ပဥ္စမမြောက်အလွှာ။
Vol. 36 Ch. 504
ဘာသာပြန်- The Fate
ဒုတိယအလွှာကို ဝင်ရောက်သွားခဲ့သော ကုချိုးသည် နန်းဆောင်မြင့်ကြီးတစ်ခုအတွင်း၌ ဧကရာဇ်စန်းရိက မွန်မြတ်မှုခုနစ်ပါးစေတီအတွင်းရှိ သူ့ကို စောင့်ကြည့်နေခဲ့ကြောင်းကို သိရှိမထားပါချေ။
"ဒီကလေးက တကယ့်ကို စိတ်ဝင်စားစရာပဲ။"
ရယ်မောပြောဆိုသံကြီးသည် ဧကရာဇ်စန်းရိ၏ နှုတ်ဖျားမှ ပွင့်ဟထွက်ပေါ်လာခဲ့သည်။ အင်မတန်မှ ဂုဏ်သရေကြီးမြတ်သော ဧကရာဇ်စန်းရိတွင် ဤကဲ့သို့ နူးညံ့သောအခြမ်း ရှိနေသေးကြောင်းကို တွေးမိရန် ခက်ခဲပါလိမ့်မည်။
"ရှန်ရှန်ကျုံ့ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ။ ဒီဧကရာဇ်က တစ်ခါမှ မကြားခဲ့ဖူးဘူး။"
သံသယများဖြင့် အသံကြီးသည် နန်းတော်ကြီးအတွင်း၌ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ သို့ပါသော်လည်း ဧကရာဇ်စန်းရိ၏ မေးခွန်းကို ဘယ်သူကမှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
"လူအိုကြီး ဒီကလေးကို မင်းဘယ်လိုထင်လဲ။"
ဧကရာဇ်စန်းရိ၏ စကားလုံးကို ကြားလိုက်ရသည့်အခါ သူ၏ဘေးတွင်ရှိနေသော လူအိုကြီးသည် မျက်ဝန်းများကို ဖွင့်လှစ်လိုက်ပြီး ရုပ်ပုံလွှာကို စူးစိုက်ကြည့်လျက် အိုမင်းရင့်ရော်နေသောအသံဖြင့် ပြောဆိုလိုက်သည်။
"ထူးချွန်တယ်!"
ဧကရာဇ်စန်းရိသာ မမေးမြန်းခဲ့လျှင် သူ၏ဘေးတွင် တစ်စုံတစ်ယောက်ရှိနေကြောင်းကို သိရှိရမှာ မဟုတ်ပါ။ ဧကရာဇ်စန်းရိ၏ နံဘေး၌ ထိုလူအိုကြီးသည် မြဲမြံစွာ မတ်တပ်ရပ်နေခဲ့သော်လည်း လူအများဟာ သူ့ကို သတိမမူနိုင်ချေ။
"မင်းလို လူအိုကြီးကတောင် ချီးကျူးနေမှတော့ ဒီကလေးက ဂုဏ်ယူသင့်နေပြီ။"
ဧကရာဇ်စန်းရိက ရယ်မောလိုက်ပြီး နူးညံစွာ ပြောဆိုလိုက်သည်။ ဧကရာဇ်စန်းရိသည် ထိုလူအိုကြီးကို မင်းဧကရာဇ်တစ်ပါး၏ ဟန်ပန်အမူအယာများမပါဝင်ဘဲ မိတ်ဆွေဟောင်းကြီး တစ်ယောက်ကဲ့သို့သာ ဆက်ဆံလျက်ရှိသည်။
"ဒီဧကရာဇ်က ရှန်ရှန်ကျုံ့ဂိုဏ်းအကြောင်းကို ပိုပြီးတောင် စိတ်ဝင်စားနေမိပြီ။"
ဧကရာဇ်စန်းရိ၏စကားနှင့်အတူ နန်းတော်ကြီးတစ်ခုလုံးသည် ပြန်လည်၍ငြိမ်သက်သွားခဲ့သည်။ လေထုအတွင်း မျောလွင့်နေသော ရုပ်ပုံလွှာသည် ဒုတိယအထပ်ကို ဝင်ရောက်သွားသည့် ကုချိုး၏မြင်ကွင်းအား ထုတ်ဖော်ပြနေခဲ့သည်!
