← Chapters

မွန်မြတ်မှုခုနစ်ပါးစေတီ။

Vol. 36 Ch. 500

မွန်မြတ်မှုခုနစ်ပါးစေတီ။

Vol. 36 Ch. 500

ဘာသာပြန်- The Fate

မင်းသမီးလန်လင်း၏ ရှင်းပြမှုကို နားထောင်ရင်း လီချင်းတို့တတွေသည် မြင့်မြတ်သော စန်းရိအင်ပါယာကို မျှော်လင့်စောင့်စားနေမိသည်။

အထူးသဖြင့် ကုချိုးနှင့် ကုကန်းချိုးတို့ ညီအစ်ကိုနှစ်ယောက် ဖြစ်ကြသည်။ သူတို့၏မျက်နှာထက်၌ ထူးဆန်းသောအပြုံးများ ရှိနေကြပြီး မကောင်းသည့်တစ်စုံတစ်ရာကို စီစဥ်နေခဲ့သည်။

"ဒါနဲ့ မြင့်မြတ်သောမြို့တော်နဲ့ ပတ်သက်လာရင် နေရာတစ်နေရာကိုလည်း ညွှန်းဆိုရလိမ့်မယ်။"

မင်းသမီးလန်လင်းက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး လျို့ဝှက်ဆန်းကြယ်စွာ ပြောဆိုလိုက်သည်။

"အစ်မကြီး ဘယ်နေရာလဲ။"

ဝမ်ရွှယ်လေး၏ မျက်ဝန်းကြီးများမှာ စပ်စုလိုစိတ်များဖြင့် ပြည့်နှက်လာခဲ့ပြီး တိုးဖွစွာ ပြောဆိုလိုက်သည်။ 

လီချင်းနှင့် အခြားသူများဟာ ဘာကိုမှ မပြောခဲ့သော်ငြားလည်း လန်လင်းကို စိတ်ပါဝင်စားသော အမူအယာများဖြင့် စိုက်ကြည့်မိလိုက်ကြသည်။

သူတို့၏ ဂိုဏ်းတူညီမလေးလန်လင်းတွင် သာမန်မဟုတ်သော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားကြောင်း သိရှိထား၏။ သူမဟာ မြင့်မြတ်သော စန်းရိအင်ပါယာ၏ မင်းသမီးလေးဖြစ်ပြီး ဧကရာဇ်စန်းရိ၏ အချစ်မြတ်နိုးဆုံးသော သမီးတော်လေးဖြစ်၏။ သူမကိုတောင် လျို့ဝှက်ဆန်းကြယ်အောင် ပြုလုပ်နိုင်သည့်အရာမှာ သာမန်နေရာတစ်ခုတော့ မဟုတ်နိုင်ပါ။

"မွန်မြတ်မှု ခုနစ်ပါးစေတီပဲ။"

မွန်မြတ်မှု ခုနစ်ပါးစေတီလား။

လန်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ လီချင်းတို့တတွေသည် ပဟေဠိဖြစ်သွားပြီး လန်လင်း၏ ရှင်းပြမှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

"မွန်မြတ်မှုခုနစ်ပါးစေတီကို ခုနစ်ပြည်ထောင်မင်းတွေက အတူတကွ တည်ထောင်ခဲ့တာ။"

"မွန်မြတ်မှုခုနစ်ပါးစေတီမှာ လုပ်ဆောင်ချက်တစ်ခုပဲရှိတယ်။ အဲ့ဒါက ပါရမီစွမ်းအားကို စစ်ဆေးဖို့‌တဲ့။ ကျင့်ကြံမှုမြင့်မားတာနဲ့ မဆိုင်ဘဲနဲ့ ပါရမီကိုပဲ စစ်ဆေးတာ။"

"မွန်မြတ်မှုခုနစ်ပါးစေတီမှာ အလွှာကိုးလွှာပါဝင်တယ်။ နှစ်ပေါင်းများစွာအတွင်းမှာ လက်တစ်ဆုပ်စာ လူတွေကပဲ ကိုးလွှာမြောက်ကို ဝင်ရောက်နိုင်ကြတယ်။ ကိုးလွှာမြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူကတော့ လက်ရှိခေတ် မှာ လူခုနစ်ယောက်ပဲ ရှိသေးတယ်။"

