← Chapters

ရှင်သန်ရာ

Vol. 71 Ch. 1052

ရှင်သန်ရာ

Vol. 71 Ch. 1052

လုံယန်သည် သူ၏ စိတ်သဘောထားကို ဖော်ပြခဲ့သော်လည်း နဂါးမျိုးနွယ်၏ ဤပညာရှင်သည် သူ့ကို အပြည့်အဝ လက်မခံသေးကြောင်း ဆူဇီမိုက သိထားလေသည်။

အဲဒါက ပုံမှန်သာ ဖြစ်လေသည်။

လုံယန်နှင့် ဆူဇီမိုသည် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ပြီး သူတို့သည် တစ်ယောက်၏ စိတ်နေစရိုက်၊ အမူအကျင့်၊ အတိတ်ကာလ၊ ခွန်အားနှင့် အခြားအရာရာတိုင်းကို အခြားတစ်ယောက်က မသိရှိကြသေးပေ။

လုံယန်၏ မျက်လုံးထဲတွင် ဆူဇီမိုသည် အတော်လေး ကံကောင်းပြီး မသန့်စင်သော မျိုးဆက်သွေးနှင့်အတူ မွေးနီတစ္ဆေ၏ သဘောတွေ့ခြင်းကို ခံရသော ဂျူနီယာတစ်ယောက်ဟုသာ မြင်မိလေသည်။

လုံယန်သည် သူ့ကို သခင်လေးအဖြစ် ခေါ်ဝေါ်၍ နဂါးမျိုးနွယ်၏ အဆင့်အတန်းများအကြောင်း အသေးစိတ် စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ခြင်းမှာ အဓိကအားဖြင့် မွေးနီတစ္ဆေကြောင့်သာလျှင် ဖြစ်လေသည်။

သူ့ထံမှ စကားတစ်ခွန်းဖြင့် နဂါးမျိုးနွယ်မှ ဤပညာရှင်သည် သူ့အတွက် တိုက်ခိုက်ပေးလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့မိပေ။

ဒါ့အပြင် လုံယန်၏ စွမ်းအားနှင့် ကြောက်စရာကောင်းမှုတို့က ဆူဇီမိုကို တုန်လှုပ်သွားစေလေသည်။

အဲဒါက​ နဂါးမျိုးနွယ်၏ အစစ်အမှန်ခွန်အား ဖြစ်လေသည်။

ဟိုအရင်က.. နဂါးမျိုးနွယ်သည် ကမ္ဘာဦးခေတ်မှာ စိုးမိုးခြယ်လှယ်ပြီး မျိုးနွယ်စုအားလုံး၏ ရိုသေလေးစားမှုကို ရရှိခဲ့ခြင်းမှာလည်း အကြောင်းပြချက်ကောင်းများ ရှိနေပေလိမ့်မည်။

အဆင့်တူချင်းမှာဆိုလျှင်.. လူသားများသည် သူ့ကို မယှဉ်နိုင်လုနီးပါးပင်။

ရှေးဟောင်းတိုက်ပွဲမြေရှိ အသင်္ချေနယ်မြေမြို့တော် တိုက်ပွဲမှာတုန်းက လူသားမျိုးနွယ်မှ ပြိုင်စံရှားများသည် ကမ္ဘာဦးမျိုးနွယ် ၉စုမှ ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့နှင့် ရင်ဆိုင်ခဲ့စဉ်ကလည်း ထို့အတူပင်။

တကယ်တော့ လူသားပညာရှင်များသည် ကမ္ဘာဦးမျိုးနွယ် ၉စုထက် လုံးဝ​ နိမ့်ကျနေသည်ဟု အဓိပ္ပာယ်မရပေ။

ဘာပဲပြောပြော​ လူသားများသည် ရှေးဟောင်းစစ်ပွဲကို ခက်ခက်ခဲခဲနှင့် အနိုင်ရရှိခဲ့ကြလေသည်။

