ဝမ်းမြောက်မှု တသီတစ်တန်း။
Vol. 35 Ch. 488
ဘာသာပြန်- The Fate
"ဒါ...ဒါက!"
တုန်ယင်နေသော လေသံဖြင့် ပိုင်ရွှမ်ဟာ ဝမ်ဖုန်း၏ အနောက်ဘက်၌ ထွက်ပေါ်လာခဲ့သော ကြီးမားသည့် ပုံရိပ်ကြီးကို လက်ညိုးညွှန်ပြလျက် အင်မတန်မှ ထိတ်လန့်ခြောက်ခြားသွားခဲ့၏။
ဝမ်ဖုန်းဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို တကယ်ပဲ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ!
မှန်ကန်ပါသည်။ ဝမ်ဖုန်း၏ အနောက်၌ ထွက်ပေါ်လာခဲ့သည်မှာ ကမ္ဘာဘောလုံးကလေး၏ ပုံရိပ်ယောင်ဖြစ်သည်!
၎င်းမှာ ကျယ်ပြောပြီး အကန့်အသတ်မဲ့သော နယ်မြေကြီးဖြစ်ကာ အဆုံးအစမဲ့သော တောင်တန်းများနှင့် မြစ်၊ချောင်း၊အင်း၊အိုင်များသည် မြေပြင်၌ စီးဆင်းတည်ရှိလျက်ရှိ၏။ အမြင့်မားဆုံး တောင်တန်းကြီး တစ်ခုပေါ်တွင် ထူထပ်များပြားသော နန်းတော်ကြီးများမှာ နတ်ဘုံတမျှ ခမ်းနားစွာ တည်ရှိနေခဲ့သည်။
ငှက်ကလေးများ၏ တေးဆိုသံနှင့် ပန်းများ၏ ရနံ့များကလည်း တိမ်ဆိုင်များနှင့် မြူခိုးမြူငွေ့များအတွင်း ဝဲလွင့်နေခဲ့ကာ အင်မတန် လှပခမ်းနားသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေခဲ့သည်။ ဤအချိန်၌ ပိုင်ရွှမ်ရော ယန်ယဲ့ကပါ ဝမ်ဖုန်းဟာ လိမ်ညာနေခြင်းမဟုတ်ကြောင်း သိရှိခဲ့ရသည်။ ကမ္ဘာလောကတစ်ခုကို ပိုင်ဆိုင်ထားခဲ့လေရာ ရှန်ရှန်ကျုံ့ဂိုဏ်းဟာ အပြင်လောက၏ နှောက်ယှက်မှုများကို တကယ်ပဲ တိမ်းရှောင်နိုင်စွမ်းရှိပါ၏။
ထိုကမ္ဘာလောက၏ ပုံရိပ်ယောင်ကို ပြသခဲ့သည်ဖြစ်ရာ ဝမ်ဖုန်းဟာ ထိုလောကကို အမှန်တကယ်ထိန်းချုပ်နိုင်ကြောင်း ဆိုလိုနေသည်။ သူသာ သဘောမတူပါက ဘယ်သူကမှ ထိုကမ္ဘာကြီးအတွင်း ဝင်ရောက်နိုင်မှာ မဟုတ်ပါ။
ဤကမ္ဘာလောကကြီးအတွင်း၌ လျို့ဝှက်နယ်မြေများမှာ ရှားပါးမှုမရှိပါ။ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှု စွမ်းအားဖြင့်ဆိုပါက ကျယ်ပြောနက်ရှိုင်းသော လျို့ဝှက်နယ်မြေများကို စိတ်ဆန္ဒရှိသလို ဖန်တီးနိုင်၏။ သို့ပါသော်လည်း ထိုလျို့ဝှက်နယ်မြေများကို တစ်စုံတစ်ဦးမှ ရှာဖွေတွေ့ရှိနိုင်သေးသည်။ အထူးအားဖြင့် သူတို့နှင့် ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များမှ ဖြစ်၏။
သို့ပါသော်လည်း ဝမ်ဖုန်းအနောက်ဘက်ရှိ ကမ္ဘ့ာပုံရိပ်ယောင်မှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း သာမန်ရိုးရှင်းသော လျို့ဝှက်နယ်မြေတစ်ခုမဟုတ်ဘဲ အစစ်အမှန်ကမ္ဘာလောကတစ်ခုဖြစ်ကြောင်း သူတို့ခံစားသိရှိနိုင်ခဲ့သည်!
