← Chapters

ဝမ်ဖုန်းထွက်ပေါ်လာပြီ

Vol. 36 Ch. 496

ဝမ်ဖုန်းထွက်ပေါ်လာပြီ

Vol. 36 Ch. 496

ဘာသာပြန်- The Fate

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ သွေးဆာနေသော စွမ်းအားရှင်များကို တွေ့မြင်လိုက်ရသည့်အခါ မင်းသမီးလန်လင်းနှင့် ဆရာသခင် ၁၀ ယောက်တို့၏ အမူအရာများသည် စိတ်ပျက်အားလျော့သွားကြသည်။

သူမဆရာ နောက်ဆုံးချန်ရစ်ခဲ့သည့် အမွေအနှစ်ကိုအသုံးပြုရန်အတွက် သူမသည် ခွန်အား အားလုံးနီးပါးကို သုံးစွဲခဲ့ရသည်။ သူမဟာဒဏ်ရာအပြင်းအထန်မရခဲ့သော်လည်း ခွန်အားကုန်ခမ်းသွားခဲ့ကာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များကို ခုခံဖို့အသာထား သာမန်တိုက်ကွက်တစ်ကွက်ကိုတောင် မပြုလုပ်နိုင်တော့ပါ!!

"မင်းသမီးလေး... မင်းသွားပါ!"

ကျန်ရစ်နေသေးသော ဆရာသခင် ၁၀ ယောက်သည် ဒဏ်ရာရနေသော ခန္ဓာကိုယ်များကို ခက်ခဲစွာ သယ်မလျက် မင်းသမီးလန်လင်း၏ ရှေ့မှောက်တွင် မြဲမြံစွာ မတ်တတ်ရပ်လိုက်ကာ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"ဘုန်း!!"

သို့ပါသော်လည်း သူတို့၏စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူတို့ဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်ခေါင်းဆောင်ကြောင့် အဝေးကို လွင့်စင်ထွက်သွားကြသည်။ စွမ်းအားကြီးသော ဖိအားကြီးသည် ဆရာသခင် ၁၀ ယောက်ကို တိုက်ရိုက်တိုက်ခိုက်ပစ်ခဲ့၏။ သူတို့ဟာ အဝေးတစ်နေရာရှိ မြေပြင်ပေါ် ပြန်လည်၍ ပြုတ်ကျသွားခဲ့ပြီး မြေပြင်၌ အက်ကွဲကြောင်းများဖြစ်ပေါ်လာစေခဲ့သည်။

တိုက်ပွဲနယ်မြေအတွင်း၌ သူဟာ ကျင့်ကြံမှုအမြင့်မားဆုံး ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူဟာ ဒဏ်ရာအပြင်းအထန်ရနေခဲ့သော်လည်း စွမ်းအင်ကင်းမဲ့နေသည့် ဆရာသခင် ၁၀ ယောက်က သူ၏ သာမန်တိုက်ကွက်ကို အဘယ်မှာခုခံနိုင်အံနည်း။

"အဲ့ဒါကို လက်လွှဲပေးလိုက်ပါ!"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် မင်းသမီးလန်လင်းထံ လမ်းလျှောက်လာခဲ့ပြီး အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။

သူ့ခန္ဓာကိုယ်မှ ကျယ်ပြောနက်နဲသော စွမ်းအားများထုတ်ဖော်လျက် မင်းသမီးလန်လင်းကို ဖိနှိပ်ထားခဲ့ကာ သူမ၏ နုနယ်သော ခန္ဓာကိုယ်ကလေးကို အဆက်မပြတ်တုန်ယင်လာစေခဲ့သည်!!

"တွေးတောင်မတွေးနဲ့....!"