ရှေးဟောင်းခေတ်က ဧကရာဇ်များသည် ကမ္ဘာဦးမျိုးနွယ် ၉စုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တည်ရှိမှုများလည်း ဖြစ်ကြလေသည်။

ထိုစဉ်က လူသားဧကရာဇ်သည် ရုတ်တရက် ပေါ်ထွက်လာပြီး မျိုးနွယ်စု ၉စုမှ ပညာရှင်များကို ဖိနှိမ်ကာ တစ်ယောက်တည်းဖြင့် ရှေးဟောင်းစစ်ပွဲ၏ အလှည့်အပြောင်းကို ဖြစ်ပေါ်စေခဲ့လေသည်။ ဘယ်လောက်တောင် ဂုဏ်ကျက်သရေ ထွန်းတောက်ပြောင်ခဲ့သလဲ။

ဆူဇီမို၏ ရင်ထဲတွင် ယခုခေတ်တွင်လည်း ကမ္ဘာဦးမျိုးနွယ် ၉စုနှင့် တိုက်ခိုက်နိုင်သော လူသားမျိုးနွယ်မှ ပြိုင်စံရှားများ မရှိသည်တော့ မဟုတ်ပေ။

သူသိထားသော ယန်ပေးချန်နှင့် အဆုံးစွန်မီးတို့က ထိုကဲ့သို့ ပြုလုပ်နိုင်စွမ်းရှိသော တည်ရှိမှုများ ဖြစ်လေသည်။

နတ်ဆိုးမကျိသည် နတ်မိမယ်လင်းလုံ၏ လမ်းညွှန်ပြသမှုကို လက်ခံရရှိပြီး စင်ကြယ်အပျိုစင်သုတ္တန်၏ အမွေအနှစ် အပြည့်အစုံကိုလည်း ရရှိထားခဲ့လေသည်။ သူမ၏ အနာဂတ်အလားအလာက အကန့်အသတ်မဲ့လေသည်။

မင်းကျန်သည် ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကို ရရှိထားခဲ့လေသည်။ သူ၏ သန့်စင်၍ အပြစ်ကင်းစင်သော နှလုံးသားနှင့် ဗုဒ္ဓဝါဒအပေါ် နက်ရှိုင်းသော နားလည်ဆင်ခြင်နိုင်စွမ်းအရ သူသည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ ကျင့်ကြံရေးလောကတွင် မြင့်မားသည့် ဂုဏ်အဆင့်အတန်းတစ်ခုကို သေချာပေါက် ပိုင်ဆိုင်လာပေလိမ့်မည်။

ဖက်တီးလေး၊ ရှစ်ကျန့်နှင့် အခြားသူများသည်လည်း သူတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများ ရှိကြပြီး အထင်သေး၍ မရနိုင်ပေ။

ချက်ချင်းပင် ဆူဇီမိုသည် အတွေးများဖြင့် ပြည့်နှက်သွားလေသည်။

ထိုစဉ်မှာပင်.. လုံယန်သည် ဖန်သားနန်းတော်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ပြန်လည်ရောက်ရှိလာခဲ့လေသည်။

“ကျေးဇူးတင်ပါတယ် ဦးလေးယန်”

ဆူဇီမိုက လေးနက်စွာ ဦးညွတ်လိုက်လေသည်။

လုံယန်က အတည်အတံ့ ပြောလိုက်လေသည်။

“ဒါကို မှတ်ထား.. မင်းက နောင်တစ်ချိန် မီးပဒေသာ နဂါးမျိုးရိုးရဲ့ သခင်လေး ဖြစ်မလာဘူးဆိုရင်တောင်.. မင်းက နဂါးမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. နဂါးမျိုးနွယ်ကို တခြားမျိုးနွယ်က ရန်စစော်ကားတာ အနိုင်ကျင့်တာမျိုး လုံးဝ သည်းခံလို့ မရဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

