မွန်မြတ်သော မြို့တော်သို့ ရောက်ရှိခြင်း။
Vol. 36 Ch. 501
ဘာသာပြန်- The Fate
အဆုံးအစမဲ့သော လွင်ပြင်ကျယ်ကြီးအပေါ်၌ ခမ်းနားကြီးကျယ်ပြီး ထင်ရှားကျော်ကြားသော ရှေးဟောင်းမြို့တော်ကြီးသည် တိမ်ဆိုင်တိမ်လိပ်များအတွင်း၌ နတ်ဘုံသမျှ ခမ်းနားစွာ တည်ရှိနေခဲ့သည်။
ဤရှေးဟောင်းမြို့တော်ကြီး၏ အောက်ဘက်၌ ကောင်းကင်ယံထိတိုင် မြင့်တက်နေသော ဧရာမတိုင်လုံးကြီးကိုးလုံးရှိနေပြီး ၎င်းတိုင်လုံးကိုးလုံးက မြို့တော်ကြီးတစ်ခုလုံးကို ထောက်ကန်ပေးနေသည်။
ဤသည်မှာ မွန်မြတ်ဘုံလောကအတွင်းရှိ အထွတ်အထိပ်မြို့တော် ခုနစ်မြို့အနက် တစ်ခုဖြစ်သော မြင့်မြတ်သော စန်းရိမြို့တော်ဖြစ်သည်။
၎င်းမှာ စန်းရိအင်ပါယာ၏ အချက်အချာမြို့တော်လည်းဖြစ်ပြီး မရေမတွက်နိုင်သော စွမ်းအားရှင်များ ကွန်းခိုရာနေရာကြီးလည်း ဖြစ်လေသည်။
ဤမြို့တော်မှာ သာမန်မြို့တော်မဟုတ်သလို ကောင်းကင်ယံထိတိုင် မြှောက်တက်နေသော တိုင်လုံးကြီးကိုးလုံးဟာလည်း သာမန်တိုင်လုံးကြီးများမဟုတ်ကြပါ။
မြို့တော်ကြီးတစ်ခုလုံးနှင့် တိုင်လုံးကြီးကိုးလုံးဟာ ပေါင်းစုနေကြသော ပျက်သုဥ်းခြင်းဧကရာဇ်အဆင့် မှော်ဝင်လက်နက်ဖြစ်သည်။ ၎င်းကို မြင့်မြတ်သော စန်းရိအင်ပါယာကြီးတစ်ခုလုံးသည် စွမ်းစွမ်းတမံပြုပြင်စီရင်ခဲ့ရခြင်းဖြစ်ပါသည်။ ၎င်းဟာ စန်းရိအင်ပါယာကြီး၏ ခိုင်မြဲသော အခြေခံအုတ်မြစ်ကြီးလည်း ဖြစ်လေသည်။
ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်တစ်ယောက်သည် မွန်မြတ်သော စန်းရိမြို့တော်ကို ထိန်းချုပ်၍ ပျက်သုဥ်းခြင်းဧကရာဇ်အဆင့်ရှိသော စွမ်းအားကို ထုတ်လွှတ်နိုင်ကာ ကျရောက်လာသော ရန်သူမှန်သမျှကို ချေမှုန်းနိုင်စွမ်းရှိသည်။ ဤသည်ကား အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းပါသည်။
"ဝှစ်"
ကောင်းကင်ယံအထက်တွင် အလင်းတန်းကြီးတစ်တန်းသည် မွန်မြတ်သော စန်းရိမြို့တော်ရှိရာသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာခဲ့သည်။ အနီရောင်နဂါးမြင်းကြီး ရှစ်ကောင်သည် ရထားလုံးကို ဆွဲနေခဲ့ကာ မွန်မြတ်သော စန်းရိမြို့တော်အထက်၌ သက်ဆင်းလိုက်လေသည်။
"မင်းသမီးလေးလန်လင်း ပြန်ရောက်လာပြီလား။"
"မင်းသမီးလန်လင်းရဲ့ မျက်နှာတော်ကို ငါမမြင်တွေ့ရတာ ဝမ်းနည်းစရာကောင်းလိုက်တာ။"
"သေသေချာချာလည်း စဥ်းစားကြည့်စမ်းပါဦးကွာ။ မင်းသမီးလေးရဲ့ မျက်နှာတော်ကို ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ် တွေ့မြင်နိုင်မှာလဲ။"
