ပထမဆုံးအကြိမ် ခိုးယူခြင်း
Vol. 1 Ch. 9
မြစ်ပန်းမြို့ အပြင်ပိုင်းဒေသ ညလယ်ခေါင်တွင် ဆေးမားကတ်သည် ဖွင့်ထားဆဲဖြစ်ပြီး ပုံမှန်လိုပင် လည်ပတ်နေသည်။ ဆေးမားကတ်သည် မည်သည့်အခြေနေတွင်ဖြစ်စေ၊ မည်သည့်အချိန်တွင်ဖြစ်စေ ဘယ်သောအခါမှ မပိတ်ထားပေ။ အထူးသဖြင့် ကျင့်ကြံသူများအတွက် ဖြစ်သည်။
လူဝကြီး Billy ဆိုင်အနီးမှ မှောင်မဲနေသော တောင်ကြားတစ်နေရာထဲတွင် နက်ပြာရောင်မျက်လုံးတစ်စုံသည် Billy ၏ဆေးဆိုင်ကို အေးစက်စွာ ကြည့်နေ၏။ Ace ထိုသို့ ကြည့်နေသည်မှာ ၁နာရီလောက် ရှိပြီဖြစ်သည်။ ဤနေရာမှ ဆိုင်တိုင်းသည် မြို့တော်ထဲမှ ဆိုင်များလိုပင် ညလယ်အချိန်တွင် ပိတ်မည်ဟု ထင်ခဲ့တာကြောင့် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
ဆိုင်ပိတ်သွားသောအချိန်တွင် သူ့အနေဖြင့် ဝင်ရောက်စီးနှင်းရန် လွယ်ကူမည်ဟု တွေးခဲ့လေသည်။ သို့သော် ဆေးမားကတ်သည် ညလယ်အချိန်တွင်ပင် နေ့ခင်းလိုဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူကြိုသိခဲ့လျှင် သူ၏အစီစဉ်ကို ပို၍ ပြင်ဆင်ခဲ့ပေလိမ့်မည်။
‘အခု ဘယ်လိုလုပ်ရမလဲ’ လက်ရှိအခြေအနေကြောင့် သူတော်တော်လေး စိတ်ဖိစီးသွားသည်။
‘ငါ့မှာ အချိန်တစ်ရက်ပဲ ကျန်တော့တယ်။ ဘာတွေပဲဖြစ်လာလာ ငါလုပ်ရမယ့်ဟာကို လုပ်ကို လုပ်ရမယ်!!’ သူ့ကိုယ်သူအားပေးလိုက်ကာ စိတ်ငြိမ်အောင် ထားလိုက်သည်။ အကြံဉာဏ်အသစ်အတွက် ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်သော်လည်း သူ့ခေါင်းထဲမှ ဘာမှထွက်မလာတော့ပေ။
လူဝကြီး Billy ၏ ဆိုင်ထဲတွင် Billy သည် အလွန်အမင်းဝမ်းနည်းနေသော စိတ်အခြေနေတွင် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် မနေ့က အတွင်းပိုင်းဒေသမှ (သူ့အမြင်တွင်) လူချမ်းသာ ကောင်ငယ်လေးသည် သူ့ဆီသို့ ရောက်လာခဲ့ပြီး သူ့မိသားစုနှင့်အတူ ပြန်လာကာ ဆေးများအတွက် ပိုက်ဆံ လာပေးချေမည်ဟု ကတိပေးခဲ့သော်လည်း ရောက်မလာတာကြောင့်ပင်။
ထိုအရာသည် သူ့အတွက် အတွင်းပိုင်းဒေသမှ မိသားစုကြီးများနှင့် ခင်မင်ရင်းနှီးရန် သေချာပေါက် ရွှေရောင်အခွင့်ရေးကြီး ဖြစ်ပေသည်။ သို့သော် ထိုကောင်လေးသည် ပြန်မလာခဲ့သည့်အတွက် သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။ အကြောင်းပြချက်မရှိဘဲနှင့်ပင် သူ့အစေခံကို ရိုက်နှက်ခဲ့သေး၏။
ယခုတွင် ညလယ်အချိန်သို့ ရောက်နေခဲ့ပြီ ဖြစ်ကာ စီးပွားရေး ရောင်းအားနည်းလာသည်။ ထို့ကြောင့် Billy ပျင်းရိလာကာ အိပ်ချင်လာတော့သည်။ ဤအချိန်လောက်တွင် သူလုပ်နေကျအတိုင်း တစ်ရေးလောက် အိပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
Billyဟာ ငွေနဲ့ ပတ်သတ်လာလျှင် သူကိုယ်တိုင်မှလွှဲ၍ မည်သူ့ကိုမှ မယုံကြည်နိုင်တာကြောင့် သူ၏ဆိုင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အငှားဝန်ထမ်းမရှိပေ။ ထို့ကြောင့် ဆိုင်ကို သူကိုယ်တိုင်သာ စီမံခန့်ခွဲကာ တစ်ခါတစ်ရံ ညလယ်အချိန်တွင် အနားယူရန်အတွက် ဆိုင်ပိတ်လေ့ ရှိပေသည်။
