မင်းသမီးလန်လင်း
Vol. 35 Ch. 489
ဘာသာပြန်- The Fate
ကောင်းကင်မျိုးနွယ်စုတည်ရှိရာ အနောက်ပိုင်းကုန်းမြေကြီးတွင်...
ကြီးကျယ်ပြီး ခမ်းနားသော ခန်းမကြီးအတွင်း၌ မှုန်ဝါးဝါးပုံရိပ်တစ်ခုသည် နန်းပလ္လင်ထက်၌ ထိုင်နေခဲ့ကာ အဆုံးအစမဲ့သော ခမ်းနားကြီးကျယ်မှုများကို ထုတ်လွှတ်လျက်ရှိပြီး ခမ်းမအတွင်း၌ ဖိနှိပ်နိုင်သော လေထုတစ်ခုကြီးစိုးနေခဲ့သည်။
"အခစားဝင်ရောက်ပါတယ်..."
လေထုကို ဖြိုခွင်းလိုက်သောအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ များစွာသော ပုဂ္ဂိုလ်များသည် ခန်းမအတွင်းသို့ ဦးခေါင်းကို နိမ့်ချလျက် လမ်းလျှောက်လာကြကာ သူတို့၏ အမူအရာများက အင်မတန်မှ လေးစားနေကြသည်။ သူတို့ဟာ ထိုမှုန်ဝါးဝါးပုံရိပ်ကို နှောက်ယှက်မိမှာစိုးရိမ်တာကြောင့် အသက်တောင်ဖြောင့်အောင် မရှုရဲကြပါ။
ဝမ်ဖုန်းသာ တွေ့မြင်လိုက်ပါက ထိုလူများမှာ ပိုင်ရွှမ်နောက်ကို လိုက်ပါလာခဲ့သော ကောင်းကင်မျိုးနွယ်စုမှ စွမ်းအားရှင်များဖြစ်ကြောင်း ကျိန်းသေပေါက်သိရှိလိမ့်မည်။
"သခင်မလေး ဘယ်မှာလဲ?"
ခမ်းနားကြီးကျယ်သော အသံကြီးသည် ယောင်ဝါးဝါးပုံရိပ်၏ နှုတ်ဖျားမှထွက်ပေါ်လာခဲ့ကာ ခန်းမတစ်ခုလုံးကို ယိမ်းထိုးသွားစေခဲ့သည်။ ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားရှင်များမှာ မထိန်းချုပ်နိုင်စွာ တုန်ရင်သွားကြပြီး မြေကြီးပေါ် နစ်မြုပ်လုမတက် ဝပ်တွားမိလိုက်ကြ၏။
"အ.... အရှင်မင်းမြတ် ဒီငယ်သားတွေက အလုပ်ကိုကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါဘူး... မင်းသမီးလေးကို ပျောက်ဆုံးသွားခဲ့ပါတယ်"
ကောင်းကင်မျိုးနွယ်စုအဖွဲ့ဝင်အုပ်စု၏ ခေါင်းဆောင်လုပ်သူဟာ တုန်ရင်နေသော လေသံဖြင့်ပြောဆိုလိုက်ပြီး သူ့နောက်ကျောဘက်မှ ချွေးအေးများထွက်လျက်ရှိကာ ဝတ်ရုံတစ်ခုလုံးကို စိုစွတ်စေခဲ့သည်။
အရှင်မင်းမြတ်ဟာ ဘာမှမပြောကြားခဲ့သလို စွမ်းအားများကို ဖောက်ခွဲထုတ်ဖော်ခဲ့ခြင်းမရှိသော်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိလေထုဟာ ချောက်ချားဖွယ်ကောင်းလောက်အောင် ပြင်းထန်သွားကြောင်း သိမြင်နိုင်၏။
"မင်းတို့သစ္စာခံတွေ.... ငါအရမ်းကို ဝမ်းမြောက်မိပါရဲ့"
"ငါ့ကို လိမ်ညာဖို့ မင်းတို့ကို ဘယ်သူက သတ္တိပေးလိုက်တာလဲ?"
အလွန်အမင်းဗြောင်ကျသော အသံကြီးသည် ယောင်ဝါးဝါးပုံရိပ်၏ နှုတ်ခမ်းမှထွက်ပေါ်လာခဲ့ပြီး ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
"ဒေါက်!..."
