vol. 35 Ch. 486

ဘာသာပြန်- The Fate

ထိုပုဂ္ဂိုလ်လေးယောက်မှာ ဝမ်ဖုန်းတို့အုပ်စုမှတစ်ပါး အခြားမဟုတ်ပါပေ။

ဤအချိန်တွင် ဝမ်ဖုန်းတို့သည် ပိုင်ရွှမ်နှင့် ယန်ယဲ့တို့ကို ထူးဆန်းသော အမူအရာများဖြင့် စူစိုက်ကြည့်နေခဲ့သည်။ မွန်မြတ်ဘုံလောကကိုရောက်ရှိလာပြီးနောက် အံ့ချီးဖွယ်တိုက်ပွဲကြီးကို တွေ့မြင်ရမည့်အစား ထိုကဲ့သို့မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရလိမ့်မည်ဟု ဝမ်ဖုန်းဟာ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။

မျိုးနွယ်စုမတူညီခြင်းကို လျစ်လျူရှုလိုက်ပါက ပိုင်ရွှမ်၏ခံစားချက်များမှာ ယန်ယဲ့အပေါ် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် စစ်မှန်ကြောင်း ဝမ်ဖုန်းက ဝန်ခံရမှာဖြစ်သည်။

သူမဟာ ယန်ယဲ့ကို နှလုံးသားတစ်ခုလုံးဖြင့် ချစ်မြတ်နိုးခဲ့ပြီး မျိုးနွယ်စုကွာခြားခြင်းကိုတောင် လျစ်လျူရှုလျက် ယန်ယဲ့နှင့် လက်ထပ်လိုခဲ့သည်။

သို့ပါသော်လည်း သူမဟာ လုံလောက်အောင် တွေးတောဆင်ခြင်ခြင်း မရှိခဲ့ပါချေ။ ယန်ယဲ့ဟာ လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ လက်ရှိတွင် လူသားမျိုးနွယ်နှင့် ကောင်းကင်တာအိုမျိုးနွယ်စုများသည် မွန်မြတ်ဘုံလောကအတွက် တိုက်ခိုက်နေကြသည်။ တစ်ယောက်က ဘုံလောကကို ကျူးကျော်ချင်ကြပြီး ကျန်တစ်ဖက်ကတော့ သူတို့၏ ကိုယ်ပိုင်နယ်မြေအား ကာကွယ်လိုကြသည်။ ထိုသူနှစ်ယောက်ကို ဘယ်သူကမှ နားလည်ပေးနိုင်မှာမဟုတ်ပါ။

ထိုနှစ်ယောက်သာ ပေါင်းဖက်လိုက်ပါက မျိုးနွယ်စုကြိးနှစ်စုအပေါ် ကြီးမားသောသက်ရောက်မှုများ ဖြစ်ပေါ်စေလိမ့်မည်။ ဘယ်မျိုးနွယ်ကမှ သူတို့ကို လက်ခံကြမှာမဟုတ်ချေ။

ဤမင်းသမီးဟာ ကောင်းကင်မျိုးနွယ်စုအခွဲမှ မင်းသမီးတစ်ယောက်သာဖြစ်သော်လည်း ကောင်းကင်တာအိုမျိုးနွယ်စုဟာ သူမကို လူသားတစ်ယောက်နှင့်လက်ထပ်ခွင့် ပြုမှာမဟုတ်ပါ။

လူသားမျိုးနွယ်ဝင်ဖြစ်သော ယန်ယဲ့အတွက်လည်း ကောင်းကင်မျိုးနွယ်စုမှ ပိုင်ရွှမ်နှင့် လက်ထပ်ရန်ဖြစ်နိုင်ခြင်းမရှိပါချေ။

ယန်ယဲ့သာ ပိုင်ရွှမ်ရဲ့ဘဝကိုမကယ်တင်ခဲ့ပါက ၊ သူတို့ဟာ အချိန်အတော်ကလေးကြာသည့်တိုင်အောင် အတူတကွမနေထိုင်ခဲ့ပါက ၊ သူတို့ရဲ့ဆက်ဆံရေးမှာ နက်ရှိုင်းခဲ့ခြင်းမရှိပါက အခြေအနေများမှာ ကွာခြားသွားနိုင်သည်။ သို့ပါသော်လည်း လက်ရှိအချိန်တွင်တော့ ပိုင်ရွှမ်ဟာ ယန်ယဲ့ကို ချစ်ကျွမ်းဝင်မိသွားခဲ့ပြီဖြစ်သည်။

