← Chapters

သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်

Vol. 35 Ch. 492

သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်

Vol. 35 Ch. 492

ဘာသာပြန်_ The Fate

အနက်ဝတ်ခေါင်းဆောင်၏ စကားလုံးများသည် ရထားလုံးအတွင်းပဲ့တင်ထပ်သွားကာ မင်းသမီးလန်လင်းကို အကြပ်ရိုက်စေခဲ့သည်။မင်းသမီးလန်လင်းဟာ လူပေါင်းသောင်းချီ၏ မြတ်နိုးခြင်းခံရသော မင်းသမီးလေးဖြစ်သည်။သူမဟာ အေးစက်ပြီး ထောင်လွှားမောက်မာပုံပေါ်သော်လည်း သူမ၏နှလုံးသားဟာ အင်မတန်မှ ကြင်နာတတ်ပါသည်။ မင်းသမီးလန်လင်းကို စတင်ချိန်ရွယ်လိုက်စဥ်ကတည်းက အနက်ဝတ်ခေါင်းဆောင်သည် မင်းသမီးလန်လင်း၏ စိတ်နေသဘောထားအပါအဝင် အရာအားလုံးကို လေ့လားဆန်းစစ်ခဲ့ပြီး ဖြစ်သည်။

ပြောရပါလျှင် မင်းသမီးလန်လင်းဟာ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ ချစ်မြတ်နိုးခြင်းခံရသော မင်းသမီးကလေးပင် မဟုတ်ပါလော။ သူမကို တစ်စုံတစ်ခုပြုလုပ်ခြင်း၏ အကျိုးဆက်များမှာ ပြင်းထန်လေသည်။ တိကျသေချာခြင်းမရှိပါဘဲ သူဟာ ဘယ်အရာကိုမှ လက်လွှတ်စပယ်ပြုလုပ်မှာ မဟုတ်ပါ ! ယခုအချိန်တွင် သူဟာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဆိုလိုတာက မင်းသမီးလန်လင်းသာ ဇာမဏီပုတီးစေ့ကို လက်လွှဲမပေးပါက ဒီဟန်သွမ့်တောင်တန်းမှ ထွက်ခွာနိုင်မှာ မဟုတ်။

" ဆိုးယုတ်လိုက်တာ! "

ဒေါသထွက်နေသော အသံတစ်သံသည် ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

" ဟီး..ဟီး..ရည်မှန်းချက်ပန်းတိုင်ကိုသာ ရောက်ရှိနိုင်သ၍ ဘယ်နည်းလမ်းကိုမဆို အသုံးပြုရမယ်လေ။ ဒါက ကျုပ်တို့ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမပဲ! "

အနက်ဝတ်ခေါင်းဆောင်သည် ပြုံးရယ်လိုက်ပြီး မထီမဲ့မြင်ပြောဆိုလိုက်သည်။

ဟမ်....!

နောက်တဒင်္ဂအကြာတွင် သူ၏မျက်နှာဟာ မဲမှောင်သွားခဲ့သည်။

ဝင်ရိုးကိုးခုပါသော ရထားလုံးကြီးသည် ရုတ်တရက်အနီရောင်အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားပြီး တစ်သိမ့်သိမ့်တုန်လှုပ်လာခဲ့သည်။ ကျယ်ပြောနက်ရှိုင်းသော အရှိန်အဝါကြီးသည် ဝင်ရိုးကိုးခုရထားလုံးကြီး၏ အထက်ကောင်းကင်ယံ၌ ဖြစ်ပေါ်လာခဲ့သည်။ တစ်စုံတစ်ရာဟာ ၎င်းအတွင်းမှ နိုးထလာတော့မည့်ပုံပေါ်၏ !

" ဧကရာဇ်စန်းရိရဲ့ မင်းအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာက တကယ့်ကိုကြီးမြတ်တယ်ဆိုတာကို ငါဝန်ခံရမှာပဲ။ တော်ဝင်အင်ပါယာရဲ့ ချန်ခွမ်းထူးမြတ်မှုအဆင့် မှော်ဝင်ရတနာကိုတောင် မင်းကို အလွယ်တကူ ပေးအပ်ခဲ့တယ် !

