သန့်စင်နယ်မြေနှင့် မျှော်လင့်ချက်။
Vol. 36 Ch. 498
ဘာသာပြန်- The Fate
"ကျွန်မတို့ ရှင့်ကို စောင့်နေပါ့မယ်။"
ယဲ့မုချင်းက ချိုမြိန်စွာ ပြုံးလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ကျွန်မတို့လား?
"ဘယ်သူတွေ ကျန်သေးလို့လဲ။"
ဝမ်ဖုန်းသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သံသယများဖြင့် မေးမြန်းလိုက်သည်။
ယဲ့မုချင်က ပြုံးရယ်လိုက်ပြီး ဘာကိုမှ ထပ်ပြောမလာတော့ပါ။ သူမက မင်းသမီးလန်လင်းကို ညွှန်ပြလျက် ပြောဆိုလိုက်သည်။
"ဒီမိန်းကလေးက ကျွန်မချန်ရစ်ခဲ့တဲ့ ပုံရိပ်ယောင် ကျောက်တုံးရဲ့ တပည့်တစ်ယောက်ပေါ့"
"ပုံရိပ်ယောင်ကျောက်တုံးက ရှင့်အတွက် ချန်ရစ်ခဲ့တာပါ။ ဒါပေမယ့် ဒီမိန်းကလေးကို မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတယ်။ သူမမှာ အရည်အချင်းကောင်းတွေရှိတယ်။ ဒါကြောင့်မလို့ သူမကို ကျွန်မရဲ့တပည့်အဖြစ် လက်ခံခဲ့တယ်။"
ဝမ်ဖုန်းက ယဲ့မုချင်၏ ပုံရိပ်ယောင်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး ဘာကိုမှ ဆက်လက်မမေးမြန်းခဲ့ပါ။ ထိုအစား သူက ယဲ့မုချင်၏ အကြည့်အတိုင်း လိုက်ပါကြည့်ဆောင်၍ ခေါင်းငြိမ့်လိုက်သည်။
"သူမက တကယ်ကို တပည့်ကောင်းလေး တစ်ယောက်ပါ။"
ယဲ့မုချင်းက ပြုံးရယ်လိုက်ပြီး မင်းသမီးလန်လင်းကို လက်ဝေ့ယမ်းပြလိုက်သည်။
မင်းသမီးလန်လင်းက သတိကြီးကြီးထား၍ ဝမ်ဖုန်း၏ အရှေ့သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူမ သံသယဝင်ခဲ့သော ထိုလူက သူမဆရာ၏ ယောကျ်ားအစစ်အမှန်ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ဒါက တကယ့်ကို စိတ်ကူးယဥ်ဆန်လွန်းလှသည်။
"မင်းရဲ့ဆရာက လုပ်ဆောင်စရာတွေ ရှိနေသေးတယ်။ ဒါကြောင့်မလို့ မင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားမပေးနိုင်တော့ဘူး။"
"အခုချိန်ကစပြီး ဆရာရဲ့ ယောကျ်ားနောက်ကို လိုက်ပါေနာ်။ သူက မင်းကို ကိုယ်တိုင်သင်ကြားပေးပါလိမ့်မယ်။"
ယဲ့မုချင်က ပြုံးလိုက်ပြီး မင်းသမီးလန်လင်း၏ ဆံပင်များကို ပွတ်သပ်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ။"
မင်းသမီးလန်လင်းက ခေါင်းငြိမ့်လိုက်ပြီး နာနာခံခံဖြင့် ပြောဆိုလိုက်သည်။
စွမ်းအားကြီးသော သူမဆရာမှာ ပုံရိပ်ယောင် ကျောက်တုံးလေးတစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု သူမထင်မထားခဲ့ချေ။ ဒီလိုဆိုရင် တကယ့်ဆရာအစစ်အမှန်က ဘယ်လောက်တောင် မြင့်မြတ်မှာလဲ။