"အဲ့ဒီလူပုဂ္ဂိုလ်ခုနစ်ယောက်က အင်ပါယာကြီးခုနစ်ခုရဲ့ ပြည့်ရှင်မင်းတွေပဲ။"

ရှုပ်ထွေးသော အလင်းရောင်တစ်ခုသည် မင်းသမီးလန်လင်း၏ မျက်ဝန်းများအတွင်း ဖြတ်သန်းသွားပြီး သူမက ကျယ်လောင်စွာပြောဆိုခဲ့သည်။ 

မြင့်မြတ်သော စန်းရိအင်ပါယာ၏ ထိပ်တန်းပါရမီရှင်ဖြစ်သည်နှင့်အညီ သူမနှလုံးသားအတွင်းရှိ မာန်မာနတို့မှာ နိမ့်ကျခြင်းမရှိပါ။ သူမက ဝမ်ဖုန်းကို ဆရာအဖြစ်လက်ခံခဲ့ခြင်းက ဤဂိုဏ်းတူအစ်ကိုကြီးများကိုလည်း အသိအမှတ်ပြုသည်ဟု မဆိုလိုပါ။

သူတို့ကို စိတ်လှုပ်ရှားခိုင်းလိုက်ရအောင်။ အဲ့ဒီနောက်မှာ ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ ပါရမီစွမ်းအားကို ကြည့်ရှုစစ်ဆေးရမယ်။

ဟုတ်တာပေါ့။ သူမမှာ ရည်ရွယ်ချက်ဆိုးတွေ မရှိပါဘူး။ သူမဟာ ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ ပါရမီကို စစ်ဆေးကြည့်ရှုလိုရုံသာဖြစ်တယ်။

သူမဆရာ ချစ်မြတ်နိုးသော ပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သူတို့ဟာလည်း ကမ္ဘာ၌ ပြိုင်ဘက်ကင်းများ ဖြစ်ပေလိမ့်မယ်။

"ဒါဆို ဂိုဏ်းတူညီမလေးလန်လင်းက မွန်မြတ်မှုခုနစ်ပါးစေတီကို ဖြတ်ကျော်ပြီးပြီပေါ့။"

လီချင်း၏ မျက်ဝန်းများအတွင်း၌ သံသယအရိပ်အယောင်တစ်ခုဖြတ်သန်းသွားပြီး မေးမြန်းလိုက်သည်။

ရှန်ရှန်ကျုံ့ဂိုဏ်း၏ အကြီးဆုံးဂိုဏ်းတူအစ်ကိုကြီးဖြစ်သည်နှင့်အညီ သူဟာ လန်လင်း၏ အစီအစဥ်ကို ထွင်းဖောက်မြင်နိုင်စွမ်းရှိပါသည်။ သို့သော် သူဟာ ဂရုမစိုက်ပါ။ ဂိုဏ်းတူညီမလေးလန်လင်း သူတို့ကို သိလိုစိတ်ဖြစ်သည်က သဘာဝကျပါသည်။ သူတို့ဟာလည်း ဂိုဏ်းတူညီမငယ်လေးလန်လင်းအကြောင်းကို ထပ်တူထပ်မျှ စိတ်ဝင်စားနေသည် မဟုတ်ပါလော။

သခင်မက အဘယ်မျှလောက် အစွမ်းထက်ပါလိမ့်။ လီချင်းနှင့် အခြားသူများသည် သခင်မ၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမှုကို ခံခဲ့ရသည်။ ဂိုဏ်းတူညီမငယ်လေးလန်လင်းကို သခင်မက တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်ခဲ့လေရာ သူမမှာလည်း ခေသူမဖြစ်နိုင်ပါ။

"သေချာတာပေါ့။"

လန်လင်းက ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

"ညီမငယ်လေးက ဘယ်အထပ်ကိုများ ဖြတ်သန်းခဲ့တာလဲ။"

ယန်ရှန်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူဟာ ရထားလုံးပေါ်တက်ပြီးနောက် ပထမဆုံးသော စကားကို ပြောဆိုခဲ့သည်။

"ကိုးလွှာမြောက်ကို ရောက်ရှိခဲ့တယ်။"