မင်းသမီးလန်လင်းသည် ဖိအားကြီးကို ရင်ဆိုင်လိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။

ဇာမဏီပုတီးစေ့သည် သူမဆရာ သူမ၏ခွန်အားကို တိုးမြှင့်ရန် ပေးအပ်ခဲ့သော အဖိုးအထိုက်တန်ဆုံး ရတနာပစ္စည်းဖြစ်ပါ၏။ သူမသေဆုံးသွားလျှင်တောင် ဇာမဏီပုတီးစေ့ကို လက်လွှဲပေးနိုင်မှာမဟုတ်ပါ။ ဒီလိုမှမဟုတ်ရင် သူမဆရာ၏ ယုံကြည်မှုကို ဖောက်ပြန်ရာကျပေလိမ့်မည်။

သူမဟာ ဆရာသခင်နှင့် အချိန်ကာလများစွာမနေထိုင်ခဲ့ရသော်လည်း သူမဆရာက သူမကို အစစ်အမှန်ဂရုစိုက်ခဲ့သည်။ သူမဆရာကြောင့်သာမဟုတ်ပါက သူမဟာ အချိန်တိုတွင်း၌ အဆင့်ပေါင်းများစွာဖြတ်ကျော်ပြီး ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ကို ရောက်လာခဲ့မှာမဟုတ်ပါ!!..

မူလက သူမသည် ဇာမဏီပုတီးစေ့ကို အသုံးပြု၍ ချန်ခွမ်းဘုရင် အထွတ်အထိပ်ကို တက်လှမ်းလိုခဲ့သည်။

သို့ပါသော်လည်း ကြည့်ရတာ ယခုတော့ အခွင့်အရေးမရှိတော့သည့်ပုံပင်!

ဇာမဏီပုတီးစေ့တွင်ပါဝင်သော စွမ်းအားများက အင်မတန်မှ ကြောက်မက်ဖွယ်ကောင်လှသည်။ သူမဆရာ ဇာမဏီပုတီးစေ့ကို ပေးအပ်ခဲ့စဥ်က ခွန်အားအလုံအလောက်မရှိပါက ဇာမဏီပုတီးစေ့ကို လပ်လွတ်စပါယ် မြိုချခြင်းမပြုရန် အထူးသတိပေးခဲ့သည်!!

ဇာမဏီပုတီးစေ့၏ စွမ်းအားကို ဓာတ်ပြယ်စေရန်အတွက် သူမသည် ဟန်သွမ့်တောင်တန်းများကိုလာရောက်ပြီး ငရဲကိုးဘုံကြာပန်းကို ရှာဖွေခဲ့ခြင်းဖြစ်သည်!

သူမအိမ်အပြန်လမ်းမှာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ခြုံခိုတိုက်ခြင်းကို ခံရလိမ့်မည်ဟု လုံးဝတွေးထင်မထားခဲ့ပါ။

"မင်းတို့... အကောင်းအဆိုးမသိတတ်တဲ့ သတ္တဝါတွေ.."

မင်းသမီးလန်လင်း၏ အေးစက်သော နှာမှုတ်သံကိုကြားလိုက်ရသည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ခေါင်းဆောင်သည် အမူအရာများ ပျက်ယွင်းသွားခဲ့ကာ ဒေါသတကြီးဟစ်ကြွေးပြောဆိုလိုက်သည်။ အေးစက်သော သတ်ဖြတ်မှုစိတ်ဆန္ဒများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး သူဟာ လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်၍ မင်းသမီးလန်လင်းကို ဇီဝိန်ချွေရန် ဆုံးဖြတ်လိုက်သည်။

"မင်း လုပ်ရဲသလား!"

ဤကဲ့သို့ အရေးကြီးနေသော အခိုက်အတန့်တွင် ခမ်းနားကြီးကျယ်သော အသံကြီးသည် ကမ္ဘာလောကကြီးအတွင် ပျံ့နှံ့သွားခဲ့ပြီး ၎င်းအသံကြီးနဲ့အတူ ခမ်းနားသော စွမ်းအားတစ်ရပ်သည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များအားလုံးကို ဖိနှိပ်ခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်အားရှင်ခေါင်းဆောင်သည် သူ၏လက်ကိုတောင်မမြှောက်ပင့်နိုင်တော့ပဲ စွမ်းအားများလည်း မလှည့်ပတ်နိုင်တော့ပါ!!

