← Chapters

ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်။

Vol. 36 Ch. 497

ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်။

Vol. 36 Ch. 497

ဘာသာပြန်- The Fate

မင်းသမီးလန်လင်းဟာ လုံးဝကို မယုံကြည်နိုင်ဖြစ်နေပြီး ဇာမဏီပုတီးစေ့ကို ထိန်းချုပ်ရန် စိတ်အသိဖြင့် ကြိုးစားလိုက်သည်။ သို့ပါသော်လည်း ၎င်းက ပင်လယ်တွင်းသို့ ကျောက်တုံးတစ်တုံးနစ်မြုပ်သွားပြီး ဘယ်လှိုင်းလုံးကိုမှ မထစေခဲ့သည်နှင့် တူညီနေခဲ့သည်။ ဇာမဏီပုတီးစေ့သည် ဝမ်ဖုန်း၏ လက်ဖဝါးအတွင်း၌ နာနာခံခံဖြင့် တည်ရှိနေခဲ့၍ ဝမ်ဖုန်းကို ဆော့ကစားခွင့်ပြုနေခဲ့သည်။

ထိုခံစားချက်မှာ ဇာမဏီပုတီးစေ့က ဝမ်ဖုန်းနှင့်သက်ဆိုင်ပြီး သူမ လန်လင်း၏အပိုင် မဟုတ်သည့်အလား.....

"ရှင်၊ ရှင်က တကယ် ဆရာသခင်ရဲ့ ယောကျ်ားလား။"

လန်လင်းသည် အံအားတသင့် ရေရွတ်လိုက်မိသည်။ ဇာမဏီပုတီးစေ့၏ မူမမှန်ဖြစ်နေမှုကို ဖြေရှင်းရန် ထိုဖြစ်နိုင်ခြေမှတစ်ပါး အခြားမရှိတော့ပါ။

ဟုတ်ပါပေသည်။ အခြားသော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။ ၎င်းက ဝမ်ဖုန်းသည် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး ဇာမဏီပုတီးစေ့ကို အတင်းအကြပ် ချုပ်ကိုင်ထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုအရာက မဖြစ်နိုင်ပါ။ 

ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များက ဘယ်လိုတည်ရှိမှုမျိုးလဲ။

၎င်းက နတ်ဘုရားကဲ့သို့ တည်ရှိပြီး ထိုကဲ့သို့ တစ်စုံတစ်ယောက် ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို အကြီးအကျယ် ပြောင်းလဲစေလိမ့်မည်။ ထိုပုဂ္ဂိုလ်များ၏ အသက်ရှူသံကတောင် သူမတို့အားလုံးကို ပျော့ခွေသွားစေနိုင်သည်။

ဝမ်ဖုန်းဟာ အင်မတန်မှ ကြံ့ခိုင်သန်မာပုံပေါ်သော်လည်း ထိုကဲ့သို့အဆင့်ကိုတော့ မရောက်ရှိသေးပါ။

"မင်းက ငါလျှောက်ပြောနေတယ်လို့ ထင်နေတာလား။"

ဝမ်ဖုန်းက ပြုံးရယ်လိုက်ပြီး သူ့လက်ထဲရှိ ဇာမဏီပုတီးစေ့ကို တောက်ထုတ်လိုက်သည်။ ၎င်းက အလင်းတန်းလေးအဖြစ် ပြန်၍ ပြောင်းလဲသွားပြီး မင်းသမီးလန်လင်း၏ ခန္တာကိုယ်အတွင်း နစ်မြုပ်သွားခဲ့သည်။

လန်လင်း၏ ခန္တာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး စိတ်အာရုံဟာ ဗလာနတ္ထိဖြစ်သွားခဲ့သည်။ ဇာမဏီပုတီးစေ့ ကိုယ်တွင်းသို့ ရောက်ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူမသည် ပုတီးစေ့ထံမှ တွန်းကန်မှုအားတစ်ခုကို ခံစားနေရသည်။ သူမ၏ ခန္တာကိုယ်မှာ တုန်ခါနေပြီး ၎င်းပုတီးစေ့က သူမထံမှ ထွက်ခွာကာ ဝမ်ဖုန်း၏ လက်အတွင်းသို့ ပြန်လည်ရောက်ရှိချင်ပုံ ပေါ်နေခဲ့သည်။

