ဗိုလ်ကျသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ
Vol. 35 Ch. 491
ဘာသာပြန်_ The Fate
"ဟမ်... သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက အရင်တုန်းကလိုပါပဲလား !?မကောင်းမှုဒုစရိုက်တွေအားလုံးကို ပြုလုပ်နေတော့တာပဲ"
ကမ္ဘာဘောလုံးလေးအတွင်း၌ရှိနေသော ယန်ယဲ့သည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့မျက်နှာထက်၌ စက်ဆုပ်ရွံရှာသော အမူအရာတစ်ခုရှိနေခဲ့သည်။
"သူတို့က အဖိုးအခယူပြီး လုပ်ကြံသတ်ဖြတ်ရုံသာမကဘဲ ရတနာပစ္စည်းတွေကိုလည်း လုယက်ကြသေးတာလား?"
ယန်ယဲ့၏ အေးစက်သော နှာမှုတ်သံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး မေးမြန်းလိုက်သည်။
"အမှန်ပဲ...သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ခုနှစ်ပြည်ထောင်တင်မကဘဲ ကောင်းကင်တာအိုမျိုးနွယ်စုကတောင် အဲ့ဒါကိုဖျက်ဆီးပစ်ချင်နေတာ ဒါပေမယ့် အဲ့ဒီဂိုဏ်းရဲ့ တည်နေရာကို ရှာဖွေလို့မတွေ့ခဲ့ဘူးလေ..!"
"ရတနာပစ္စည်းရဲ့ သတင်းကြားလိုက်ရတာနဲ့ ဒါမှမဟုတ် ရတနာပစ္စည်းကို တစ်ယောက်ယောက်က ရရှိသွားတာနဲ့ သူတို့ကလည်း အပြေးကလေးရောက်လာတော့တာပဲ"
"လုံလောက်အောင်မသန်မာတဲ့ကျင့်ကြံသူတွေက သူတို့ရဲ့ လုယက်ခြင်းကို ခံရတတ်တယ်။ သန်မာတဲ့ကျင့်ကြံသူတွေကလည်း သူတို့ရဲ့ လှည့်ဖျားခြင်းကို ခံရပြီး ရတနာပစ္စည်းတွေကို ပေးအပ်ခဲ့ကြရတယ်.. ဘယ်သူကမှ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဆွဲဆောင်မှုတွေရန်က မလွတ်မြောက်နိုင်ခဲ့ဘူး"
"တစ်ချိန်တုန်းက သန်မာတဲ့ ကျင့်ကြံသူကြီးတစ်ယောက်က သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို အယုံအကြည်မရှိဘဲ အဲ့ဒါကို ဖျက်ဆီးပစ်ချင်တယ်လို့ လူသိရှင်ကြား ကြေငြာခဲ့တယ်လေ... ရလဒ်အနေနဲ့ နောက်တစ်နေ့မှာ သူ့ရဲ့အလောင်းကို ဂူတစ်ဂူထဲမှာ ရှာတွေ့ခဲ့ကြတယ်... သူ့သေဆုံးမှုက တကယ့်ကို သနားစရာပဲ"
"အဲ့ဒီအချိန်ကစပြီး ဘယ်သူကမှ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို အလွယ်တကူ ရန်မစရဲကြတော့ဘူး။ ခုနှစ်ပြည်ထောင်နဲ့ ကောင်းကင်တာအိုမျိုးနွယ်စုကတောင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို သည်းခံခဲ့ကြရတယ်"
ယန်ယဲ့ဟာ ဒေါသတကြီး ပြောဆိုခဲ့သည်။ အတိတ်တုန်းက သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှလုပ်ကြံသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အကြောင်းမှာ သူဟာ ရတနာပစ္စည်းတစ်ခုကို ရရှိခဲ့၍ဖြစ်သည်။
ထိုသူများလက်မှ ထွက်ပြေးနေစဥ်တွင် ကောင်မငယ်လေးပိုင်ရွှမ်နှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်၏။ ထိုတွေ့ဆုံမှုကပဲ သူတို့၏ ဤကနေ့မင်္ဂလာပွဲကို ဖြစ်တည်စေခဲ့သည်။
အချိန်တစ်ခုထိတိုင်အောင် ယန်ယဲ့ဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို မုန်းတီးရမလား ကျေးဇူးတင်ရမလား မသိတော့ပါ... သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကြောင့်သာမဟုတ်ပါက သူဟာ ပိုင်ရွှမ်နှင့် တွေ့ဆုံခဲ့ရမှာမဟုတ်ပါ!.။
"အို... သူတို့က အရမ်းကိုဗိုလ်ကျလွန်းတာပဲ..."