သူမဆရာရဲ့ ယောကျ်ားဖြစ်လာဖို့အတွက် ဒီကမ္ဘာကြီးထဲက ဘယ်အမျိုးသားက အဆင့်အတန်းမှီနေတာလဲ။
ဤအချိန်၌ မင်းသမီးလန်လင်းသည် ဝမ်ဖုန်းကို စပ်စုလိုစိတ်များ ပြည့်နှက်လာမိသည်။ သူမ၏ အမြင်တွင် သူမဆရာနှင့်ထိုက်တန်သည့် ပုဂ္ဂိုလ်မှာ ဤလောကကြီးအတွင်း၌ စွမ်းအားကြီးပြီး ထူးဆန်းသည့်ပုဂ္ဂိုလ်သာဖြစ်သည်။
ယဲ့မုချင်သည် ဝမ်ဖုန်းကို လည်ပြန်လှည့်ကြည့်လိုက်သည်။ သူမယောက်ျား၏ နှလုံးသားထဲတွင် မေးခွန်းများစွာ ရှိနေလိမ့်မည်ဆိုတာ သူမသိထားခဲ့သည်။ ထို့အတွက်ကြောင့် တစ်ခဏကြာအောင်တွေးတောလိုက်ပြီး ပြောဆိုလိုက်လေ၏။
"ယောကျ်ား၊ အရာအားလုံးကို သိချင်တယ်ဆိုရင် ပျောက်ဆုံးတိုက်ပွဲနယ်မြေကို ဝင်ရောက်ရမယ်။"
ပျောက်ဆုံးတိုက်ပွဲနယ်မြေ?
အဲ့ဒီ ပျောက်ဆုံးတိုက်ပွဲနယ်မြေပဲလား။
ဝမ်ဖုန်း၏ မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ အရင်တစ်ခါက အကျဥ်းသားယန်လုံသည် သူ့ကို ပျောက်ဆုံးတိုက်ပွဲနယ်မြေအတွင်း ဝင်ရောက်ရန် ပြောဆိုခဲ့သည်။ ယခုအချိန်၌ ချင်အာကလည်း ပြောဆိုနေပြန်ပြီ။ ပျောက်ဆုံးတိုက်ပွဲနယ်မြေက ဘယ်လိုနေရာမျိုးလဲ။
"ပျောက်ဆုံးတိုက်ပွဲနယ်မြေဆိုတာ ဘာလဲ။"
"အဲ့ဒါက စကြာဝဠာကြီးထဲမှာ တစ်ခုတည်းသော သန့်စင်တဲ့ နယ်မြေပဲ။ ပြီးတော့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတယ်။"
ယဲ့မုချင်၏ စကားလုံးများက ဝမ်ဖုန်း၏ သံသယများကို မပယ်ရှားနိုင်ခဲ့ဘဲ ပို၍ ရှုပ်ထွေးလာစေခဲ့သည်။ ဘယ်လို မျှော်လင့်ချက်မျိုးကို ကိုယ်စားပြုနေတာလဲ။ သူဟာ ဆက်လက်မေးမြန်ရန် နှုတ်ဖွင့်ဟလိုက်သော်လည်း ယဲ့မုချင်၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။
"ကောင်းကင်တာအို မျိုးနွယ်စုတွေက အသုံးချခံနေရတာ။ သူတို့က သနားစရာကောင်းတဲ့ လူတွေပါ။ ရှင် သူတို့ကို ကြင်ကြင်နာနာဆက်ဆံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ယဲ့မုချင်၏ စကားလုံးများကို အတိအကျနားမလည်နိုင်သေးခင်မှာ သူမ၏ ပုံရိပ်ယောင်က ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်မတို့ ရှင့်ကို စောင့်နေမှာပါ။"
ယဲ့မုချင်သည် ဝမ်ဖုန်းကို လွမ်းဆွတ်တမ်းတစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုခဲ့သည်။
"ချင်အာ!"