ထိုကဲ့သို့ မူမမှန်ဖြစ်နေမှုက ဝမ်ဖုန်းသည် သူမဆရာ၏ ခင်ပွန်းဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။

ဒါပေမယ့် သူမဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ 

သူမဆရာမှာ ဘယ်လိုလုပ် ယောက်ျားတစ်ယောက် ရှိနေရတာလဲ။

လန်လင်းဟာ ဝမ်ဖုန်းကို အကြိမ်အနည်းငယ်ကြာအောင် ကြည့်ရှုလိုက်ပြီး ထိုအကြောင်းအရာကို မယုံနိုင်သေးပါ။ ဝမ်ဖုန်း၏ အခြေအနေက ဆိုးဝါးနေ၍မဟုတ်ဘဲ မင်းသမီးလန်လင်း၏ စိတ်နှလုံးအတွင်းတွင် သူမ၏ ဆရာက ကောင်းကင်ကိုးဘုံမှ နတ်ဘုရားမအလား ဖြစ်နေခဲ့၍ဖြစ်သည်။ သာမန်သေမျိုးများဟာ သူမဆရာနှင့် လားလားမျှ မထိုက်တန်ပါ။ 

အမှန်တကယ်တော့ ဝမ်ဖုန်းဟာ ချောမောခန့်ညားပြီး သာမန်မဟုတ်သော အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် နက်ရှိုင်းသော ကောင်းကင်ယံကဲ့သို့ အနက်ရောင်မျက်ဝန်းများသည် စိုက်ကြည့်မိသူ၏ စိတ်နှလုံးကို ဆွဲညို့နိုင်စွမ်းရှိလေသည်။ 

သို့ပေသော်လည်း ဆရာသခင်သည် အလွန်အမင်းမြင့်မြတ်ပြီး ကြော့ရှင်းသပ်ရပ်လေရာ သာမန်အမျိုးသားများကို ကြိုက်နှစ်သက်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ပါ။

"မင်းမယုံသေးဘူးဆိုရင် မင်းဆရာကို ရှာတွေ့တဲ့အခါမှ ကိုယ့်ဘာသာ မေးမြန်းကြည့်လို့ရတယ်။"

ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး မင်းသမီးလန်လင်းကို စူးစိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက...."

လန်လင်းသည် တစ်ခဏကြာအောင် တုန့်ဆိုင်းသွားခဲ့ပြီး အံကို တင်းတင်းကြိတ်လိုက်သည်။ သူမဟာ ဝမ်ဖုန်းကို လက်ခံတော့မည့်အချိန်တွင် သူမ၏ခန္တာကိုယ်က ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

တောက်ပသော အနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ဇာမဏီပုတီးစေ့ဟာလည်း သူမခန္တာကိုယ်မှ ထွက်ခွာလာခဲ့သည်။

ယင်းနောက် မျက်စိကျိန်းလောက်သော အနီရောင်အလင်းတန်းများသည် ဇာမဏီပုတီးစေ့ထံမှ ဖြာထွက်လာခဲ့သည်။ 

ထိုကဲ့သို့ ထူးဆန်းသည့် အခြေအနေက ဝမ်ဖုန်း၏ မျက်ဝန်းများကို မှေးကျဉ်းသွားစေခဲ့သည်။ သူဟာ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ဇာမဏီပုတီးစေ့ကို မျှော်လင့်စောင့်စားစွာ ငေးစိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်နှာထက်၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဝုန်း"

အနည်းငယ်တုန်ခါမှုနှင့်အတူ ဇာမဏီပုတီးစေ့မှ ခွဲဖြာထွက်လာသော အနီရောင်အလင်းတန်းများသည် အလွန်အမင်း ခမ်းနားတင့်တယ်ပြီး လှပသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ 