ဝမ်ဖုန်းက မျက်ဝန်းများကို အနည်းငယ်မှေးကျဥ်းလိုက်ပြီး လှောင်ရယ်ပြောဆိုလိုက်သည်။ သူဟာ စကားတစ်ခွန်းမှမပြောဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
ခပ်လှမ်းလှမ်းတစ်နေရာရှိ လေဟာပြင်အတွင်း၌ အနက်ဝတ်အမျိုးသား၏ စကားကို ကြားလိုက်ရသည့်အခါ မင်းသမီးလန်လင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တခဏကြာအောင်တွေး တောလိုက်ပြီးနောက် သူမက ပြောဆိုလိုက်သည်။
"ဒီမင်းသမီးက ဇာမဏီပုတီးစေ့ကို ပိုင်ဆိုင်ထားတယ်လို့ ဘယ်သူက ရှင့်ကိုပြောလိုက်တာလဲ"
မေးသာမေးမြန်းခဲ့ရသော်လည်း မင်းသမီးလန်လင်းသည် တစ်စုံတစ်ခုကို ခပ်ရေးရေးမျှ ခန့်မှန်းချက်ချပြီးဖြစ်၏။ မြင့်မြတ်သောစန်းရိအင်ပါယာတစ်ခုလုံး၌ ဇာမဏီပုတီးစေ့ကို သူမပိုင်ဆိုင်ထားကြောင်း သိရှိသူမှာ လက်ဆုပ်စာပင် မပြည့်ပါ။ သူမ ဖခမည်းတော် ၊ မယ်တော်နဲ့ သွေးချင်းညီကိုမမောင်နှများသာရှိကြ၏။
သူမဟာ စိတ်ပျက်ဝမ်းနည်းသွားရသည်။ သူမကို သစ္စာဖောက်ခဲ့သူမှာ သူမ၏ ညီကိုမောင်နှမများဖြစ်နိုင်သည်။
"ဟီးဟီး... မင်းသမီးလေးကို ပြောမပြပေးနိုင်တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ဒါပေမယ့် တချို့အကြောင်းအရာလေးတွေတော့ ပြောပြလိုက်ပါမယ်.. တစ်စုံတစ်ယောက်က သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို ရောက်လာပြီး မင်းကိုသတ်ဖြတ်ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဆုလဒ်ကတော့ မင်းခန္ဓာကိုယ်ပေါ်က ဇာမဏီပုတီးစေ့ပေါ့"
အနက်ဝတ်အမျိုးသားခေါင်းဆောင်က ရယ်မောလိုက်ပြီး တိုးညင်းစွာပြာဆိုလိုက်သည်။သူ၏ လေသံထဲ၌ ရက်စက်ကြမ်းကြုတ်မှုများ ကိန်းဝပ်နေခဲ့သည်။
အနက်ဝတ်အမျိုးသား၏ စကားဆုံးသွားသည့်အခါ မင်းသမီးလန်လင်း၏ နုညံ့သောသော ခန္ဓာကိုယ်ကလေးမှာ တုန်ခါသွားခဲ့ရသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူမရဲ့ ညီကိုမောင်နှမတွေက သူမကို တကယ်ပဲ သတ်ချင်နေတာလား။
ဘာလို့လဲ...