မြို့တော်ဂိတ်တံခါး၌ ရှိနေကြသော အစောင့်များသည် မှော်ဝင်ရထားလုံးကို တွေ့မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မတားဆီးရဲခဲ့ပါ။ သူတို့ဟာ ရထားလုံး မြို့ကြီးအတွင်း ဝင်ရောက်သွားတာကို အံအားတသင့် စိုက်ကြည့်နေမိကြသည်။
သာမန်လူတစ်ယောက်သာ မွန်မြတ်သော မြို့တော်အတွင်းသို့ ဝင်ရောက်ရဲပါက မြို့တော်ဟာ အလိုအလျှောက် တားဆီးပေလိမ့်မည်။
ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ယောက်တောင် မွန်မြတ်သော စန်းရိမြို့တော်အတွင်းသို့ အတင်းအကြပ်ဝင်ရောက်ရဲခြင်း မရှိကြပါ။ သူတို့ဟာ မြို့ဂိတ်တံခါးကို နာနာခံခံဖြင့်သာ ဖြတ်သန်းသွားလာနိုင်ကြသည်။ ချန်ခွမ်းဧကရာဇ်အထက်အဆင့်၌ ရှိနေသော စွမ်းအားရှင်များကသာမြို့တော်အတွင်းသို့ တိုက်ရိုက်ဖြတ်သန်းသွားလာခွင့်ရှိကြသည်။
ဟုတ်ပါပေသည်။ မင်းသမီးလန်လင်းဟာ စန်းရိဧကရာဇ်၏ ချစ်မြတ်နိုးရသော မင်းသမီးလေးဖြစ်လေရာ မွန်မြတ်သော မြို့တော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရှိပါသည်။
ရထားလုံးအတွင်းတွင်....
လီချင်းနှင့် အခြားသူများသည် ပြတင်းပေါက်မှတစ်ဆင့် မြင့်မြတ်သော စန်းရိမြို့တော်ကြီးတစ်ခုလုံးကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့ကြသည်။
မွန်မြတ်သော မြို့တော်အတွင်းရှိ ကျင့်ကြံသူများသည် ယုံကြည်မှုများ ပြည့်နှက်နေကြပုံပေါ်သည်။ အဆင့်မမြင့်မားသော ကျင့်ကြံသူများကတောင် ယှဥ်ပြိုင်လိုစိတ်များနှင့် ခွန်အားများ ပြည့်နှက်နေကြသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ခုနစ်ပြည်ထောင်၏ မွန်မြတ်သော မြို့တော်များအတွင်း၌သာ တွေ့မြင်နိုင်လေသည်။ မွန်မြတ်ဘုံလောကအတွင်းရှိ အဆင့်နိမ့်ကျင့်ကြံသူများသည် ကျင့်ကြံရေးအရင်းအမြစ်များ ရရှိရန်နှင့် ရှင်သန်နိုင်ရန်အတွက် တစ်ယောက်ကိုတစ်ယောက် ရန်လိုမှုအပြည့်ဖြင့် တိုက်ခိုက်နေကြရသည်။
သူတို့နှလုံးသားအတွင်းရှိ အမှန်တရားကို မြတ်နိုးမှုကြောင့် တစ်ချို့သော ကျင့်ကြံသူများကတော့ ကောင်းကင်တာအို မျိုးနွယ်စုများမှ လူများကို တိုက်ခိုက်သတ်ဖြတ်ကြသည်။
သက်ရှိတိုင်းဟာ မတူကွဲပြားသော အခြေအနေ၌ ရှိနေကြပြီး အရာအားလုံးဟာ ရှင်သန်ရန်အတွက်သာ ဖြစ်ကြသည်။
မွန်မြတ်သော မြို့တော်ကြီးခုနှစ်မြို့သည် အင်ပါယာကြီးခုနစ်ခု၏ အချက်အချာနေရာ၌ တည်ရှိကြလေသည်။ ထိုနေရာ၌ အလွန်အမင်း လုံခြုံရုံသာမက အခွင့်အလမ်းများစွာလည်း ရှိကြပါသည်။ သူတို့သာ ပါရမီရှိသ၍ လူမသိသူမသိ မြေမြှုပ်ခံရမှာကို စိုးရိမ်စရာမလိုပါ။