ယန်ယဲ့ကို ညင်သာစွာဆက်ဆံခဲ့သည်အား မကြည့်ရှုပါလေနှင့်။ ပိုင်ရွှမ်၏ကျင့်ကြံမှုဟာ ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ဒီလိုမှမဟုတ်ရင် ဝမ်ဖုန်းတို့၏ အရှိန်အဝါကို အာရုံခံနိုင်ခဲ့မှာမဟုတ်ပါ။

ပိုင်ရွှမ်ဟာ ကောင်းကင်မျိုးနွယ်စုအခွဲမှ မင်းသမီးတစ်ယောက်သာဖြစ်သော်လည်း သူမ၏ သွေးမျိုးဆက်မှာ နိမ့်ကျခြင်းမရှိပါချေ။ သူမဟာ ငယ်ရွယ်သော အသက်ဖြင့် ထိုမျှလောက်မြင့်မားသော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။

"အရှင်က ကျွန်မကို မတိုက်ခိုက်သေးဘူးဆိုတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ရမယ်..."

"ဒီအခြေအနေမှာ ကျွန်မပြောပါရစေ... ယန်ယဲ့နဲ့လက်ထပ်ချင်တာ ကျွန်မမှားသလား?... ယန်ယဲ့ကို ကျွန်မနဲ့လက်ထပ်စေပြီး ကောင်းကင်မျိုးနွယ်စုကို ခေါ်ဆောင်သွားမှာကရော မှားသလား?"

ပိုင်ရွှမ်က ဝမ်ဖုန်းကို သန့်စင်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ပြီး တိုးညင်းစွာပြောဆိုခဲ့သည်။

ထိုစကားများဆုံးသွားသည့်အခါ ယန်ယဲ့နှင့် ကောင်းကင်မျိုးနွယ်စုဝင်များသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်မိလိုက်ကြသည်။

အခြားကောင်းကင်မျိုးနွယ်စုဝင်များဖြစ်ပါက သူတို့ဟာ ယန်ယဲ့ကို တိုက်ရိုက်သတ်ဖြတ်လိုက်ပြီးပြီဖြစ်သည်။ သခင်မလေးပိုင်ရွှမ်နှင့် လက်ထပ်ခွင့်ပြုနိုင်မှာမဟုတ်ပါ။

ပိုင်ရွှမ်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက သူ၏ဦးခေါင်းကို ခါယမ်းလိုက်ပြီး ရယ်မောလိုက်မိသည်။ မူလက ပိုင်ရွှမ်နှင့် သူ့အဖွဲ့သည် လူသားမျိုးနွယ်ပါရမီရှင်တစ်ယောက်ကို လိုက်လံဖမ်းဆီးနေသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် ဝမ်ဖုန်းဟာ ဝင်ရောက်လှုပ်ရှားချင်ခဲ့သည်။ သို့ပါသော်လည်း သူဟာ ခေတ္တရပ်တန့်ပြီး အခြေအနေကို စောင့်ဆိုင်းကြည့်လိုက်သည့်အခါ အဖြစ်မှန်အားသိရှိခဲ့ရသည်။

"မင်းက ဒီကလေးကို လက်ထပ်ချင်တယ်ဆိုရင် သျှောင်နောက်ဆံထုံးပါဆိုတဲ့စကားကို နားလည်ရမှာပေါ့... မင်းကသာ ယန်ယဲ့နဲ့အတူ လူသားမျိုးနွယ်ကို လိုက်ပါရမယ့်သူပဲ"

ဝမ်ဖုန်းကပြုံးရယ်လိုက်ပြီး ယန်ယဲ့ကို ညွန်ပြလျက်ပြောဆိုလိုက်သည်။

"ကျွန်မအဲ့ဒီလို တွေးခဲ့ဖူးပါတယ်... ဒါပေမယ့် ကျွန်မရဲ့အဖေက ယန်ယဲ့နဲ့ပေါင်းစည်းမှာကို ခွင့်မပြုဘူး... လူသားမျိုးနွယ်နောက်ကိုသာ လိုက်ပါသွားရင် သူ့ကိုကျွန်မအဖေက သေတဲ့ထိရိုက်နှက်လိမ့်မယ်"

