← Chapters

ဇာမဏီဓားသွား ကခုန်ခြင်း။

Vol. 36 Ch. 493

ဇာမဏီဓားသွား ကခုန်ခြင်း။

Vol. 36 Ch. 493

ဘာသာပြန်- The Fate

"ဘုန်း!"

သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်အပြည့်အဝ ဖြစ်တည်လာခြင်းနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင်ဓားစွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ပျံလွင့်သွားခဲ့ကာ လေထုအတွင်း၌ ပြင်းထန်သော ဓားဆန္ဒအရှိန်အဝါများကို ဖြစ်တည်စေခဲ့သည်!

သတ်ဖြတ်ခြင်းနတ်ဘုရားဓား ပုံရိပ်ယောင်၏ အစွမ်းများကို လစ်ဟပြသလိုက်သည့်အခါ ကောင်းကင်ယံ၌ နေမင်းကြီးကိုးစင်းအလား တည်ရှိနေသော ဇာမဏီငှက်ပုံရိပ်ယောင်ကိုးခု၏ ကြီးမားသော မျက်ဝန်းများသည် အကြောက်တရားဖြင့် လှုပ်ခါသွားခဲ့သည်။

ချန်ခွမ်းထူးမြတ်မှုလက်နက်သည် သန်မာသော်လည်း ၎င်းက ချန်ခွမ်းထူးမြတ်မှုလက်နက်သာဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဓားသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း ပျက်သုန်းခြင်းဧကရာဇ်အဆင့်လက်နက်၏ ပုံရိပ်ယောင်ဖြစ်သည်။၎င်း၏ စွမ်းအားမှာ ချန်ခွမ်းထူးမြတ်မှုအဆင့် လက်နက်များ ရင်ဆိုင်နိုင်သည်ထက် များစွာ ကျော်လွန်နေသည်!

ရုတ်ချည်းဆိုသလို ပိန်းပိတ်အောင်နက်မှောင်သော ဓားစွမ်းအားများသည် လေထုအတွင်း ပျံသန်းထွက်ပေါ်လာခဲ့ကာ အနက်ရောင်မြစ်တစ်စင်းကဲ့သို့ ထူထပ်သိပ်သည်းသော ဓားစွမ်းအားများသည် ဇာမဏီငှက်ကိုးကောင်၏ ပုံရိပ်ယောင်ရှိရာသို့ ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ထက်မြမှုအရှိန်အဝါများသည် လေထုကို ထိုးခွင်းလိုက်သည်!

"ကျွီး!"

မင်းသမီးလန်လင်း၏ အားကုန် ထိန်းချုပ်မှုအောက်တွင် ဇာမဏီငှက် ပုံရိပ်ယောင်ကိုးခုသည် ကောင်းကင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းသွားခဲ့ကာ အကြောက်တရားများကို အံတု၍ အနက်ရောင်ဓားစွမ်းအားများဆီသို့ ပြေးဝင်သွားခဲ့သည်။

တစ်ဖက်၌ အလျှံတစ်ညီးညီး တောက်ပနေသော ဇာမဏီငှက်ကိုးကောင်ရှိနေပြီး အခြားတစ်ဖက်၌တော့ ရေခဲတမျှအေးစက်သော အနက်ရောင်ဓားစွမ်းအားများရှိနေသည်။ ၎င်းတို့တစ်ခုချင်းစီတိုင်းသည် ကမ္ဘာကို ဖြိုခွဲလုမတတ် ဖြစ်နေခဲ့သော်လည်း ဤအချိန်၌ မျှခြေတစ်ခု အဖြစ် ဖော်ဆောင်နေခဲ့သည်။

"ဘုန်း!"

ပြင်းထန်သော တိုက်ခိုက်မှုနှစ်ခုသည် အတူတကွ ပွတ်တိုက်မိသွားခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသော ဆူညံသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်ဓားစွမ်းအင်နှင့် အလျှံတစ်ညီးညီး တောက်ပနေသော မီးတောက်မီးလျှံများသည် ပြိုကွဲသွားခဲ့ကာ အနီးဝန်းကျင်ရှိ အရာအားလုံးကို ဖျက်စီးခဲ့သည်။

ပြင်းထန်သော စွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံလွင့်သွားခဲ့ကာ ကမ္ဘာ့မြေထုသည် လေဟာပြင်သို့ မြှောက်တက်သွားခဲ့ရသည်။ ဖုန်မှုန့်များနှင့် မြူခိုးမြူငွေ့များထွက်ပေါ်လာခဲ့ကာ ကမ္ဘာမြေပျက်စီးလုမတတ် ဖြစ်နေခဲ့သည်!

