ကျွန်တော်ခွင့်မပြုနိုင်ဘူး!
Vol. 36 Ch. 502
ဘာသာပြန်- The Fate
ထပ်ခိုးနန်းဆောင်ထဲတွင် ခရမ်းရွှေရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောခံ့ညားသည့် လူငယ်လေးတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တရွေ့ရွေ့ ရွေ့လျားသွားသော ဝင်ရိုးကိုးခုရထားလုံးကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ချောမောခံ့ညားသော မျက်နှာကလေးမှာ ရန်လိုမှုတို့ဖြင့် မဲ့ရွဲ့နေခဲ့သည်။
"သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက အမှိုက်ကောင်တွေက ချန်ခွမ်းကပ်ဘေးအဆင့်သာသာပဲ ရှိတဲ့အမျိုးသမီးတစ်ယောက်ကိုတောင် မသတ်ဖြတ်နိုင်ဘူး...!"
ကြမ်းတမ်းခက်ထန်သော အသံတစ်သံသည် လူငယ်လေး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ လူငယ်လေး၏ လက်သီးများသည် တင်းကျပ်စွာ ဆုပ်သွားခဲ့ပြီး သူ၏မျက်ဝန်းများမှ အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
"ကျစ်ကျစ်... အကြီးဆုံးမင်းသားက ဘာဖြစ်လို့ ကျုပ်တိုမျိုးနွယ်စုနဲ့ မပူးပေါင်းရတာလဲ... လန်လင်းလောက်ကိုတော့ ကျုပ်တို့ရဲ့ မျိုးနွယ်စု သတ်ဖြတ်ပေးနိုင်ပါတယ်လေ..."
လှောင်ပြောင်ပြောဆိုသံကြီးသည် ထပ်ခိုးနန်းဆောင်အတွင်း၌ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် လူငယ်လေး၏ အနောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့သည်။
တစ်စုံတစ်ယောက်သာ ထိုလှောင်ပြောင်သံကို ကြားလိုက်ရပါက သူတို့တစ်တွေ ကျိန်းသေပေါက် ထိတ်လန့်သွားလိမ့်မည်။
ဤလူငယ်လေးမှာ အမှန်တကယ်ပင် မြင့်မြတ်သော စန်းရိအင်ပါယာကြီး၏ အကြီးဆုံးမင်းသားဖြစ်လေသည်။ သူဟာ မွန်မြတ်မှု ၇ ပါးစေတီ၏ ရှစ်လွှာမြောက်အထိ ရောက်ရှိနိုင်ခဲ့သူ မဟာပါရမီရှင်ကြီးလည်းဖြစ်ပါသည်။ သူ၏ ကျင့်ကြံမှုက ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့သည်။
လန်လဲ့ဟာအနက်ရောင်အမျိုးသား ထွက်ပေါ်လာခြင်းကို အံ့အားသင့်မသွားခဲ့ပါ။ သူက ထူးမခြားနားစွာ ပြောဆိုခဲ့သည်။
"လူသားမျိုးနွယ်တွေရဲ့ ကိစ္စမှာ မင်း ပါဝင်မစွက်ဖက်သင့်ဘူး!!"
"ဟီးဟီး... မြင့်မြတ်တဲ့အကြီးဆုံးမင်းသားက ဒီလောက်ထိ ဇီဇာကြောင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
အနက်ဝတ်အမျိုးသားက အဆုံးအစမဲ့စွာ လှောင်ပြောင်လိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးများအတွင်း၌ ထူးဆန်းသော အလင်းရောင်တစ်ခု ကခုန်နေခဲ့သည်။
"ထွက်သွားစမ်း!"