မွန်မြတ်မှုခုနစ်ပါးစေတီ၏ ဒုတိယအလွှာအတွင်း၌၊ ကုချိုးသည် သူ့အရှေ့၌ရှိနေသော ရုပ်တုကြီးလေးခုကို အံအားသင့်စွာ စိုက်ကြည့်နေမိသည်။ မွန်မြတ်မှုခုနစ်ပါးစေတီက အဘယ်အတွက်ကြောင့် ကျော်လွှားရန်ခက်ခဲကြောင်းကို သူနောက်ဆုံးမှာ နားလည်သွားခဲ့သည်။
ဒုတိယအလွှာမှာတောင် ရုပ်သေးရုပ်လေးရုပ် ရှိနေတယ်။ တတိယအလွှာ၊ စတုတ္တအလွှာနဲ့ ဒီထက်မြင့်တဲ့ အလွှာတွေမှာရော ဘယ်လောက်တောင် ရှိနေလိမ့်မလဲ။ ထိုရုပ်ထုကြီးလေးခုဟာ ပဏ္ဍိတနယ်ပယ် အထွတ်အထိပ်၌ ရှိနေကြောင်း ထင်ရှားလေသည်။ သို့သော်လည်း ၎င်းတို့ထံမှ ပိုမို၍ ပြင်းထန်သော သတ်ဖြတ်မှုအရှိန်အဝါများကို ခံစားနေရသည်။ ထိုရုပ်သေးရုပ်လေးရုပ်၏ ကျင့်ကြံမှုသည် ပထမအလွှာတွင် တွေ့မြင်ခဲ့ရသော ရုပ်သေးရုပ်နှင့်တူညီသော်လည်း သူတို့၏ ခွန်အားက ပထမအလွှာရှိ ရုပ်သေးရုပ်၏ ခွန်အားထက် ကျိန်းသေပေါက်မြင့်မားလေသည်။
ဒါကြီးက ရူးလောက်ချင်စရာကောင်းလွန်းတယ်!
အဆင့်တူတစ်ယောက်ရဲ့ တိုက်ပွဲဝင်စွမ်းအားကို စစ်ဆေးဖို့အတွက် ဒီလောက်ကြီးအထိ ရက်စက်ဖို့ မလိုဘူးမှတ်လား။
ကုချိုးဟာ ပြောစရာစကား ကင်းမဲ့နေခဲ့သည်။ သူဟာ မွန်မြတ်မှုခုနစ်ပါးစေတီကို ဖြတ်ကျော်ရန် လွယ်ကူလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ကြည့်ရတာ သူ နောက်ထပ် ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရတော့မည့်ပုံပင်။ သူဟာ ဓားပြတစ်ယောက်ဖြစ်ပြီး သူအမုန်းတီးဆုံးအရာမှာ ခက်ခဲသည့်တိုက်ပွဲများ ဖြစ်သည်။ သူဟာ အရာအားလုံးကို ခြေမွပစ်ပြီး ဟန်လုပ်ချင်သည်။ သူဟာ ဘုရင်တစ်ပါးကဲ့သို့ ဟန်ပန်အမူအယာဖြင့် ရှိုးထုတ်ချင်နေသည်။
ကံကောင်းတာက ဘယ်သူမှမမြင်လိုက်ဘူး။ တစ်ခြားသူတွေသာ သူတိုက်ပွဲတစ်ပွဲကို ခက်ခက်ခဲခဲတိုက်ခိုက်နေရတာ တွေ့မြင်လိုက်ရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ။
"ငါတို့ကို အနိုင်ယူနိုင်ရင် ဒုတိယအလွှာကို ဖြတ်သန်းသွားခွင့်ရမယ်။"
"အနိုင်မယူနိုင်ဘူးဆိုရင်တော့ စောစီးစွာ အရှုံးပေးလိုက်ရတာက ကောင်းလိမ့်မယ်။"
ကုချိုးကြောင်အနေစဥ်တွင် ရုပ်သေးရုပ်များ၏ နှုတ်ဖျားမှ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာခဲ့သည်။
"ညီအစ်ကိုတို့ ကျွန်တော်နဲ့များ မပူးပေါင်းချင်ဘူးလားဗျာ။"
ကုချိုးက ရယ်မောလိုက်ပြီး ရုပ်သေးရုပ်လေးရုပ်ကို ယဥ်ကျေးစွာ မေးမြန်းလိုက်သည်။ တစ်ခဏအထိတိုင်အောင် လေထုဟာ ကိုးရိုးကားရား ဖြစ်သွားခဲ့ရသည်။ ဘယ်ရုပ်သေးရုပ်ကမှ သူ့ကို ပြန်ဖြေမလာခဲ့ပါ။
"မင်းတို့ အသိစိတ်မရှိတဲ့ သတ္တဝါတွေ!"