"ဒါ့အပြင် လူသားမျိုးနွယ်က ကောင်းကင်တာအိုမျိုးနွယ်စုတွေကို မုန်းတီးနေတာဆိုတော့ ကျွန်မသာ လူသားမျိုးနွယ်ရဲ့ ပိုင်နက်ထဲဝင်ရောက်လိုက်ရင် ဆယ်မိနစ်အတွင်းမှာပဲ အရိုးတခြားအသားတခြားဖြစ်သွားမှာ"

"ဒါပေမယ့် ကောင်းကင်မျိုးနွယ်စုမှာဆိုရင်တော့ ကွာခြားတယ်... ကျွန်မအဖေက ယန်ယဲ့ကို ရိုက်နှက်ရဲရင် ကျွန်မကလည်း ယန်ယဲ့နဲ့အတူ သေဆုံးပစ်လိုက်မှာ... ကျွန်မအဖေမှာ သားသမီးဆိုလို့ ကျွန်မတစ်ယောက်တည်းရှိတယ် သူက ကျွန်မကို သေစေချင်မှာမဟုတ်ဘူး"

ကောင်းလေစွ!

ပိုင်ရွှမ်၏ စကားဆုံးသွားသည့်အခါ ဝမ်ဖုန်းနှင့်သူ့လူများအားလုံးသည် ကြောင်အသွားကြပြီး ပိုင်ရွှမ်ကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်မိသည်။ သူမဟာ အရာအားလုံးကို မသိပုံပေါ်သော်လည်း အမှန်မှာတော့ ဖြစ်နိုင်ချေရှိသည့်အရာရာတိုင်းကို ဆန်းစစ်ခဲ့ပြီးဖြစ်သည်။ 

အချစ်အတွက်သေဆုံးလိုသော သူမ၏ နှလုံးသားစိတ်ဆန္ဒကတောင် ဤမျှအထိ ပြင်းထန်နေခဲ့သည်လား...။

ယန်ယဲ့ဟာလည်း ဆွံ့အသွားခဲ့သည်။ မင်းနဲ့အတူ ကောင်းကင်မျိုးနွယ်စုကို လိုက်ပါသွားခဲ့ရင် မင်းအဖေရဲ့ သေလုမျောပါး ရိုက်နှက်ခြင်းကို ခံရဦးမှာလား?

"ကောင်ငယ်လေး... မင်းသူမကို လက်ထပ်ချင်သလား?..."

ဝမ်ဖုန်းက ယန်ယဲ့ကိုလှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာမေးမြန်းလိုက်သည်။

ဝမ်ဖုန်း၏ စကားများဆုံးသွားသည့်အခါ ပိုင်ရွှမ်၏မျက်လုံးဟာ ယန်ယဲ့ကိုစူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ လှပသော မျက်နှာကလေးထက်တွင် စိတ်အားထက်သန်မှုနှင့် မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေခဲ့သည်။ 

"အကယ်၍ သူမသာ ကောင်းကင်မျိုးနွယ်စုက မဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော်..... သူမကို လက်ခံမိမှာပဲ"

ယန်ယဲ့ဟာ တစ်ခဏကြာအောင်တိတ်ဆိတ်သွားပြီးနောက် သူ၏ဦးခေါင်းကို မြှောက်ချီလျက် ဝမ်ဖုန်း၏ ထက်မြသော မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်ခဲ့သည်။

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ မူလက မျှော်လင့်စောင့်စားနေသော ပိုင်ရွှမ်၏ မျက်နှာကလေးသည် ညိုးငယ်သွားခဲ့သည်။ မျိုးနွယ်စုမတူညီတာက ဒီလောက်တောင်အရေးကြီးလို့လား? လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်လေ... ဘာလို့များ တခြားအရာတွေကို ဂရုစိုက်နေရဦးမှာလဲ?။

"အဆုံးသတ်မှာတော့ မင်းက လိုလားနှစ်သက်နေတုန်းပဲ မဟုတ်ဘူးလား?"