ပိုင်ရွှမ်နှင့် ယန်ယဲ့တို့က တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်လိုက်ကြကာ သူတို့၏ မျက်ဝန်းများအတွင်း၌ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ ဤအချိန်၌ သူတို့ဟာ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးဖြစ်၏!
ယန်ယဲဟာ ပိုင်ရွှမ်၏ ချစ်ခြင်းမေတ္တာကို စိတ်ပျက်စေလိုခြင်းမရှိသလို ပိုင်ရွှမ်ဟာလည်း ယန်ယဲ့ကို လက်လွတ်မခံနိုင်ပါ။
သူတို့လိုအပ်နေသည့်အရာမှာ အပြင်လောကမှ ရှောင်ရှားလွတ်မြောက်ခြင်းပင်ဖြစ်၏။ သူတို့ဟာ တည်ငြိမ်အေးဆေးသော ဘဝတစ်ခု၌ အတူတကွ နေထိုင်လိုသည်။
"ကျွန်မ ဆန္ဒရှိပါတယ်။ ရှန်ရှန်ကျုံ့ဂိုဏ်းကို ဝင်ရောက်ချင်ပါတယ်။"
"ကျွန်တော်က ဂိုဏ်းချုပ်ကို လုံခြုံတဲ့ နေရာတစ်ခု ပေးအပ်ဖို့ တောင်းခံရုံလေးတင်ပါ။"
ယန်ယဲ့တို့နှစ်ယောက်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးပုံပေါ်၏။ သူတို့ဟာ ဝမ်ဖုန်းကို လေးစားစွာ ဂါရဝပြုလိုက်ပြီး တည်ကြည်စွာ ပြောဆိုခဲ့သည်။
"မင်းသမီးလေး!"
သို့ပါသော်လည်း ဝမ်ဖုန်းစကား မစနိုင်သေးခင်မှာ ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားရှင်များသည် ပိုင်ရွှမ်ကို စိတ်ဖိစီးစွာ အော်ဟစ်ပြောဆိုခဲ့သည်။
"မင်းသမီးလေးကို လှည့်စားရဲတယ်လား။ ငါတို့ မင်းကို သတ်ပစ်မယ်။"
များစွာသော ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားရှင်များသည် ဒေါသထွက်နေခဲ့ကာ ခမ်းနားသော စွမ်းအားများသည် သူတို့ခန္တာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လျက် ဝမ်ဖုန်းထံသို့ လေးညို့မှ ပစ်တင်သော မြားကဲ့သို့ ပြေးဝင်သွားခဲ့ကာ ၎င်းကြီးမြတ်သော စွမ်းအားများက တောင်ပေါ်ရှိ တောအုပ်တစ်ခုလုံးကို တုန်ခါစေခဲ့သည်။
"ရပ်လိုက်!"
ပိုင်ရွှမ်၏ ပုံရိပ်ဟာ ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး ဝမ်ဖုန်း၏ အရှေ့၌ ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ ကောင်းကင်မျိုးနွယ်စုမှ စွမ်းအားရှင်များကို တားဆီးခဲ့သည်။
"မင်းသမီးလေး...."
ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားရှင်များသည် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြရကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်ကြရသည်။
"ရှင်တို့က ကျွန်မကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတယ်။ ပြီးတော့ ကျွန်မအယုံကြည်ရဆုံး လူတွေလည်းဖြစ်တယ်။ အခုအချိန်မှာ ကျွန်မက ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီ။ ကျွန်မရဲ့ နှလုံးသားကို ရှင်တို့ရဲ့လက်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးကြမလို့လား။"
"အဲ့ဒီ ကြမ်းတမ်းခက်ထန်တဲ့ အကျဉ်းထောင်ကို ကျွန်မပြန်သွားမှာကို ရှင်တို့ တွေ့ချင်နေကြတာလား။ မျိုးနွယ်စုအကြီးအကဲတွေက အဲ့ဒီထိပ်တန်းပါရမီရှင်နဲ့ လက်ထပ်ဖို့ တွန်းအားပေးမှာကို ရှင်တို့စောင့်ကြည့်ချင်ကြသလား။"
ပိုင်ရွှမ်က ကောင်းကင်မျိုးနွယ်စု၏ လူများကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့သည်။
ထိုစကားလုံးများ ကြားသိလိုက်ရသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မျိုးနွယ်စု အဖွဲ့ဝင်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ အချိန်အတော်ကလေး ကြာမြင့်သည့်အခါ သူတို့အားလုံးဟာ သက်ပြင်းဖွဖွ ရှိုက်လိုက်မိကြသည်။
"ကျွန်တော်တို့ မင်းသမီးလေးကို ထောက်ပံ့ကူညီပါမယ်။"
"ကျေးဇူးပါပဲ။ ကျွန်မအနားမှာမရှိတုန်း ရှင်တို့က ကျွန်မရဲ့အဖေကို ကူညီစောင့်ရှောက်ပေးပါ။"
ပိုင်ရွှမ်က လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ကောင်းကင်မျိုးနွယ်စုအဖွဲ့ဝင်များကို ပြုံးပြခဲ့သည်။
ယင်းနောက် သူမနှင့် ယန်ယဲ့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်ပြီး ပြုံးရယ်လိုက်ကြကာ ဝမ်ဖုန်းကို အတူတကွ ဂါရဝပြုလိုက်လျက် ဝမ်ဖုန်း၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။
"ကောင်းပြီ။ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါက မင်းတို့နှစ်ယောက်ကို ဂိုဏ်းသားတွေအဖြစ် လက်ခံမယ်။"
ဝမ်ဖုန်းက သူတို့နှစ်ယောက်ကို တွဲထူပေးလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် တီးတိုးပြောဆိုခဲ့သည်။
သူတို့နှစ်ယောက်ဟာ အပြင်လောကအတွင်း ယှဥ်တွဲသွားလာရန် မသင့်တာကြောင့် ကမ္ဘာဘောလုံးလေးအတွင်း ထည့်သွင်းထားခြင်းကသာ ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ ဒါ့အပြင် သူတို့ကို ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားများအား သင်ကြားလေ့ကျင့်ပေးဖို့ အကူအညီလည်း တောင်းနိုင်သေး၏။
တွေးကြည့်လိုက်စမ်းပါ။ သူတို့ကို ကမ္ဘာဘောလုံးလေးအတွင်းမှာ ဒီတိုင်းဘာမှမလုပ်ခိုင်းဘဲ ထိုင်နေခိုင်းရမှာလား။ သူဆိုတဲ့ ဝမ်ဖုန်းက ဒါမျိုးကို လက်သင့်မခံနိုင်ဘူး။
အရာအားလုံးကို အကောင်းမွန်ဆုံး အသုံးချရမယ်။ ဂိုဏ်းချုပ်တစ်ယောက်ဟာ စီမံခန့်ခွဲမှုကို ကောင်းမွန်စွာ နားလည်ရမယ်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။"
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ပိုင်ရွှမ်ရော ယန်ယဲ့ကပါ တစ်ပြိုင်တည်း ပြုံးရယ်လိုက်ပြီး ကျေးဇူးတင်လိုက်၏။
သူတို့နှစ်ယောက်ဟာ လက်ချင်းယှက်လျက် ကိုင်ထားကြပြီး ချိုမြိန်သော အပြုံးများ ဖူးပွင့်နေကြ၏။
"သူတို့ရောပဲ ငါ့ရဲ ရှန်ရှန်ကျုံ့ဂိုဏ်းကို ဝင်ရင်ဝင် မဟုတ်ရင် သေရမယ်။"
ထို့နောက် ဝမ်ဖုန်းက ကောင်းကင်မျိုးနွယ်စုမှ လူများကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့သည်။
သူဟာ ရက်စက်ကြမ်းကြုတ်ပြီး ကောင်းကင်မျိုးနွယ်စုပုဂ္ဂိုလ်များ၏ တိုက်ခိုက်ရန်လိုမှုကို ရန်ငြိုးထားခဲ့ခြင်းမဟုတ်ပါ။ ထိုသူများကိုသာ ပြန်လွှတ်လိုက်ပါက ပိုင်ရွှမ် ခိုးရာလိုက်ပြေးသည့်သတင်းမှာ ပျံ့လွင့်သွားခဲ့မည်ဖြစ်ပြီး ရှန်ရှန်ကျုံ့ဂိုဏ်းမှာ အေးချမ်းမှုကို ဆုံးရှုံးရလိမ့်မည်။
သူ့ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားမှာ သာမန်မဟုတ် ထူးကဲသော်လည်း ဝမ်ဖုန်းက ကောင်းကင်တာအို မျိုးနွယ်စုများ၏ လိုက်လံသတ်ဖြတ်ခြင်းကို မခံရလိုပါ။
"မင်း!"