တောင်ကြားထဲမှ Aceသည် Billy ၏ ဆိုင်ကို ကြည့်ကာ အခွင့်ရေးကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူ၏ လှုပ်ရှားမှုများ အားလုံးသည် သိမ်းငှက်တစ်ကောင်လိုပင်။ သူထိုကဲ့သို့ပုံစံဖြင့် ရှိနေသည်မှာ အချိန်အချို့ရှိနေပြီဖြစ်သည်။ ရုတ်တရက် Billy သည် သူ့ဆိုင်ကို ပိတ်နေသည်ကို တွေ့လိုက်ရကာ အခွင့်အရေးကို မြင်သွားသည်။
‘နောက်ထပ် အချိန်နည်းနည်းလောက်ပဲ..’ မျှော်လင့်ချက်များအပြည့်ဖြင့် Ace တွေးလိုက်သည်။
ယခုသည် သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပြီး ငါးမိနစ်လောက် ထပ်စောင့်ဆိုင်းပြီးနောက် သူစတင် လှုပ်ရှားတော့သည်။
‘အခုမှ မဟုတ်ရင် ဘယ်တော့မှ..’ သူအသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ ကိုယ်ပျောက်နိုင်သောစွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထို့နောက် ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရကာ ချီသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စတင်၍ ပျံ့နှံ့တော့သည်။ ထို့နောက် သူ့ပုံစံသည် ဖောက်ထွင်းမြင်လာရကာ အမှောင်ထဲတွင် တစ်ဖြည်းဖြည်း မှေးမိန်သွားသည်။
ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းပြီးနောက် သူ၏ ဒုတိယ အရေးပါဆုံးစွမ်းရည်ဖြစ်သော တိတ်ဆိတ်သောခြေလှမ်းစွမ်းရည်ကို စတင်၍ အသက်သွင်းလိုက်သည်။ ချီသည် သူ့ခြေထောက်များကို ငှက်မွေးများလို အလွန်အမင်း ပေါ့ပါးသွားအောင် လုပ်ပေးနေသည်ဟု ခံစားရသည်။
ပြင်ဆင်ပြီးနောက်တွင် သူ့ပတ်ဝန်းကျင်ကို သတိထားကာ ဆေးဆိုင်ဆီသို့ မျှားတစ်စင်းလို ထိုးပြေးသွားတော့သည်။ သူ့အသက်ကို ထိန်းရှူကာ ဆိုင်၏ အဝင်ဝဆီသို့ ရောက်သွားသည်။ ထို့နောက် Billy သတိမထားမိစေဘဲ အောင်မြင်စွာ ဝင်ရောက်နိုင်သွားသည်။
ယခု Ace သည် ဆိုင်၏ အလင်းရောင်အောက်တွင် ဖြစ်ပြီး သူ၏ ကိုယ်ပျောက်စွမ်းရည်သည် မပြည့်စုံသေးတာကြောင့် တစ်ယောက်ယောက်သာ သူ့ကို အနည်းငယ်ပို၍ အာရုံစိုက်ကြည့်လိုက်ပါက သူ၏နေရာကို သိရှိနိုင်ပေသည်။
သူဆိုင်ထဲသို့ ဝင်လာသော အချိန်တွင် လူဝကြီး Billy သည် အိပ်နေပြီဖြစ်ကာ သူ့ပါးစပ်မှ ဟောက်သံပင် ထွက်နေပြီ ဖြစ်သည်။ ‘ဒီမျိုးမစစ်ကောင် အိပ်နေတာ ကောင်းတယ်’ Ace ပျော်ရွှင်စွာ တွေးလိုက်သည်။
သူ၏ တိတ်ဆိတ်သော ခြေလှမ်းဖြင့် ဆိုင်၏ နောက်ဖက်ထဲသို့ တိုက်ရိုက်သွားလိုက်သည်။ ထိုနေရာတွင် ပုံမှန်နံရံတစ်ချပ်မှလွှဲ၍ အခြားဘာမှ မရှိပေ။ ထိုနေရာတွင် လျှို့ဝှက်တံခါးတစ်ချပ်ရှိနေလိမ့်မည်ဟု မည်သူမှ ပုံဖော်ကြည့်နိုင်မည် မဟုတ်ပေ။
ထိုနံရံဆီသို့ ရောက်သည့်အခါ သူ၏စွမ်းရည် ၂မျိုးကို သုံးနေသည်မှ ရပ်လိုက်သည်။ ချွေးသီးများ သူ့ခေါင်းပေါ်မှ ကျဆင်းလာသည်ကို မည်သူမဆို မြင်နိုင်ပေသည်။ ထိုအရာသည် ကျင့်ကြံသူတစ်ယောက် မဟုတ်သေးဘဲ စွမ်းရည်၂မျိုးကို တစ်ချိန်တည်းတွင် အသုံးပြုနေခြင်းကြောင့်ပင်။ သူ့တွင်အနားယူရန် အချိန်မရှိပေ။ သူ၏တတိယစွမ်းရည်ဖြစ်သော အမှန်နှင့်အမှားမျက်လုံးကို အသက်သွင်းလိုက်သည်။
