အနံ့က မူမမှန်ဘူး
Vol. 36 Ch. 698
ထိုသည်အား ကြားလိုက်သော် ရှဲ့ချောင်မှာ အလွန်စိတ်ပူသွားခဲ့သည်။ သူမ ပထမဆုံး ရှဲ့ရှီအား နှစ်သိမ့်ပေးလိုက်ပြီးနောက်တွင် ယန်သခင်မလေးအား အလွန်အမင်းကျေးဇူးတင်လိုက်၏။
တိုက်ဆိုင်စွာပင် ယန်သခင်မလေး၏ ဖခင်မှာ…
အိမ်ရှေ့စံမင်းသားနှင့် ရှဲ့မိသားစုအကြောင်းအား မကျေမနပ်ပြောရသည်ကို နှစ်သက်သော တော်ဝင်ညီလာခံ၏ အင်ပါယာစိစစ်ရေးအဖွဲ့ဝင်ဖြစ်လေသည်။
ယန်သခင်မလေးသည်လည်း အလွန်ကြောက်လန့်နေလေ၏။ “ ရှဲ့သခင်မလေး၊ ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ အခုလေးတင် ဖန်းသခင်မလေးက အနောက်ကနေ အဲ့တာကို မမြင်ခဲ့လို့ပါ။ တကယ်လို့ သူမသာ အရင်မြင်ခဲ့မယ်ဆိုရင် သူမရဲ့ တုံ့ပြန်မှုက သေချာပေါက်ကို ကျွန်မထက် မြန်ခဲ့မှာ…အဲဒီလိုသတ္တဝါတွေက ကာကွယ်ဖို့ ခက်တယ်လေ။ အခု ရာသီဥတုက ပူနွေးနေတော့ သူတို့ကို ရှောင်ရှားဖို့ ပိုပြီးတော့တောင် ခက်ခဲနေတာ”
ရှဲ့ချောင် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်၏။
ထိုသည်မှာ မှန်သည်ပင်။ ရာသီဥတု ပူနွေးလာသည့်အချိန်တွင် ဤချမ်းသာသည့်အမျိုးသမီးငယ်များသည် များသောအားဖြင့် အပြင်ထွက်သည့်အခါ၌ ရနံ့အိတ်ငယ်လေးများအား
ယူဆောင်လာကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဆေးဖက်ဝင်သည့်အပင်အချို့အား မွှေးရနံ့အတွက် ရနံ့အိတ်ငယ်လေးများထဲ ထည့်ထားကြမည်ဖြစ်ကာ ဤအင်းဆက်များအား ရှောင်ရှားရန် ရည်ရွယ်ချက်ချက်လည်း ပါပေသည်။
၎င်းတို့၏ အဝတ်အစားများကိုပင် အင်းဆက်နိုင်ဆေးများအချို့ဖြင့် ဖုံးလွှမ်းထားကြလေသည်။
ပင့်ကူတစ်ကောင် ရုတ်တရက် ပေါ်လာသည်မှာ…
တစ်စုံတစ်ယောက်မှ လျှို့ဝှက်ကြံစည်ခြင်း သို့မဟုတ် သူမ၏ မိုက်မဲသည့်ညီမလေး၏ကံသည် ဆိုးရွားနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
တစ်စုံတစ်ယောက်၏ ကံအားပြောရန်မှာ ခက်ခဲ
ပေသည်။ ဥပမာအားဖြင့် လူအချို့အတွက် အကယ်၍ ၎င်းတို့ ကံကောင်းနေခဲ့ပါက အနီးတစ်ဝိုက်သို့ လမ်းလျှောက်သွားရုံဖြင့်ပင် ငွေစများ ရှာတွေ့နိုင်လေသည်။ သို့သော်လည်း တစ်စုံတစ်ယောက်မှာ ကံဆိုးနေခဲ့ပါက ရေသောက်သည့်အချိန်တွင်ပင် ရေနင်နိုင်ပေသည်။
