← Chapters

တစ်ခုတည်းသော သန့်စင်နယ်မြေ။

Vol. 35 Ch. 487

တစ်ခုတည်းသော သန့်စင်နယ်မြေ။

Vol. 35 Ch. 487

ဘာသာပြန်- The Fate

"အမ်"

ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ပိုင်ရွှမ်ရော၊ ယန်ယဲ့ကပါ တစ်ချိန်တည်း၌ တုန်လှုပ်သွားကြသည်။ သူတို့ဟာ ဝမ်ဖုန်းကို လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် တစ်ပြိုင်နက်တည်း ကြည့်လိုက်ကာ တစ်ညီတစ်ညွတ်တည်း မေးမြန်းလိုက်သည်။

"ဘယ်နေရာလဲ။"

ပိုင်ရွှမ်၏ အနောက်တွင်ရှိနေသော ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားရှင်များကလည်း ဝမ်ဖုန်းကို ပို၍ သံသယဝင်စွာ စိုက်ကြည့်မိလိုက်ကြသည်။ ဝမ်ဖုန်းက သူတို့၏ မင်းသမီးလေးပိုင်ရွှမ်ကို လှည့်စားချင်နေကြောင်း သူတို့က ခပ်ရေးရေးမျှ ခံစားခဲ့ရသည်။

ထိုထင်မြင်ယူဆချက်မှာ ဝမ်ဖုန်း၏ နောက်ထပ်စကားကို ကြားလိုက်ရသည့်အခါ၌ ပို၍ ခိုင်မြဲ သန်မာလာခဲ့သည်။ သူတို့ဟာ ဝမ်ဖုန်းကို ခင်မင်လေးစားမှုမရှိသော အကြည့်များဖြင့် စိုက်ကြည့်မိလိုက်ကြသည်။

"ရှန်ရှန်ကျုံ့ဂိုဏ်းပဲ။"

ဝမ်ဖုန်းက ကောင်းကင်မျိုးနွယ်စု စွမ်းအားရှင်များ၏ မရင်းနှီးသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး နှုတ်ခမ်းကို မြှောက်တက်သည်အထိ ကွေးလိုက်ကာ တိုးညှင်းစွာ ပြောဆိုခဲ့သည်။

ထိုကောင်းကင်မျိုးနွယ်စု စွမ်းအားရှင်များ၏ ထင်မြင်ယူဆချက်ကို သိရှိလိုက်ရပါက ဝမ်ဖုန်းက လျို့ဝှက်စွာ ပြုံးရယ်လျက် ထိုသူများကို ပြန်ပြောမိလိမ့်မည်။ မင်းတို့ရဲ့ ထင်မြင်ချက်ကမှန်တယ်။ ဒီဂိုဏ်းချုပ်က ပိုင်ရွှမ်ကို လှည့်စားမလို့ပဲ!

ယန်ယဲ့ဟာ ဝမ်ဖုန်း၏ စိတ်အာရုံကို ရယူနိုင်ခဲ့သည်။

ပိုင်ရွှမ်နှင့် ယန်ယဲ့တို့၏ ဆက်ဆံရေးကို အမှတ်မထင် မသိမြင်လိုက်ရဘူးဆိုပါက ဝမ်ဖုန်းဟာ ကောင်းကင်မျိုးနွယ်စုမှ လူတစ်ယောက်ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ပါ။ သို့ပါသော်လည်း ယန်ယဲအပေါ်ထားရှိသော ပိုင်ရွှမ်၏ ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ခဲ့သည့်အခါ ပိုင်ရွှမ်ဟာ ကောင်းကင်မျိုးနွယ်စုမှ ဖြစ်သော်လည်း စိတ်သဘောထား မဆိုးရွားကြောင်း သိမြင်နိုင်၏။ သူမဟာ အမှန်တကယ်တော့ အင်မတန်မှ သန့်စင်လွန်းပါသည်။ 

လက်ရှိအခြေအနေဖြင့်ဆိုပါက ကောင်းကင်မျိုးနွယ်မှ လူတစ်ယောက်ဟာ လူသားမျိုးနွယ်နဲ့ ပေါင်းဖက်ရန် သင့်တင့်ပါ့မလား။

ဒါက ဟာသပဲ။ ကောင်းကင်တာအိုမျိုးနွယ်မှ ပုဂ္ဂိုလ်များသည် လူသားမျိုးနွယ်ကို ဖျက်စီးချင်နေကြပြီး မွန်မြတ်ဘုံလောကတစ်ခုလုံးကို အုပ်စိုးလိုကြကာ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲလိုကြသည်။