မင်းသမီးလန်လင်းကသာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှ စွမ်းအားရှင်များနှင့် အဆင့်တူတွင် ရှိနေပါက မှော်ဝင်ရထားလုံးကို မှီခို၍ လက်ရည်တူ တိုက်ခိုက်နိုင်သေးသည်။ သို့ပါသော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှ စွမ်းအားရှင်သည် ချန်ခွမ်းဘုရင်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကာ မင်းသမီးလန်လင်းထက် ကျင့်ကြံမှု မြင့်မားနေသည်။အရေးကြီးဆုံးအရာမှာ သူဟာ သာမန်ချန်ခွမ်းဘုရင် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ခဲ့ပါ!

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ စိတ်ဆန္ဒအောက်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်သည် မယှဥ်ပြိုင်နိုင်လောက်သော ဓားစွမ်းအားများကို ပေါက်ကွဲထုတ်ဖော်လျက် ဇာမဏီငှက်များ၏ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်ကာ မီးတောက်မီးလျှံများအဖြစ် ပြောင်းလဲ၍ ကမ္ဘာမြေအတွင်းမှ ပျောက်ကွယ်သွားစေခဲ့သည်။

ဇာမဏီငှက်ကိုးကောင်၏ ပုံရိပ်ယောင် ပျက်စီးသွားသည့်အခါ ဝင်ရိုးကိုးခုပါသော မှော်ဝင်ရထားလုံးဟာလည်း အဆက်မပြတ် ယိမ်းခါလာခဲ့ပြီး ရထားလုံးအပေါ်၌ အချိန်မရွေး ပြိုကွဲတော့မည်ကဲ့သို့ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေခဲ့သည်။

ဇာမဏီငှက်ကိုးကောင်၏ ပုံရိပ်ယောင်များသည် ဝင်ရိုးကိုးခု မှော်ဝင်ရထားလုံး၏ အနှစ်သာရဖြစ်သည်။ ဇာမဏီငှက်များ၏ ပုံရိပ်ယောင်သာ ဖျက်စီးခံလိုက်ရပါက ဝင်ရိုးကိုးခု ရထားလုံးဟာလည်း အပြင်းအထန် ထိခိုက်မိသွားလိမ့်မည်။ ၎င်းအား ပြန်လည်သက်သာစေရန် အချိန်အတော်ကလေး ကြာမြင့်ပါလိမ့်မည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း၌ မှော်ဝင်ရထားလုံးကို ဆက်လက်၍ အသုံးမပြုနိုင်တော့ပါ!

"ဘယ်လိုလဲ။ မင်းသမီးလေးလန်လင်းက ရုန်းကန်ချင်နေတုန်းလား။ နာနာခံခံနဲ့ ဇာမဏီပုတီးစေ့ကို လွဲပြောင်းပေးလိုက်ပါ။"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဦးဆောင်လာသူကား လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်သည် သူ၏ ဘေးနား၌ ဝဲလွင့်နေခဲ့ကာ ကမ္ဘာတုန်စေလောက်သော ဓားဆန္ဒများကို ဖော်ထုတ်နေခဲ့သည်။

"ဝှစ်!"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရထားလုံးအတွင်းမှ ပုံရိပ်တစ်ခုသည် ပျံသန်း၍ ထွက်လာခဲ့ပြီး မွှေးပျံ့သော ရနံ့ကို သယ်ဆောင်လာခဲ့သည်။

နတ်သမီးတမျှ ချောမောခန့်ညားသော ပုံရိပ်ကလေးသည် လေဟာပြင်အတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။ နူးညံသော အနီရောင်နှုတ်ခမ်းပါးများ၊ မြူခိုးထုနှင့်တူသော နက်ရှိုင်းဆန်းကြယ်သည့် မျက်ဝန်းများ၊ အဖြူရောင်ကျောက်စိမ်းနှင့်တူသော အသားအရည်တို့ဖြင့် ထုံမွန်းအပ်သော ၎င်းပုံရိပ်ယောင်ကလေးသည် ပြစ်မျိုးမဲ့မထင်သော အလှတရားကို သယ်ဆောင်ထားခဲ့သည်!

