← Chapters

စိတ်ကြီးသော

Vol. 71 Ch. 1051

စိတ်ကြီးသော

Vol. 71 Ch. 1051

“ကလန်ခေါင်းဆောင်က မင်းကို အများကြီး​ မျှော်လင့်ထားတာ”

လုံယန်က ပြောလိုက်လေသည်။

“ကလန်ခေါင်းဆောင်က မင်းကို မီးပဒေသာ နဂါးမျိုးရိုးရဲ့ သခင်လေး ဖြစ်စေရုံတင်မကဘူး… သူက မင်းကို နဂါးမျိုးနွယ်တစ်ခုလုံးရဲ့ သခင်လေးဖြစ်ပြီး မျိုးရိုးငါးခုစလုံးရဲ့ ကြည်ညိုလေးစားမှုကိုပါ ခံယူစေချင်နေတာ”

ထိုနေရာအရောက်တွင် လုံယန်က သူ၏ခေါင်းကို ခါယမ်းလိုက်လေသည်။

“ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ.. အဲဒီမှာ ကွာဟချက်က အများကြီးပဲ.. မင်းရဲ့ မျိုးဆက်သွေးနဲ့ဆိုရင် နဂါးမျိုးနွယ်တစ်ခုလုံးရဲ့ သခင်လေးဖြစ်ဖို့နေနေသာ.. မီးပဒေသာ နဂါးမျိုးရိုးရဲ့ သခင်လေး ဖြစ်ဖို့တောင်မှ မဖြစ်နိုင်သလောက်ပဲ”

ခဏမျှ ရပ်တန့်ပြီးနောက်.. သူက သက်ပြင်းချလိုက်လေသည်။

“မင်းက သခင်လေးဖြစ်ဖို့ကို မပြောနဲ့ဦး.. မီးပဒေသာ နဂါးမျိုးနွယ်ရဲ့ အသိအမှတ်ပြုမှုကိုတောင် ရရှိဖို့ မလွယ်ဘူး”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူ၏ မျိုးဆက်သွေးက သန့်စင်ခြင်း မရှိဘဲ သူက နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်ပြီးနောက် အခက်အခဲများစွာကို သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။

သို့သော်လည်း မွေးနီတစ္ဆေပြောခဲ့သလိုပင်.. ဘယ်နေရာကိုရောက်ရောက် ခွန်အားကသာ အရာရာဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသည်နှင့် သူသည် အဆင့်တူချင်းမှာ မည်သူ့ကိုမဆို ဖိနှိမ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိလေသည်။ အဲဒါက နဂါးတစ်ကောင်ဖြစ်နေသည် ဆိုလျှင်တောင်မှပေါ့။

ထိုအချိန်မှာပင် စကားသံ တစ်စွန်းတစ်စနှင့်အတူ အဝတ်စ လေတိုးသံ တဖျပ်ဖျပ်ကို ခပ်လှမ်းလှမ်းကနေ ကြားလိုက်ရလေသည်။

“ပြောရမယ်ဆိုရင်.. အဲဒီ ဆူဇီမိုက တော်တော်ကံကောင်းတာပဲ.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကတောင် သူ့ကို မသတ်ဖြတ်နိုင်ခဲ့ဘူး”

“ဒီကောင်လေးက သူ့မှာ ရတနာတွေ အများကြီးရှိနေတာကိုး.. ဖန်တီးခြင်းကြာပဒုမ္မာနဲ့ နတ်ဖီးနစ်အရိုးလို ရတနာမျိုးတွေက တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ရဲ့ ရိုက်ချက်ကို ခံနိုင်ရည်ရှိခဲ့တာ နားလည်ပေးလို့တော့ ရပါတယ်”

“ဒါပေမဲ့လို့ အဲဒါလည်း အလကားပါပဲ.. အခု ထိပ်သီးဂိုဏ်းကြီး ၉ဂိုဏ်းက ဒီကိုရောက်လာပြီဆိုမှတော့.. သူက ဘယ်လို ပြန်ဝင်စားမွန်းစတားပဲဖြစ်ဖြစ် သေရတော့မှာပဲ”

တစ်ခဏအတွင်းမှာပင်.. လူနှစ်ယောက်သည် သူတို့၏ အင်္ကျီလက်စများကို တဖျပ်ဖျပ်လှုပ်ခါ၍ လေနှင့်အတူ စီးနင်းလာကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ပြင်းထန်အားကောင်းသော စွမ်းအားများက ဖြာထွက်နေပြီး လောကနှင့် တစ်သားတည်းကျနေသည်ဟု ထင်ရလေသည်။

အဲဒါသည် ပေါင်းစည်းခန္ဓာအဆင့်မှာရှိသည့် သူများသာလျှင် ထုတ်ဖော်နိုင်သော ဖိအားနှင့် အော်ရာဖြစ်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်..