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်ခေါင်းဆောင်သည် ထိတ်လန့်ချောက်ချားသွားပြီး သူ၏မျက်ဝန်းများကို မော့ကြည့်လိုက်သည်။

စိတ်ပျက်အားလျော့နေသော မင်းသမီးလန်လင်းသည်လည်း ထိုသူ၏အကြည့်အတိုင်း လိုက်ပါကြည့်ခဲ့လေသည်။ သူမ၏ လှပသော မျက်ဝန်းအိမ်အတွင်း၌ မျှော်လင့်စောင့်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်း၏ အကြည့်များအောက်တွင် လူပုဂ္ဂိုလ်လေးယောက်သည် ကောင်းကင်ယံထက်မှ ဖြည်းညင်းစွာ သက်ဆင်းလာခဲ့သည်။ ဦးဆောင်လာသူမှာ နတ်ဘုရားတစ်ပါးနှင့်တူသော ချောမောခံ့ညားသည့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ၏ဘေးနားတွင်တော့ မခန့်မှန်းနိုင်သော လူပုဂ္ဂိုလ်သုံးယောက်ရှိနေသည်။

"ဘုန်း..."

ရောက်ရှိလာသော ဝမ်ဖုန်းသည် သတ်ဖြတ်ခြင်း နတ်ဘုရားခန်းမ စွမ်းအားရှင်များကိုတောင် လှည့်မကြည့်ခဲ့ပဲ သူ၏လက်ကို တိုက်ရိုက်ဝှေ့ယမ်းလိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် ပြင်းထန်သောလှိုင်းလုံးအသွင် ထွက်ပေါ်လာခဲ့ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များရှိရာသို့ တိုက်ခတ်သွားခဲ့သည်။

"ဖစ်...."

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များ၏ ခံတွင်းမှ သွေးများယိုစီးလာခဲ့ပြီး သူတို့ဟာ ခန္ဓာကိုယ်ကို တည်ငြိမ်စွာ ထိန်းကျောင်းလိုက်လျက် ထွက်ပေါ်လာသော ဝမ်ဖုန်းတို့ကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်မိသည်။

ထွက်ပေါ်လာသော လူပုဂ္ဂိုလ်များ၏ အရှိန်အဝါမှာ ခန့်မှန်း၍မရနိုင်တာကြောင့် ချန်ခွမ်းဘုရင်အထွတ်အထိပ်၌ ရှိနေသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ခေါင်းဆောင်ကတောင် ထိတ်လန့်သွားခဲ့သည်။ 

သူ၏ အထွတ်အထိပ်ကာလတွင်ဆိုပါက ဝမ်ဖုန်းတို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်သေးသော်လည်း ယခု ပြင်းပြင်းထန်ထန်ဒဏ်ရာရထားလေရာ ဝမ်ဖုန်းတို့၏ ပြိုင်ဘက်အဘယ်မှာဖြစ်နိုင်မည်နည်း။

"အရှင်... ဒါက ကျုပ်တို့သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ကိစ္စပါ ။အရှင်ကို တစ်ပါးသူရဲ့ကိစ္စမှာ ပါဝင်မပက်သက်ဖို့ သတိပေးပါရစေ..."

"ကျုပ်တို့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက လူတိုင်းစွက်ဖက်နိုင်တဲ့အရာမဟုတ်ဘူး..."

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် ကျရောက်လာသော ဖိအားကြီးကို ခုခံလိုက်ကာ ဝမ်ဖုန်းကို စူးစိုက်ကြည့်လျက် နက်ရှိုင်းသောအသံဖြင့် ဟစ်ကြွေးပြောဆိုခဲ့သည်။ 

"မင်း.... မင်းဆရာရဲ့ နာမည်ကိုသိသလား.."