လန်လဲ့က အနောက်ကို ပြန်လှည့်ကြည့်ခြင်းမရှိပဲ... အေးစက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
"တစ်နေ့နေ့မှာ အကြီးဆုံးမင်းသားက ကျုပ်တို့ရဲ့ မျိုးနွယ်စုကို ကျိန်းသေပေါက် အသုံးချမှာပဲလေ... ဘာလို့များ ဒေါသထွက်နေရတာလဲ? ပြောကြာတာတော့ ဧကရာဇ်စန်းရိက လန်လင်းကို စန်းရိအင်ပါယာသမိုင်းမှာ ပထမဆုံးသော အမျိုးသမီးဧကရာဇ်တစ်ယောက်ဖြစ်လာဖို့ ပျိုးထောင်ပေးနေတယ်ဆိုပဲ... အဲ့ဒီအချိန်ကျရင် အကြီးဆုံးမင်းသားလုပ်ဆောင်နိုင်တာ ဘာမှရှိတော့မှာ မဟုတ်ဘူးနော်"
အနက်ဝတ်အမျိုးသားသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ လှောင်ပြောင်ရယ်မောသံကြီးသည် ထပ်ခိုးနန်းဆောင်အတွင်း၌ အချိန်အတော်ကလေးကြာမြင့်သည့်တိုင်အောင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
မင်းသားလန်လဲ့၏ မျက်နှာမှာ ပြိုတော့မည့် မိုးကဲ့သို့ အေးစက်နေခဲ့သည်။ သူ၏မျက်ဝန်းများမှာ အင်မတန်မှ နီစွေးနေခဲ့ပြီး သားရဲကြီးတစ်ကောင် အမျက်ဒေါသထွက်နေသည့်အလား ဖြစ်နေခဲ့၏။
"ခမည်းတော်... ကျွန်တော်ဘာများ အမှားလုပ်မိလို့လဲ... ခင်မည်းတော်က လန်လင်းကို ပျိုးထောင်ပေးချင်နေတာလား? သူမရဲ့ ပါရမီစွမ်းရည်ကြောင့်နဲ့ ခမည်းတော်က စည်းမျဥ်းစည်းကမ်းတွေအားလုံးကို ဆန့်ကျင်ပြီးသူမကို သမိုင်းမှာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာအောင် ပြုလုပ်ပေးနေတာတဲ့လား."
"ဧကရာဇ်ရာထူးအတွက် ကျွန်တော်ဘယ်လောက်များ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသလဲဆိုတာ ခမည်းတော်မမြင်နိုင်ဘူးလား!..."
"ကျွန်တော်က အံ့ကိုတင်းတင်းကြိတ်ပြီး သေခြင်းနဲ့ရှင်ခြင်းကြားမှာ အခေါက်ပေါင်းများစွာ ပြေးလွှားနေခဲ့ရတယ်... အဲ့ဒါက မြင့်မြတ်တဲ့ ဧကရာဇ်တစ်ပါးဖြစ်လာပြီး တော်ဝင်မိသားစုရဲ့ လူငယ်မျိုးဆက်တွေကို ထောက်ပံ့နိုင်ဖို့ပဲ... ခမည်းတော် ဒါတွေကိုရော သိရှိခဲ့ပါရဲ့လား"
"ကျွန်တော်က တော်ဝင်မင်းဆက်ကြီး စည်ပင်ဝပြောအောင် ပြုလုပ်ဖို့အတွက် ရည်မှန်းချက်ပြင်းထန်ခဲ့တယ်... ဒါပေမယ့် ဘာဖြစ်လို့ခမည်းတော်က ကျွန်တော့်ကို အခွင့်အရေးတစ်ခုတောင် မပေးရတာလဲ..."
လန်လဲ့၏ နှုတ်ဖျားမှ တိုးညင်းသော ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။ သူ၏ အမူအရာမှာ မဲ့ရွဲ့နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော လေထုအရှိန်အဝါများ.ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုကို အဆပေါင်းများစွာ လျော့ကျသွားစေခဲ့သည်။
"ခမည်းတော်က လက်သင့်မခံဘူးဆိုမှတော့ ကျွန်တော့်ဘာသာ ရအောင်ကြိုးစားရတော့မှာပေါ့"
လန်လဲ့၏ နှုတ်ဖျားမှ ခိုင်မာသောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သူ၏ ပုံရိပ်က ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသလိုမျိုး ထပ်ခိုးနန်းဆောင်အတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
နန်းဆောင်ကြီးတစ်ခုလုံးသည် ထပ်ဖန်တစ်ခါ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
..........