သို့ပါသော်လည်း ပိုင်ရွှမ်ဟာတော့ လုံးဝကို ကွဲလွဲသော လူတစ်ယောက်ဖြစ်ပုံကျ၏။

အရေးကြီးဆုံးအရာမှာ ကောင်းကင်မျိုးနွယ်အတွင်း၌ ပိုင်ရွှမ်၏ အဆင့်အတန်းမှာ နိမ့်ကျခြင်း မရှိပါချေ။ သူမဟာ ကောင်းကင်မျိုးနွယ်၏ ထိပ်တန်းအလှမယ် ဆယ်ယောက်အနက် တစ်ယောက်ဖြစ်ရုံသာမက ကောင်းကင်မျိုးနွယ်စုခွဲ၏ မင်းသမီးတစ်ပါးလည်းဖြစ်၏။

ဟုတ်ပါပေသည်။ ဒါတွေအားလုံးဟာ ဒုတိယအခြေအနေ၌သာ ရှိသေးသည်။ အရေးကြီးဆုံးအရာမှာ ပိုင်ရွှမ်၏ ပါရမီဖြစ်၏။ သူမဟာ ဝမ်ဖုန်းကို စိတ်လှုပ်ရှားစေခဲ့ပါသည်။

အသက်အရွယ်အားဖြင့် ကြည့်ရှုပါက သူမဟာ ယန်ယဲ့နှင့် မတိမ်းမယိမ်းသာ ကွာခြားသော်လည်း သူမ၏ ကျင့်ကြံမှုဟာ ချန်ခွမ်းဘုရင် အထွတ်အထိပ်ကို ရောက်နေခဲ့ကာ ယန်ယဲ့ထက်တောင် ပို၍ ပါရမီကောင်းနေခဲ့သည်။ ယန်ယဲ့ကတောင် ချန်ခွမ်းကပ်ဘေး အထွတ်အထိပ်၌သာ ရှိသေးသည် မဟုတ်ပါလော။

လက်ရှိရှန်ရှန်ကျုံ့ဂိုဏ်းတွင် သူမနှင့်နှိုင်းယှဥ်နိုင်သော ဂိုဏ်းသားများဟူ၍ မရှိပါ။

ကုချိူး၊ လီချင်းနှင့် အခြားသူများတွင် သန်မာသော ပါရမီစွမ်းအားရှိသော်လည်း သူတို့အားလုံးဟာ နိမ့်ကျသော ဇစ်မြစ်မှ မြစ်ဖျားခံလာကြကာ မွန်မြတ်ဘုံလောက၏ ထိပ်တန်းပါရမီရှင်နှင့် မနှိုင်းယှဥ်နိုင်ခဲ့ပါ။

လီချင်းနှင့် အခြားသူများဟာ ယန်ယဲ့လောက်တောင် ပါရမီ မကောင်းကြပါ။ ယန်ယဲ့၏ စွမ်းဆောင်ရည်ဖြင့်ဆိုပါက ထိုသူက စကြာဝဠာတစ်ခုလုံးတွင်တောင် ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်နေမှာကို စိုးရိမ်မိ၏။

ထိုကဲ့သို့ ထူးချွန်လှသော ယန်ယဲ့ကို အင်အားစုကြီးများက အဘယ့်ကြောင့် မခေါ်ယူကြသည်ကို မသိရှိသော်လည်း ဒါက သူဝမ်ဖုန်းအတွက် အကျိုးအမြတ်ရယူရမည့် အချိန်အခါပင် မဟုတ်ပါလော။.သူ၏ အရှေ့တွင် ရပ်တည်နေသူနှစ်ယောက်မှာ သန့်စင်သော နှလုံးသားများပိုင်ရှင် ထိပ်တန်းပါရမီရှင်ကြီး နှစ်ယောက်ဖြစ်၏။ သူသာ ထိုလူများကို အခွင့်အရေးယူပြီး ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း မခေါ်ယူပါက သူ၏နာမည်ကို ဝမ်ဖုန်းဟု ခေါ်ယူရန်တောင် မသင့်တော့ချေ။

"ရှန်ရှန်ကျုံ့ဂိုဏ်းလား။"

"အဲ့ဒါက ဘယ်နေရာလဲ။"