သို့သော်လည်း ထိုပြင်းထန်အားကောင်းသော ဖိအားသည် လုံယန်၏အော်ရာ ချဉ်းကပ်လာသည်နှင့် ပျက်ပြယ်သွားရလေသည်။

လုံယန်သည် သူ့ဆီသို့ လျှောက်လှမ်းလာနေသော လူနှစ်ယောက်ကို ကြည့်ပြီး လမ်းဖယ်ပေးလိုစိတ် မရှိဘဲ အမူအရာ ကင်းမဲ့နေလေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ လွှမ်းမိုးခြယ်လှယ်နိုင်သော တည်ရှိမှုများ ဖြစ်ကြလေသည်။

ဒါ့အပြင် သူတို့နှစ်ယောက်စလုံးသည် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော မြောက်ပိုင်းဒေသ၏ အသန်မာဆုံးဂိုဏ်း ဖန်သားနန်းတော်မှ လာခြင်းဖြစ်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် သူတို့လမ်းတွင် တစ်စုံတစ်ယောက် ပိတ်ရပ်နေသည်ကို မြင်သောအခါ သူတို့၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ရှေ့သို့ ပြေးဝင်ပြီး သူတို့လမ်းတွင် ပိတ်ရပ်နေသောလူကို သတ်ဖြတ်ဖို့ဖြစ်လေသည်။

သို့သော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ရှေ့သို့ ချဉ်းကပ်လာပြီးနောက်.. သူတို့က ရုတ်တရက် ရပ်တန့်လိုက်ကြလေသည်။

လုံယန်သည် နဂါးသွင်ပြင်ကို ယူမထားသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာသည် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲ တုန်ယင်သွားစေလေသည်။

ဒီအော်ရာက…

နဂါးမျိုးနွယ်…

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က တုန်လှုပ်သွားရလေသည်။

သူတို့နှစ်ယောက်စလုံးသည် အကြည့်ချင်း ဖလှယ်ပြီးနောက်.. အပြုံးတစ်ခုနှင့်အတူ တစ်ပြိုင်နက်တည်း ဦးညွတ်လိုက်ကြလေသည်။

“ကျုပ်က ဖန်သားနန်းတော်ကပါ.. နဂါးမျိုးနွယ်က တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ်”

လုံယန်၏ အမူအရာက အေးစက်၍ ငြိမ်သက်နေလေသည်။

သူ၏မျက်လုံးထဲတွင် သူတို့နှစ်ယောက်သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်နေလျှင်တောင် သူတို့၏ မျိုးဆက်သွေးက နိမ့်ကျပြီး သူက သူတို့နှစ်ယောက်ကို အရေးလုပ်နေလိမ့်မည် မဟုတ်ပေ။

“နဂါးမျိုးနွယ်က တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး ကြွပါ”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် မည်သည့် အတိုက်အခံမှ မပြုလုပ်ရဲဘဲ လုံယန်ဖြတ်လျှောက်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေး၍ ရိုသေလေးစားသော အပြုံးများနှင့်ပင် နှုတ်ဆက်လိုက်သေးလေသည်။

သူတို့သည် ဖန်သားနန်းတော်မှဖြစ်ပြီး ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိနေကြလေသည်။ သူတို့သည် မြောက်ပိုင်းဒေသမှာ စိုးမိုးခြယ်လှယ်ဖို့ တကယ်ပင် အဆင့်မီလေသည်။

သို့သော်လည်း နဂါးအရိုးတောင်ကြားမှ နတ်နဂါးတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ ဦးခေါင်းများကို ညွတ်ထားရပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ ဤနတ်နဂါး၏ ကျင့်ကြံမှုအဆင့်က သူတို့နှင့် မတိမ်းမယိမ်းမှာ ရှိနေပုံရလေသည်။

ဆိုလိုသည်မှာ ဤနတ်နဂါးသည် သူတို့နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိလေသည်။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ဝင်ရောက်လာသော ကမ္ဘာဦးမျိုးနွယ် ၉စုမှ ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ် အားလုံးသည် ရွှေအမြုတေအဆင့်မှာ ရှိကြသော်လည်း သူတို့သည် လူသားမျိုးနွယ် ပြိုင်စံရှားများကို ထင်တိုင်းကျဲ သတ်ဖြတ်နိုင်ကြလေသည်။

ထိုစဉ်တုန်းက ထိုမျိုးနွယ်စုနှစ်ခုနှင့် ယှဉ်ပြိုင်နိုင်သော ရွှေအမြုတေ အနည်းအကျဉ်းမျှသာ ရှိလေသည်။