စောနက ယဥ်ကျေးသိမ်မွေ့နေသော ကုချိုးသည် ရုတ်တရက်အေးစက်သွားပြီး ဟစ်ကြွေးပြောဆိုလိုက်သည်။ သူ၏ အမူအယာပြောင်းလဲမှုနှုန်းမှာ အင်မတန်မှ မြန်ဆန်လှလေသည်။
ထိုသို့ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်က ဝေဝါးပျောက်ကွယ်သွားခဲ့သည်။ အင်မတန် မြန်ဆန်သောအရှိန်ဖြင့် သူဟာ ရုပ်သေးရုပ်များ၏အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ၏လက်သီးလုံးများဟာ တောက်ပသော အလင်းရောင်များဖြင့် ဖုံးကွယ်နေခဲ့ပြီး ရုပ်သေးရုပ်ကို တိုက်ရိုက်ထိုးနှက်ခဲ့သည်။
"ဘုန်း"
မြင့်မားသော ရုပ်သေးရုပ်ကြီးသည် ကုချိုးလက်သီးချက်၏ အပိုင်းပိုင်းအစစ ခြေမွခြင်းကို ခံခဲ့ရကာ သံတိုသံစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကုချိုး၏ လက်ရှိကျင့်ကြံမှုမှာ ပဏ္ဍိတအထွတ်အထိပ်၌ဖြစ်သော်လည်း သူ၏တိုက်ပွဲဝင်စွမ်းအားမှာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ပါ။ သူဟာ အဆင့်တူ ရုပ်သေးရုပ်အနည်းငယ်ကို အလွယ်တကူ ခြေမွပစ်နိုင်စွမ်းရှိပါ၏။ ဒါက လွယ်လွန်းမနေဘူးလား။
၎င်းရုပ်သေးရုပ် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည့်အခါ ကျန်ရစ်နေသော ရုပ်သေးရုပ်သုံးရုပ်သည် လျင်မြန်စွာရွေ့လျားလိုက်ပြီး ကုချိုး၏အနောက်၌ ထွက်ပေါ်လာကြကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။
"ဘုန်း!"
ပြင်းထန်သော အရှိန်အဟုန်သည် ကုချိုး၏ ခန္တာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်သီးချက်များသည် ရုပ်သေးရုပ်များထံသို့ နဂါးတစ်ကောင် ရေကူးခတ်သကဲ့သို့ ပြေးဝင်သွားခဲ့သည်။
"ဘန်း ဘန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှစ်သံထွက်ပေါ်လာခဲ့ပြီး ရုပ်သေးရုပ်ကြီးနှစ်ရုပ်က ရုတ်တရက် ပြိုကျသွားခဲ့ရသည်။
"ကြောက်နေပြီလား။ ဒါပေမယ့် အသုံးမဝင်တော့ဘူးကွ။"
ကုချိုးက မထီမဲ့မြင် ပြောဆိုလိုက်ပြီး တိုက်ခိုက်ရန်လာရောက်သော ရုပ်သေးရုပ်ကို ခြေထောက်တစ်ဖက်ဖြင့် ဖြတ်ကန်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ရုပ်သေးရုပ်လေးရုပ်ဟာ ကုချိုး၏ ခြေမွခြင်းကို ခံခဲ့ရသည်။
"အမှိုက်ကောင်တွေ!"
ကုချိုးဟာ အရမ်းကိုမှ စိတ်ပျက်နေမိသည်။ မွန်မြတ်မှုခုနစ်ပါးစေတီဟာ တွေးထင်ထားခဲ့သလိုမျိုး မခက်ခဲဘူးဟုတောင် ခံစားလိုက်ရသည်!