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ နီရဲနေခဲ့ပြီး ယဲ့မုချင်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။ သို့ပါသော်လည်း သူဟာ ယဲ့မုချင်၏ပုံရိပ် ပျောက်ကွယ်သွားတာကို မတားဆီးနိုင်ခဲ့ပါ။
ယဲ့မုချင်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ဝမ်ဖုန်းဟာ အချိန်အတော်ကလေး ကြာသည့်တိုင်အောင် သတိပြန်လည်မလာခဲ့ဘဲ စိတ်အာရုံပျောက်ဆုံးနေခဲ့သည်။
အတော်ကလေးကြာသည့်အခါမှာ ဝမ်ဖုန်းဟာ ပြန်လည်၍ သတိဝင်လာခဲ့ပြီး ယဲ့မုချင်ပြောဆိုခဲ့သည်များကို စဥ်းစားသုံးသပ်နေခဲ့သည်။ ကောင်းကင်တာအို မျိုးနွယ်စုက မွန်မြတ်ဘုံလောကကို ကျူးကျော်ပြီး အုပ်စိုးချင်သည်ဟု သူထင်ခဲ့သည်။ အခုကြည့်ရတာ ထိုအရာများ၏ နောက်ကွယ်တွင် လျို့ဝှက်ချက်များ ရှိနေနိုင်ပုံပေါ်သည်။
ဤအချိန်ကျမှသာ ယဲ့မုချင်ပြောဆိုနေခဲ့သော ရန်သူမှာ အဘယ်မျှလောက်ကြောက်မက်ဖွယ်ကောင်းကြောင်း ဝမ်ဖုန်းတစ်ယောက် သိနားလည်လိုက်ရသည်!
ကောင်းကင်တာအို မျိုးနွယ်စုများသည် လူသားမျိုးနွယ်ထက်စာလျှင် အစွမ်းထက်သော မျိုးနွယ်စုတစ်စုဖြစ်သည်။ ထိုသူများ၏ ပါရမီစွမ်းအားက မျိုးနွယ်စုများစွာကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ကောင်းကင်တာအို၏ ချစ်မြတ်နိုးခံရသော မျိုးနွယ်စုဟု ခေါ်ဆိုနိုင်သည်။ ထိုကဲ့သို့သော စွမ်းအားကြီးသည့် မျိုးနွယ်စုကြီးကတောင် တစ်ခြားသူများ၏ အသုံးချခြင်းကို ခံနေရသည်။ ထိုလူက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ။
ချင်အာလို မခန့်မှန်းနိုင်တဲ့တည်ရှိမှုကတောင် အရမ်းသတိထားနေရတာ အံသြစရာမဟုတ်တော့ပါဘူးလေ။
ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ဒီအရာတွေရဲ့နောက်ကွယ်မှာ ဘယ်သူပဲရှိနေပါစေ တစ်နေ့နေ့မှာ သူဟာ အရာအားလုံးကို အဆုံးသတ်ပစ်မည်။
"ဆရာ"
ဝမ်ဖုန်းသတိပြန်ဝင်လာတာကို တွေ့မြင်လိုက်ပြီးနောက် မင်းသမီးလန်လင်းက သူ၏ဘေးနားကိုရောက်လာကာ ပြောဆိုလိုက်သည်။ သူမ၏ ကောင်းမွန်သော အပြုအမူများက ဝမ်ဖုန်းကို သံသယဝင်ခဲ့သော အပြုအမူများနှင့် လုံးဝဆက်စပ်မှုမရှိပါ။
"မင်းရဲ့ဆရာက ဒီမှာရှိမနေဘူးဆိုတော့ အခုချိန်ကစပြီး ငါမင်းကို သင်ကြားပေးမယ်။"
ဝမ်ဖုန်းက ပြုံးလိုက်ပြီး မင်းသမီးလန်လင်းကို ပြောဆိုလိုက်သည်။ မင်းသမီးလန်လင်း၏ လက်ရှိကျင့်ကြံမှုဖြင့်ဆိုပါက သင်ကြားရန် မလိုအပ်သေးပါ။
"ကောင်းပါပြီ ဆရာ။"
မင်းသမီးလန်လင်းက နာနာခံခံဖြင့် တုန့်ပြန်လိုက်သည်။ သူမ၏ နာခံသောအသွင်အပြင်ကို တွေ့မြင်လိုက်ရပါက မြင့်မြတ်သော စန်းရိအင်ပါယာကြီးတစ်ခုလုံး ထိတ်လန့်သွားလိမ့်မည်။