သူ၏မျက်စံများ ရွှေရောင်သို့ ပြောင်းသွားကာ ရုတ်တရက် နံရံပေါ်တွင် မီးခိုးရောင် ဒေါင်လိုက် မျဉ်းကြောင်းများ သူ့အမြင်အတွင်းသို့ ပေါ်လာသည်။ ထိုဒေါင်လိုက်မျဉ်းများကို ချိတ်ဆက်ကြည့်ခြင်းဖြင့် တံခါးတစ်ချပ်၏ ပုံစံကို ယောင်ဝါးဝါးမြင်နိုင်ပေသည်။ ထူးဆန်းစွာဖြင့် ထိုမီးခိုးရောင်မျဉ်းများကြားတွင် ‘အနက်ရောင်အပေါက်’ လေးတစ်ခုရှိနေသည်။ ထိုအပေါက်သည် လျှို့ဝှက်တံခါး၏ အလယ်ညာဘက်ထောင့်တွင် ရှိသည်။
ထိုအနက်ရောင်အပေါက်ကြောင့် သူ မအံ့ဩသွားပေ။ အဘယ်ကြောင့်ဆိုသော် ထိုအပေါက်သည် ဤအစီရင်၏ အားနည်းချက်ဖြစ်သည်ကို သူသိပေသည်။ သူ၏ လက်ညိုးကို ထိုအနက်ရောင်အပေါက်ပေါ်သို့ တင်လိုက်ကာ အတွေးတစ်ချက်တည်းဖြင့် ရတနာများဖွင့်နိုင်သောလက်စွမ်းရည် ‘ရတနာများဖွင့်ခြင်း၏ ပထမပုံစံ’ ‘လက်ချောင်းသော့’ကို အသက်သွင်းလိုက်သည်။
ဤစွမ်းရည်တွင် စုစုပေါင်း ပုံစံ ၅မျိုးရှိကာ ‘လက်ချောင်းသော့’သည် ပထမပုံစံ ဖြစ်သည်။ အလွန်ခက်ခဲသော ဒုတိယပုံစံကို သူသည် ကျွမ်းကျင်ရုံမျှသာ ရသေးသည်။ Alina ကို ကယ်တင်ရန် လောနေသောကြောင့် ဤစွမ်းရည်များကို သင်ယူခြင်းအမြန်နှုန်းသည် သာမန်မဟုတ်သည်ကို သူသတိမထားမိခဲ့ပေ။
ထိုစွမ်းရည်ကို အသက်သွင်းပြီးသောအချိန်တွင် သူ့လက်ညိုးသည် သတ္တုဖြစ်သွားကာ လက်ညိုးတစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံအဖြစ်သို့ ပုံပေါ်လာခဲ့သည်။ ထိုသို့ပုံစံ ပေါ်လာသည်နှင့် အနက်ရောင်အပေါက်ထဲသို့ သော့တစ်ချောင်းလို ထည့်သွင်းတော့သည်။
သူ့စိတ်ထဲသို့ ဤအစီအရင်၏ တည်ဆောက်ပုံ အချက်အလက်များလည်း ပေါ်လာသည်။ ထိုအချက်အလက်များကြောင့် သူလန့်မသွားခဲ့ပေ။ ဤသို့ဖြစ်ပျက်မည်ကို သူသိပြီးသားဖြစ်တာကြောင့် လန့်မသွားခဲ့ခြင်းပင်။ ထိုအချက်အလက်များကို လက်ခံလိုက်ပြီးနောက် မသိစိတ်မှနေ၍ သူ့လက်ချောင်းသည် စတင်၍ လှုပ်ရှားတော့သည်။
‘ကလစ်’
သူ၏ရှေ့တွင် တံခါးသည် ညင်သာစွာ ပွင့်သွားခဲ့သည်။
‘အဲ့တော့ ဒါက ဒီစွမ်းရည်အလုပ်လုပ်တဲ့အခါ ဘယ်လို ခံစားရသလဲဆိုတာပေါ့။ ဒါကလျှို့ဝှက်ဆန်းကြယ်မှုသက်သက်ပါပဲ။’ သူ၏ နှဖူးပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နေပြီ ဖြစ်သည်။ သို့သော် သူ၏ဖြူဖျော့နေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများလည်း ရှိနေ၏။
ဤ’လှည့်စားခြင်းအစီအရင်’သည် ပျက်စီးနေပြီဖြစ်တာကြောင့် ’တံခါးအစီအရင်’ကို ’လက်ချောင်းသော့’ဖြင့် ဖွင့်ရန် အချိန်သိပ်မကြာလိုက်ပေ။
သူလျှင်မြန်စွာပင် တံခါးလက်ကိုင်ကို ကိုင်လိုက်ကာ မည်သည့်အသံမှ မထွက်စေဘဲ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် တံခါးသည် အက်ကြောင်းပေါ်လာကာ ထိုအက်ကြောင်းမှ သူချောင်းကြည့်လိုက်သည်။
လျှို့ဝှက်ခန်းထဲတွင် အစောင့်နှစ်ယောက်သည် အခန်းထောင့်များတွင် အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရသည်။
‘သူတို့လည်းပဲ အိပ်နေကြတယ်။ ကြည့်ရတာ ကံတရားက ငါ့ဘက်မှာပဲ’