သူမဟာ မွန်မြတ်မှုခုနစ်ပါးစေတီ၏ ကိုးလွှာမြောက်ကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့တာကြောင့် မြင့်မြတ်သော စန်းရိအင်ပါယာတစ်ခွင်၌ နာမည်ကျော်ကြားလာခဲ့သည်။ လက်ရှိစန်းရိအင်ပါယာလူငယ်မျိုးဆက်များအတွင်း၌ ထိပ်တန်းဖြစ်လာခဲ့သည်။

ထိုအချိန်၌ သူမဟာ ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ 

ယခု သူမကြီးရင့်လာသည်နှင့်အမျှ သူမ၏ပါရမီကလည်း ပိုမို၍ အားကောင်းလာခဲ့သည်။ သူမဟာ ကိုးလွှာမြောက်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကောင်းသော်လည်း သွားရောက်စမ်းသပ်ခြင်း မပြုခဲ့ပါ။ သူမ၏အဖေက သိုသိုသိပ်သိပ် နေထိုင်ရန် မှာကြားခဲ့သည်။ ထိုအခါမှသာ မနာလိုဝန်တိုမှုများနှင့် အမုန်းတရားများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကြီးမြတ်သော ဧကရာဇ်စန်းရိ၏ စကားလုံးများကြောင့် မင်းသမီးလန်လင်းသည် မွန်မြတ်မှုခုနစ်ပါးစေတီကို ဆက်လက်စိန်ခေါ်မည့် ရည်ရွယ်ချက်အား စွန့်လွှတ်ခဲ့သည်။

လန်လင်း၏စကားကို ကြားလိုက်ရသည့်အခါ လီချင်းတို့တတွေ၏ မျက်ဝန်းများသည် လှုပ်ရှားသွားခဲ့သည်။ ဂိုဏ်းတူညီမလေးလန်လင်း၏ စကားများအရ ကိုးလွှာမြောက်ကို ရောက်နိုင်သူများသည် အင်မတန်မှ ရှားပါးပေလိမ့်မည်။ ဆိုလိုတာက ဂိုဏ်းတူညီမလေးလန်လင်းသည် အင်မတန်မှ ပါရမီအားကောင်းပါသည်။ သူတို့ကရော ဘယ်သူတွေလဲ။ သူတို့ရော အလွှာဘယ်လောက်ကိုများ ဖြတ်ကျော်နိုင်မလဲ။ သူတို့က ဂိုဏ်းတူညီမလေးလန်လင်းထက် သန်မာမှာလား။

အချိန်တစ်ခုထိတိုင်အောင် လီချင်းတို့တတွေသည် မွန်မြတ်မှုခုနစ်ပါးစေတီအကြောင်းကို စိတ်ဝင်စားလာခဲ့သည်။

"ဂိုဏ်းတူအစ်ကိုကြီးတွေကော ဝင်ရောက်စမ်းသပ်ချင်လား။ စမ်းသပ်ချင်တယ်ဆိုရင် ဂိုဏ်းတူညီမငယ်လေးက စီစဥ်ဆောင်ရွက်ပေးပါမယ်။"

လန်လင်းက လီချင်းတို့ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းများကို အနည်းငယ်ကျဥ်းမြောင်းလျက် မေးမြန်းလိုက်သည်။ သူမဟာ လီချင်းတို့တတွေ ငြင်းပယ်မှာကို စိုးရိမ်နေသည့်အလား နောက်ထပ်စကားလုံးများကိုတောင် အလောသုံးဆယ် ပြောဆိုခဲ့သေးသည်။

"ဒါနဲ့ ခုနစ်လွှာရဲ့အထက်ကို ဝင်ရောက်နိုင်ပြီဆိုရင် ဂိုဏ်းတူအစ်ကိုကြီးတွေက အရပ်လေးမျက်နှာမှာ ကျော်ကြားလာပါလိမ့်မယ်။ အနည်းဆုံးတော့ မြင့်မြတ်တဲ့ စန်းရိအင်ပါယာမှာ ဂိုဏ်းတူအစ်ကိုကြီးတို့ကို မသိတဲ့သူ မရှိနိုင်တော့ပါဘူး။"