လုံယန်သည် အေးစက်စွာ နှာတစ်ချက်မှုတ်၍ ဆူဇီမိုကို ခေါ်ဆောင်သွားလေသည်။

ဖန်သားနန်းတော်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် သွေးနီရောင် ယင်စိတ်ဝိညာဉ်ပုံစံမှာ ရှိနေသော ဆူဇီမိုကို တစ်ချက်ကြည့်လိုက်ကြလေသည်။ အဲဒါက ထူးဆန်းနေသည်ဟု ထင်ရသော်လည်း သူတို့က မေးမြန်းစုံစမ်းရဲခြင်း မရှိပေ။

သူတို့သည် ဆူဇီမိုကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူတို့က မြင်ဖူးခဲ့သည်ဆိုလျှင်တောင် သူ့ကို မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအချိန်တွင် ဆူဇီမို၏ ဆံပင်များသည် သူ၏ပခုံးပေါ်မှာ ပြန့်ကျဲကျနေပြီး သူ၏ပါးနှစ်ဖက်ကိုပင် ကြေးခွံများက ဖုံးအုပ်ထားလေသည်။ သူတို့သည် သူ့ကို အရင်က မြင်ဖူးလျှင်တောင် အခုအချိန်မှာ မှတ်မိကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် သူတို့နှစ်ယောက်ဘေးက ဖြတ်လျှောက်လာသောအခါ သူ၏အမူအရာက သုန်မှုန်၍ သူ၏အကြည့်က အေးစက်လာခဲ့လေသည်။

စောစောက သူတို့နှစ်ယောက် စကားပြောဆိုပုံအရ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေ၏ တည်နေရာက ပေါက်ကြားသွားပြီဖြစ်ကြောင်း သူက ခန့်မှန်းမိလိုက်လေသည်။

မဟုတ်ပါက.. အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းက ဤနေရာသို့ စုဝေးလာကြလိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ဖန်သားနန်းတော်ကနေ စေလွှတ်လိုက်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ပြီး သူ့ကို အမဲလိုက်သတ်ဖြတ်ဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားဆီသို့ ဦးတည်လာခြင်း ဖြစ်ပုံရလေသည်။

ထိုသို့ ကောက်ချက်ချပြီးနောက်.. ဆူဇီမို၏ အမူအရာက ပို၍ သုန်မှုန်ခက်ထန်လာခဲ့လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် လုံယန် ဖြတ်ကျော်သွားပြီးနောက်.. သူတို့က လှည့်ထွက်လာခဲ့လေသည်။ သူတို့သည် စိတ်သက်သာရာရကာ သက်ပြင်းချပြီး နဂါးသင်္ချိုင်းတောင်ကြားဆီသို့ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် သုတ်ခြေတင်လိုက်ကြလေသည်။

လုံယန်သည် ဆူဇီမိုနှင့် ဖန်သားနန်းတော်နှင့် ထိပ်သီးဂိုဏ်းကြီးများအကြား ရန်ငြိုးရန်စများနှင့် ပတ်သက်၍ မသိရှိပေ။

သို့သော်လည်း ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားသည်ကို သတိထားမိသောအခါ သူက မေးလိုက်လေသည်။

“ဘာလို့လဲ.. စောစောက နှစ်ယောက်က မူမမှန်တာ ဘာရှိလို့လဲ”

“အင်း.. သူတို့က ကျုပ်ကို ပြဿနာရှာဖို့ လာတာဖြစ်လိမ့်မယ်”

ဆူဇီမိုက အလိုလိုပြန်ဖြေလိုက်လေသည်။

“ဟမ့်”

လုံယန်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။

“ဒီမှာ ခဏစောင့်”

ဆူဇီမိုက မတုံ့ပြန်နိုင်ခင်မှာပင် လုံယန်က စကားတစ်ခွန်းသာပြောပြီး လှည့်ထွက်သွားလေသည်။ သူက နဂါးသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး ဖန်သားနန်းတော်မှ ပေါင်းစည်းခန္ဓာနှစ်ယောက်နောက်သို့ ပြေးလိုက်သွားလေသည်။

လုံယန်၏ အမြန်နှုန်းက အလွန်တရာ မြန်ဆန်ပြီး သိပ်မကြာခင် သူတို့နှစ်ယောက်ကို လိုက်မီသွားလေသည်။

“နဂါးမျိုးနွယ်က တာအိုရောင်းရင်း.. ခင်ဗျား…”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က နှုတ်ဆက်မည်ပြုစဉ်မှာပင် သူတို့၏ အသံကို နဂါးဟိန်းသံက ဖြတ်တောက်လိုက်လေသည်။