ပုံမှန်အားဖြင့် ဤအချိန်သည် ထိုအစောင့်နှစ်ယောက်အတွက် အိပ်နေကြအချိန်ပင် ဖြစ်သည်။ မည်သူမှ လူဝကြီး Billy ဆိုင်မှ မခိုးယူရဲကြပေ။ အကြီးမားဆုံး အကြောင်းပြချက်မှာ သူ၏ရတနာများ မည်သည့်နေရာတွင် ရှိသည်ကို မသိကြတာကြောင့်ပင်။ အကယ်၍ တစ်ယောက်ယောက်က သိခဲ့လျှင်ပင် ထိုပုံးကွယ်နေသော တံခါးနှင့် သော့အစီအရင်တို့ကို ဖြေရှင်းရဦးမည် ဖြစ်သည်။ တစ်ယောက်ယောက်သည် ထိုအစီရင်ကို ထိလိုက်လျှင် သတိပေးချက် မြည်လာမည်ဖြစ်ပြီး လူတိုင်းသတိရှိသွားပေလိမ့်မည်။ ထို့ကြောင့် ထိုနှစ်ယောက်သည် ဤအခန်း၏ လုံခြုံရေးကို စိတ်ပူခြင်းလည်းမရှိ၊ ဂရုလည်းမစိုက်ဘဲ အိပ်နေခြင်းပင်။
သို့သော်လည်း Ace သည် ချွင်းချက်ဖြစ်သည်။ သူ့တွင် စနစ်မှရရှိသော စွမ်းရည်များ ရှိလေသည်။ သူ၏ အမှန်နှင့်အမှားမျက်လုံးများသည် အစီရင်၏ အားနည်းချက်ကို မြင်နိုင်လိမ့်မည်ဟု မည်သူမှ စိတ်ကူးယဉ်မိလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူမြင်နိုင်လျှင်ပင် သူ့တွင် ရတနာများဖွင့်နိုင်သောလက်စွမ်းရည်လည်း ရှိနေသေးလိမ့်မည်ဟု မည်သူမှ ယုံလိမ့်မည် မဟုတ်ပေ။ ထိုစွမ်းရည်များနှင့် သူသည် ပြီးပြည့်စုံသော သူခိုးတစ်ယောက်ပင် ဖြစ်သည်။
အခန်းထဲသို့ သူဖြည်းညင်းစွာ ဝင်သွားလိုက်ကာ ဤကြွက်သားဦးနှောက်များနှင့် အစောင့်နှစ်ယောက်သည် ပတ်ဝန်းကျင်ကိုပင် ဂရုစိုက်ခြင်းမရှိဘဲ အိပ်နေသည်ကို မြင်သည့်အခါ အေးအေးဆေးဆေးပင် ဖြတ်သွားလိုက်သည်။ ထို့နောက် သူ၏အမှန်နှင့်အမှားမျက်လုံးများကို ထပ်မံ၍ အသက်သွင်းလိုက်သည်။ အခန်းတစ်ခုလုံးကို စကန်ဖတ်ပြီးနောက် နောက်ဆုံးတွင် သူရှာဖွေနေသောအရာကို တွေ့လိုက်ရသည်။
‘အို့! ဆိုတော့ အဲ့နေရာမှာ ရတနာတွေကို ဖွက်ထားတယ်ပေါ့’ အခန်း၏ ညာဘက်ထောင့်စွန်းအောက်ဘက်တွင် အနည်းငယ် မညီညာသော နံရံတစ်ခုရှိနေကာ ထိုနေရာသို့ သွားလိုက်သည်။
ထိုမညီညာသော နံရံနားသို့ အလွန်သတိထားကာ သွားလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ တုံးအသောအစောင့်နှစ်ယောက်သည် အိပ်ပျော်နေပြီး ဟောက်ပင်ဟောက်နေသေးသည်ကို အတည်ပြုပြီးနောက် သူ၏ လက်နှစ်ချောင်းကို နံရံ၏ ဘာမှမရှိသော်လည်း မညီညာသောထောင့်တွင် နေရာချလိုက်သည်။
ယခင်တုန်းကလိုပင် မီးခိုးရောင်လိုင်းများကို တွေ့လိုက်ရကာ ဘဏ္ဍာတိုက်တံခါးပုံစံ ပုံပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်တော့ မီးခိုးရောင်လိုင်းများကြားတွင် အနက်ရောင်အပေါက်နှစ်ပေါက် ပေါ်လာသည်။ သူ၏ လက်နှစ်ချောင်းကို ထိုအနက်ရောင် အပေါက်နှစ်ပေါက်ပေါ်သို့ တင်လိုက်ကာ ‘ရတနာများဖွင့်နိုင်သောလက်” ၏ ဒုတိယပုံစံ ‘လက်ချောင်းများသော့’ကို အသက်သွင်းလိုက်သည်။
စွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက် လက်ညှိုးနှင့် လက်ခလယ်သည် သတ္တုများ ဖြစ်လာကာ ယခင်ကလိုပင် အပေါက်ထဲသို့ ဝင်သွားသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ပုံသံအသစ်များ ပေါ်လာသည်။ အရင်အကြိမ်ကလိုပင် သူ့ခေါင်းထံသို့ ဤသော့အစီရင်၏ သတင်းအချက်အလက်များ ဝင်လာကာ သူ့လက်ချောင်းများကို ထူးဆန်းစွာ လှုပ်ရှားသွားစေသည်။ လက်တစ်ချောင်းစီသည် မတူညီသော လှုပ်ရှားမှုများကို လုပ်နေ၏။ ဤမြင်ကွင်းသည် မြင်ရခဲပြီး ရတနာများဖွင့်နိုင်သောလက်၏ ဒုတိယပုံစံသည် ထူးဆန်းသည်ကို မြင်နိုင်ပေသည်။