ထို့အတွက်ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ဦးခေါင်းများကို ပြူထွက်လျက် မွန်မြတ်သော မြို့တော်ခုနစ်မြို့အတွင်း ပြုံတိုးဝင်ရောက်ရန် ကြိုးစားနေကြသည်။
စန်းရိနန်းတော်ကြီးသည် မွန်မြတ်သော စန်းရိမြို့တော်၏ အလယ်ဗဟို၌ တည်ရှိလေသည်။ ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှကာ နန်းတော်၏ တံတိုင်းများကို အမည်မသိ သတ္ထုများဖြင့် ပြုလုပ်ထားခဲ့သည်။
တစ်ယောက်ဟာ စန်းရိနန်းတော်အတွင်းသို့ ချဥ်းကပ်သွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာကို ရိုက်ခတ်နေသော ပြင်းထန်သည့် ဖိအားတစ်ရပ်ကို ခံစားရမှာဖြစ်သည်။
ဖြောင့်တန်းစွာ လှံတံရှည်များကို ကိုင်ဆောင်လျက် ဖြောင့်သန်းစွာ မတ်တပ်ရပ်နေကြသော အစောင့်စစ်သည်များဟာလည်း မည်သည့်ကျင့်ကြံသူကိုမဆို တုန်ယင်သွားစေရန် လုံလောက်လေသည်။
တော်ဝင်နန်းတော်ကြီး၏ ဂိတ်တံခါးအရှေ့တွင်် မျက်နှာကြီးများကို ရှင်းလင်းစွာ မတွေ့မြင်နိုင်သော ဧရာမရုပ်ထုကြီးများ ရှိနေကြသည်။ ဒဏ္ဍာရီများအရ ၎င်းမှာ ရှေးလွန်လေပြီးသော ဧကရာဇ်များဖြစ်ကြပြီး ဤနေရာ၌ မတ်တပ်ရပ်နေကြကာ မြင့်မြတ်သော စန်းရိအင်ပါယာတစ်ခုလုံးကို စောင့်ကြည့်ပေးနေသည်ဟု ဆိုကြသည်။
မြင့်မားသော နန်းတော်ကြီး၏ ဂိတ်တံခါးအပေါ်တွင် စန်းရိနန်းတော်ဟူသော စကားလုံးလေးလုံးကို ရေးထွင်းထားသည်။ ၎င်းကို ပထမဆုံးသော စန်းရိဧကရာဇ်က သူ၏ စစ်သားများကို အသုံးပြု၍ ရေးထွင်းခဲ့ခြင်းဖြစ်သည်။ တစ်ချက်စိုက်ကြည့်၍မျှဖြင့် စိတ်ဝိညာဥ်ကို ဝါးမြိုနိုင်သော အရှိန်အဝါတစ်ခုကို ခံစားရမည်ဖြစ်ကာ လူအများဟာ ကြောက်လန့်သွားရပေလိမ့်မည်။
အနီရောင်နဂါးမြင်းကြီးများသည် ဝင်ရိုးကိုးခု ရထားလုံးကိုဆွဲလျက် နန်းတော်အတွင်း ဝင်ရောက်သွားခဲ့ကာ မွန်မြတ်မှုခုနစ်ပါးစေတီသို့ ဦးတည်နေခဲ့သည်။
မွန်မြတ်မှုခုနစ်ပါးစေတီသည် တော်ဝင်နန်းတော်၏ အရှေ့ဘက်ဆုံးအပိုင်း၌ တည်ရှိကာ မြို့တော်အတွင်း၌ အစည်ကားဆုံးလမ်းဖြစ်သည့် ဆူဇာကူလမ်းနှင့် နီးကပ်လျက်ရှိသည်။၎င်းဟာ တစ်နှစ်လျှင် တစ်ကြိမ်ဖွင့်လှစ်ပြီး မည်သည့်လူငယ်ပါရမီရှင်မဆို စွမ်းဆောင်ရည်များ လာရောက်စစ်ဆေးနိုင်သည်။
သာမန်လူများအတွက်တော့ တစ်နှစ်လျှင် အခွင့်အရေးတစ်ကြိမ်သာ ရှိကြပါသည်။ သို့ပါသော်လည်း မင်းသမီးလန်လင်းလို တော်ဝင်မျိုးနွယ်များကတော့ လိုအပ်သည့်အချိန်တိုင်းတွင် ဝင်ရောက်စစ်ဆေးနိုင်စွမ်းရှိသည်။
မွန်မြတ်မှုခုနစ်ပါးစေတီ တည်ရှိသော မွန်မြတ်မှု ခုနစ်ပါးနန်းတော်ကြီးအတွင်း၌ မွန်မြတ်မှုခုနစ်ပါးစေတီကို စီစဥ်ကွပ်ကဲရသော နန်းတော်ဆရာသခင် ယဲ့ဝူသည် လက်အောက်ငယ်သားများကို ညီညာစွာ စီတန်းစေလျက် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံပေါ်သည်။