“ဂါး.. “

နဂါးဟိန်းသံက လောတတစ်ခွင် ပဲ့တင်ထပ်သွားပြီး သတ္တုများ၊ ကျောက်များကို ထိုးဖောက်လာခဲ့လေသည်။ အဲဒါက ကြောက်စရာကောင်းသော စွမ်းအားတစ်ခုအသွင်ဖြင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့လေသည်။

“အား..”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်စလုံးသည် နာကျင်မှုဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ပြီး သူတို့၏ နားနှစ်ဖက်ကို အလိုလို လက်ဖြင့်အုပ်လိုက်ကြလေသည်။

ရွှစ်..

​လေထဲတွင် နတ်နဂါးသည် သူ၏အမြီးကို လွှဲယမ်းလိုက်ပြီး ၎င်း၏ ဧရာမအမြီး ဖြတ်သွားရာတစ်လျှောက် လေဟာနယ်တစ်ခုလုံးက ကြေမွသွားလေသည်။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က စိတ်အာရုံ ပျက်ယွင်းသွားသည့် ခဏမှာပင် နဂါးအမြီး၏ ပြင်းထန်စွာ ရိုက်ခြင်းကို ခံလိုက်ရလေသည်။

ဖောင်း..

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် နဂါးအမြီးရိုက်ချက်ဖြင့် သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က တစ်ခါတည်း ပျက်စီး၍ နေရာမှာတင် သေဆုံးသွားရလေသည်။

ဖန်သားနန်းတော်သည် ခန္ဓာမီးဆေးခြင်းမှာ ဘယ်လောက်ပင် တော်ပါစေ.. သူတို့သည် နတ်နဂါးတစ်ကောင်၏ ရုန်းကန်ပေါက်ကွဲစွမ်းအားကို ခံနိုင်ရည် မရှိကြ​ပေ။

အခြားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လှည့်ထွက်ပြေးလေသည်။

သို့သော်လည်း သူ၏ အမြန်နှုန်းက လုံယန်ထက် များစွာနိမ့်ကျနေလေသည်။

လုံယန်သည် တိမ်လွှာများအကြား လျှောထိုး၍ အသက်ရှူချိန် အနည်းငယ်အတွင်း ထိုသူကို လိုက်မီသွားလေသည်။ သူက ခေါင်းကို​ ငုံ့၍ လက်သည်းများကို ဆန့်ထုတ်ပြီး အေးစက်စက် အလင်းတစ်ချက်နှင့်အတူ ခုန်အုပ်လိုက်လေသည်။

“သတ်..”

သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိသွားပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က အမျိုးအမည် မသိရသော ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

သူ ထုတ်ဖော်လိုက်သည့် အရာကို ဆူဇီမို မမြင်နိုင်ခင်မှာပင် သူ့ကို လုံယန်က ဝါးမျိုသွားခဲ့လေသည်။

ဖွီး..

လုံယန်၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့က စင်ထွက်လာခဲ့လေသည်။

ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ အမြုတေစိတ်ဝိညာဉ်သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခင်မှာပင် လုံယန်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

တစ်ခဏအတွင်းမှာပင်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ချုပ်ငြိမ်းသွားခဲ့ရလေပြီ။

မီးပဒေသာ နဂါးမျိုးရိုးမှ တစ်ယောက်အနေဖြင့် လုံယန်သည် ပြင်းထန်ကြမ်းကြုတ်သော စိတ်နေစရိုက်ရှိပြီး ဘယ်အရာကိုမှ စိတ်မရှည်တတ်ပေ။ ဆူဇီမိုသည် ထိုသည်ကို စောစောက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် တွေ့မြင်ခဲ့ဖူးလေသည်။

သို့သော်လည်း လုံယန်သည် မည်သည့်စကားမှ မပြောဘဲ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို ချက်ချင်းလှည့်၍ သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိပေ။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အထွတ်အထိပ်နီးပါး တည်ရှိမှုများ ဖြစ်လေသည်။

သို့သော်လည်း သူတို့သည် နဂါးသွင်ပြင်ယူထားသော လုံယန်နှင့် ရင်ဆိုင်ရချိန်တွင် အသက်ရှူချိန် အနည်းငယ်ပင် ခုခံနိုင်ခြင်း မရှိခဲ့ကြပေ။

“တော်တော်ကြီးတဲ့ စိတ်ပဲ”

နေရာမှာတွင် မတ်တတ်ရပ်ရင်း ဆူဇီမိုက ထိုသည်ကို ကြည့်ကာ ကြက်သေသေနေလေသည်။

All Chapters