သို့ပါသော်လည်း ကုချိုးမျှော်လင့်မထားသည့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့သည်။ မြေပြင်၌ရှိနေသော သံတိုသံစများသည် တုန်ခါလာခဲ့ကာ ကုချိုး၏ ကြောင်အနေသော အကြည့်အောက်တွင် ဧရာမပုံရိပ်ကြီးတစ်ခုအဖြစ် ပေါင်းစုသွားခဲ့သည်။ ၎င်း၏အရှိန်အဝါက ချန်ခွမ်းယွမ်အစောပိုင်းအဆင့်ကို ရောက်ရှိနေခဲ့သည်။
"သောက်ကျိုးနည်း။ သူတို့က အတူတကွ စုပေါင်းနိုင်တာလား။"
ကုချိုးဟာ ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့သည်။ အခြားသူများက မွန်မြတ်မှုခုနစ်ပါးစေတီကို ဘယ်လိုမျိုးဖြတ်ကျော်ခဲ့သလဲဆိုတာ သူမသိခဲ့ပါ။ ဒါပေမယ့် ဒီစေတီက သူ့ကို ပစ်မှတ်ထားနေသလိုမျိုး ခံစားနေရတယ်!
မင်းက အရမ်းကို မောက်မာလွန်းတယ်မဟုတ်လား။
ကုချိုးဟာ ပဟေဠိဖြစ်သွားပြီး ရုပ်သေးရုပ်ကို စူးစိုက်ကြည့်ခဲ့သည်။
"ဘုန်း"
ဧရာမအရှိန်အဟုန်ကြီး ထွက်ပေါ်လာခဲ့ပြီး သူ၏ ကိုယ်ခန္တာဟာ မြင့်မားသော ရုပ်သေးရုပ်ကြီး၏ အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ လက်သီးတစ်ချက် ပစ်သွင်းခဲ့သည်။
ဤတစ်ကြိမ်၌ သူဟာ ခွန်အား၏ ငါးပုံတစ်ပုံကို အသုံးပြုခဲ့ပါသည်။
ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားသည် ကုချိုး၏ လက်သီးမှတစ်ဆင့် ရုပ်သေးရုပ်ထံသို့ သက်ဆင်းသွားခဲ့သည်။
"ဘုန်း!"
ဖြစ်ပေါ်လာတာမကြာသေးသော ဧရာမရုပ်သေးရုပ်ကြီးသည် ကုချိုး၏ တိုက်ရိုက်ခြေမွခြင်းကို ခံခဲ့ရသည်။ ဤတစ်ကြိမ်၌ ကုချိုးဟာ အရင်လို မောက်မာခြင်းမရှိတော့ဘဲ နှိမ့်ချသော အမူအယာရှိနေခဲ့သည်။
သေချာပါပြီ။ ရုပ်သေးရုပ်များဟာ ပြန်လည်ဖွဲ့စည်းမလာတော့ပါ။ သူ့ရှေ့ရှိ ကျောက်တုံးစင်မြင့်ပေါ်၌ ဆုလာဒ်အနေဖြင့် ဆေးပုလင်းနှစ်ပုလင်း ထွက်ပေါ်လာခဲ့သည်။
ကုချိုးဟာ တိတ်ဆိတ်စွာဖြင့် လက်ခလယ်ထောင်ပြလိုက်ပြီး ကျောက်တုံးစင်မြင့်ပေါ်သို့ တက်လှမ်းသွားခဲ့သည်။
သို့သော်လည်း ၎င်းဆေးများမှာ ချန်ခွမ်းယွမ်အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု ကုချိုးတစ်ယောက် မျှော်လင့်မထားခဲ့ပါ။ သူတို့၏ အရည်အသွေးကား ပထမအလွှာရှိ ဆေးလုံးများ၏ အရည်အသွေးထက် ပို၍ ကောင်းမွန်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကိုလည်း လုယက်တယ်လို့ ထည့်တွက်လို့ရလား။"
ထိုသို့ပြောဆိုလိုက်ပြီးနောက် ကုချိုးဟာ ရုတ်တရက်ဆိုသလို ကြောင်အသွားခဲ့ရသည်။
ဟုတ်ပါတယ်။ မင်းလုယက်တဲ့အခါမှာ အခြေအနေပေါ် ဘာလို့တွယ်ကပ်နေရမှာလဲ။
ငါကုချိုးသာ အဲ့ဒါကို လုယက်တယ်လို့ ဝန်ခံသ၍ အဲ့ဒါက လုယက်ခြင်းပဲ။ ငါပြောသမျှ၊ လုပ်သမျှနဲ့ အသိအမှတ်ပြုသမျှ အရာအားလုံးက လုယက်ခြင်းတွေပဲ။