ယန်ယဲ့နှင့် ပိုင်ရွှမ်တို့က တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး သံသယများဖြင့် မေးမြန်းခဲ့သည်။ သူတို့ဟာ သူတို့၏ မှတ်ဥာဏ်ကို အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်ခဲ့သော်လည်း ရှန်ရှန်ကျုံ့ဂိုဏ်းအကြောင်းကို လုံးဝမကြားဖူးပါ။

"အဲ့ဒါက အံဖွယ်တွေ၊ အံချီးဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပေါ့။"

ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ နက်ရှိုင်းမှု အရိပ်ငွေ့များ ရှိနေခဲ့ပြီး တိုးညှင်းစွာ ပြောဆိုခဲ့၏။

"အိုး..."

ယန်ယဲ့ကော ပိုင်ရွှမ်ကပါ အံအားသင့်သွားကြပြီး ဝမ်ဖုန်းရှင်းပြလာမှာကို စိတ်ပါဝင်စားစွာ စောင့်ဆိုင်းနေခဲ့သည်။

ဝမ်ဖုန်း၏ ကျင့်ကြံမှုကို ပိုင်ရွှမ်ကတောင် တိတိပပ မခန့်မှန်းနိုင်ပါ။ ထိုပုဂ္ဂိုလ်ဟာ အလွန်အမင်းသန်မာပြီး သူမကို သေစေနိုင်လောက်သည်အထိ ခြိမ်းခြောက်နိုင်ကြောင်းသာ သိရှိထား၏။ ထိုသူ့အနီးနားရှိ လူများမှာလည်း ထပ်တူညီမျှစွာဖြင့် မခန့်မှန်းနိုင်ခဲ့ပါ။

ဝမ်ဖုန်းတို့တတွေဟာ သာမန်ပုဂ္ဂိုလ်များ မဖြစ်နိုင်တာ ထင်ရှားပါ၏။ ထိုသို့သော ပုဂ္ဂိုလ်ကြီးများကတောင် ရှန်ရှန်ကျုံ့ဂိုဏ်းကို များပြားစွာ ချီးမြှောက်ခဲ့၏။ အဲ့ဒီနေရာက တကယ်ပဲ ထူးဆန်းအံဖွယ်တွေနဲ့ ပြည့်နှက်နေတာလား။ သူမ ပိုင်ရွှမ်ဟာ ကောင်းကင်မျိုးနွယ်ခွဲမှ မင်းသမီးတစ်ပါးဖြစ်သော်လည်း ထိုအကြောင်းကို မကြားဖူးခဲ့ပါ။ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူမဟာ နေရာဒေသတစ်ခုအကြောင်းကို ပြင်းပြစွာ သိရှိလိုခဲ့သည်။ 

"အဲ့ဒီနေရာမှာ တည်ရှိမှုကြီးတိုင်းက အင်မတန်မှ သန်မာကြတယ်။ အဲ့ဒီမှာ ရှိရှိသမျှ ပုဂ္ဂိုလ်တွေက နဂါးတွေလိုပဲ။"

"ပြောကြတာက အဲ့ဒီနေရာမှာဆိုရင် အမှိုက်တစ်စကတောင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲနိုင်တယ်တဲ့။"

"အဲ့ဒါက ဒီကမ္ဘာလောကကြီးအတွင်းမှာ တစ်ခုတည်းသော သန့်စင်တဲ့ နယ်မြေပဲ။"

"အဲ့ဒီနေရာမှာ တိုက်ခိုက်မှုတွေမရှိဘူး။ အငြင်းပွားမှုတွေမရှိဘူး။ ရိုးရှင်းတဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်တက်ကြွမှုတွေပဲရှိတယ်။"

"တစ်လောကလုံးကို လိုက်လံရှာဖွေရင်တောင် အဲ့ဒါနဲ့ နှိုင်းဆနိုင်တဲ့နေရာမျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။"

ဝမ်ဖုန်း၏ စကားများဆုံးသွားသည့်အခါ ယန်ယဲ့နှင့် ပိုင်ရွှမ်တို့နှစ်ယောက်စလုံးက တုန်လှုပ်သွားကြကာ မယုံကြည်နိုင်သော အမူအယာများ ဖြစ်ပေါ်လာကြသည်။ သူတို့ဟာ တွေးတောမိလေပါ၏။ သည်ကမ္ဘာလောကကြီးထဲမှာ အဲ့ဒီလိုနေရာမျိုး ရှိသေးတာလား။

"အရှင်၊ ဆက်ပြီး ပြောပြစမ်းပါဦး။"

ပိုင်ရွှမ်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏နှုတ်ခမ်းများမှာ မြှောက်တက်သွားခဲ့ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

"အင်...အဲ့ဒီရှန်ရှန်ကျုံ့ဂိုဏ်းကို ဒီဂိုဏ်းချုပ်က တည်ထောင်ထားတာ။"

သောက်ကျိုးနည်း!