" ဒါပေမဲ့ ငါမလှုပ်ရှားခင်မှာ မင်းရဲ့ရထားလုံးကို တကယ်ကြီးထည့်မတွက်ခဲ့ဘူးလို့ မင်းထင်နေတာလား။ "

အနက်ဝတ်အမျိုးသား၏ လှောင်ရယ်ပြောဆိုသံက ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ရထားလုံးအတွင်းရှိ မင်းသမီးလန်လင်းမှာ တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း သူမဟာ ရွေးချယ်စရာမရှိဘဲ မှော်ဝင်ရထားလုံးကို ဆက်လက်မောင်းနှင်ရန်သာ ရှိတော့သည်။

" ကျွီး..! "

ဇာမဏီဌက်များ၏ အော်မြည်သံသည် ဝင်ရိုးကိုးခုရထားလုံ၏အထက်မှ ထွက်ပေါ်လာခဲ့သည်။ ရုတ်ချည်းဆိုသလို ရထားလုံးခေါင်မိုးပေါ်၌ရှိနေသော အနီရောင်အလင်းတန်းများသည် ကြီးမားသောဇာမဏီပုံရိပ်ကြီး ကိုးခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ လေဟာပြင်အတွင်း၌ တည်ရှိနေသာ ပုံရိပ်ကြီးကိုးခုဟာ ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသော နေမင်းကြီးကိုးစင်းအလားရှိနေခဲ့ပြီး မြင့်မြတ်ခမ်းနားသောအသွင်သဏ္ဍာန်ကို ဖော်ဆောင်နေခဲ့သည်။

၎င်းကြီးကျယ်ခမ်းနားသော အရှိန်အဝါကြီးကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ချန်ခွမ်းဘုရင်အဆင့်စွမ်းအားရှင်သုံးယောက်နှင့် အခြားသောစွမ်းအားရှင်များမှာ တစ်ကိုယ်လုံးတုန်ယင်သွားကြသည်။

မင်းသမီးလန်လင်း၏ကျင့်ကြံမှုဟာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌သာ ရှိသေးသော်လည်း လက်နက်သည် ချန်ခွမ်းထူးမြတ်မှုအဆင့် လန်နက်သာဖြစ်သည်။ ၎င်း၏ခွန်အားအနည်းငယ်ကိုတောင် သာမန်ချန်ခွမ်းဘုရင်များက မယှဥ်ပြိုင်နိုင်ပါ !

" ကံကောင်းတာက ဒီအရှင်က ပြင်ဆင်လာခဲ့တယ်.... "

အနက်ဝတ်ခေါင်းဆောင်သည် ကောင်းကင်ယံအထက်၌တည်ရှိသော ဇာမဏီပုံရိပ်ကြီးကိုးခုကို စူးစိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွက်လိုက်သည်။ ထို့နောက် သူဟာ လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အခါ ခမ်းနားသောစွမ်းအားကြီးသည် သူ၏ လက်ဖဝါးအတွင်း၌ ဖြစ်တည်လာခဲ့သည်။

သူ၏လက်ဖဝါးအတွင်းမှ နက်မှောင်သောသင်္ကေတများ ထွက်ပေါ်လာခဲ့ပြီး အဆိုပါသင်္ကေတများသည် အနက်ဝတ်အမျိုးသား၏ရှေ့မှောက်၌ ပိန်းပိတ်အောင်နက်မှောင်သော အနက်ရောင်စက်ဝန်းကြီးတစ်ခုကို ဖြစ်တည်စေခဲ့သည်။

" ဗျိ ! "

အဆိုပါအနက်ရောင်စက်ဝန်းကြီး ပြီးပြည့်စုံစွာ ဖွဲ့တည်ပြီးသည့်အခါ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကြီးသည် ၎င်းစက်ဝန်းကြီးထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး အေးစက်သောသတ်ဖြတ်မှု စိတ်ဆန္ဒများဟာ ကမ္ဘာတစ်ခွင် ဖြန့်ကျက်သွားခဲ့သည်။ ၎င်းအနက်ရောင်စက်ဝန်းကြီးအတွင်းမှ သေမင်းတစ်ပါးဆင်းသက်လာတော့မည့်အလားပင်။