ဥာဏ်အလင်းပွင့်ခြင်း၏ စိတ်အာရုံသည် ကုချိုး၏ စိတ်နှလုံးအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါသည် သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
"ဒီကလေးက အံ့ဖွယ်ပဲ။"
လေဟာပြင်အထက်ရှိ နန်းတော်ကြီးထဲတွင် ဧကရာဇ်စန်းရိသည် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့ပြီး လေးစားစွာဖြင့် ရေရွတ်ခဲ့သည်။
သူ့ဘေးနားရှိ လူအိုကြီးဟာ ဘာစကားကိုမှ မပြောခဲ့သော်ငြား အရှေ့မှောက်ရှိ ရုပ်ပုံလွှာကို အံ့အားသင့်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့ပါသည်။
မွန်မြတ်မှုခုနစ်ပါးစေတီအတွင်း၌ ဘယ်သူကမှ ဥာဏ်အလင်းမပွင့်ခဲ့ဖူးပါ။
အချိန်မည်မျှကြာသွားသည်မသိ၊ ကုချိုးဟာ ရုတ်တရက် နိုးထလာခဲ့ပြီး တတိယအလွှာသို့ လန်းဆန်းစွာဖြင့် တိုးဝင်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။ တတိယအလွှာ၌ သူဟာ ပဏ္ဍိတအထွတ်အထိပ်၌ရှိနေသော ရုပ်သေးရုပ်ဆယ့်ခြောက်ရုပ်နှင့် ရင်ဆိုင်ခဲ့ရသည်။
အမွှေးတိုင်တစ်တိုင်၏ ထက်ဝက်ခန့်သော အချိန်ကာလ၌ ကုချိုးဟာ စတုတ္ထအလွှာသို့ ဝင်ရောက်နိုင်ခဲ့သည်။
စတုတ္ထအလွှာတွင် သူရင်ဆိုင်ခဲ့ရသည်က ပဏ္ဍိတအထွတ်အထိပ် ရုပ်သေးရုပ် သုံးဆယ့်နှစ်ရုပ်ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်ကုန်စာခန့်တွင် ကုချိုးဟာ ပဥ္စမအလွှာသို့ ဝင်ရောက်သွားခဲ့ပြီး ပဏ္ဍိတအထွတ်အထိပ် ရုပ်သေးရုပ် ခြောက်ဆယ့်လေးရုပ်နှင့် ရင်ဆိုင်ခဲ့ရသည်။
"ဒါလုံးဝ မမျှတဘူး!"
နက်မှောင်ပြီး မြင့်မားသော ပုံရိပ်ကြီးများကို စူးစိုက်ကြည့်လိုက်ပြီး ကုချိုးက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူဟာ အရှိန်အဟုန်အပြည့်ကို ဖောက်ခွဲထုတ်ဖော်လျက် သတ်ဖြတ်ခြင်းကို စတင်လိုက်လေသည်။
မွန်မြတ်မှုခုနစ်ပါးစေတီ၏ အပြင်ဘက်တွင် ကုချိုးကို လှောင်ပြောင်ရန်စီစဥ်ထားခဲ့သော စစ်ထူမင်တို့သည် လင်းလက်နေသော စေတီ၏ ပဥ္စမအလွှာကို ကြောင်အလျက် ငေးစိုက်ကြည့်နေကြသည်။
အမွှေးတိုင်သုံးတိုင်ထက် လျော့နည်းသောကာလတွင် သူတို့တွေးထင်ခဲ့သော ပုရွတ်ဆိတ်အဆင့် ပဏ္ဍိတလေးမှာ ပထမအလွှာမှ ပဥ္စမအလွှာထိတောင် ရောက်ရှိသွားခဲ့သည်တဲ့လား။ ထိုကဲ့သို့ အမြန်နှုန်းမှာ တမူထူးခြားသည်ဆိုတာထက်ကို ပိုနေပါသည်။ လူအနည်းစုကသာ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ အနည်းဆုံးတော့ သူတို့ဟာ ထိုကဲ့သို့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါ။
ဒုတိယမင်းသားလန်အောင်းနှင့် ယဲ့ဝူတို့တတွေကတောင် အံ့အားသင့်နေကြသည်။ ကုချိုးတွင် ထိုကဲ့သို့ ပါရမီရှိလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့ချေ။