ထွက်သွားစမ်းပါ!

လိပ်လိုလူမျိုးပဲ!

ဒီလူက မင်းသမီးလေး ပိုင်ရွှမ်ကို သိမ်းသွင်းချင်နေတာပဲဟ။

ပိုင်ရွှမ်၏ အနောက်တွင်ရှိနေသော ကောင်းကင်မျိုးနွယ်စုမှ စွမ်းအားရှင်များသည် ဝမ်ဖုန်းကို တစ်ယောက်ပြီးတစ်ယောက် မျက်ထောင့်နီကြီးများဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူတို့ဟာ ဝမ်ဖုန်းကို မြေပြင်ပေါ် မှောက်ကျသည်အထိ ရိုက်နှက်ချင်နေကြ၏။

မင်းသမီးလေး ပိုင်ရွှမ်ရဲ့ စိတ်ပါဝင်စားမှုကိုတောင် ရယူရဲတာလား။ ဒီလူက ဝက်ဝံနှလုံးနဲ့ ကျားသစ်အသည်းကို စားထားတာလား။

ယန်ယဲ့နှင့် ပိုင်ရွှမ်ကပါ တုန်လှုပ်သွားကြပြီး ဝမ်ဖုန်းကို ဆွံ့အစွာ စိုက်ကြည့်မိလိုက်ကြသည်။ သူတို့ဟာ ရိုးသားသည်မှာ မှန်ကန်သော်လည်း အရူးများတော့ မဟုတ်ကြပါ။ ဤအချိန်၌ သူတို့သည် ဝမ်ဖုန်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်ကြသည်။

"မင်းတို့တွေ ရှန်ရှန်ကျုံ့ဂိုဏ်းထဲကို ဝင်ရောက်ချင်သလား။"

ပိုင်ရွှမ်က ဝမ်ဖုန်းကို လှပသော မျက်ဝန်းလေးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး သူမ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ သူမ၏ လှပသော ခန္တာကိုယ်လေး အတွင်းမှ ပြင်းထန်သော အမျက်ဒေါသများကို ထုတ်ဖော်နေခဲ့၏။

သူမဟာ ဝမ်ဖုန်း၏ လှည့်စားခြင်းကို ခံလိုက်ရသလိုမျိုး ခံစားခဲ့ရသည်။

ဘယ်လိုဂိုဏ်းမျိုးကများ ကောင်းကင်တာအိုမျိုးနွယ်နဲ့ လူသားမျိုးနွယ်တွေ ရန်က ကာကွယ်ပေးနိုင်မှာလဲ။

ဒါကတကယ့်ကို ရယ်ဖွယ်ပဲ။

သူတို့ မွန်မြတ်ဘုံလောကအတွင်း ရှိနေသေးသ၍ ဘယ်သူကမှ လူသားမျိုးနွယ်နဲ့ ကောင်းကင်တာအိုမျိုးနွယ်စု လက်ထဲမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါ။

"အရမ်းကောင်းတယ်။"

"မင်းတို့တွေ ခိုးပြေးချင်တယ်ဆိုရင် ဒီဂိုဏ်းချုပ်က မင်းတို့ တစ်ဘဝတာလုံး အတူတကွနေထိုင်နိုင်တဲ့ နေရာတစ်နေရာကို ထောက်ပံ့ပေးနိုင်တယ်။ ရှန်ရှန်ကျုံ့ဂိုဏ်းကို ဝင်ရောက်တာက ဘာများမှားလို့လဲ။"

ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ဖုံးကွယ်ခြင်းမရှိဘဲ ပြောဆိုလိုက်သည်။

"ဟေး အရှင်က အရမ်းကို မောက်မာထောင်လွှားလွန်းတာပဲ မဟုတ်လား။"

"အရှင်တည်ထောင်ထားတဲ့ဂိုဏ်းက မွန်မြတ်ဘုံလောကမှာ အသန်မာဆုံးအင်အားစုနှစ်စုရဲ့ သတ်ဖြတ်ခြင်းကို ရှောင်ရှားနိုင်လို့လား။"