မွန်မြတ်မှု ၇ ပါးနန်းတော်ကြီးထဲတွင် ယဲ့ဝူသည် လက်အောက် ငယ်သားများကို ဦးဆောင်လိုက်ပြီး သက်ဆင်းလာသော ဝင်ရိုးကိုးခုရထားလုံးထံ လေးလေးစားစား ဂါရဝပြုလျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ကျွန်တော်မျိုးယဲ့ဝူက တော်ဝင်မင်းသမီးကို တွေ့ဆုံပါတယ်"
"တော်ဝင်မင်းသမီးလေးကို တွေ့ဆုံပါတယ်...!!"
အဓိကမိသားစုကြီးလေးခုမှ သခင်ငယ်လေးများမှ လွဲ၍ ကျန်ရစ်သော လူငယ်ပါရမီရှင်များအားလုံးသည် ရိုသေလေးစားစွာ ဂါရဝပြုလိုက်ကြသည်။
မင်းသမီးလန်လင်းသည် မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ ချစ်မြတ်နိုးရသော မင်းသမီးလေးဖြစ်ပြီး မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူမကို တွေ့မြင်ရခြင်းက ဧကရာဇ်စန်းရိကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းနှင့် တူညီလေသည်။ အလွန်အင်မတန်ပါရမီကြီးသူများမှလွဲ၍ လူတိုင်းသည် သူမကို ရိုသေလေးစားရမည်!!
မြင့်မြတ်သော စန်းရိအင်ပါယာကြီးတစ်ခုလုံးတွင် ဘယ်သူကမှ ဧကရာဇ်စန်းရိ၏ တန်ခိုးအာဏာကို စိန်မခေါ်ရဲကြပါ။
ဧကရာဇ်ရာထူးအတွက် အလားအလာမြင့်မားနေသော အကြီးဆုံးမင်းသားကတောင် ထိုသို့မပြုမူရဲပါချေ။ ဤဖြစ်စဥ်မှတစ်ဆင့် မင်းသမီးလန်လင်း၏ အဆင့်အတန်းသည် ဧကရာဇ်စန်းရိ၏ နှလုံးသားအတွင်း၌ အဘယ်မျှလောက် မြင့်မားကြောင်းကို တွေ့မြင်နိုင်သည်။
လူငယ်လေးပေါင်းများစွာသည် မင်းသမီးလန်လင်းကို အရူးအမူးဆွဲဆောင်နေကြသည်။ မင်းသမီးလန်လင်းဟာ ထိပ်တန်းအလှမယ်လေးတစ်ပါး ဖြစ်ရုံသာမက နန်းဆောင်အတွင်း၌လည်း အင်မတန်မှ အဆင့်မြင့်လေသည်။
ဘယ်သူကများ လှပတဲ့ အမျိုးသမီးတစ်ယောက်ကိုရယူပြီး စန်းရိအင်ပါယာကြီး တစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံး အမျိုးသားမဖြစ်ချင်မှာလဲ။
"ထကြပါ..."
ချိုသာပြီး တိုးညင်းသောအသံကလေးသည် ရထားလုံးအတွင်း ထွက်ပေါ်လာကာ လူတိုင်းသည် မင်းသမီးလန်လင်းကို တွေ့မြင်လိုက်ကြရသည်။ အလှပဆုံးသော မင်းသမီးလေးလန်လင်းသည် လူစိမ်းတစ်စုနှင့်အတူ ရထားလုံးအတွင်းမှ ထွက်ခွာလာခဲ့သည်။
"ဟာ...!"
"သူတို့က ဘယ်သူတွေလဲ! ဝင်ရိုးကိုးခုရထားလုံးပေါ်ကိုတောင် တက်စီးနိုင်တာလား?"
"မြတ်စွာဘုရား!! ဝင်ရိုးကိုးခုရထားလုံးက မင်းသမီးလေးကို ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ခဲ့တဲ့ မှော်ဝင်ရတနာလေ ဘယ်သူကမှ အဲ့ဒီထဲကို မဝင်ရောက်ဖူးကြဘူး"
"အမှန်ပဲ... ရထားလုံးအတွင်းကို ပထမဆုံးဝင်ရောက်နိုင်တဲ့သူက မင်းသမီးလေးရဲ့ ခင်ပွန်းဖြစ်လိမ့်မယ်လို့ထင်ထားတာ... ဒါပေမယ့် ဘာလို့များ ဒီလူတွေက မင်းသမီးလေးနဲ့အတူ ရထားလုံးပေါ်မှာ လိုက်ပါစီးနင်းခဲ့ရတာလဲ?"