မင်းသမီးလန်လင်းဟာ အင်မတန်မှ မသက်မသာခံစားခဲ့ရသည်။ သူမဟာ သောကများကို ဖိနှိပ်လိုက်ပြီး လှောင်ရယ်ပြောဆိုလိုက်သည်။
"ဂုဏ်သရေရှိတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက တစ်ယောက်ယောက်ရဲ့ လက်နက်အဖြစ် အသုံးချခံနေရပါလား... တစ်ဖက်လူက ရှင်တို့ကို ဆုလာဘ်တစ်ခုတောင်မပေးဘဲ ကျွန်မကို သတ်ခိုင်းခဲ့တယ်တဲ့လား? ရှင်လည်းသိသင့်ပါတယ် ကျွန်မသေဆုံးသွားရင် ကျွန်မရဲ့ တော်ဝင်ခမည်းတော်က သေချာပေါက်ကို ဒေါသထွက်လိမ့်မယ်... ခမည်းတော်က ရှင်တို့ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တယ်"
"ဟီးဟီး... ဇာမဏီပုတီးစေ့အတွက်ဆိုရင် အရာအားလုံးက ထိုက်တန်ပါတယ်လေ"
"အပိုစကားတွေမပြောနဲ့တော့.. ငါနောက်တစ်ကြိမ်ထပ်ပြောမယ် ဇာမဏီပုတီးစေ့ကို လက်လွှဲပေးလိုက်ပါ ဒီလိုဆိုရင် မင်းကို လုံခြုံစွာ ပြန်သွားခွင့်ပြုမယ်"
အနက်ဝတ်အမျိုးသားခေါင်းဆောင်က လှောင်ရယ်လိုက်သည်။သူ၏ မျက်ဝန်းများမှာ ရထားလုံးကို စူးစိုက်ကြည့်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာလျက် ကမ္ဘာ့လေထုကို ပြင်းထန်စွာယိမ်းထိုးသွားစေခဲ့သည်။
သူ၏အနောက်တွင်ရှိနေသော အနက်ဝတ်လူ ၁၉ ယောက်ကလည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကို ဖော်ထုတ်ခဲ့သည်။ ချောက်ချားဖွယ်ရာ စွမ်းအားအရှိန်အဝါများသည် ဤလောကကြီးအတွင်း၌ ပြည့်နှက်လာခဲ့ကာ စိတ်အားကျဖွယ်လေထုကို သယ်ဆောင်ထားခဲ့သည်။
"ကောင်းကောင်းတွေးတောပါလေ... "
"အမှန်တိုင်းပြောရရင် ကျွန်မကို ကာကွယ်ဖို့အတွက် ဇာမဏီပုတီးစေ့ကို ကျွန်မဆရာက ပေးအပ်ခဲ့တာ။ ဇာမဏီပုတီးစေ့ကို ပိုင်ဆိုင်ထားနိုင်တဲ့အတွက် ကျွန်မဆရာ ဘယ်လောက်သန်မာလည်းဆိုတာ ရှင်သိသင့်တယ်... ရှင်တို့သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက မြင့်မြတ်တဲ့စန်းရိအင်ပါယာနဲ့ ရန်သူလုပ်ရမှာ မကြောက်ပေမယ့် ကျွန်မရဲ့ဆရာကိုရော မကြောက်လန့်ဘူးလား?"