ဝမ်ဖုန်းဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ စကားကို အာရုံမစိုက်ဘဲ မင်းသမီးလန်လင်းဘက်ကို လှည့်လိုက်ကာ တုန်ယင်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။ သူ၏ မျက်ဝန်းများဟာ ပူပြင်းတောက်လောင်နေခဲ့သည်။ 

သူဟာ ယဲ့မုချင်၏ သတင်းအကြောင်းကို အင်မတန်မှ သိလိုနေခဲ့သည်။

"ဆရာသခင်ရဲ့ မျိုးရိုးနာမည်က 'ယဲ့' ဆိုတာကိုပဲ သိထားပါတယ်"

မင်းသမီးလန်လင်းက ခေါင်းကိုခါယမ်းလိုက်ပြီး တိုးညင်းစွာပြောဆိုလိုက်သည်။

သူမ၏ မျက်နှာကလေးထက်၌ သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဒီလူတွေက သူမဆရာရဲ့ မိတ်ဆွေတွေလား? ဒီလိုမှမဟုတ်ရင် သူမကို အကြောင်းအရင်းမရှိဘဲ ဘာ့ကြောင့်ကူညီရမှာလဲ?.. သူမဟာ မှတ်ဉာဏ်များကို ဆန်းစစ်လေ့လာခဲ့သော်လည်း ဝမ်ဖုန်းနှင့် အခြားသူများအကြောင်း သတင်းအချက်အလက်ရှာမတွေ့ခဲ့ပါ။ 

သိသာထင်ရှားစွာဖြင့် သူမဟာ ထိုလူပုဂ္ဂိုလ်များကို မသိရှိပါ။

"မျိုးရိုးနာမည် 'ယဲ့' လား.. ဟားဟား"

မင်းသမီးလန်လင်း၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက တိုးညင်းစွာ ရေရွတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လျက် ရယ်မောလိုက်သည်။ သူ၏ မျက်နှာ၌ အပျော်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအချိန်၌ မင်းသမီးလန်လင်း၏ ဆရာသခင်မှာ ယဲ့မုချင်ဖြစ်ကြောင်း သူအကြွင်းမဲ့ သေချာသွားခဲ့သည်။

ဒီလိုမှမဟုတ်ရင် ဒီလောက်တိုက်ဆိုင်တဲ့အရာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ...

မင်းသမီးလန်လင်းကို သူမဆရာပေးအပ်ခဲ့သော ဝှက်ဖဲ၌ ယဲ့မုချင်၏ အရှိန်အဝါကိန်းဝပ်နေခဲ့သည်။ ဒါ့အပြင် သူမဆရာ၏ မျိုးရိုးနာမည်က 'ယဲ့' ဖြစ်သည်။

"မင်းဆရာ... ဘယ်မှာရှိနေသလဲဆိုတာ သိလား?"

"ဒါနဲ့.. ငါက မင်းဆရာရဲ့ ယောက်ျားပဲ..."

ဝမ်ဖုန်းက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး မင်းသမီးလန်လင်းကို မေးမြန်းလိုက်သည်။

"အရှင်.. ကျွန်မတို့ကို ကယ်တင်ခဲ့တဲ့အတွက် အရှင့်ကိုလေးစားပါတယ်။ ဒါပေမယ့် စကားကိုလက်လွတ်စပါယ်မပြောပါနဲ့ အရှင်!!"

ဝမ်ဖုန်း၏စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင် နက် မင်းသမီးလန်လင်း၏ အမူအရာမှာအေးစက်လာခဲ့ပြီး ဝမ်ဖုန်းကို မာန်မဲလိုက်လိမ့်မည်ဟု ဘယ်သူက တွေးထင်ထားလိမ့်မလဲ။

မင်းသမီးလန်လင်း၏ နှလုံးသားထဲတွင် သူမဆရာက အဘယ်မျှလောက် ကြီးမြတ်ပါသနည်း။ ဝမ်ဖုန်းတို့က မခန့်မှန်းနိုင်သော်လည်း သူမ၏မျက်ဝန်းထဲတွင်တော့ သူမ ဆရာနှင့်မထိုက်တန်ပါ!!