"ခုနစ်လွှာမြောက်ကို ဝင်ရောက်နိုင်မယ်ဆိုရင် ချန်ခွမ်းဘုရင်အဆင့်စွမ်းအားရှင်က အစ်ကိုကြီးတို့ကို လာရောက်တွေ့ဆုံပြီး တပည့်အဖြစ်လက်ခံလိမ့်မယ်။ ရှစ်လွှာမြောက်ကို ဝင်ရောက်နိုင်ခဲ့ရင်တော့ ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအားရှင်ကြီးက ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး စုဆောင်းလိမ့်မယ်။ ကိုးလွှာမြောက်ကို ဝင်ရောက်နိုင်ရင်တော့ မြင့်မြတ်တဲ့ သူတော်စင်တွေရဲ့ တပည့်အဖြစ် လက်ခံခြင်းကို ခံရလိမ့်မယ်။ ကိုးလွှာမြောက်ကို ဖြတ်ကျော်နိုင်ရင်တော့ ကျွန်မရဲ့ တော်ဝင်ခမည်းတော်က ဂိုဏ်းတူအစ်ကိုကြီးတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စုဆောင်းပါလိမ့်မယ်။"

"မွန်မြတ်မှုခုနစ်ပါးစေတီက စေတီတစ်ခုဖြစ်ရုံတင်မကဘူး စမ်းသပ်မှုစစ်ဆေးတဲ့ နေရာလည်းဖြစ်တယ်။ အဲ့ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေအတွင်းက လူငယ်ပါရမီရှင်တွေရဲ့ စွမ်းအားကို စမ်းသပ်တာ။"

မင်းသမီးလန်လင်း၏ စကားဆုံးသွားသည့်အခါ လီချင်းတို့တတွေ၏ မျက်ဝန်းများအတွင်း၌ အလင်းရောင်များ ပိုမိုတောက်ပလာခဲ့သည်။ 

သူတို့ဟာ စွမ်းအားရှင်ကြီးများ၏ ကိုယ်တိုင်ကိုယ်ကျ တပည့်အဖြစ်လက်ခံခြင်းကို မလိုချင်ကြပါ။ သူတို့လိုချင်သည်က ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂုဏ်သတင်းကို အရပ်လေးမျက်နှာ၌ ကျော်ဇောစေလိုခြင်းဖြစ်သည်။

စဥ်းစားကြည့်စမ်းပါ။ သူတို့ဂိုဏ်းတူညီအစ်ကိုတွေသာ ကိုးလွှာမြောက်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ရင် ဘယ်လိုမျိုး လှိုင်းဂယက်ကို ထစေလိုက်မှာလဲ။သူတို့က ရှန်ရှန်ကျုံ့ဂိုဏ်းကဆိုတာ သိရှိသွားခဲ့ရင် ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ အမည်နာမကလည်း စကြာဝဠာတစ်ခုလုံးကို ကိုင်လှုပ်နိုင်လိမ့်မည်။

အတိတ်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏ ကြီးထွားရေးအတွက် အလုပ်ကြိုးစားခဲ့ရသည်။ ယခုအချိန်က သူတို့ဂိုဏ်းတပည့်များ တာဝန်ကိုယ်စီ ထမ်းရွက်ရမည့် အချိန်အခါဖြစ်ပါသည်။

သူတို့ဟာ ထုတ်ဖော်မပြောဆိုခဲ့သော်လည်း ခိုင်မာသောဆုံးဖြတ်ချက်များကို ချမှတ်ပြီးလေပြီ။

လူငယ်မျိုးဆက်တိုင်းဟာ သန်မာလိုကြပြီး ယှဥ်ပြိုင်လိုစိတ် ကြီးမားကြသည်။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ လက်ရွေးစင်တပည့်များဖြစ်သည့်အလျောက် သူတို့ဟာ ရှန်ရှန်ကျုံ့တစ်ဂိုဏ်းလုံး၏ ဂိုဏ်းသားများကို ကိုယ်စားပြုပါသည်။ သူတို့က ဂိုဏ်းအတွက် တိုက်ခိုက်ရပေလိမ့်မည်။

မင်းသမီးလန်လင်း၏ ဆွဲဆောင်မှုမပါလျှင်တောင်မှ မွန်မြတ်မှုခုနစ်ပါးစေတီအကြောင်းကို သိလျှင်သိချင်းဆိုသလို သူတို့အားလုံးသွားရောက်စမ်းသပ်ကြမှာဖြစ်သည်။

မင်းသမီးလန်လင်းက လီချင်းတို့ကို စိုက်ကြည့်လိုက်ပြီး တိတ်တဆိတ်ဝမ်းမြောက်သွားခဲ့သည်။ သူမဟာ ဤဂိုဏ်းတူအစ်ကိုကြီးများ၏ ပါရမီနှင့် လုပ်ဆောင်စွမ်းကို သိရှိလိုလားသည်။