အဆိုပါ သတ်ဖြတ်မှုစိတ်ဆန္ဒများသည် ရထားလုံးအတွင်းရှိ မင်းသမီးလန်လင်းကို တုန်ယင်သွားစေခဲ့သည်။ သူမဟာ တစ်စုံတစ်ရာကို တွေးတောမိလိုက်သည့်အလား မယုံကြည်နိုင်စွာ ရေရွက်လိုက်မိသည်။

" ဒါက........သတ်ဖြတ်ခြင်းနတ်ဘုရားဓားလား ..သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက တကယ်ပဲ ရှင့်ကို သတ်ဖြတ်ခြင်းနတ်ဘုရားဓား ပေးအပ်ခဲ့တာလား "

သတ်ဖြတ်ခြင်းနတ်ဘုရားဓားဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ရတနာပစ္စည်းဖြစ်သည်။ မင်းသမီးလန်လင်း၏ အဆင့်အတန်းဖြင့်တောင် ၎င်း၏အမည်နာမကိုသာ ကြားဖူးပြီး ပုံသဏ္ဍာန်ကိုဖြင့် မတွေ့မြင်ဖူးပါ။ ကောလဟာလများအရ သတ်ဖြတ်ခြင်းနတ်ဘုရားဓားသည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမသခင်၏ ကိုယ်ပိုင်ဓားလက်နက်ဖြစ်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမသခင်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဟူသော အမည်ဝှက်ကိုသာ အသုံးပြုပြီး သူ၏အမည်အရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။ ထို့အတွက်ကြောင့် သူအသုံးပြုသည့် ဓားသွားကိုလည်း သတ်ဖြတ်ခြင်းနတ်ဘုရားဓားဟုသာ ခေါ်တွင်ကြသည်။

ယုံတမ်းစကားများအရ သတ်ဖြတ်ခြင်းနတ်ဘုရားဓားသည် ချန်ခွမ်းအဆင့်လက်နက်များကို ကျော်လွန်ပြီး ဒဏ္ဍာရီလာ ပျက်သုန်းခြင်းဧကရာဇ်အဆင့်ကို ရောက်ရှိနေပြီဟု ဆိုသည်။ ၎င်းက အရပ်လေးမျက်နှာကို ဖိနှိပ်နိုင်စွမ်းရှိသော ထိတ်လန့်ဖွယ်လက်နက်ဖြစ်၏ !

ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအားရှင်များကတောင် ပျက်သုန်းခြင်းဧကရာဇ်အဆင့်လက်နက်ကို မယှဥ်ပြိုင်နိုင်ကြပါ။

ယုံတမ်းစကားများအရ ခုနှစ်ပြည်ထောင်နှင့် ကောင်းကင်တာအိုမျိုးနွယ်စု၏ မျိုးနွယ်စုခွဲငါးခုသည် ၎င်းတို့၏အထွတ်အမြတ်ရတနာပစ္စည်းအဖြစ် ပျက်သုန်းခြင်းဧကရာဇ်အဆင့် မှော်ဝင်ရတနာများကို ပိုင်ဆိုင်ထားကြသည်။ သို့ပါသော်လည်း ဧကရာဇ်စန်းရိ၏ ချစ်မြတ်နိုးရသော သမီးတော်ကလေးဖြစ်သည့် မင်းသမီးလန်လင်းကတောင် မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ ကိုယ်ပိုင် ပျက်သုန်းခြင်းဧကရာဇ်အဆင့်လက်နက်ကို တွေ့မြင်ဖူးခြင်းမရှိပါ !

" ဗဟုသုတကြွယ်ဝတဲ့ မင်းသမီးလန်လင်းလို့ ဆိုတဲ့အတိုင်းပါပဲလား ..."