သူမဆရာကို တွေမြင်ပြီးနောက် မိမိ၏.အလှအပပေါ် ယုံကြည်မှုရှိသော မင်းသမီးလန်လင်းကတောင် ပထမဆုံးအကြိမ်အဖြစ် အရှက်ရသွားမိခဲ့သည်။ ထိုခံစားချက်မှာ သူမ တစ်ကြိမ်တစ်ခါကမှ မခံစားခဲ့ဖူးသော အရာဖြစ်၏။ သူမဆရာအပေါ် သူမဘယ်လောက်လေးစားကြောင်း တွေ့မြင်နိုင်ပါသည်။ 

မင်းသမီးလန်လင်း၏ တုံ့ပြန်မှုကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက တခဏကြာအောင် ကြောင်အသွားခဲ့သည်။ ထို့နောက်မှ ခေါင်းကိုခါယမ်းလိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။ မင်းသမီးလန်လင်းကို အပြစ်တင်ရမည့်အစား သူက စိတ်သက်သာရာရသွားခဲ့သည်။ 

ချင်အာ... မင်းက လူမှန်တစ်ယောက်ကို ရွေးချယ်ခဲ့တာပဲ။

ဝမ်ဖုန်းသည် ဆက်လက်ရှင်းပြခြင်းမရှိတော့ဘဲ မင်းသမီးလန်လင်းကို အထက်အောက်စုန်ချည်ဆန်ချည် ကြည့်ရှုလိုက်သည်။ မင်းသမီးလန်လင်းကို အသေအချာစိုက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းက လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည့်အခါ မင်းသမီးထံမှ မီးတောက်နီရောင်အလင်းတန်းတစ်ခုသည် ပျံသန်းထွက်ခွာလာခဲ့သည်။

အဆိုပါ မီးတောက်နီရောင်အလင်းတန်းသည် ဝမ်ဖုန်း၏ လက်အတွင်းသို့ ကျဆင်းသွားခဲ့ကာ ရိုးရှင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အနီရောင်ပုတီးစေ့လေးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။

ဝမ်ဖုန်းလက်ထဲရှိ အနီရောင်ပုတီးစေ့ကို တွေ့မြင်လိုက်ရသည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များ၏ မျက်ဝန်းများမှာ တောက်လောင်လာခဲ့သည်။ ဝမ်ဖုန်း၏ခွန်အားကို ကြောက်လန့်နေ၍မဟုတ်ပါက သူတို့ဟာ ထိုအရာကို ပြေးထွက် လုယူလောက်သည်။

"ဒါ.... ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

ဇာမဏီပုတီးစေ့က ဝမ်ဖုန်းလက်အတွင်း နာခံစွာကျဆင်းသွားတာကို တွေ့မြင်လိုက်ရသည့်အခါ မင်းသမီးလန်လင်း၏ မျက်ဝန်းများသည် မယုံကြည်နိုင်စွာ လှုပ်ရှားသွားခဲ့ပြီး အံ့အားတသင့် ရေရွတ်ပြောဆိုလိုက်မိသည်။

ဇာမဏီပုတီးစေ့ပေါ်တွင် ဆရာသခင်၏အရှိန်အဝါကို ဖိနှိပ်ထားပြီး ဆရာသခင်၏သဘောတူလက်ခံခြင်းမရှိပါက ထိုပုတီးစေ့ကို ဘယ်သူကမှ သူမ၏ လက်အတွင်းမှ လုယူမသွားနိုင်ဟု ဆရာသခင်က ပြောကြားခဲ့ဖူးသည်!!။

All Chapters