ဝမ်ဖုန်းက ပြုံးရယ်လိုက်ပြီး မေးမြန်းလိုက်သည်။

ဤသည်ကိုကြားတော့ ယန်ယဲ့ဟာ တိတ်ဆိတ်သွားခဲ့ပြီး ဘာကိုမှ ထပ်ပြောမလာခဲ့ပါ။ သူဟာ လူသားမျိုးနွယ်ကို သစ္စာမဖောက်နိုင်သော်လည်း သူမအားစိတ်ဝင်စားနေမိကြောင်းကိုတော့ ဝန်ခံရမှာသာဖြစ်သည်။

ကောင်းကင်တာအိုမျိုးနွယ်စုသာ မွန်မြတ်ဘုံလောကကို မကျူးကျော်ခဲ့ပါက ၊ လူသားမျိုးနွယ်နှင့် ရန်သူမလုပ်ခဲ့ပါက သူတို့နှစ်ယောက်ဟာ ပေါင်းဖက်နိုင်ဦးမှာဖြစ်သည်။ သို့ပါသော်လည်း ကမ္ဘာလောကကြီးက ရက်စက်လှသည်မှာ ဝမ်းနည်းစရာပင်ဖြစ်တော့သည်။ 

သူမ၏အသက်ကို ကယ်တင်ခဲ့ခြင်းကြောင့် ထိုအမျိုးသမီးဟာ သူမကိုယ်သူမ သူ့ထံ၌အပ်နှင်းခဲ့သည်။ မျိုးနွယ်စုမတူကွဲပြားခြင်းကိုတောင် လျစ်လျူရှုလျက် သူ့ကိုလက်ထပ်ထိမ်းမြားလိုခဲ့သည်။ ဘယ်သူကများ သူမလို အမျိုးသမီးတစ်ယောက်ကို မချစ်မနှစ်သက်ဘဲ နေနိုင်မှာလဲ။

"ဒီလိုဆိုမှတော့... ငါ့မှာ မင်းတို့နှစ်ယောက်ကို ကူညီနိုင်မယ့် နည်းလမ်းရှိတယ်"

ယန်ယဲ့၏အမူအရာကိုကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းက သူ၏နှလုံးသားအတွင်းမှ ဖြစ်ပျက်နေမှုများကို သိမြင်ခဲ့သည်။ သူဟာ တစ်ခဏကြာတွေးတောလိုက်ပြီး ခပ်ဖွဖွပြုံးလျက်ပြောဆိုလိုက်သည်။

"အရှင်... ကျေးဇူးပြုပြီး ကွေ့ပတ်မနေပါနဲ့။ အရှင်သာ ကျွန်မနဲ့ ယန်ယဲ့ကို အတူတကွနေထိုင်နိုင်အောင်ကူညီပေးမယ်ဆိုရင် ကျွန်မပိုင်ရွှမ်က ဒီကြင်နာမှုကို ဘယ်တော့မှမေ့ဖျောက်မှာမဟုတ်ပါဘူး.. သေဆုံးတဲ့အထိတိုင်ပြန်လည်ပေးဆပ်မှာပါ"

ပိုင်ရွှမ်၏ လှပသောမျက်ဝန်းကလေးများသည် ရုတ်တရက် လင်းလက်တောက်ပသွားပြီး ဝမ်ဖုန်း၏ မျက်နှာကို လေးနက်စွာစိုက်ကြည့်ခဲ့သည်။ 

ထိုအစား သူမ၏အဖွဲ့သားများကတော့ ဝမ်ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။

ယန်ယဲ့ဟာလည်း ဘာစကားမှမပြောခဲ့သော်ငြား ဝမ်ဖုန်းကို စေ့စေ့စပ်စပ် စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ မျှော်လင့်တောင့်တမှုအရိပ်အယောင်များ ရှိနေခဲ့သည်။ နည်းလမ်းတစ်ခုခုသာရှိပါက သူဟာ ပိုင်ရွှမ်ကို စိတ်မပျက်စေချင်ပါ။

"မင်းတို့တွေ အရာအားလုံးကို စွန့်လွှတ်ပြီး ခိုးပြေးလို့ရသေးတယ်လေ... ဘယ်သူမှမရှာဖွေနိုင်တဲ့ နေရာတစ်နေရာကိုရှာ ပြီးရင်ဘဝတစ်သက်တာလုံး အတူတကွပေါင်းစည်းနေထိုင်ကြပေါ့"

ဝမ်ဖုန်းက ကြာမြင့်စွာအချိန်ဆွဲခြင်းမရှိဘဲ ပြောဆိုခဲ့သည်။

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ပိုင်ရွှမ်ဟာ သူမ၏မေးစေ့ကလေးကို ဖျစ်ညှစ်လိုက်ပြီး စတင်တွေးတောလိုက်သည်။ တစ်ခဏအတွင်းမှာပဲ သူမမျက်လုံးများအတွင်းရှိ အလင်းရောင်ဟာ ပို၍ပို၍ တောက်ပလာခဲ့သည်။ သူမ ထိုအကြောင်းကိုပိုတွေးလေလေ ဝမ်ဖုန်း၏ နည်းလမ်းက သင့်လျော်ကြောင်း ပိုမိုခံစားရလေလေဖြစ်သည်။