မင်းသမီးလန်လင်းက နူးညံ့စွာအော်ဟစ်ပြောဆိုလိုက်သည်။ ကောင်းကင်ဘုံမှ ပျံ့လွင့်ထွက်ပေါ်လာသော အသံကလေးသည် တစ်လောကလုံး၌ ဟိန်းထွက်သွားခဲ့ကာ ခပ်လှမ်းလှမ်းတစ်နေရာရှိ ဝမ်ဖုန်း၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ မင်းသမီးလန်လင်းက ဇာမဏီပုတီးစေ့ကို မတော်တဆ ကောက်ရခဲ့သည်ဟု သူထင်ခဲ့မိသည်။ တစ်စုံတစ်ယောက်က သူမကို ပေးအပ်ခဲ့လိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။ အဲ့ဒါက ချင်အာများလား?။
ကောင်းကင်နှင့်ကမ္ဘာမြေ၏ ထိပ်တန်းရတနာပစ္စည်းဖြစ်သော ဇာမဏီပုတီးစေ့ကို မွန်မြတ်ဘုံလောကရှိလူများက ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ဝမ်ဖုန်း မယုံကြည်ထားပါ။
သန်မာသော စွမ်းအားရှင်တစ်ယောက်က ဇာမဏီပုတီးစေ့ကို ရရှိခဲ့ပါလျှင် သူ့ကိုယ်ပိုင်အတွက်ပဲ ကျိန်းသေအသုံးပြုလိမ့်မည်။ တခြားလူတစ်ယောက်ကို ပေးအပ်ချင်မှာမဟုတ်ပါ။ ချင်အာတစ်ယောက်တည်းကသာ ထိုကဲ့သို့ ပြုမူနိုင်စွမ်းရှိ၏။
ယင်းမှာ ခန့်မှန်းချက်တစ်ခုသာဖြစ်သော်လည်း မင်းသမီးလန်လင်း၏ ဆရာမှာ သူ၏ချင်အာဖြစ်နေကြောင်း ဝမ်ဖုန်းက ကြီးမားစွာ ယုံကြည်ထားခဲ့သည်!!!
"ဟားဟားဟားဟား...စန်းရိအင်ပါယာရဲ့ မင်းသမီးငယ်လေးက ဒီလိုဇာတ်လမ်းတစ်ပုဒ်ကိုတောင် ထွင်နိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်မထားခဲ့ဘူး"
"ဒီအရှင်က ယုံကြည်လိမ့်မယ်လို့ မင်းထင်နေတာလား?"
"ဇာမဏီပုတီးစေ့က ဘယ်လိုရတနာမျိုးလဲ... အဲ့ဒါကို ရတဲ့ဘယ်သူမဆို တင်းတင်းကျပ်ကျပ် ဆုပ် ကိုင်ထားမှာပဲလေ။ တခြားသူတစ်ယောက်ကို.ဘာလို့လွယ်လွယ်ကူကူ ပေးအပ်ရမှာလဲ"
အနက်ဝတ်ခေါင်းဆောင်သည် ကောင်းကင်ကိုမော့ကြည့်လျက် ပြုံးရယ်လိုက်သည်။ သူဟာ ရထားလုံးကို အရူးတစ်ယောက်လိုမျိုး စိုက်ကြည့်နေလျက် အဆုံးအစမဲ့သော လှောင်ပြောင်ရယ်မောဟန်ဖြင့် ပြောဆိုခဲ့သည်။
"မင်းက သဘောမတူချင်မှတော့ ငါကလည်း ကိုယ့်ဘာသာရယူရတော့မှာပေါ့!"
ရှည်လျားသော ရယ်မောသံကြီး ပြီးဆုံးသွားပြီးနောက် အနက်ဝတ်အမျိုးသားခေါင်းဆောင်က ရထားလုံးကို အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လျက် နှာမှုတ်လိုက်သည်။
သူ၏စကားများပြီးဆုံးသွားသည့်အခါ အဆုံးအစမဲ့သော ရေခဲတမျှအေးစက်သည့် အရှိန်အဝါကြီးသည် လောကအတွင်း၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ တောင်တန်းများနှင့် တောအုပ်ကြီးများသည် ဆီးနှင်းတို့၏ ကမ္ဘာအဖြစ်ပြောင်းလဲသွားပုံပေါ်ကာ ကောင်းကင်ယံထက်မှ မြူနှင်းငွေ့များ ကျဆင်းလျက်ရှိသည်။
အဆိုပါ အင်မတန်လှပသော မြင်ကွင်း၏ နောက်ကွယ်တွင် အဆုံးအစမဲ့သော သတ်ဖြတ်မှုစိတ်ဆန္ဒများကို ကွယ်ဝှက်ထားခဲ့သည်။
အနက်ဝတ်လူ အယောက် ၂၀ စလုံးသည် ရှိမြဲနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီးနောက်တခဏအကြာ၌ ရထားလုံး၏ ပတ်ပတ်လည်၌ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့ဟာ ရထားလုံးကို ဝန်းရံထားလျက် အေးစက်သောအရှိန်အဝါများကို ထုတ်လွှတ်လျက်ရှိသည်။
"မင်းသမီးကို ထိရဲသူမှန်သမျှ သေဆုံးရမယ်!!"