ယင်းသည် နေနှင့်လတို့၏ အဆီအနှစ်ကို စုပ်ယူ၍ ဖြစ်တည်လာခဲ့သော နှင်းကြာပန်းကလေးအလား ကြော့ရှင်းခမ်းနားသော အလှတရားကို ပိုင်ဆိုင်ထားသည်။ သူမထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းဟာ သူမထံမှ အကြည့်မလွှဲနိုင်ကြတော့ပါ!

"ဂလု!"

အဘယ်သူက တိတ်တဆိတ် တံတွေးမျိုချလိုက်သလဲမသိ။ ဤတိတ်ဆိတ်ငြိမ်သက်နေသော အခါသမယတွင် ၎င်းအသံက ကောင်းကင်နှင့် ကမ္ဘာမြေအတွင်း၌ ရှင်းလင်းစွာ ဟိန်းထွက်သွားခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ လူသတ်သမားများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြကာ မင်းသမီးလန်လင်းကို စူးစိုက်ကြည့်မိလိုက်ကြသည်။သူတို့ထံမှ သတ်ဖြတ်မှု စိတ်ဆန္ဒများကတောင် နှေးကွေးစွာဖြင့် ပယ်ပျောက်သွားခဲ့ရသည်။ ဤကျင့်ကြံရေးကမ္ဘာကြီးတွင်တောင် တစ်ခါတစ်ရံ၌ ပြိုင်ဘက်ကင်းသော အလှနတ်မိမယ်တစ်ပါးသည် စစ်ပွဲတစ်ပွဲကို တားဆီးနိုင်စွမ်းရှိပါ၏!

အဝေးတစ်နေရာရှိ ဝမ်ဖုန်းနှင့် အခြားသူများ၏ မျက်ဝန်းများမှာလည်း အနည်းငယ် လှုပ်ရှားသွားခဲ့သည်။မင်းသမီးလန်လင်း၏ အလှတရားသည် ဤကမ္ဘာလောကအတွင်း၌ အကောင်းဆုံးထဲမှ တစ်ခုဟု ပြောဆို၍ ရနိုင်သည်။ ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း၌တောင် သူမကို အမျိုးသမီးအနည်းငယ်ကသာ ယှဥ်ပြိုင်နိုင်ပါသည်!

ကွင်းပြင်ကြီးထဲတွင် တည်ငြိမ်နေသေးသူဟူ၍ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်သုံးယောက်သာ ရှိသည်။ မိန်းကလေးတစ်ယောက်က အဘယ်မျှလောက် ချောမောလှပပါစေ၊ ဇာမဏီပုတီးစေ့လောက်တော့ အရေးကြီးပါမည်လော?

"ဘုန်း!"

သူမ၏ ပုံရိပ်ကို လှစ်ဟပြသလိုက်ပြီးနောက် မင်းသမီးလန်လင်း၏ လှပသော မျက်ဝန်းများမှာ အေးစက်သွားခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်၏ စကားလုံးများကို အပြုအမူတစ်ခုဖြင့် တုန့်ပြန်လိုက်သည်။ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုသည် သူမ၏ ခန္တာကိုယ်ကလေးထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး သူမ၏ဂါဝန်ရှည်ကို လေအဟုန်၌ ဝဲလွင့်စေခဲ့ကာ ဆူညံသံများဖြစ်ပေါ်လာစေခဲ့သည်။ခပ်ရေးရေးမျှ တွေ့မြင်နိုင်သော နှင်းဖြူရောင်အသားအရည်သည် သူမကို ပို၍ ဆွဲဆောင်မှု ရှိလာစေခဲ့သည်။ ခပ်လှမ်းလှမ်းတစ်နေရာရှိ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ လူသတ်သမားများမှာ သူတို့၏ စိတ်ဝိညာဥ်ကို ပျောက်ဆုံးသွားရပုံပေါ်သည်!