"ဒီကနေ့မှာ လူသားမျိုးနွယ်ရဲ့ ခုနစ်ပြည်ထောင်နဲ့ ကောင်းကင်တာအိုမျိုးနွယ်ရဲ့ မျိုးနွယ်စုခွဲ ငါးစုက မွန်မြတ်ဘုံလောကကြီး တစ်ခုလုံးကို လွှမ်းမိုးထားတယ်။ အရှင်က စွမ်းအားထက်မြက်ရင်တောင်မှ လူသားမျိုးနွယ်နဲ့ ကောင်းကင်တာအိုမျိုးနွယ်စုတို့ကိုတော့ ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ အရှင်က နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာလား?"

ပိုင်ရွှမ်၏ လှပသော မျက်နှာကလေးထံ၌ အေးစက်သော အမူအယာများ ဖြစ်တည်လာခဲ့ပြီး လှောင်ရယ် ပြောဆိုခဲ့သည်။

ပိုင်ရွှမ်၏ လေသံထဲ၌ ကြမ်းကြုတ်မှုများပါရှိနေခဲ့ပြီး သူမဟာ ယခင်ကကဲ့သို့ ယဥ်ကျေးသိမ့်မွေ့ခြင်းမရှိတော့ပါ။ ဝမ်ဖုန်းဟာ သူမကို အရူးလုပ်ချင်လိမ့်မည်ဟု သူမတွေးမထားခဲ့ချေ။ သူမက တကယ်ပဲ လှည့်စားရလွယ်မယ့်လူလို့ ထင်နေခဲ့တာလား။

ဤကမ္ဘာလောကကြီးအတွင်း၌ ယန်ယဲ့တစ်ယောက်တည်းကသာ သူမ၏ နူးညံသိမ်မွေ့မှုကို တွေ့မြင်နိုင်ပြီး သူမ၏ ဖခမည်းတော်ကတောင် သူမကို လေးစားစွာဆက်ဆံရသည်။ သူမလည်ပင်းအထက်၌ ဓားတစ်ချောင်းထောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ဖခမည်းတော်ကပါ သူမအား လိုက်လျောပေးရ၏။

ဘယ်သူကမှ သူမပိုင်ရွှမ်ကို ဒီလိုမျိုး မဆက်ဆံခဲ့ဖူးပါ။

"ဒါဆို ဒါကရော ဘယ်လိုလဲ။"

ပိုင်ရွှမ်က ဝမ်ဖုန်းတို့ကို သတ်ဖြတ်ရန် အမိန့်ပေးတော့မည့် အချိန်တွင် ဝမ်ဖုန်း၏ အသံက တောအုပ်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

ဘုန်း!

ရုတ်ချည်းဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် တောင်ပေါ်က တောအုပ်တစ်ခုလုံးကို ပျံနှံ့သွားခဲ့ကာ အနီးဝန်းကျင်ရှိ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများအား အဆက်မပြတ် ယိမ်းထိုးသွားစေခဲ့သည်။ ပိုင်ရွှမ်နှင့် အခြားသူများမှာ ထိုအရာအား ထိတ်လန့်တကြား စူးစိုက်ကြည့်မိလိုက်ကြသည်။

ထိုအကြည့်တစ်ချက်ဟာ သူတို့အားလုံးကို ကြောင်အတုန်လှုပ်သွားစေခဲ့၏။

ပိုင်ရွှမ်၊ ယန်ယဲ့နှင့် ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်များ အားလုံးသည် ပါးစပ်ကြီးများ ဟောင်းလောင်းပွင့်လျက် ဝမ်ဖုန်းအနောက်ဘက်ရှိအရာကို မယုံကြည်နိုင်ဘဲ စူးစိုက်ကြည့်နေခဲ့ကြကာ သူတို့ဟာ နေရာမှာတင် ခဲတောင့်သွားကြ၏။

ဝမ်ဖုန်း၏ နောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့သော အရာဝတ္ထုမှာ သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်အာရုံအား ပြောင်းပြန်ဇောက်ထိုး လှန်သွားစေခဲ့သည်။ မယှဉ်သာသော ခြောက်ခြားမှုတစ်ခုသည် နှလုံးအိမ်အတွင်းမှ ပေါက်ဖွားလာခဲ့၏။

All Chapters