၄စက္ကန့်မျှ ကြာပြီးနောက်
‘တင်’
စူးရှသော ဆူညံသံလေးသည် တိတ်ဆိတ်နေသော အခန်းထဲတွင် မြည်လာ၏။
ထိုအသံထွက်လာသောအချိန်တွင် သူစိတ်ချောက်ချားနေသော အခြေအနေသို့ ရောက်သွား၏။ အသံသည် အရမ်းမကျယ်သော်လည်း ဤသို့ တိတ်ဆိတ်နေသော အခန်းထဲတွင်တော့ တော်တော်လေး ကျယ်ပေသည်။ သူ့မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ နှလုံးရောဂါပင် ရတော့မည့်ပုံပင်။ အိပ်ပျော်နေသော အစောင့်နှစ်ယောက်ဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း သူတို့ အိပ်ပျော်နေသေးတုန်းပင်။
‘သူတို့ ဘာမှ မကြားသွားတဲ့ပုံပဲ။ ဟူးးး’ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထို့နောက် ရတနာတံခါးဆီသို့ ပြန်၍ အာရုံစိုက်လိုက်ကာ အသံမထွက်စေဘဲ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အထဲတွင် အနီရောင်ပတ္တမြားဒင်္ဂါးပြားများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။
ဤမျှများပြားသော ပိုက်ဆံများကို သူ့တစ်ဘဝလုံးတွင် မတွေ့ခဲ့ဘူးပေ။ ပတ္တမြားဒင်္ဂါးပေါင်း ၂၀၀၀ကျော်လောက် ရှိနေ၏။
ယနေ့တွင် Billy သည် အတွင်းပိုင်းဒေသမှ လူချမ်းသာ မိသားစုနှင့် တွေ့ဆုံရမည်ဟု ထင်ခဲ့တာကြောင့် သူ၏အမွေများကို ဤနေရာသို့ ရွှေ့ပြောင်းထားခြင်းဖြစ်ပြီး သူ၏ချမ်းသာမှုကို ပြချင်ခဲ့ခြင်း ဖြစ်လေသည်။ သူ့ကို အတွင်းပိုင်းဒေသသို့ ခေါ်ဆောင်သွားပေးရန် လာဘ်ထိုးဖို့ပင် ရည်ရွယ်ထားခဲ့၏။ သို့သော်လည်း ထိုလက်ဆောင်များသည် Ace အတွက် ဖြစ်သွား၏။ ဘဏ္ဍာတိုက်ထဲတွင် ပတ္တမြားဒင်္ဂါးပေါင်း ၄၀၀၀ ကျော် ရှိလေသည်။
ထို့နောက် သူ့နောက်ကျောဘက်မှ ကြိုးအိတ်ကို ယူလိုက်ကာ ကြိုးကို ဖြည်ပြီးနောက် ပတ္တမြားဒင်္ဂါးများကို စိတ်လှုပ်ရှားစွာ စတင်၍ စုဆောင်းတော့သည်။ ၂မိနစ်လောက် အလုပ်ကြီးစားပြီးနောက် ပတ္တမြားဒင်္ဂါးများအားလုံးကို စုဆောင်းပြီးသွားလေပြီ။ ဟိုလူလိမ်ကောင် ဖက်တီးအတွက် ပတ္တမြားဒင်္ဂါး တစ်ပြားပင် ချန်မထားခဲ့ပေ။
ဤဘဏ္ဍာတိုက်သေးသေးလေးထဲမှ ဒင်္ဂါးပြားများအားလုံးကို ယူပြီးနောက် ထိုနေရာတွင် အနီရောင်ပုလင်း နှစ်လုံးသာ ကျန်တော့သည်။ ထိုပုလင်းနှစ်လုံးသည် အခန်းထဲမှ အခြားဆေးပုလင်းများနှင့် ပုံစံတူတာကြောင့် သူအများကြီး မတွေးမိပေ။ သို့သော် ထိုဆေးပုလင်းနှစ်လုံးသည် လူဝကြီး Billy ၏ချမ်းသာမှုများထက် ပို၍ အဖိုးတန်သည်ကို သူမသိခဲ့ပေ။
ဘဏ္ဍာတိုက်ကို ရှင်းလင်းပြီးနောက် သူအိမ်မက် မက်နေသလိုပင် ခံစားရ၏။ တစ်နေ့တွင် တစ်စုံတစ်ယောက်ဆီမှ ခိုးယူရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ ထို့အပြင် ထိုမျှ များပြားသော ရတနာများကို ခိုးယူနိုင်ခဲ့သည်မှာလည်း မဖြစ်နိုင်သော စိတ်ကူးယဉ် အိမ်မက်လေးလိုပင်။
သူလုပ်ဆောင်ရန် တာဝန် မပြီးမြောက်သေးတာကြောင့် ထိုနေရာတွင် အကြာကြီး ထိုင်မနေဘဲ အခန်းထောင့်မှ စင်များဆီသို့ သွားလိုက်သည်။ ထို့နောက် ဆေးပုလင်းများကို ဖြည်းဖြည်းချင်း သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။