အနာဂတ်မှာ သူမခမည်းတော်ဆီပြန်သွားပြီး မြေးတော်လေးတစ်ယောက်လက်ဆောင်ပေးရမယ်... ဒီလိုဆိုရင် သဘောကျကျ မကျကျ သူမရဲ့ခမည်းတော်က လက်ခံပေးရတော့မှာပဲ။

အံ့ဩစရာကောင်းလိုက်တာ...

ပိုင်ရွှမ်၏လှပသောမျက်နှာကလေးထက်တွင် ပျော်ရွှင်မှုများဖြစ်ပေါ်လာခဲ့သည်။ သူမက ဝမ်ဖုန်းကို ကျေးဇူးတင်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

တစ်ဖက်မှာတော့ ယန်ယဲ့၏ အမူအရာက မဲမှောင်နေခဲ့သည်။ သူက ခေါင်းကိုခါယမ်းလိုက်ကာ ပြောလိုက်၏။

"ကျုပ်က မိဘမဲ့တစ်ယောက်ပါ ။ခိုးပြေးတာက ကျုပ်အတွက်ပြဿနာမရှိပါဘူး။ ဒါပေမယ့်ဒီကမ္ဘာလောကကြီးထဲမှာ ကျုပ်တို့အတွက်နေရာများရှိနေသေးလို့လား?"

ပိုင်ရွှမ်၏ အနောက်ဘက်ရှိ အဖွဲ့သားများမှာ ဝမ်ဖုန်းကို အေးစက်သော မျက်ဝန်းများဖြင့်ပို၍ စိုက်ကြည့်မိလိုက်ကြသည်။ ဒီလူသားမျိုးနွယ်ဝင်က မင်းသမီးလေးကို တစ်ယောက်ယောက်နဲ့ ခိုးပြေးစေချင်တာလား? ဒီသတင်းသာ ပျံ့နှံ့သွားပါက မင်းသမီးပိုင်ရွှမ်ရဲ့ ဂုဏ်သိက္ခာလည်း ဆက်လက်တည်ရှိပါဦးမည်လော။

မင်းသမီးပိုင်ရွှမ်က ယန်ယဲ့ကို နှစ်နှစ်ကာကာချစ်မြတ်နိုးခြင်းကို သူတို့သာမသိခဲ့ပါက ၊ သူတို့ဟာ မင်းသမီးပိုင်ရွှမ်၏ သစ္စာရှိအစေခံများမဟုတ်ခဲ့ပါက သူတို့ဟာ ယန်ယဲ့ကို သတ်ဖြတ်လိုက်ပြီးပြီဖြစ်သည်။

ဝမ်ဖုန်းကိုလည်း ဤမျှလောက်ဆိုးဝါးသောအကြံအစည်ကို လုံးဝလုံးဝ တွေးတောခွင့်ပြုမှာမဟုတ်ပါ။

ယန်ယဲ့၏စကားဆုံးသွားသည့်အခါ ပိုင်ရွှမ်၏ လှပသော မျက်နှာကလေးမှာ ရုတ်တရက်ဖြူဖျော့သွားခဲ့သည်။ မွန်မြတ်ဘုံလောကဟာ ကြီးမားသော်လည်း သူမ၏ ခမည်းတော်သာသူမကိုရှာဖွေချင်ပါက သူမတို့ ဘယ်နေရာကိုသွားသွား အသုံးဝင်မှာမဟုတ်တော့ပါ။

သူမ ခမည်းတော် အဘယ်မျှလောက်အစွမ်းထက်ကြောင်းကို သူမသာလျှင်သိပါ၏။

"ဘယ်လိုတောင် တိုက်ဆိုင်ပါလိမ့်... ဘယ်သူမှ ရှာမတွေနိုင်တဲ့ နေရာတစ်နေရာကို ဒီဂိုဏ်းချုပ်က သိရှိထားတယ်"

ဝမ်ဖုန်း၏ နှုတ်ခမ်းမှာ တွ့န်ကောက်သွားခဲ့ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။ သူဟာ ကလေးသူငယ်များကို လှည့်စားရန်ကြံစည်နေခဲ့သည့်အလားပင်။

All Chapters