"ရှောင်းယောင်၊ ဒီလူတွေကို သတ်ဖြတ်လိုက်ကွာ။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ တည်နေရာကိုလည်း ငါသိချင်တယ်။"
"ငါ့ဇနီးရဲ့တပည့်ကို ထိရဲတယ်လား။ သူတို့အားလုံးကို သတ်ဖြတ်လိုက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကိုလည်း ဖျက်ဆီးပစ်မယ်။"
ဝမ်ဖုန်း၏ အမူအယာကား ထူးမခြားနားဖြစ်နေခဲ့ကာ အနည်းငယ်မျှသော ခံစားချက်များ မပါဝင်ဘဲ ပြောဆိုလိုက်သည်။
လန်လင်းဟာ ချင်အာ၏တပည့် ဖြစ်နေခဲ့လေရာ သူ၏လူတစ်ယောက်လည်း ဖြစ်သည်။ လန်လင်းကို ထိခိုက်ရဲသူမှန်သမျှအား ပြန်လည်၍ ပေးဆပ်စေရမည်။ သူတို့ရှန်ရှန်ကျုံ့ဂိုဏ်းက အနိုင့်ကျင့်ရလွယ်ကူတယ်လို့ ထင်နေတာလား။
"ဆရာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက အရမ်းကို အစွမ်းထက်လွန်းတယ်။"
မင်းသမီးလန်လင်းက တုန်လှုပ်ခြောက်ခြားသွားပြီး ဝမ်ဖုန်း၏လက်ကို အလျင်အမြန်ဆုပ်ကိုင်လိုက်ကာ ခေါင်းကို ခါယမ်းလျက် ပြောဆိုလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ဒီဂိုဏ်းချုပ်ကလည်း အရမ်းကို အစွမ်းထက်ပါတယ်။"
"မင်းက ချင်အာရဲ့တပည့်ပဲ။ အဲ့ဒီတော့ ငါ့ရဲ့တပည့်ဘဲပေါ့။ ဘယ်သူကမှ ငါ့ရဲ့တပည့်ကို အလွယ်တကူ အနိုင်မကျင့်နိုင်ဘူး။"
ဝမ်ဖုန်းက လန်လင်း၏လက်ကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။ သူ၏ စကားလုံးများအတွင်း၌ အဆုံးအစမဲ့သော ယုံကြည်ချက်များ ပါဝင်နေခဲ့ကာ ကမ္ဘာကြီးကို ငုံ့မိုးကြည့်ရှုနေသော ထိုအကြည့်များက လန်လင်း၏နှလုံးသားကို တုန်လှုပ်သွာစေခဲ့သည်။
သူမ နောက်ဆုံးတော့ သူမဆရာ အဘယ့်ကြောင့် ဒီလူ့ကို ချစ်မိသွားသလဲဆိုတာ သိရှိသွားလေပြီ။
"ကောင်းပါပြီ ဂိုဏ်းချုပ်။"
လီရှောင်းယောင်က တုန့်ပြန်လိုက်သည်။ ထို့နောက် လန်လင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်များ၏ အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ဂုဏ်သရေကြီးမြတ်သော ချန်ခွမ်းဘုရင်များနှင့် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌ ရှိနေသော စွမ်းအားရှင်များအားလုံးသည် ဒါဏ်ရာရနေကြသော်လည်း သာမန်လူများရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။
"ဆရာ သူကဘယ်သူလဲ။"
လန်လင်းက ထိတ်လန့်နေပြီး လီရှောင်းယောင်ကိုတစ်လှည့် ဝမ်ဖုန်းကိုတစ်လှည့် သံသယများဖြင့် ကြည့်မိလိုက်သည်။
"အား!!"
နာကျင်စွာ အော်ညည်းသံများသည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များ၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ စိတ်ဝိညာဥ်ရှာဖွေရေးလမ်းစဥ်ကို အသုံးပြု၍ လီရှောင်းယောင်သည် ထိုသူများ၏ စိတ်ဝိညာဥ်တစ်ခုလုံးကို နှံ့စပ်စွာ ရှာဖွေခဲ့လေရာ သူတို့သည် အင်မတန်မှ နာကျင်နေကြသည်။
"ဘန်း! ဘန်း!"
တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များသည် လီရှောင်းယောင်၏ ဧရာမလက်ကြီးများဖြင့် ခြေမွခြင်းခံခဲ့ရသည်။ သူက ဝမ်ဖုန်း၏ အရှေ့၌ ထွက်ပေါ်လာခဲ့ကာ တည်ငြိမ်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော် ဂိုဏ်းခွဲသုံးခုအကြောင်း သိရှိလိုက်ရပါတယ်။ ကျန်တဲ့မှတ်ဥာဏ်တွေကတော့ သူတို့စိတ်ဝိညာဥ်ထဲမှာရှိနေတဲ့ ချိတ်တံဆိပ်ရဲ့ ဖျက်စီးခြင်းခံလိုက်ရတယ်။"
လီရှောင်းယောင်၏ စကားလုံးများက လန်လင်းကို အင်မတန်မှ ထိတ်လန့်သွားစေခဲ့သည်။ ထိုသူဟာ ချန်ခွမ်းဘုရင် အထွတ်အထိပ်၌ရှိသော စွမ်းအားရှင်များ၏ မှတ်ဥာဏ်ကို လိုသလို ရှာဖွေနိုင်ခဲ့သည်။ ဆရာသခင်၏ လက်အောက်ငယ်သားဟာ အနည်းဆုံးတော့ ချန်ခွမ်းဘုရင်အထွတ်အထိပ်၌ ရှိရမည်။ သို့သည်းမဟုတ် ထို့ထက်ပို၍ သန်မာရမည်။
"ဒင်၊ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ငါးရာဘီလီယံနှင့် ချန်ခွမ်းနယ်ပယ် ကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ် လက်ခံရရှိပါတယ်။"
လီရှောင်းယောင်က သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များကို သတ်ဖြတ်လိုက်ပြီးနောက် စနစ်၏ အေးစက်သောအသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းက စနစ်၏ အသိပေးသံကို လျစ်လျူရှုထားပြီး ခေါင်းငြိမ့်လိုက်ကာ လက်ကိုဆန့်တန်းလိုက်သည်။ ယင်းနောက် များစွာသောပုံရိပ်များသည် လေထုအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာကြသည်။ လီရှောင်းယောင်ဟာ ထိတ်လန့်သွားမိပါ၏။ သူမဆရာက ကမ္ဘာလောကတစ်ခုကို သယ်ဆောင်လာခဲ့တာလား။
လန်လင်းဟာ ဝမ်ဖုန်းကို ဆက်လက်၍ အထင်မသေးရဲတော့ပါ။ သူမဆရာသခင်၏ ကြိုက်နှစ်သက်ခြင်းကို ခံခဲ့လေရာ ထိုပုဂ္ဂိုလ်က တကယ်ကို သာမန်မဟုတ် ထူးခြားပေလိမ့်မည်။
မြင့်မြတ်သော စန်းရိအင်ပါယာ၏ မင်းသမီးတစ်ယောက်ဖြစ်သည်နှင့်အညီ သူမဟာ စန်းရိအင်ပါယာတစ်ခုလုံး၏ နောက်ခံကို အပြည့်အဝသိရှိနားလည်ထားခဲ့ပါသည်။ မွန်မြတ်ဘုံလောကအတွင်း၌ ဘယ်သူကမှ သက်ရှိလူသားများကို သယ်ဆောင်နိုင်သည့် လျို့ဝှက်နယ်မြေတစ်ခုကို မပိုင်ဆိုင်ထားကြောင်း သူမသိထားသည်။
သူမတွင် ရှိနေသော လျို့ဝှက်နယ်မြေဟာထိပ်တန်းအဆင့်ရှိသော ရတနာပစ္စည်းများကို သယ်ဆောင်ထားနိုင်သော်လည်း သက်ရှိလူသားများကိုတော့ သယ်ဆောင်မထားနိုင်ပါ။
အနည်းဆုံးတော့ မွန်မြတ်ဘုံလောကတွင် ထိုကဲ့သို့ ရတနာတစ်ရပ် ပိုင်ဆိုင်ထားသည့် လူပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို သူမ မကြားဖူးပါ။