ကောင်းကင်မျိုးနွယ်စုအဖွဲ့သားများသည် အင်မတန်ထိတ်လန့်သွားတာကြောင့် မြေကြီးပေါ်ပို၍ ဝပ်တွားမိလိုက်ကြသည်။ သူတို့၏ ဝတ်ရုံများမှာ ချွေးများဖြင့် စိုရွှဲနေကြသော်လည်း အံကိုတင်းတင်းကြိတ်၍ ဘာစကားမှမပြောဆိုကြပါ။
သူတို့၏ ကျင့်ကြံမှုမှာ မြင့်မားသော်လည်း အရှင်မင်းမြတ်၏ ရှေ့တော်မှောက်၌မူ ပုရွက်ဆိတ်များကဲ့သို့သာဖြစ်၏။ ထိုပုဂ္ဂိုလ်၏ စကားတစ်ခွန်းကတောင် သူတို့၏ စိတ်ညာဥ်ကို တုန်ခါသွားစေခဲ့ကာ အနည်းငယ်တောင် ခုခံခွင့်မသာပါချေ။
"ပိုင်ယဲ့တစ်ယောက်သာနေရစ်ခဲ့... ကျန်တဲ့သူတွေအားလုံးထွက်သွားကြ"
ယောင်ဝါးဝါးပုံရိပ်သည် ကောင်းကင်မျိုးနွယ်စုအဖွဲ့သားများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး တဲ့တိုးပြောဆိုခဲ့သည်။
ပိုင်ယဲ့ဟာ ခေါင်းဆောင်အမျိုးသားဖြစ်၏။
"မှန်လှပါ.."
ကျွင်းကျန်ရစ်သော ကောင်းကင်မျိုးနွယ်စုအဖွဲ့သားများသည် ပိုင်ယဲ့ကို စူးစမ်းကြည့်ရှုသော်လည်း သူတို့ဟာ ဘာကိုမှမပြောရဲကြဘဲ အလျင်အမြန် ဂါရဝပြုလျက် ထွက်ခွာသွားကြရသည်။
ပိုင်ယဲ့တစ်ယောက်တည်းကသာ နဖူးပေါ်၌ ချွေးစေးများအပြည့်နှင့် မြေပြင်ပေါ်၌ ဒူးထောက်လျက်သားကျန်ရစ်ခဲ့၏။
"ငါက ပိုင်ရွှမ့်အပေါ် မင်းရဲ့ သစ္စာခံမှုကို သိရှိထားပါတယ်... ငါမင်းကို အရှက်ရစေမှာမဟုတ်ပါဘူး... လာပြီး မင်းကိုယ်တိုင်ကြည့်ရှုလိုက်စမ်း"
ယောင်ဝါးဝါးပုံရိပ်သည် ပိုင်ယဲ့ကို မျက်စောင်းထိုးကြည့်ရှုလိုက်ပြီးအနည်းငယ်သော စိတ်ခံစားချက်မှမပါဝင်သည့် လေသံဖြင့်ပြောဆိုခဲ့ကာ သူ၏ အေးစက်သည့်လေသံက ပိုင်ယဲ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေခဲ့သည်။
စကားများဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယောင်ဝါးဝါးပုံရိပ်သည် ပိုင်ယဲ့၏ ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ပိုင်ယဲ့ကို အထင်အမြင်သေးစွာ ငုံ့မိုးကြည့်ရှုခဲ့သည်။ ထိုသူ၏ သွေးနီရောင်မျက်ဝန်းများအတွင်း၌ မယှဥ်သာလောက်သော အလင်းတန်းတစ်ခုထွန်းလင်းတောက်ပလျက်ရှိ၏။
များမကြာမီတွင် ယောင်ဝါးဝါးပုံရိပ်သည် လက်တစ်ဖက်ကို ပိုင်ယဲ့၏ဦးခေါင်းထက်၌ ဖိနှိပ်ချလိုက်သည်။ တောက်ပသော မီးခိုးရောင်အလင်းတန်းတစ်ခုသည် သူ၏လက်ဖဝါးများအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ပိုင်ယဲ့၏ စိတ်ဝိညာဥ်ပျောက်ဆုံးသွားပုံပေါ်ပြီး သူ၏မျက်လုံးများက အလင်းရောင်များမှိန်ဖျော့သွားခဲ့သည်။
တစ်ခဏအကြာတွင် ယောင်ဝါးဝါးပုံရိပ်သည် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်ကိုခါယမ်းလျက်ပြောဆိုလိုက်သည်။
"ထွက်သွားလို့ရပြီ..."