ရထားလုံးပတ်ပတ်လည်၌ ရှိနေကြသော စစ်သူကြီး ၁၆ ယောက်သည် တညီတညွတ်တည်း အော်ဟစ်ပြောဆိုလိုက်ကာ ပြင်းစွာသော အရှိန်အဟုန်သည် ထက်မြသော လှံရှည်များအလား သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာခဲ့သည်။
"မြင့်မြတ်တဲ့စန်းရိအင်ပါယာရဲ့ ဆရာသခင်တွေအဖြစ် ထိုက်တန်ပါတယ်လေ... အရှိန်အဝါကတောင် အံ့ဖွယ်ပါလား"
"ဒါပေမယ့် မင်းတို့က ငါတို့ကိုတားဆီးနိုင်ဦးမှာမဟုတ်ဘူး"
အနက်ဝတ်ခေါင်းဆောင်သည် လှောင်ရယ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ပတ်ပတ်လည်ရှိ အနက်ဝတ်လူ ၁၇ ယောက်သည် ရုတ်တရက် ပြေးထွက်သွားပြီး စစ်သူကြီး ၁၆ ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြသည်။
"သတ်!!"
ဆရာသခင် ၁၆ ယောက်သည် လှံရှည်များကဲ့သို့ ပြေးထွက်သွားကြကာ အရှိန်အဟုန်မှာ မြန်ဆန်လွန်းတာကြောင့် သက်တံ့ကြီးများနှင့်တောင် တူညီနေခဲ့သည်။ သူတို့ဟာ လက်ထဲရှိ လှံတံရှည်ကြီးများကို ဝှေ့ယမ်းလျက် အနက်ဝတ် ၁၇ ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
"ဘန်း...ဘန်း.."
နားကွဲလုမတက် ကျယ်လောင်သော ပွတ်တိုက်သံကြီးများသည် အရပ်လေးမျက်နှာကို ပျံ့နှံ့လာခဲ့ကာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် အရှိန်အဝါများဟာလည်း လောကအတွင်း ပြည့်နှက်လာခဲ့သည်။ အချိန်နှင့်အမျှ ဓားအလင်းတန်းများ လှံအလင်းတန်းများသည် ပျံ့ကျဲလျက်ရှိပြီး ဘေးပတ်ဝန်းကျင်ရှိ ရှိရှိသမျှ အရာအားလုံးကို ဆုတ်ဖြဲခဲ့သည်။ မိုးထိအောင်မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများမှာ တိုက်ရိုက်ပဲ ဖုံမှုန့်များအဖြစ် ဖြတ်တောက်ခံခဲ့ရသည်။
အနက်ဝတ်ခေါင်းဆောင်နှင့် ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်နှစ်ယောက်ကတော့ ရွေ့လျားခြငိးမရှိခဲ့ပါ။ သူတို့ဟာ ရထားလုံးပတ်လည်၌ နေရာယူထားပြီး ခပ်လှမ်းလှမ်းရှိတိုက်ပွဲကို တိတ်ဆိတ်စွာ စောင်ကြည့်နေခဲ့ကြသည်!!
"မင်းသမီးလန်လင်း...ဒီဆရာသခင်တွေက တကယ့်ကိုသန်မာလှပါတယ်လေ။ ဒါပေမယ့် ကျုပ်ရဲ့ လက်အောက်ငယ်သား ၁၇ ယောက်ကိုတော့ အလွယ်တကူတားဆီးနိုင်မှာမဟုတ်ဘူးနော်... မင်သမီးက မင်းသမီးကို စောင့်ကြပ်ရတဲ့ဆရာသခင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားမှာကို တွေ့မြင်ချင်တာလား?"