သူမပြောဆိုခဲ့သည့်စကားများမှာ နိမ့်ကျနေသေးသည်။ အမှန်တကယ်မှာတော့ မွန်မြတ်မှုခုနစ်ပါးစေတီ၏ ခက်ခဲမှုမှာ တိုင်းတာ၍ မရနိုင်ပါ။

သင်သာ တတိယမြောက်အလွှာကို ဝင်ရောက်နိုင်ပြီဆိုလျှင် ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်ပြီဖြစ်သည်။ ပဥ္စမမြောက်အလွှာကို ဝင်ရောက်နိုင်ရင်တော့ မကောင်းဆိုးဝါးတစ်ကောင်ဟု ခေါ်တွင်ခံရမည်။ ခုနစ်လွှာမြောက်ကိုဝင်ရောက်နိုင်ရင်တော့ ပို၍တောင် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသေးသည်။ မြင့်မြတ်သော စန်းရိအင်ပါယာတစ်ခုလုံးတွင် ခုနစ်လွှာမြောက်ကို ဝင်ရောက်နိုင်သူဟူ၍ ဆယ်စုနှစ်အတွင်း၌ မပေါ်ထွန်းသေးပါ။

ခုနစ်လွှာမြောက်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်သူများသည် အစစ်အမှန် ပါရမီရှင်များဖြစ်ကြ၏။ 

ဤကနေ့ မြင့်မြတ်သော စန်းရိအင်ပါယာ၏ လူငယ်မျိုးဆက်များတွင် သူမအပါအဝင် လူခုနစ်ယောက်သာ ကိုးလွှာမြောက်ကို ဝင်ရောက်နိုင်ခဲ့ကြသည်။ လူဆယ့်လေးယောက်သာ ရှစ်လွှာမြောက်ကို ဝင်ရောက်နိုင်ခဲ့ပြီး ခုနစ်လွှာမြောက်ကိုတော့ လူပေါင်းရှစ်ဆယ်ကျော်သာ ဝင်ရောက်နိုင်ခဲ့သည်။ 

အရေအတွက်မှာ များပြားပုံပေါ်သော်လည်း ခုနစ်ပြည်ထောင်အတွင်း၌ လူပေါင်းသန်းရာနှင့်ချီ၍ နေထိုင်ကြပါသည်။ အနည်းဆုံးတော့ လူငယ်မျိုးဆက်ပေါင်း သန်းဆယ်နှင့်ချီ၍ ရှိလေသည်။ သို့ပါသော်လည်း လူတစ်ရာနီးနီးကသာ ခုနစ်လွှာနှင့်အထက်ကို ဝင်ရောက်နိုင်ကြသည်။ မွန်မြတ်မှုခုနစ်ပါးစေတီ အဘယ်မျှလောက်ခက်ခဲသည်ကို တွေးတောကြည့်ပါလေ။

ထိုသို့ စွမ်းဆောင်နိုင်ကြသူများမှာ တစ်သန်း၌တစ်ယောက်သာရှိသော ပါရမီရှင်များ ဖြစ်ကြ၏။

"ဒါဆိုရင်တော့ ဂိုဏ်းတူညီမလေးကိုပဲ အားကိုးရတော့မယ်‌ဟေ့ ။"

ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ယန်ရှန်းနှင့် လီချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လျက် ပြောဆိုလိုက်ကြသည်။

"ဒါကအဆင်ပြေပါတယ်။ ဂိုဏ်းတူညီမလေးက အရာအားလုံးကို ကောင်းကောင်းမွန်မွန် စီစဥ်ပေးပါမယ်။ ဂိုဏ်းတူအစ်ကိုကြီးတို့ စိတ်အေးအေးထားပါ။"

လန်လင်းသည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် စိတ်အာရုံအတွင်းရှိ နေရာလွတ်ကို ဝင်ရောက်လိုက်ကာ ကျောက်စိမ်းပေလွှာလေးတစ်ခုအတွင်းသို့ အမှာစကားပို့ချလိုက်သည်။ ထို့နောက် လီချင်းတို့နှင့် ပြန်လည်၍ စကားစမြည် ပြောဆိုနေခဲ့သည်။

All Chapters