သူ၏အိတ်သည် ဆေးများ၊ ဒင်္ဂါးပြားများဖြင့် ထုတ်ပိုးပီးသွားကာ ထင်ယောင်ထင်မှား ဖြစ်နေသည်လားဟုပင် တွေးလိုက်မိသည်။ ‘ငါချမ်းသာပီ!!’ သူထပ်တွေးလိုက်ခဲ့သည်။
ယခု ခိုးယူခြင်း ပြီးဆုံးသွားကာ ထွက်ခွာရန် အချိန်ကျပြီ ဖြစ်သည်။ တုံးအလှသော အစောင့်နှစ်ယောက် အိပ်နေစဉ်မှာပင် ထိုလျှို့ဝှက်ခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာတော့သည်။
‘ဟိုလူလိမ်ကောင်ဖက်တီး ဒီအကြောင်းတွေကို သိသွားတဲ့အချိန်ကျရင် ဒီအစောင့်နှစ်ယောက်ကို ဘာလုပ်မလဲ မသိဘူး။’ သူဘာမှမတတ်နိုင်သော်လည်း စဥ်းစားမိသွားသည်။ ထို့နောက် ရတနာသိုက်တံခါးကို ပိတ်လိုက်ကာ ‘တင်’ဟု မြည်သွားပြီး သော့အစီအရင်သည် ပြန်၍ အသက်ဝင်သွားသည်။
သူနှင့် အောင်မြင်မှုကြားတွင် အဓိကတံခါးကြီးသာ ကျန်တော့သည်။
ယခု သူ၏မျက်နှာသည် သရဲတစ်ကောင်လို ဖြူဖျော့နေကာ အသက်ရှုသံများလည်း ပြင်းထန်နေသည်။ ချွေးများသည်လည်း သူ့မျက်နှာပေါ်မှ အဆက်မပြတ် ကျဆင်းနေကာ သူ့အဝတ်စားများ ရွှဲရွှဲစိုနေတော့သည်။ ဤခိုးယူမှုတစ်ခုလုံးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အတော်လေး တင်းမာသွားစေကာ သူ၏ စိတ်ဆန္ဒကြောင့်သာမဟုတ်လျှင် ဤနေရာတွင်ပင် လဲကျသွားလောက်ပေပြီ။
အံကြိတ်လိုက်ကာ သူ၏ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူ၏လက်ရှိအခြေနေဖြင့် ဤစွမ်းရည်တစ်မျိုးတည်းကိုသာ သုံးနိုင်ကာ ယခုတွင်ပင် မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်လို ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။
ထို့နောက် တတ်နိုင်သမျှ ညင်သာစွာဖြင့် အဓိကအဝင်ဝဆီသို့ သွားလိုက်သည်။ သူ၏နောက်ကျောမှ အိတ်သည် အပြည့်ဖြစ်ပြီး သူ့ခွန်းအားသည်လည်း ကုန်ဆုံးလုနီးပါးဖြစ်လာသည်။ ယခုအချိန်တွင် မမျှော်လင့်ထားသောတစ်စုံတစ်ခု ဖြစ်သွားပါက သူဆုံးခန်းတိုင်သွားနိုင်လေသည်။
လူဝကြီး Billy သည် အိပ်ပျော်နေဆဲဖြစ်ပြီး သူ့ဆိုင်တံခါးပွင့်သော အသံကို ကြားလိုက်ရသည့်အချိန်တွင် သူအတွင်းပိုင်းဒေသထဲသို့ ရောက်နေသည်ဟု အိမ်မက်မက်နေလေသည်။ ထိုအသံသည် ဖောက်သည်တစ်ယောက်ယောက်ဝင်လာခြင်းဖြစ်မည်ဟု ထင်လိုက်ကာ ပျင်းရိစွာဖြင့် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ရီဝေနေသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း မည်သည့်ဖောက်သည်ကိုမှ မတွေ့ရပေ။
သို့သော် တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံအပြည့်နှင့် မျက်နှာတွင်ပါ အနက်ရောင်မျက်နှာဖုံးတပ်ဆင်ထားသော သူကို တွေ့လိုက်ရသည့်အခါတွင် လူဝကြီး Billy သည် အိပ်ချင်မူးတူး အခြေနေတွင်ပင် ရှိနေသေး၏။ ထို့ကြောင့် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရစေရန် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သော်လည်း အနက်ရောင်ဝတ်စုံနှင့် လူသည် ရှိနေဆဲဖြစ်ပြီး ထိုလူသည် ယခုတွင် ပြေးနေတော့သည်။
ထိုအခါမှ လူဝကြီး Billy လည်း လန့်ဖျပ်သွားကာ အဆုတ်ထဲမှ လေသံဖြင့် အော်ဟစ်တော့သည်။ “သရဲ……….!!!!!”