လူသတ်ဝိဇ္ဇာများ ဖြစ်သည့်အလျောက် သူတို့ဟာ ကျောက်ခဲတမျှ မာကျောသင့်ပါသည်။ သို့ပါသော်လည်း သူတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် ထိုမျှလောက်ချောမောသော အမျိုးသမီးကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးသည်ဖြစ်ရာ တစ်ခဏကြာ ကြောင်အသွားသည်က အကျိုးအကြောင်းသင့်လျော်ပါ၏။

ရှေးယခင်အချိန်ခါမှစ၍ သူရဲကောင်းများဟာ အလှနတ်မိမယ်လေးများ၏ လက်အောက်၌ ကျရှုံးခဲ့ရသည်။ လူသတ်သမားများဆိုပါက မပြောပါလေနှင့်တော့!

လူသတ်သမားတစ်ယောက်ဟာ အဘယ်မျှလောက်မာကျောပါစေ တစ်ဖက်လူကသာ လုံလောက်အောင်လှပသ၍ သူ၏ နှလုံးသားဟာလည်း ပျော့ပြောင်းနူးညံ့နိုင်ပါ၏!

မင်းသမီးလန်လင်း၌ ထိုကဲ့သို့ အလှတရားကို ပိုင်ဆိုင်ထားပါသည်!

"ချွင်!"

ဓားဟိန်းသံတစ်ခုသည် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ကာ အေးစက်သော ဓားစွမ်းအားများကို သယ်ဆောင်ထားသည့် အပြာရောင် ဓားရှည်ကြီးများသည် မင်းသမီးလန်လင်း၏ ဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအားသည် သူမ၏ ခန္တာကိုယ်ကလေးထံမှ ပေါက်ကွဲထွက်ပေါ်လျက်ရှိသည်။

"ဟေး!"

"အဲ့ဒီ ချန်ခွမ်းအဆင့် လက်နက်သုံးခုကို မှီခိုပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဓားရဲ့ ပုံရိပ်ယောင်ကို တားဆီးဖို့ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူးနော် မင်းသမီးလေး။"

မင်းသမီးလန်လင်း၏ အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် အမူအယာပျက်ယွင်းခြင်းမရှိဘဲ လှောင်ရယ်လိုက်သည်။

"ကျွန်မရဲ့ ခမည်းတော်က ကျွန်မကို ချန်ခွမ်းအဆင့် မှော်ရတနာပစ္စည်းသုံးခု ပေးခဲ့တယ်ဆိုတာကိုပဲ ဒီလောကကြီးထဲကလူတွေကသိရှိထားတယ်။ အဲ့ဒီရတနာပစ္စည်းသုံးခုက တူညီတဲ့ ဇစ်မြစ်တစ်ခုက လာတယ်ဆိုတာကိုတော့ မသိထားကြဘူး!"

ထိုစကားလုံးများ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် မင်းသမီးလန်လင်းသည် ရုတ်တရက် လှုပ်ရှားလိုက်သည့်အခါ အပြာရောင်ဓားရှည်ကြီးများသည် ပြင်းပြစွာ တုန်ခါလာခဲ့သည်။ တောက်ပသော ဓားအလင်းတန်းများသည် ဓားရှည်သုံးခုထံမှ ထွန်းလင်းတောက်ပလာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း၌ ပြင်းပြသော ဓားဆန္ဒများသည် ကမ္ဘာလောကအတွင်း၌ ပြည့်နှက်လာခဲ့သည်။

သူမ၏ သေးသွယ်နူးညံသော လက်ကလေးများကို ဆန့်ထုတ်လိုက်ပြီး မင်းသမီးလန်လင်းဟာ အပြာရောင်ဓားရှည်နှစ်လက်ကို ကိုင်ဆောင်လိုက်သည်။ ကျန်ဓားရှည်တစ်လက်ကတော့ သူမ၏ အနောက်ဘက်၌ ဝဲလွင့်နေခဲ့သည်။ အစွမ်းထက်သော စွမ်းအားများသည် ဓားရှည်အတွင်းသို့ စီးဆင်းဝင်ရောက်သွားပြီး ဓားရှည်များကို အဆက်မပြတ် တုန်ခါလာစေခဲ့သည်။