"ဟုတ်ကဲ့..."
အသိတရားပြန်လည်ရရှိလာသော ပိုင်ယဲ့ဟာ ဘာတွေဖြစ်သွားသလဲ မသိရှိခဲ့ပါ။ သို့ပါသော်လည်း သူဟာ မေးမြန်းရဲခြင်းမရှိပဲ လက်သီးဆုပ်ဂါရဝပြုလျက် အလျင်အမြန်ဆုတ်ခွာသွားခဲ့သည်။
"ယန်ယဲ့...? ရှန်ရှန့်ကျုံဂိုဏ်း!..."
ခန်းမကြီးအတွင်းမှ ပိုင်ယဲ့ထွက်သွားပြီးနောက် ယောင်ဝါးဝါးပုံရိပ်၏ မျက်ဝန်းများအတွင်း၌ စိတ်ဝိညာဥ်ကို ဖြိုခွင်းနိုင်သော အလင်းတန်းတစ်ခုလင်းလက်သွားခဲ့ကာ တီးတိုးပြောဆိုသံသည် ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
နောက်တဒင်္ဂအကြာ၌ ယောင်ဝါးဝါးပုံရိပ်သည် ခန်းမအတွင်းမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး ဗလာဖြစ်နေသော ခန်းမကြီးသာ ကြွင်းကျန်ရစ်တော့သည်။
.....
ဟန်သွမ့်တောင်တန်းအတွင်း၌ ဝမ်ဖုန်းနှင့် သူ့အဖွဲ့သားများသည် လျင်မြန်စွာရွေ့လျားသွားလာနေကြကာ မရေမတွက်နိုင်သော သစ်ပင်ကြီးများကို ကျော်ဖြတ်နေကြသည်။ ယန်ယဲ့နှင့် ပိုင်ရွှမ်တို့ကို လက်ခံပြီးနောက် ဝမ်ဖုန်းဟာ ဒီနေရာအကြောင်းကို သူတို့ထံမှ သိရှိခဲ့ရသည်။
ဝမ်ဖုန်းတို့ရောက်ရှိနေသောနေရာသည် ဟန်သွမ့်တောင်တန်း၏ အရှေ့ဘက်အပိုင်းဖြစ်၏။ အရှေ့ဘက်ပိုင်းသည် မြင့်မြတ်သောလုံဟွမ်မင်းဆက်နှင့် မြင့်မြတ်သော စန်းရိမင်းဆက်တို့၏ ပိုင်နက်ဖြစ်ကာ အနောက်ဘက် အပိုင်းသည်တော့ ကောင်းကင်မျိုးနွယ်၏ နေထိုင်ရာဖြစ်၏။
သဘာဝကျစွာဖြင့် ဝမ်ဖုန်းနှင့်သူ့လူများမှာ အနောက်ဘက်ကို သွားရောက်၍ ကောင်းကင်မျိုးနွယ်စု၏ အမုန်းတရားများကို ဆွဲဆောင်မှာမဟုတ်ပါ။ ဤအချိန်၌ ဝမ်ဖုန်းတို့အုပ်စုသည် မြင့်မြတ်သောစန်းရိမင်းဆက်တည်ရှိရာသို့ ဦးတည်သွားလာနေကြသည်။ ထိုနေရာမှာ ဝမ်ဖုန်းတို့ရောက်ရှိနေသော နေရာနှင့် ဝေးကွာခြင်းမရှိပါ။
"ဂိုဏ်းချုပ်... ရှေ့မှာ လူတွေတိုက်ခိုက်နေကြတယ်..."
ရုတ်တရက်ဆိုသလို ဝမ်ဖုန်းဘေးနားရှိ လီရှောင်းယောင်၏ မျက်ဝန်းများမှာ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး အဝေးတစ်နေရာကို စူးစိုက်ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများဟာ အတားအဆီးများကို ဖြတ်ကျော်၍ အခြေအနေတစ်ခုကို တွေ့မြင်လိုက်ရပုံပေါ်ကာ သူဟာ နှုတ်ဖျားကို ဖွင့်ဟလျက်ပြောဆိုခဲ့သည်။
"အို...?"