အဆိုပါ လှပသည့် ပုံရိပ်ကလေးဖြစ်ပေါ်လာသည့်အခါ ကောင်းကင်နှင့်ကမ္ဘာမြေသည် ရုတ်တရက်ယိမ်းထိုးသွားခဲ့ရသည်။ ဇာမဏီ၊ အပြာရောင်နဂါး၊ ကျားဖြူအစရှိသည့် များစွာသော သားရဲများကလည်း အဆိုပါလှပသည့် ပုံရိပ်ကလေးကို အတူတကွ ဂါရဝပြုလိုက်ကြသည်။

ယင်းက ပုံရိပ်ကလေးတစ်ခုသာ ဖြစ်သော်လည်း လူအများကို အရှက်ရသွားစေခဲ့သည်။

"ချင်အာ...."

ဝမ်ဖုန်းဟာ အင်မတန်မှ စိတ်လှုပ်ရှားလာခဲ့ပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ပါ။ အချိန်ဘယ်လောက်များ ကြာသွားပြီလဲ။ သူ ဒီပုံရိပ်ကလေးကို ဘယ်လိုလုပ် မေ့ဖျောက်နိုင်ပါ့မလဲ။ အဆိုပါ ရင်သပ်ရှုမောဖွယ်ကောင်းသော ပုံရိပ်ကလေးသည် သူ၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းစွာ ခတ်နှိပ်နေခဲ့သည်။

ပုံရိပ်ယောင်၏ မျက်ဝန်းကလေးနှစ်လုံးသည် ဝမ်ဖုန်းကို ချစ်ခင်မြတ်နိုးစွာ စူးစိုက်ကြည့်နေခဲ့သည်။

ဤအချိန်၌ ကမ္ဘာလောကကြီးအတွင်း၌ အဆိုပါ မျက်ဝန်းလေးနှစ်လုံးမှလွဲ၍ အခြားမရှိတော့သည့်ပုံပေါ်၏။ ထိုပုဂ္ဂိုလ်နှစ်ယောက်သာ တည်ရှိနေပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များအားလုံးမှာ သေးနုပ်ညံ့ဖျင်းသွားပုံပေါ်၏။

"ရှင်ရောက်လာတယ်။"

ယဲ့မုချင်၏ ပုံရိပ်ယောင်သည် ဝမ်ဖုန်းထံသို့ လမ်းလျှောက်လာခဲ့ပြီး သူမ၏ လက်ကလေးကို ဆန့်တန်းကာ ဝမ်ဖုန်း၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ သူမ၏ နူးညံသောအသံကလေးက သဘာဝ၏ လေညင်းသံကလေးအလား ရှိနေသော သူများကို သာယာနာပျော်ဖွယ် ကောင်းစေခဲ့သည်။

"ငါရောက်လာပြီ။"

ဝမ်ဖုန်းက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး ယဲ့မုချင်ကို လက်မောင်းများအတွင်း ပွေ့ဖက်ထားချင်ခဲ့သည်။ သို့သော်လည်း သူ၏လက်များဟာ ပုံရိပ်ယောင်ကို ထွင်းဖောက်သွားခဲ့သည်။ ထိုအခါမှသာ သူဟာ ရှေ့မှောက်၌ရှိနေသည့်အရာမှာ ယဲ့မုချင်၏ ပုံရိပ်ယောင်သာဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။

"မင်းဘယ်မှာလဲ။ ငါ မင်းကို လာရှာမယ်။"

"ကျွန်မက မွန်မြတ်ဘုံလောကထဲမှာ မရှိတော့ဘူး။"

ယဲ့မုချင်သည် ခေါင်းကို ဖြည်းလေးစွာ ခါယမ်းလိုက်ပြီး တိုးညှင်းစွာ ရေရွတ်ခဲ့သည်။

"ဘာလို့လဲ။ မင်းဘာလို့ ငါ့ကို မစောင့်ဆိုင်းခဲ့တာလဲ။"