လီချင်းတို့တစ်တွေက မင်းသမီးလန်လင်း၏ နောက်မှလိုက်ပါပြီး ရထားလုံးအတွင်းမှ ထွက်လာလိုက်သည်နှင့်တစ်ပြိုင်နက် ရှိနေကြသော လူများသည် အုံအုံကြွကြွ ဖြစ်သွားကြကာ ကြောင်အနေသောအသံများဖြင့် တီးတိုးပြောဆိုမိလိုက်ကြသည်။
စစ်ထူမင်တို့၏ မျက်နှာများသည် မှိုင်းညို့သွားခဲ့ကြသည်။ သူတို့ဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ကြပြီး လီချင်းတို့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကြသည်။ သူတို့ကိုယ်၌ကတောင် မင်းသမီးလန်လင်းနှင့် ရထားလုံးတစ်ခုအတွင်း၌ အတူတကွမစီးနင်းနိုင်ကြပါ။ ဒီကောင်လေးတွေက ဘယ်ချောင်ကထွက်လာပြီး ဒီလိုအခွင့်ထူးကြီးကို ရရှိသွားရတာလဲ?။
လီချင်းတို့၏ ကျင့်ကြံမှုက ပဏ္ဍိတနယ်ပယ်၌သာ ရှိသေးကြောင်း တွေ့မြင်လိုက်ရသည့်အခါ သူတို့တစ်တွေ ပို၍တောင်ဒေါသထွက်သွားကြသည်။ ဒီလိုပုရွက်ဆိတ်လောက် ကျင့်ကြံမှုလေးနဲ့ မင်းသမီးလေးနဲ့ ရထားလုံးတစ်ခုတည်း စီးနင်းလိုက်ပါဖို့ ထိုက်တန်လို့လား?
မင်းသမီးလန်လင်းရှိနေ၍ မဟုတ်ပါက သူတို့သည် ဒေါသတကြီးအော်ဟစ်ပြီး လီချင်းနှင့် အခြားသူများကို နေရာမှာပင် သတ်ဖြတ်ပစ်လောက်သည်။
လန်လင်း၏ အစ်ကိုဖြစ်သော လန်အောင်း၏ မျက်ဝန်းများကတောင် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ သူက အမူအရာကို ကြိုးစားထိန်းသိမ်းလိုက်ပြီး လန်လင်းထံ လမ်းလျှောက်လာကာ တိုးဖွစွာပြောဆိုလိုက်သည်။
"ညီမလေး.. ဒီခရီးစဥ်က အန္တရာယ်များခဲ့လား?"
"အန္တရာယ်မရှိဘူး အဲ့ဒီအစား အံအားသင့်စရာတောင်ကောင်းနေသေးတယ်"
လန်လင်းက လန်အောင်းကို နူးညံ့စွာ စိုက်ကြည့်လိုက်ပြီး တိုးညင်းစွာရေရွတ်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် သူမ၏ ဤအစ်ကိုသည် သူမကို အစဥ်အမြဲချစ်မြတ်နိုးခဲ့ပြီး ဘယ်တုန်းကမှ မှားယွင်းစွာ မဆက်ဆံခဲ့ပါ။
သူမ ကလေးဘဝတုန်းက နန်းတော်အပြင်ကို ခိုးထွက်ခဲ့ပြီး ဂိုဏ်းတစ်ဂိုဏ်းမှ တပည့်များ၏ အနိုင်ကျင့်ခြင်းခံခဲ့ရတာကို မှတ်မိနေသေးသည်။ စစ်သည်တော်များ အနားမှာရှိနေတာကြောင့် သူမဟာ ဒဏ်ရာအနာတရ မရခဲ့သော်လည်း အကြိမ်အနည်းငယ်လောက် ရန်စခံခဲ့ရသည်။
သို့ပါသော်လည်း ထိုအကြောင်းကို အစ်ကိုကြီးသိရှိသွားပြီးနောက် ဘယ်စကားတစ်ခွန်းမှ မပြောခဲ့ပဲ ဂိုဏ်းတစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်လိုက်ပြီး မီးလောင်တိုက်သွင်းခဲ့သည်။