ဝမ်ဖုန်းနှင့်သူ့လူများသည် ရပ်တန့်လိုက်ပြီး အရှိန်အဝါများကို ရုတ်ချည်းဖုံးကွယ်လိုက်ကာ လီရှောင်းယောင်စိုက်ကြည့်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ခပ်လှမ်းလှမ်းတစ်နေရာရှိ လေဟာပြင်၌ အုပ်စုနှစ်စုသည် ရင်ဆိုင်တွေ့လျက်ရှိ၏။ အုပ်စုနှစ်စုအနက် တစ်စုမှာ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော လူပုဂ္ဂိုလ် ၂၀ ဖြစ်၏။
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ အနည်းငယ်မှေးကျဥ်းသွားပြီး အနက်ဝတ်လူအယောက် ၂၀ ၏ ကျင့်ကြံမှုအရှိန်အဝါကို သေချာစွာလေ့လာဆန်းစစ်လိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံးမှာ ထိန်းချုပ်မရ တုန်လှုပ်သွားခဲ့သည်။ နှစ်ယောက်ဟာဖြင့်ဆိုလျှင် ချန်ခွမ်းဘုရင်နှောင်းပိုင်အဆင့်နှင့် တစ်ယောက်ဟာဆိုလျှင် ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်၌တောင် ရှိကြ၏။ကျန်လူများမှာ ချန်ခွမ်းကပ်ဘေး အထွတ်အထိပ်ဖြစ်၏။
တစ်ဖက်အဖွဲ့ကိုတော့ ဝမ်ဖုန်းကတောင် အင်မတန်မှ စိတ်ဝင်စားနေမိ၏။
ယင်းဟာ ချန်ခွမ်းယွမ်အဆင့်ကိုရောက်ရှိနေသော သွေးနီရောင်မြင်းနဂါးကြီးရှစ်ကောင် မောင်းနှင်သည့် ရထားလုံးတစ်ခုဖြစ်၏။ ရထားလုံး၏ဘေးနားတွင် အနီရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော စစ်သည်တော် ၁၆ ယောက်ရှိနေကြသည်။ စစ်သည်တော်တစ်ယောက်ချင်းစီတိုင်းဟာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌ ရှိနေကြကာ ရထားလုံးကို ခိုင်မာစွာ စောင့်ကြပ်ပေးနေခဲ့သည်။
ထိုအခြေအနေကို ကြည့်ရှုခြင်းအားဖြင့် ရထားလုံးအတွင်းရှိ လူပုဂ္ဂိုလ်၏ အဆင့်အတန်းမှာ အင်မတန်မှ မြင့်မြတ်ကြောင်း အရူးတစ်ယောင်ကတောင် သိမြင်နိုင်၏။
ဒီမြင်ကွင်းက ဝမ်ဖုန်း၏ နှလုံသားကို နာကျင်သွားစေခဲ့၏။ ကြည့်စမ်းပါဦး... သူ့ရဲ့အဆင့်အတန်းနဲ့ သူဟာ ဂိုဏ်းကိုကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့သည်။ သူဟာ ချန်ခွမ်းဘုရင်အထွတ်အထိပ်၌ရှိသော ရှန်ရှန့်ကျုံဂိုဏ်းကြီး၏ မွန်မြတ်ခမ်းနားသည့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော်ငြားလည်း ခြေလျင်ခရီးနှင်နေရ၏။
"ငါလည်း မကြာခင်မှာ နဂါးကိုးကောင်ဆွဲတဲ့ ရထားလုံးတစ်ခုကို စီမံပြုလုပ်ရမယ်... ဒီလိုမှမဟုတ်ရင် ငါ့ရဲ့အဆင့်အတန်းနဲ့ ကိုက်ညီပါ့မလား"
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး လျှို့ဝှက်စွာရေရွတ်ပြောဆိုလိုက်သည်။
"ယန်ယဲ့ အဲ့ဒီအဖွဲ့နှစ်ဖွဲ့ကို မင်းသိသလား?"
ခဏတာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းဟာ သူ၏ စိတ်အသိကို ကမ္ဘာဘောလုံးလေးအတွင်း နှစ်မြုပ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ယန်ယဲ့နဲ့ပိုင်ရွှမ်တို့၏ အရှေ့၌ ပုံရိပ်ယောင်တစ်ခုကို ဖန်ဆင်းပြခဲ့ကာ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"အံ့ဖွယ်ပဲ..."