ဝမ်ဖုန်းသည် တုန်ယင်သွားပြီး ဝမ်းနည်းနေသော လေသံဖြင့် ပြောဆိုခဲ့သည်။

သူဟာ မွန်မြတ်ဘုံလောကအတွင်းကို ရောက်ရှိလာပြီး သူ နေ့နေ့ညညလွမ်းဆွတ်နေခဲ့ရသော ပုဂ္ဂိုလ်ကို တွေ့မြင်ရလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ပါသော်လည်း သူတို့တွေ ဆက်လက်ဝေးကွာသွားကြလိမ့်မည်ဟု တွေးထင်မထားခဲ့ပါ။

"ပစ်မှတ်ထားခံရတာကြောင့် ကျွန်မမှာ ရွေးချယ်စရာမရှိခဲ့ဘူး။"

ယဲ့မုချင်းသည် ဝမ်ဖုန်းကို နူးညံ့နွေးထွေးစွာစိုက်ကြည့်လိုက်ပြီး သူမ၏မျက်ဝန်းများက ဝမ်ဖုန်းနှင့် မခွဲခွာချင်ပုံပေါ်နေခဲ့သည်။

"ဘုန်း!"

"ဘယ်သူလဲ!?"

ဝမ်ဖုန်းဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး သူ၏မျက်နှာဟာ အင်မတန်မှအေးစက်လာခဲ့ကာ အဆုံးအစမဲ့သော သတ်ဖြတ်မှုအရှိန်အဝါများ ပျံ့လွင့်လာခဲ့ပြီး ကမ္ဘာလောကကြီးသည် ရေခဲထုအဖြစ် ပြောင်းလဲသွားခဲ့ပုံပေါ်သည်။ မင်းသမီးလန်လင်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များသည် ခန္တာကိုယ်များ တုန်ယင်သွားရသည်။ ၎င်းအရှိန်အဝါသည် ဧရာမတောင်တန်းကြီးလိုမျိုး သူတို့ကို ဖိနှိပ်ထားခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ဒါဇင်ကျော်သည် ဝမ်ဖုန်းကို ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်မိလိုက်သည်။ ဤအချိန်၌ သူတို့ဟာ ဝမ်ဖုန်းကို သေမင်းတစ်ပါးအလား ကြောက်လန့်နေခဲ့ပါသည်။

"အဆင်ပြေပါတယ်။ အဲ့ဒီကြွတ်စုတ်တွေက ကျွန်မကို မနာကျင်စေပါဘူး။"

ယဲ့မုချင်က ဝမ်ဖုန်း၏ ပါးကလေးကို လက်နှစ်ဖက်ဖြင့် အုပ်မိုးလိုက်ပြီး ကလေးတစ်ယောက်ကို ချော့မြူနေခဲ့သည့်အလား နူးညံ့စွာ ပြောဆိုလိုက်သည်။ ။ ဝမ်ဖုန်း၏ ပြင်းထန်သော အမျက်ဒေါသများမှာ လွင့်ပျောက်သွားခဲ့ရသည်။

"သူတို့တွေ ငါ့ကို လာရှာမှာကို မင်း စိုးရိမ်နေခဲ့တာလား။"

"ဒီနယ်ပယ်မှာ ငါ့ကို ဘယ်သူကမှ လွယ်လွယ်ကူကူ မချေမှုန်းနိုင်တော့ဘူး။"

"ငါ့ကို တိုက်ခိုက်ချင်တဲ့လူမှန်သမျှ သေဆုံးရမှာပဲ!။"

ဝမ်ဖုန်း၏မျက်နှာမှာ အေးစက်သွားခဲ့ပြီး အနည်းငယ်တောင် ခံစားမှုမရှိဘဲ ပြောဆိုခဲ့သည်။

"သူတို့က ဟုန်မန်နတ်ဘုရားနယ်ပယ်ထက်တောင် ပိုပြီး အစွမ်းထက်ကြတယ်။"