သူတို့၏ဘေးနားတွင်တော့ များစွာသော လူငယ်ပါရမီရှင်များ ရှိနေကြသည်။
အဆိုပါ လူငယ်ပါရမီရှင်များသည် တော်ဝင်မိသားစု၏ အဖွဲ့ဝင်များ သို့တည်းမဟုတ် မြင့်မြတ်သော စန်းရိအင်ပါယာ အဆင့်မြင့်မျိုးနွယ်စုများမှ ဖြစ်ကြပေလိမ့်မည်။ သူတို့အားလုံးဟာ သာမန်လူများ လက်လှမ်းမမှီနိုင်သော အဆင့်အတန်းများကို ကိုင်ဆောင်ထားကြသည်။ အခြားသူများအတွက် မင်းသမီးလန်လင်း၏ လှုပ်ရှားမှုများကို သိရှိရန်ခက်ခဲသော်လည်း သူတို့အတွက်တော့ လွယ်ကူနေလေသည်။
ထိုလူငယ်မျိုးဆက်များသည် လမ်းကြောင်းနှစ်ကြောင်းခွဲ၍ တစ်ညီတစ်ညာတည်း မတ်တပ်ရပ်နေကြသည်။
အုပ်စုတစ်စုကို ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်က ဦးဆောင်ထားသည်။ သူဟာ ရွှေရောင်နဂါးချည်မျှင်ထိုးထားသော ဝတ်ရုံကိုဝတ်ဆင်ထားပြီး မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်လျက်ရှိသည်။ သူဟာ လန်လင်း၏အစ်ကိုကြီးဖြစ်သည်။
သူ၏ ဘေးမှာတော့ သူ့နောက်ကို လိုက်ပါကြသော တော်ဝင်မိသားစု၏ လူငယ်လေးများ ရှိကြသည်။ သူ၏ညီမက မွန်မြတ်မှုခုနစ်ပါးစေတီကို တစ်စုံတစ်ယောက်အား ခေါ်ဆောင်လာကြောင်း ကြားသိခဲ့ရတာကြောင့် သူ့ညီမငယ်ကို ကူညီပေးရန် ရောက်ရှိလာခြင်းဖြစ်သည်။
အခြားသော အုပ်စုကိုတော့ ညီတူညီမျှချောမောကြသော အမျိုးသားလေးယောက်က ဦးဆောင်ထားသည်။ သူတို့က မြင့်မြတ်သော စန်းရိအင်ပါယာ၏ အဆင့်မြင့်ဆက်ခံသူများဖြစ်ကြသည်။
သူတို့ဟာ မွန်မြတ်သော စန်းရိမြို့တော် အတွင်းရှိ အဓိကမိသားစုကြီးလေးစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ စစ်ထူမိသားစု၏ သခင်ငယ်လေး စစ်ထူမင်၊ နန်ကုန်းမိသားစု၏ သခင်ငယ်လေး နန်ကုန်းဖုန်း၊ ယဲ့မိသားစု၏ ပဥ္စမမြောက်သခင်လေး ယဲ့လုံနှင့် ကျန်းမိသားစု၏ သခင်ငယ်လေး ကျန်းထျန်းမင်တို့သာတည်း။
သူတို့လေးယောက်ဟာ မိုးကောင်းကင်၏ ဂုဏ်ယူရသော သားတော်များဖြစ်ကြပြီး ခုနစ်လွှာမြောက်အထိ ဝင်ရောက်နိုင်စွမ်းရှိခဲ့ကြသည်။ သူတို့ဟာ မွန်မြတ်သော မြို့တော်အတွင်း၌ မင်းသမီးလန်လင်းကို အပြင်းအထန်စွဲလမ်းကြသော လူငယ်မျိုးဆက်များလည်း ဖြစ်ကြလေသည်။ မင်းသမီးလန်လင်းက တစ်ခြားသောသူများအတွက် မွန်မြတ်မှုခုနစ်ပါးစေတီ၏ စမ်းသပ်မှုကို ကိုယ်တိုင်ကိုယ်ကျ စီစဥ်ခဲ့သည်ဟု သူတို့ကြားသိခဲ့ရသည်။ ဘယ်သူကများ မင်းသမီးလန်လင်း၏ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးရမှုများနှင့် ထိုက်တန်ပါသလဲဆိုတာကို သူတို့သိရှိလိုကြသည်။