“ ကျွန်မ ရှင့်ကို ကျေးဇူးတင်ရဦးမှာပါပဲ။ ဒီပင့်ကူက…” မြေပြင်ထက်ရှိ ပင့်ကူအား ရှဲ့ချောင် တစ်ချက်ကြည့်လိုက်သည်။ ထိုသည်က အလွန်ကြောက်စရာကောင်းသည်မှာ မည်သူမှ ထပ်မကြည့်ရဲလောက်သည်အထိပင်။ ၎င်းက အဆိပ်မရှိဆိုသည်ကို ရှဲ့ချောင် မယုံကြည်ပေ။ “ ဒီပင့်ကူက အဆိပ်ရှိလောက်တယ်။ ယန်သခင်မလေးက ကျွန်မရဲ့ ညီမလေးကို ကယ်ခဲ့တာပါပဲ။ ကျွန်မ ဒီအကူအညီကို မှတ်မိနေပြီးတော့ အနာဂတ်ကျရင် ရှင့်ကို ကျေးဇူးဆပ်ပါ့မယ်”
ယန်သခင်မလေးမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့လေသည်။
သူမဖခင်သည် ဓားပြများသည် ဓားပြများဖြစ်ပြီး အရာရှိများသည် အရာရှိများဖြစ်သည်ဟု အမြဲပြောခဲ့၏။ ရှဲ့နျိုရှန်းသည် မဆင်မခြင်လုပ်တတ်သည်ဟု ပြောခဲ့ကာ သူသည် ရှဲ့မိသားစုနှင့် အမြဲပင် အဆင်မပြေခဲ့ချေ။
သူသည် အိမ်ရှေ့စံမင်းသားအား မသန်မစွမ်းဟုလည်း ပြောခဲ့သေး၏။ အိမ်ရှေ့စံသည် မည်မျှပင် လုပ်နိုင်စွမ်းရှိနေပါစေ သူတို့သည် မသန်မစွမ်းတစ်ယောက်အား ထီးနန်းတက်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် မကြာခဏ အိမ်ရှေ့စံမင်းသားအား ပစ်မှတ်ထားလေ့ရှိသည်။
ဤအကြောင်းကြောင့် သူမ၏ဖခင်သည် သူ၏လစာအတွက် ဧကရာဇ်ထံမှ မကြာခဏ
အပြစ်ပေးခံရလေ့ရှိ၏။
သူမဖခင်၏ လစာသည် ငါးနှစ်ကြာပြီးနောက်တွင် အဆုံးပင်ခံလိုက်ရလေသည်။
ထို့ကြောင့် အကျိုးအကြောင်းသင့်စွာပြောရပါက သူမတွင် အိမ်ရှေ့စံမင်းသားနှင့် ရှဲ့သခင်မလေးတို့အပေါ် မည်သည့်ခံစားချက်ကောင်းမှ မရှိသင့်ပေ။ သို့သော်လည်း ယနေ့ သူမ ရှဲ့သခင်မလေးအား မြင်လိုက်ချိန်တွင် အမှန်တကယ် မှင်တက်မိသွားခဲ့၏။
သူမ ရှဲ့ရှီအား အချိန်မီကယ်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ ရှဲ့ရှီသည် ချစ်စရာကောင်းသောကြောင့်ဖြစ်သည်။ သူမသည် ရှဲ့သခင်မလေးထံသွားကာ စကားပင်ပြောချင်ခဲ့သောကြောင့်…အကြည့်အနည်းငယ် ထပ်ကြည့်လိုက်၏။
သူမအား ကယ်ရန်ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နန်းတော်အတွင်းရှိ ပန်းများနှင့် အပင်များအားလုံးမှာ ဥယျာဥ်မှူးများ၏ ဂရုစိုက်ခြင်းကို ခံရလေသည်။ ယနေ့တွင် ပန်းပွဲတော်ရှိသောကြောင့် သဘာဝကျစွာပင် ၎င်းတို့သည် ပိုးမွှားအဖျက်ကောင်များအား ထိန်းချုပ်ရန် လိုအပ်ပေ၏။ ယခု ဤကဲ့သို့သောအရာဖြစ်ပျက်ခဲ့လေရာ အင်ပါယာအိမ်ထောင်စုဌာနမှ ဥယျာဥ်မှူးများသည်လည်း အပြစ်ပေးခံရနိုင်လေသည်။