ကောင်းကင်မျိုးနွယ်စုခွဲ၏ စွမ်းအားရှင်များသည် ဝမ်ဖုန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။ သူတို့ရဲ့မင်းသမီးလေးကို ပြန်ပေးဆွဲတာကတော့ ထားပါတော့။ သူတို့ကိုပါ ရှန်ရှန်ကျုံ့ဂိုဏ်းထဲ ဝင်ရောက်စေချင်တာလား။ မင်းက ဘယ်လိုအရူးလဲ။
"ဂိုဏ်းချုပ် သူတို့ကို သွားခွင့်ပြုလိုက်ပါ။"
"သူတို့က ကျွန်မရဲ့ သစ္စာခံတွေပါ။ ကျွန်မကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။"
ပိုင်ရွှမ်ဟာ ဝမ်ဖုန်း၏ စိုးရိမ်ပူပန်မှုကို သိရှိနေခဲ့သော်လည်း ထိုလူများကို ယုံကြည်ထားခဲ့သည်။ ထိုပုဂ္ဂိုလ်များဟာ သူမကိုယ်တိုင် ရွေးချယ်ခဲ့သော သက်တော်စောင့်များ ဖြစ်ကြပြီး သူမအပေါ် အကြွင်းမဲ့ သစ္စာခံကြ၏။ ထိုသူများ သေဆုံးသွားခဲ့လျှင်တောင်မှ သူမကို သစ္စာဖောက်မှာ မဟုတ်ပါ။
"မင်း သေချာရဲ့လား။သတင်းပျံ့သွားရင် ဘယ်လို အကျိုးဆက်တွေနဲ့ ရင်ဆိုင််ရမလဲဆိုတာမင်းသိသင့်တယ်။"
ဝမ်ဖုန်းဟာ မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ပိုင်ရွှမ်ကို စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် ပြောဆိုခဲ့သည်။
"သူတို့တွေနဲ့အတူ ကျွန်မ စာချုပ်ချုပ်ထားပါတယ်။ သူတို့သေဆုံးသွားရင်တောင်မှ ကျွန်မကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။"
"ဒါ့အပြင် သူတို့သာ ကောင်းကင်မျိုးနွယ်စုကို ပြန်ရောက်သွားရင် ကျွန်မအလိုရှိသမျှ ကာလပတ်လုံး ကောင်းကင်မျိုးနွယ်စုရဲ့ သတင်းအချက်အလက်တွေကိုလည်း ရရှိနိုင်သေးတယ်။"
ပိုင်ရွှမ်က ခေါင်းငြိမ့်လိုက်ပြီး အကြွင်းမဲ့သော သေချာမှုဖြင့် ပြောဆိုခဲ့သည်။
ဒါကိုကြားတော့ ဝမ်ဖုန်းဟာ တစ်ခဏကြာအောင် တုန့်ဆိုင်းသွားခဲ့ပြီးနောက် အနောက်ပြန်လှည့်ကြည့်ကာ သူ၏လက်ကို ဝေ့ယမ်းပြလိုက်သည်။
သူဟာ အကြွင်းမဲ့ သစ္စာခံမှုကို ယုံကြည်ခြင်းမရှိသော်လည်း စာချုပ်တွင် လက်မှတ်ထိုးထားသည်က ခြားနားသော ကိစ္စတစ်ခုဖြစ်သည်။
ဒါ့အပြင် ကောင်းကင်မျိုးနွယ်စုမှ သတင်းအချက်အလက်များရရှိခြင်းက ဝမ်ဖုန်းအလိုအပ်ဆုံးသော အရာလည်းဖြစ်၏။
ကောင်းကင်မျိုးနွယ်အတွင်းတွင် သူလျှိုများရှိနေပါက သူဟာ ထိုမျိုးနွယ်စု၏ လုပ်ရှားမှုများကို အချိန်နှင့်အမျှ သိရှိနိုင်လိမ့်မည်။ အနာဂါတ်တွင် ကောင်းကင်မျိုးနွယ်စု၏ ရန်သူဖြစ်လာပါက ထိုသူလျှိုများသည် ကောင်းမွန်သော ပြဇာတ်တစ်ပုဒ်ကို ကပြဖျော်ဖြေလိမ့်မည်။