ထိုသူများ၏ စစ်ဆေးမှုရလဒ်က သူတို့လောက်မြင့်မားခြင်းမရှိပါက သူတို့ဟာ ထိုပုဂ္ဂိုလ်များကို ချနှင်း၍ မင်းသမီးလန်လင်း၏ အာရုံစိုက်မှုကို ရရှိရန် ပြုလုပ်ဖို့ ဝန်မလေးကြပါ။
မင်းသမီးလန်လင်းဟာ သူတို့ကိုတောင် လေးလေးနက်နက် အာရုံစိုက်ဖူးခြင်း မရှိပါချေ။ ထိုလူတွေက သူတို့လောက်တောင် ပါရမီမကောင်းဘဲနဲ့ မင်းသမီးလန်လင်းရဲ့ အာရုံစိုက်မှုကိုရဖို့ ထိုက်တန်ပါရဲ့လား။
ဟုတ်ပါပေသည်။ ဤတစ်ကြိမ်ကား မြင့်မြတ်သော စန်းရိအင်ပါယာ၏ လူငယ်မျိုးဆက်များကို စစ်ဆေးအကဲဖြတ်သည့်ပွဲ မဟုတ်ပါ။ စစ်မှန်သော ထိပ်တန်းပါရမီရှင်များသည် ဒီလိုကိစ္စရပ်လေးကို လာရောက်ကြည့်ရှုကြမှာ မဟုတ်ချေ။
ဒါပေမယ့် ဒါက သာမန်စစ်ဆေးမှုလေးပဲလေ။ ရလာဒ်က ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ထက်တော့ ကောင်းနိုင်ဦးမှာလား။
ဟာသပဲ။ သူတို့က ရှစ်လွှာမြောက်အထိ ဝင်ရောက်နိုင်ခဲ့ကြတဲ့ ထိပ်တန်းပါရမီရှင်တွေကွ။ မင်းသမီးလန်လင်းလို လူမျိုးသာမဟုတ်ရင် သူတို့ရဲ့ အာရုံစိုက်မှုနှင့် ထိုက်တန်မှာလား။
"အစ်ကိုကြီးတို့ အားလုံးအဆင်သင့်ဖြစ်ကြပြီလား။"
ဝင်ရိုးကိုးခုရထားလုံးအတွင်းတွင် မင်းသမီးလန်လင်းက မွန်မြတ်မှုခုနစ်ပါးစေတီကို စိုက်ကြည့်လျက် ခပ်ဖွဖွ ပြုံးရယ်ကာ စနောက်လိုက်သည်။ သူမဟာ သူမ၏ဂိုဏ်းတူအစ်ကိုကြီးများ အဘယ်မျှလောက် အစွမ်းထက်ကြောင်း တွေ့ရရန် မစောင့်ဆိုင်းနိုင်တော့ချေ။ သူတို့က ဆရာ့ရဲ့နှစ်သက်မှုနဲ့ တကယ် ထိုက်တန်ရဲ့လား။
"သေချာတာပေါ့ ဂိုဏ်းတူညီမလေး။"
လီချင်းနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ နက်ရှိုင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။ အနည်းငယ်လေးနက်နေကြသော လီချင်းနှင့် ယန်ရှန်းတို့မှလွဲ၍ နှလုံးသားကင်းမဲ့သော ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် လုံးဝကို အာရုံစိုက်မထားကြပါ။ ဝမ်ရွယ်ကလေးကတော့ ပို၍တောင် အပူအပင်ကင်းမဲ့နေပုံပေါ်သည်။
မျက်လုံးများကို တင်းကြပ်စွာမှိတ်ထားခဲ့သော လီပိုင်သည် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ သူဟာ နက်ရှိုင်းသော မျက်ဝန်းများဖြင့် အဝေးတစ်နေရာ၌ရှိနေသော ထပ်ခိုးနန်းဆောင်ကို စူးစိုက်ကြည့်နေခဲ့သည်။
(ထပ်ခိုးနန်းဆောင်ဆိုတာ အမြင့်တစ်နေရာမှာ ဆောက်လုပ်ထားတဲ့ အထပ်မြင့်နန်းဆောက်ထင်ပါရဲ့)
ထိုနေရာ၌ ဝင်ရိုးကိုးခုရထားလုံးကို စူးစိုက်ကြည့်နေခဲ့သော အေးစက်သည့် မျက်ဝန်းတစ်စုံရှိနေခဲ့သည်။