ဓားနှစ်လက်ကို ကိုင်ဆောင်၍ သူမဟာ ပြင်းထန်သောအဟုန်ဖြင့် လွှဲယမ်းခုတ်ပိုင်းလိုက်သည်။ သူမ၏ ခန္တာကိုယ်ကလေးဟာ အင်မတန်မှ ကျက်သရေရှိနေခဲ့သည်။ သန်းခေါင်ယံည၏ ကောင်းကင်‌ေအာက်တွင် သူမဟာ ဆွဲဆောင်မှု အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သော ညနတ်သမီးလေးတစ်ပါးနှင့် ဆင်တူနေခဲ့သည်!

ဤအံအားသင့်ဖွယ်ကောင်းသော ကခုန်သည့် ဟန်အမူအယာ၏အောက်တွင် အဆုံးအစမဲ့သော သတ်ဖြတ်မှုစိတ်ဆန္ဒများ ကိန်းဝပ်နေခဲ့၏။

မင်းသမီးလန်လင်း၏ ညင်သာသော ကခုန်မှုနှင့်အတူ သူမပတ်လည်ရှိ ဓားစွမ်းအားများမှာလည်း သူမနှင့်အတူ ကခုန်လိုက်ကြသည်။ ၎င်းတို့က ဓားစွမ်းအား နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြင်းစွာသော မုန်တိုင်းတစ်ရပ်ကို ဖြစ်ထွန်းစေခဲ့သည်။

"ဇာမဏီဓားသွား ကခုန်ခြင်း!"

ရေရွတ်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ၎င်းဓားစွမ်းအားများသည် ပူပြင်းတောက်လောင်သော မီးတောက်မီးလျှံများအဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မူလက အေးစက်နေသော ဓားဆန္ဒအရှိန်အဝါများသည် ပူပြင်းတောက်လောင်နေသော အရှိန်အဟုန်ကို သယ်ဆောင်လျက် ကောင်းကင်ယံထက်မှ ကြယ်စင်များကျဆင်းသကဲ့သို့ ကျရောက်လာခဲ့သည်။

"ဘာလို့များ နာနာခံခံနဲ့ မလွှဲပေးရတာလဲကွာ။"

"မင်း ဒီလိုမျိုး ရုန်းကန်လှုပ်ရှားဖို့ လိုရဲ့လား။"

ပြင်းစွာသော ဓားစွမ်းအားနှင့် ရင်ဆိုင်လိုက်ရသော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် အနည်းငယ်တောင် လှုပ်လှုပ်ရှားရှား ဖြစ်မသွားခဲ့ပါ။ သူ၏ မျက်ဝန်းများဟာ အင်မတန်မှ အေးစက်နေခဲ့ပြီး တိုးညှင်းသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စကားလုံးများကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် လူအများ၏ စိတ်ဝိညာဥ်ကို စားသုံးနိုင်စွမ်းရှိသော အနက်ရောင်အလင်းတန်းတစ်ခုသည် သတ်ဖြတ်ခြင်းနတ်ဘုရားဓါး၏ ပုံရိပ်ယောင်ထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ရှေးဟောင်းတောင်တန်းကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူသော ပျက်သုန်းခြင်းဧကရာဇ်အဆင့်လက်နက်၏ စွမ်းအားများသည် ကောင်းကင်နှင့်ကမ္ဘာမြေအတွင်း ပြည့်နှက်လျက်ရှိကာ လူအပေါင်းကို ဖိနှိပ်ထားခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်၏ စိတ်ဆန္ဒအောက်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားဓားသည် ရုတ်တရက် တုန်ခါလာခဲ့ကာ သိပ်သည်းထူထပ်သော ဓားစွမ်းအားများကို ထုတ်လွှတ်ပေးလိုက်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ခြယ်လှယ်မှုအောက်တွင် ၎င်းဓားစွမ်းအားများသည် ကောင်းကင်ယံမှ သက်ဆင်းလာသော အနီရောင်ဓားစွမ်းအားများထံ ရွေ့လျားပြေးဝင်သွားကြသည်။

All Chapters