" ဒါပေမဲ့ မင်းခန့်မှန်းတာ မှားယွင်းသွားခဲ့ပြီ ! "

" သတ်ဖြတ်ခြင်းနတ်ဘုရားဓားရဲ့ ကိုယ်ထည်အစစ်အမှန်ကို ငါလို ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့် သာမညောင် ည ပုဂ္ဂိုလ်လေးက ဘယ်လိုလုပ် သယ်ဆောင်နိုင်ပါ့မလဲ...ဒါပေမဲ့ ဒါကတောင် မင်းကို ရင်ဆိုင်နိုင်တာထက် ပိုနေပြီ "

အနက်ဝတ်ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီးနောက် ရယ်မောလိုက်သည်။

ပျက်သုန်းခြင်းဧကရာဇ်လက်နက်များသည် ပျက်သုန်းခြင်းဧကရာဇ်လက်နက်များသာ ဖြစ်၏။ ၎င်းက ပုံရိပ်ယောင်တစ်ခုဆိုလျှင်တောင်မှ ခန့်မှန်း၍မရသော စွမ်းအားများကို ပိုင်စိုးထားသည်။ မှော်ဝင်ရထားလုံးသည် ချန်ခွမ်းထူးမြတ်မှုအဆင့်လက်နက်ဖြစ်သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်ကို အမှန်တကယ် မတားဆီးနိုင်ပါ !

အနက်ဝတ်အမျိုးသား၏ စကားများကို ကြားသိလိုက်ရသည့်အခါ ရထားလုံးအတွင်းရှိ မင်းသမီးလန်လင်းမှာ လျို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။ ၎င်းမှာ အစစ်အမှန်သတ်ဖြတ်ခြင်း နတ်ဘုရားဓားဖြစ်ခဲ့ပါမူ သူမဟာ ဆက်လက်ရုန်းကန်ခြင်းမရှိဘဲ သေခြင်းကိုသာ စောင့်ဆိုင်းရပါလိမ့်မည်။

သို့ပါသော်လည်း ၎င်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေရာ ယှဥ်ပြိုင်ရန် အခွင့်အရေးရှိသေး၏။

မှော်ဝင်ရထားလုံးသည် သူမ၏ ဝှက်ဖဲဖြစ်သော်လည်း သူမတွင် အခြားဝှက်ဖဲများ မရှိတော့ဘူးဟု မဆိုလိုပါ !

" ဗျိ ! "

ဤအချိန်တွင် ဓားရှည်တစ်ချောင်း၏ ပုံရိပ်ယောင်သည် အနက်ရောင်စက်ဝန်းကြီးအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းဓားရှည်၏ပုံရိပ်ယောင်ထွက်ပေါ်လာသည့်အခါ ကမ္ဘာလောကကြီးသည် ရုတ်တရက်ယိမ်းထိုးသွားခဲ့ပြီး အဆုံးအစမဲ့သော ထက်မြက်မှုအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ စက်ဝန်းကြီးဘေးပတ်လည်ရှိ လေဟာပြင်သည် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ရသည်။

ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်မှုစိတ်ဆန္ဒများသည် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များကိုတောင် သက်ရောက်မှု ဖြစ်စေခဲ့သည်။ သူတို့အားလုံးဟာ ခန္ဓာကိုယ်များ တုန်ယင်သွားကြရသည်။

မနီးမဝေးတွင်ရှိနေသာ ဝမ်ဖုန်းနှင့်သူ့လူများသည် ဓားရှည်ကြီး၏ ပုံရိပ်ယောင်ကို စူးစိုကြည့်နေခဲ့ကြသည်။ ယင်းမှာ လျို့ဝှက်ဆန်းကြယ်သော မျဥ်းကြောင်းများ ရေးထွင်းထားသည့် အနက်ရောင်ဓားကြီးတစ်လက်ဖြစ်သည်။ ဓား၏လက်ကိုင်ပေါ်တွင် အမည်မသိရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ရုပ်ပုံကို ထွင်းထုထားသည်။ ဓားသွားအစွန်းများဟာလည်း အင်မတန်မှ ထူးဆန်းလှသည်။

ယင်းမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း လူအများ၏စိတ်ဝိညာဥ်ကို ဝါးမြိုတော့မည်ကဲ့သို့ ဖြစ်နေခဲ့ကာ ကြည့်မြင်မိသူများကို တုန်ယင်သွားစေနိုင်သည်။ သူတို့ဟာ ဓားရှည်ကို ဆက်လက်စူးစိုက်ကြည့်ရှု့ရဲခြင်းမရှိကြတော့ဘဲ အကြည့်လွှဲလိုက်ကြရသည် !