သူ့အသံသည် အလွန်ကို ကျယ်လောင်တာကြောင့် အနီးနားမှ ဆိုင်ပိုင်ရှင်များပါ လန့်ဖျပ်သွားကာ ဘာတွေဖြစ်ပျက်နေသည်ကို သိရရန် ဆိုင်ထဲမှ ထွက်လာကြသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူသည် အတွင်းပိုင်းဒေသဘက်သို့ ပြေးသွားသည်ကိုသာ တွေ့လိုက်ကြရသည်။
သူတို့၏ မျက်နှာများသည်လည်း Billy လို ဖြစ်သွားကာ တစ်စုံတစ်ယောက်သည် ကြောက်လန့်စွာ အော်တော့သည်။ “တစ်ယောက်ယောက်..တစ်ယောက်ယောက် မြန်မြန်သွားပြီး နတ်ဆရာကို ပင့်ခေါ်လာခဲ့ကြ။ ဒီနားမှာ လွတ်နေတဲ့ သရဲတစ်ကောင် ရောက်နေတယ်လို့ ပြောပြီး အကူညီတောင်းခဲ့! မြန်မြန်သွား!!!”
အပြင်ပိုင်းဒေသဆေးမားကတ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတော့သည်။
သရဲသည် လူဝကြီး Billy ၏ ဆိုင်ထဲမှ ထွက်လာတာကြောင့် Billy သည် အကြောက်လန့်ဆုံးတစ်ယောက် ဖြစ်လေသည်။ သူအကာကွယ် ရရှိစေရန် သူ၏ အစောင့်များ ရှိသော လျှို့ဝှက်အခန်းဆီသို့ လျှင်မြန်စွာ သွားလိုက်သည်။ သူ၏ သော့ကတ်ကို လျှို့ဝှက်တံခါးရှေ့သို့ လျှင်မြန်စွာ ဝှေ့ယမ်းလိုက်ကာ လျှို့ဝှက်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုအစောင့်နှစ်ယောက်သည် အရူးများလို အိပ်မောကျနေသည်ကို မြင်လိုက်ရသည့်အခါ သူမျက်နှာမှောင်မဲသွားပြီး အလွန်အမင်း ဒေါသထွက်သွားသည်။
“မျိုးမစစ်ကောင်တွေ မြန်မြန်ထကြ!! ဒီမှာ သရ…” သူ ‘သရဲ’ ဟု ပြောတော့မည့်အချိန်တွင် သူ့အမြင်အာရုံသည် ရုတ်တရက် အလွန်အမင်း ပြောင်သလင်းခါနေသော အခန်းထဲသို့ ရောက်သွားသည်။ ဟုတ်ပါသည်။ ပြောင်သလင်းခါနေ၏။
လူဝကြီး Billy သည် ကမ္ဘာကြီးမှာ သူ့အနားတွင် လည်ပတ်နေသည်ဟု ခံစားလိုက်ရကာ သူ့အမြင်အာရုံများ မှောင်မိုက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
အစောင့်နှစ်ယောက် သူတို့၏ အိပ်ချင်မူးတူးဖြစ်နေသေးသော မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် Billy သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ကြရသည်။ Billy ၏မျက်နှာသည် မည်သည့်သွေးမှ မစီးဆင်းတော့သလို ဖြူဖျော့နေလေ၏။ သူတို့လည်း လျှင်မြန်စွာ Billy နားသို့ သွားလိုက်ကာ မေးလိုက်ကြသည်။ “သူဌေး ဘာဖြစ်တာလဲ”
“မင်းတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်။ ပြီးရင် ဘာမြင်ရလဲ ငါ့ကိုပြော” အက်ကွဲနေသောအသံဖြင့် Billy ပြောလိုက်သည်။ အံ့ဖွယ်ဖြစ်ရပ်များအတွက် သူမျှော်လင့်နေမိကာ သရဲကြောက်လွန်းနေတာကြောင့် သူ့မျက်လုံးသည် သူ့ကို လှည့်စားနေတာ ဖြစ်ရမည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သေချာစေရန်အတွက် သူ့အစောင့်များကို မေးလိုက်ခြင်းပင်။