ယဲ့မုချင်၏ စကားလုံးများက ဝမ်ဖုန်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ သူ၏ အဆုံးအစမဲ့သော ဒေါသများမှာ ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလိုမျိုး တည်ငြိမ်သွားခဲ့သည်။

"သူတို့က ဟုန်မန်နတ်ဘုရားနယ်ပယ် အထက်ကဆိုတော့ရော ဘာဖြစ်သေးလဲ။ ငါ့ကို အချိန်နည်းနည်းလောက်သာ ပေးစမ်းပါ။ သူတို့ကို ခွေးတွေလို သတ်ဖြတ်ပစ်မယ်။"

ဝမ်ဖုန်းက အံကိုတင်းတင်းကြိတ်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

"ကျွန်မယုံပါတယ်။"

ယဲ့မုချင်က ကမ္ဘာလောကကြီးကို မှေးမိန်သွားစေရလောက်အောင် လှပစွာ ပြုံးရယ်လိုက်သည်။

"ကျွန်မ ရှင်ရောက်လာမယ့်နေ့ကို စောင့်နေမယ်။ ရှင် ကျွန်မကို ကာကွယ်ပေးမယ့်နေ့ကိုပေါ့။ ကျွန်မတို့ရဲ့ လက်ထပ်ပွဲကိုလည်း စောင့်ဆိုင်းနေပါ့မယ်။"

"ဒါပေမယ့် အဲ့ဒီနေ့မရောက်ခင်အထိ ကျွန်မရှင့်ကို ကာကွယ်ပေးမယ်။"

နူးညံ့နွေးထွေးသော အသံကလေးသည် ဝမ်ဖုန်း၏ နှလုံးသားအတွင်းသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။

"သူတို့က သန်မာပေမယ့် ရှင့်ရဲ့မိန်းမကလည်း လုံးဝအားမနည်းပါဘူးနော်။"

"မစိုးရိမ်ပါနဲ့။ သူတို့က ကျွန်မကို မထိခိုက်နိုင်ပါဘူး။"

"ဒါ့အပြင် ရှင်နဲ့ကျွန်မ အပြင်မှာ အစစ်အမှန်တွေ့ဆုံကြရင် သူတို့က ရှင့်ရဲ့အရှိန်အဝါကို သတိပြုမိသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်မရဲ့ ယောက်ျားက လုံလုံခြုံခြုံကြီးထွားလာနိုင်တော့မှာ မဟုတ်ဘူး။"

"ချင်အာက ယောကျ်ား ပြိုင်ဘက်ကင်းတဲ့အမူအယာနဲ့ ရောက်ရှိလာပြီး ရန်သူတွေကို ချေမှုန်းပစ်မှာကို စောင့်ဆိုင်းနေပါ့မယ်။"

ယဲ့မုချင်၏ နူးညံသောအသံကလေးက ဝမ်ဖုန်းနှလုံးသားအတွင်းရှိ အနုတ်သဘောဆောင်သော ခံစားချက်များအားလုံးကို ပယ်ဖျက်လိုက်သည်။ ဂုဏ်သရေရှိသော ယောကျ်ားသားတစ်ယောက်အနေဖြင့် သူဟာ ယဲ့မုချင်ကို ကာကွယ်ပေးရလိမ့်မည်။

"ကောင်းပြီ။ ငါ့ကို အချိန်ခဏပဲ ပေးပါ..."

"မကြာစေရပါဘူး...."

"အဲ့ဒီအချိန်ကျရင် ယောကျ်ားက ချင်အာကို ထွေးပွေ့ထားပြီး ရန်သူအားလုံးကို ချေမှုန်းပစ်မယ်!"

ယဲ့မုချင်၏ နူးညံသော စကားလုံးများအောက်တွင် ဝမ်ဖုန်း၏ စိတ်အခြေအနေက တည်ငြိမ်သွားခဲ့သည်။ သူဟာ ယဲ့မုချင်းကို တည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုခဲ့သည်။

All Chapters