ထို့အတွက်ကြောင့် အစ်ကိုကြီးကို တော်ဝင်ခမည်းတော်က မြေပြင်ပေါ် ပြားပြားဝပ်သည်အထိ အပြစ်ပေးခဲ့လေသည်။ သူမ သွားရောက်လည်ပတ်ခဲ့သည့်အခါ သူမအစ်ကိုပြောဆိုခဲ့သည့် စကားကို ဘယ်တုန်းကမှ မေ့နိုင်တော့မှာမဟုတ်ပါ။
"ငါ့ညီမလေးကို ငါကိုယ်တိုင်တောင် အနိုင်မကျင့်ရဲဘူး.. အနိုင်ကျင့်ရဲတဲ့သူမှန်သမျှကို ဒီအစ်ကိုကြီးက အဆပေါင်း ထောင်သောင်းချီပြန်လည်ပေးဆပ်စေရမယ်"
လန်လင်း၏ စကားကိုကြားလိုက်ရသည့်အခါ လန်အောင်း၏ မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူ့ညီမလေးက သူ၏ စိတ်မြန်လက်မြန်ရှိမှုကို စိုးရိမ်နေကြောင်း သိရှိခဲ့ရတာကြောင့် ထောက်ပြခြင်းတော့မပြုခဲ့ပါ။ လီချင်းတို့ကို စိုက်ကြည့်လိုက်ပြီး သူက အပြုံးဖွဖွဖြင့် မေးမြန်းခဲ့သည်။
"ဒီလူတွေက ဘယ်သူတွေလဲ?"
"သူတို့က ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့ ဂိုဏ်းတူညီမလေးပဲ"
"ဒါကတော့ ကျွန်မရဲ့အစ်ကို... မြင့်မြတ်သောစန်ရိအင်ပါယာရဲ့ ဒုတိယမင်းသားပါ"
လန်လင်းသည် ပြုံးရယ်လိုက်ပြီး နှစ်ဖက်စလုံးကို မိတ်ဆက်ပေးလိုက်သည်။
ထိုစကားများကို ကြားသိလိုက်ရသည့်အခါ လန်အောင်း၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ သူ၏ ညီမငယ်လေးတွင် လျှို့ဝှက်ဆန်းကြယ်သော ဆရာတစ်ယောက်ရှိကြောင်း သိရှိထားခဲ့သော်လည်း သူမတွင် ဂိုဏ်းတူညီကိုမောင်နှမများ ရှိကြောင်းကိုတော့ သိမထားခဲ့ပါ။
သူက ပြုံးရယ်လိုက်ပြီး လီချင်းတို့ဘက်ကို လှည့်၍ လက်သီးဆုပ် ဂါရဝပြုကာ ပြောဆိုလိုက်သည်။
"တာအိုရောင်းရင်တို့ကို တွေ့ဆံပါတယ်!"
"ဒုတိယမင်းသား ယဥ်ကျေးလွန်းနေပါပြီ"
လီချင်းတို့က ပြန်လည်၍ ပြုံးပြခဲ့ကြသည်။
"ကောင်းပြီ အစ်ကိုတော်... အစ်ကိုတော်က ယဥ်းကျေးလွန်းနေတာပဲ။ ဖြစ်ပျက်ခဲ့သမျှကို နောက်မှပြောပြမယ်.. ဂိုဏ်းတူအစ်ကိုကြီးတွေကို အရင်ဆုံးစမ််းသပ်ပါစေဦး"
မင်းသမီးလန်လင်းက လက်ကို ဝှေ့ယမ်းလျက် ပြောဆိုလိုက်သည်။
"ကောင်းပြီ.. တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး!"
လန်အောင်းက ခပ်ဖွဖွပြုံးလိုက်ပြီး လက်ကိုဆန့်တန်းလျက် လမ်းပြခဲ့သည်။
လန်အောင်း၏ ဦးဆောင်မှုအောက်တွင် လူငယ်လေးတစ်စုသည် မွန်မြတ်မှု ၇ ပါးစေတီရှိရာသို့ ရောက်ရှိသွားကြသည်။ သူတို့ဟာ မြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်သော စေတီကြီးကို စူးစိုက်ကြည့်မိလိုက်ကြသည်။