သူ၏မေးခွန်းကို အစောင့်နှစ်ယောက် ကြားသည့်အခါ သူတို့ အံ့အားသင့်သွားကာ နောက်လှည့်ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည်လည်း ထိုနေရာတွင် အလွန်ပြောင်သလင်းခါနေသည်ကို တွေ့လိုက်ကြသည့်အခါ သူတို့၏ မျက်နှာများ ဖြူဖတ်သွားပြီး ဒူးခေါင်းများ ဂျယ်လီလို ပျော့ခွေသွားသည်။ သူတို့သည်လည်းပဲ Billy လို ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“သူ..သူဌေး..ခင်ဗျား..ဆေးတွေကို နေရာရွှေ့လိုက်တာလား” အရပ်ရှည်သောအစောင့်သည် တုန်ယင်နေသော အသံဖြင့် ဖက်တီးကို မေးလိုက်သည်။
“မင်းအမေကိုပဲ ငါအခု ရွှေ့ပစ်မယ်!! မင်းအမေနဲ့အတူ မင်းအစ်မကိုလည်း နေရာရွှေ့ပစ်မယ်!! မင်းတစ်မိသားစုလုံးကိုပါ နေရာရွှေ့ပစ်မယ်!!!” မျက်ရည်ကျလုဆဲဆဲ ခွေးတစ်ကောင်လို ထိန်းမနိုင် သိမ်းမရဖြင့် ဖက်တီးအော်ဆဲတော့သည်။
ရုတ်တရက် တစ်စုံတစ်ခုကို Billy တွေးမိသွားကာ နှလုံးခုန်နှုန်း တစ်ချက် ကျော်သွားသည်။ ဤအရူးနှစ်ယောက်ကို ကန်နေခြင်းအား ရပ်လိုက်ကာ အခန်း၏ ထောင့်စွန်းဆီသို့ ပြေးသွားလိုက်သည်။ ပုံစံဒီဇိုင်းများပါရှိသော အနီရောင် သော့ကတ်ကို အမြန် ထုတ်လိုက်ကာ မညီညာသော နံရံရှေ့တွင် ဝေ့ယမ်းလိုက်သည်။ ထို့နောက် ဘဏ္ဍာတိုက်အသေးလေးသည် ပွင့်လာကာ သူထင်ထားသလိုပင် ထိုနေရာတွင်လည်း ပြောင်သလင်းခါနေ၏။
“ဟားဟားဟားဟား မရှိတော့ဘူး။ ပျောက်သွားပြီ။ အားလုံးပျောက်သွားပြီ?” သူအရူးတစ်ယောက်လို ရယ်မောလိုက်ကာ သူ့ခန္ဓာကိုယ်မှ အဆီများသည်လည်း အထက်အောက် လှုပ်ယမ်းသွားသည်။ သူ့ပိုင်ဆိုင်မှုများအားလုံးသည် မီးခိုးလိုပင် ပျောက်ကွယ်သွားလေပြီ။
“ဒါက ဘယ်လိုဖြစ်သွားရတာလဲ! တစ်စုံတစ်ယောက်က ဒီအခန်းတစ်ခုလုံးမှာရှိတာတွေကို ပြောင်သလင်းခါနေအောင် ယူသွားတဲ့အချိန် မင်းတို့နှစ်ယောက်က ဘာသောက်လုပ်တွေ လုပ်နေကြတာလဲ??! ဘယ်သောက်ကောင်က ဒါကို လုပ်သွားတာလဲ…!!” သူ၏အလွန်တုံးအသော အစောင့်နှစ်ယောက်ကို အရူးတစ်ယောက်လို အော်ဟစ်တော့သည်။ ထို့နောက် အနက်ရောင် သရဲအကြောင်းကို မှတ်မိသွားကာ ပြောလိုက်သည်။
“မြန်.မြန်မြန်လေး အခုသွားပြီး အဲ့ဒီအနက်ရောင် ဝတ်စုံဝတ်ထားတဲ့ သူကို ရှာခဲ့ပေး။ သေချာတယ် သူက ငါ့ဟာတွေကို ခိုးသွားတဲ့သူပဲ။ အကယ်၍ မင်းတို့နှစ်ယောက် ဘာမှ မဖမ်းမိလာဘူးဆိုရင် အကြိမ်သန်းပေါင်းများစွာ မင်းတို့နှစ်ယောက်ကို ပုစိန်နဲ့ ခုတ်သတ်ပစ်မယ်!! သွားးးးးး!!!” သူ့မျက်လုံးများ အလွန်နီရဲနေကာ စူးရှကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းတာကြောင့် အသက်ရှူကြပ်ပြီးပင် သေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။