ရှဲ့ချောင် ရုတ်တရက် မြေကြီးအားထိရန် လက်ဆန့်ထုတ်လိုက်ကာ နမ်းကြည့်လိုက်၏။
“ အနံ့က မူမမှန်ဘူး” ရှဲ့ချောင်၏ အသံမှာ
စိတ်ဝင်စားမှုမရှိချေ။
“ ဥယျာဥ်မှူးတွေကို ခေါ်လိုက်” ကျောက်ရွှမ်ကျင်း ချက်ချင်း ပြောလိုက်သည်။
လူတိုင်းမှာ တစ်ဦးနှင့်တစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေ၏။
မည်သို့ပင်ဖြစ်စေ ဥယျာဥ်မှူးများသည် ပန်းများနှင့် အပင်များအား ဂရုစိုက်ရာ၌ အဆင်ပြေချောမွေ့စေရန် အနီးတစ်ဝိုက်တွင် စောင့်ဆိုင်းနေကြရလေသည်။ ယခုအချိန်တွင် အိမ်ရှေ့စံမင်းသားမှ ၎င်းတို့အား ဆင့်ခေါ်လိုက်လေရာ ၎င်းတို့အားလုံး ဒူးထောက်ချလိုက်ကြ၏။
ဥယျာဥ်မှူးများမှာ ၇ ယောက်၊ ၈ ယောက်ရှိပေသည်။
သို့သော်လည်း ရှဲ့ချောင်သည် ၎င်းတို့ထဲမှ နှစ်ယောက်အား စိုက်ကြည့်လိုက်၏။
အဲ့ဒီနှစ်ယောက်…
၎င်းတို့၏ ခန္ဓာကိုယ်များထက်တွင် မကောင်းဆိုးဝါးဝိညာဥ်များရှိကာ ထိုအရာများအား ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။ ၎င်းတို့၏ ဆံပင်များသည် ရှုပ်ပွနေကာ ၎င်းတို့၏ မျက်နှာများမှာ အများဆုံးပျော့တိပျော့ဖပ်ဖြစ်နေပေသည်။ ၎င်းတို့၏ မျက်လုံးများသည် အနီရင့်ရောင်ဖြစ်ကာ ၎င်းတို့သည် တရစ်ဝဲဝဲလုပ်နေကြပေ၏။ ၎င်းတို့သည် ဥယျာဥ်မှူးများအား သေသည်အထိ ကိုက်သတ်ပစ်ချင်ကြပုံပေါ်ပေသည်။
“ ကျန်တဲ့လူတွေ ခန်းမထဲကို ပြန်ကြပါ” ကျောက်ရွှမ်ကျင်း ပြောလိုက်၏။
ထိုစကားနှင့်အတူ မိန်းမပျိုများအားလုံးသည် အနည်းငယ် မလွယ်ကူဟု ခံစားကြရကာ နာခံစွာ ထွက်ခွာသွားခဲ့ကြလေသည်။
‘ ဒီရှဲ့သခင်မလေးက…သူ့ညီမ ပင့်ကူအကိုက်ခံရလုနီးပါးဖြစ်ခဲ့တော့ ဥယျာဥ်မှူးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်နေတာများလား?’ အချို့လူများသည် တိတ်တဆိတ် ခန့်မှန်းလိုက်ကြ၏။
ဤကဲ့သို့သာဆိုပါလျှင် ထိုသည်မှာ အတော်လွန်လိမ့်မည်ပင်။ ဥယျာဥ်မှူးများသည် အနည်းငယ်ပေါ့ဆခဲ့ကြသော်လည်း အပင်များထဲ၌ ပိုးကောင်များရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ရှဲ့ချောင် ရုတ်တရက် ဥယျာဥ်မှူးများထဲမှ နှစ်ဦးအား ညွှန်ပြလိုက်ကာ ပြောလိုက်၏။ “ ရှင်တို့နှစ်ယောက် ဒီမှာနေခဲ့ပါ။ ကျန်တဲ့လူတွေက သွားနိုင်ပါပြီ”
•••••