ဝမ်ဖုန်း၏ စိတ်သဘောထားကို တွေ့မြင်လိုက်ရသည့်အခါ ပိုင်ရွှမ်၏ လှပသော မျက်နှာကလေးသည် အနည်းငယ် ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။ သူမဟာ ကောင်းကင်မျိုးနွယ်စုမှ လူများကို ထွက်ခွာရန် အချက်ပြလိုက်သည်။
ထိုကောင်းကင်မျိုးနွယ်စုမှ စွမ်းအားရှင်များသည် ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လျက် ပိုင်ရွှမ်ကို လေးလေးစားစား ဂါရဝပြုလိုက်ကာ လှည့်၍ ထွက်ခွာသွားကြသည်။
"ငါတို့ရဲ့ မင်းသမီးလေးကို ထိခိုက်နာကျင်အောင်လုပ်ရဲရင် မင်းကို သတ်ဖြတ်ပစ်မယ်။"
နောက်တစ်ခဏ ကြာမြင့်သည့်ကာလ၌ အေးစက်သော အသံတစ်သံသည် ကောင်းကင်မျိုးနွယ်စု ပုဂ္ဂိုလ်များ ထွက်ခွာသွားသည့် အရပ်မျက်နှာမှ ပျံ့လွင့်လာခဲ့ကာ ယန်ယဲ့ကို ထိတ်လန့်ကြောင်အသွားစေခဲ့သည်။
တစ်ဖက်၌လည်း ဝမ်ဖုန်း၏ မျက်နှာပေါ်၌ အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုစကားလုံးများဟာ ယန်ယဲကို ရည်ညွှန်းရုံသာမက သူဝမ်ဖုန်းကိုလည်း ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်၏။
"မင်းတို့ ဘယ်အချိန်မှာ မင်္ဂလာပွဲ ကျင်းပမလဲ။ ဒီဂိုဏ်းချုပ်က မင်းတို့အတွက် ကိုယ်တိုင်ကိုယ်ကျ စီစဥ်ပေးမယ်။"
ဝမ်ဖုန်းက ယန်ယဲ့နှင့် ပိုင်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောဆိုခဲ့သည်။
ဒါကိုကြားတော့ ယန်ယဲ့၏ အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး ခေါင်းကို ငုံ့ထားခဲ့ကာ ပိုင်ရွှမ်၏ မျက်နှာကလေး၌တော့ အရှက်သည်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူမဟာ စကတ်ကို လက်များဖြင့် အဆက်မပြတ် လုံးခြေနေခဲ့ကာ ယခင်ကကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်သော အမူအယာမျိုး ရှိမနေတော့ပါ။
ဝမ်ဖုန်းဟာ ထိုပုဂ္ဂိုလ်နှစ်ယောက်ကို အပြုံးယောင်ယောင်ဖြင့် စူးစိုက်ကြည့်လိုက်ပြီး သူ၏ လက်ကို ဆန်တန်းထုတ်လျက် သူတို့ကို ကမ္ဘာဘောလုံးလေးအတွင်း ပို့ဆောင်ပေးလိုက်သည်။
"ရှန်ရှန်ကျုံ့ဂိုဏ်းထဲမှာ တစ်ယောက်ယောက်က မင်းတို့အတွက် နေထိုင်စရာ စီစဉ်ပေးလိမ့်မယ်။ မင်းတို့ အားလပ်နေချိန် ဘာမှလုပ်စရာမရှိရင် ဂိုဏ်းတပည့်တွေကို ငါ့အစား သင်ကြားပေးပါ။"