အထူးအားဖြင့် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်များ ဖြစ်ကြသည်။ ဓားရှည်ကို စိုက်ကြည့်လိုက်မိရုံဖြင့် သူတို့ဟာ ထက်မြက်သောဓားသွားတစ်လက်က သူတို့၏ နှလုံးအိမ်အတွင်း ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ကြရကာ စိတ်ဝိညာဥ်များ တုန်ယင်သွားခဲ့ရသည်။

" ဒါက ပျက်သုန်းခြင်းဧကရာဇ်လက်နက်လား? "

ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ဓားရှည်၏ပုံရိပ်ယောင်ကို စူးစိုက်ကြည့်လိုက်ကာ တိုးညင်းစွာ ရေရွက်လိုက်သည်။

ချန်ခွမ်းရှင်းတောက်အတွင်း၌ သူတို့အားလုံးဟာ သန့်စင်သောစိတ်ဝိညာဥ်စွမ်းအားပမာဏများစွာကို စုပ်ယူခဲ့ရပြီး သူတို့၏စိတ်ဝိညာဥ်ခွန်အားသည် များစွာတိုးတက်လာခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ပုံရိပ်ယောင်ဟာ သန်မာသော်လည်း သူတို့ကိုတော့ အကျိုးသက်ရောက်မှု မဖြစ်စေခဲ့ပါ။

ပင်မကိုယ်ထည်သက်ဆင်းလာလျှင်မူ ဝမ်ဖုန်းနှင့်အခြားသူများမှာ တုန်လှုပ်ကြရမှာ ဖြစ်သည် !

အဝေးတစ်နေရာရှိ သတ်ဖြတ်ခြင်းနတ်ဘုရားဓား ပုံရိပ်ယောင်၏ ထိတ်လန့်ခြောက်ခြားမှုကို ခံစားလိုက်မိသည့်အခါ ဝမ်ဖုန်းက ခေါင်းကို ခါယမ်းလျက် သက်ပြင်းချလိုက်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ အဓိကကိုယ်ထည်ရောက်ရှိလာပါက သူဟာ ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရတော့မှာ ဖြစ်သည်။

လီရှောင်းယောင်က ၎င်းကို ဖိနှိပ်နိုင်စွမ်းရှိနိုင်မှာ မဟုတ်ပါ။ပျက်သုန်းခြင်းဧကရာဇ်အဆင့် လက်နက်တစ်ခုသည် သူ ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက် ပြုလုပ်ရန် ထိုက်တန်လေသည်။

သို့ပါသော်လည်း ၎င်းဟာ ပုံရိပ်ယောင်တစ်ခုသာဖြစ်တာကြောင့် လီရှောင်းယောင်၏တိုက်ပွဲဝင်စွမ်းအားဖြင့် အလွယ်တကူဖိနှိပ်နိုင်စွမ်းရှိသည်။

သို့ပေသော်ငြားလဲ ဝမ်ဖုန်းဟာ ချက်ချင်းလှုပ်ရှားရန် မရည်ရွယ်ခဲ့ပါ။

ဤမင်းသမီးလန်လင်းဟာ အမှန်တကယ် ယဲ့မုချင်၏တပည့်ဖြစ်ပါက သူဟာ ယဲ့မုချင်ကို မျက်နှာသာပေးသည့်အနေဖြင့် ထိုကောင်မငယ်ကလေးကို ကောင်းမွန်စွာ ဂရုစိုက်ရမှာ ဖြစ်သည်။သို့သော်လည်း ယဲ့မုချင်ကတောင် သူမကို ဇာမဏီပုတီးစေ့ပေးအပ်ခဲ့သည်ဖြစ်ရာ သူမက ထိုအရာနဲ့ထိုက်တန်ရဲ့လားဆိုတာ ကြည့်ရှူချင်သေးသည်။

All Chapters