ယန်ယဲ့တို့နှစ်ယောက်စလုံးသည် ထိတ်လန့်သွားကြကာ တီးတိုးပြောဆိုလိုက်ကြသည်။ သူတို့ဟာ ရုတ်တရက် မတ်တက်ရပ်လိုက်ကြပြီး ဝတ်ရုံများကို ဖြန့်ခင်းလျက် လေးစားစွာ တုံ့ပြန်ပြောဆိုခဲ့သည်။
တစ်ဖက်တွင်ရှိနေသော ပိုင်ရွှမ်ဟာ ပိုမို၍ ရှက်ရွှံ့နေခဲ့ကာ ဝမ်ဖုန်းကို မဝံ့မရဲကြည့်ရှုနေခဲ့သည်။
ယန်ယဲ့ဟာတော့ သာမန်မဟုတ်သော အမူအရာဖြင့် ပိုင်ရွှမ်၏ လက်ကလေးကို ဆုပ်ကိုင်ထားကာ ထိုပုံရိပ်အား စူးစိုက်ကြည့်ရင်းပြောဆိုခဲ့သည်။
"ဒါ... ဒါက..."
"မင်းတို့က သူတို့ကို သိတယ်လား"
ယန်ယဲ့၏ ထိတ်လန့်နေသောအသံက ဝမ်ဖုန်း၏ မျက်ဝန်းများကို မှေးကျဥ်းသွားစေခဲ့ကာ သူဟာ စောလျင်စွာ မေးမြန်းလိုက်သည်။
"ရထားလုံးထဲက ပုဂ္ဂိုလ်က မြင့်မြတ်တဲ့စန်းရိမင်းဆက်က မင်းသမီးလန်လင်းပဲ ဖြစ်ရမယ်"
"မင်းသမီးလန်လင်းက စန်းရိမင်းဆက်ရဲ့ အငယ်ရွယ်ဆုံး မင်းသမီးတစ်ပါးဖြစ်တယ်... သူမရဲ့ မယ်တော်က လူထောင်ပေါင်းများစွာရဲ့ ချစ်ခင်နှစ်လိုခြင်းကို ရရှိထားတဲ့ ကြီးမြတ်သော ကြင်ယာတော် ၈ ပါးထဲက ယဲ့ရှန်ဖေးပဲ... ပြီးတော့ ဒီမင်းသမီးငယ်လေးက စန်းရိမင်းဆက်တစ်ခုလုံးရဲ့ ချစ်ခင်နှစ်သက်မှုကို အများဆုံးရရှိထားတယ်"
"သူမရဲ့ ၁၅ နှစ်မြောက်မွေးနေ့မှာ ချန်ခွမ်းဘုရင်အဆင့်ရှိတဲ့ လက်မှုပစ္စည်းသုံးခုကို လက်ခံရရှိခဲ့တယ် ၊ သူမရဲ့၂၂ နှစ်မြောက်မွေးနေ့မှာ ချန်ခွမ်းဘုရင်အဆင့်ကို ရောက်ရှိနေတဲ့ မှော်ဝင်ရထားလုံးကို လက်ဆောင်ရရှိခဲ့တယ်... သူမက ရထားလုံးကို မောင်းနှင်ဖို့ အနီရောင်မြင်းနဂါးကြီး ၈ ကောင်ကိုလည်းအမိန့်ပေး ခိုင်းစေနိုင်တယ် ။ ပြီးတော့ သူမရဲ့လက်အောက်မှာ ဆရာသခင် ၁၆ ယောက်အမှုထမ်းတယ်"
"သူမရဲ့လက်အောက်မှာ အမှုထမ်းနိုင်တဲ့ ဆရာသခင်တိုင်းက အနည်းဆုံးတော့ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်မှာရှိကြတယ်"
ယန်ယဲ့၏ မနာလိုမှုများပြည့်နှက်နေသည်အသံက ဝမ်ဖုန်း၏ နားစည်များအတွင်း ပဲ့တင်ထပ်သွားကာ ဝမ်ဖုန်း၏ မျက်ဝန်းများကို တောက်ပလာစေခဲ့သည်။ သူဟာ မြင့်မြတ်သောစန်းရိမင်းဆက်၏ မင်းသမီးငယ်လေးကို တွေ့မြင်လိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။