လုံယန်သည် ခဏမျှ တွေးတောပြီးနောက် ဆက်ပြောလိုက်လေသည်။

“တကယ်တော့ နဂါးအရိုးတောင်ကြားကို ရောက်ရင် ငါက မင်းကို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်မထားနဲ့.. ငါတို့က နဂါးတွေကြားထဲမှာ နေရမှာ.. မင်း အနိုင်ကျင့်ခံရမယ်ဆိုရင်လည်း မင်းကိုယ်မင်းပဲ မှီခိုအားထားရလိမ့်မယ်”

ထိုသို့ပြောရင်း သူတို့နှစ်ယောက်က ခရီးဆက်ခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင်.. နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင်..

“ဆရာ.. မွေးနီတစ္ဆေ.. ဒီနေရာကို ထိပ်သီးဂိုဏ်းကြီး ၈ဂိုဏ်းက ကျင့်ကြံသူတွေ လာနေကြပြီ.. မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာပဲ.. သူတို့အားလုံးက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်ဖို့များတယ်”

ဆူဇီမို၏ အနက်ရောင်ဆံပင် ယင်စိတ်ဝိညာဉ်သည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ထံမှ ဖြစ်ပျက်ခဲ့သမျှ သတင်းအချက်အလက်များကို လက်ခံရရှိခဲ့လေသည်။

အစကတော့.. ထိပ်သီးဂိုဏ်ကြီး ၉ဂိုဏ်းက တိုက်ခိုက်ဖို့ ရောက်လာကြခြင်း ဖြစ်လေသည်။ ဖန်သားနန်းတော်မှ ပေါင်းစည်းခန္ဓာနှစ်ယောက်သည် လုံယန်၏ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် အဲဒီမှာ ၈ဂိုဏ်းသာလျှင် ကျန်ရှိပေလိမ့်မည်။

“အချိန်ကိုက်ကို ရောက်လာကြတာပဲ”

မွေးနီတစ္ဆေက အေးစက်စွာ နှာတစ်ချက်မှုတ်၍ ခက်ထန်စွာဖြင့် ပြောလိုက်လေသည်။

“နဂါးအရိုးတောင်ကြားက နတ်ကြီးတဲ့ နေရာတစ်ခုလို့ အပြင်ဘက်မှာ ကောလာဟလတွေ ရှိနေတယ်.. အဲ့လိုဆိုမှတော့ ရောက်လာတဲ့ လူတိုင်းကို ငါက သတ်ပစ်ရမှာပေါ့”

“မရဘူး.. ကျုပ်တို့ အဲ့လိုလုပ်လို့ မရဘူး”

ဘုန်းကြီးအိုက ခေါင်းခါလိုက်လေသည်။

“ခင်ဗျားက အရင်တည်းက အပြစ်တွေကို ပြုခဲ့မိပြီးပြီ.. နောက်ထပ် အပြစ်တွေကိုပါ ထပ်ပြီး ကျူးလွန်ဦးမလို့လား.. နောက်ပြီး အဲဒီပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဒီနေရာမှာ သေသွားရမယ်ဆိုရင် အဲဒီ အဖွဲ့အစည်းကြီး ၈ခုနဲ့ ညှိနှိုင်းဆွေးနွေးလို့ရမှာ မဟုတ်တော့ဘူး.. ဇီမို့ကိုလည်း ထည့်တွက်ရဦးမယ်”

“ကျုပ်က သူ့ကို သေချာပေါက် ကာကွယ်ပေးမှာပေါ့”

မွေးနီတစ္ဆေက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

“မင်းက သူ့ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မှာလဲ”

ဘုန်းကြီးအိုက မေးလိုက်လေသည်။

“မင်းက သူ့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာပဲ နေခိုင်းစေချင်တာလား”

“သူက မင်းတို့ ငါတို့နဲ့ မတူဘူး.. သူက အခုမှ မူလနတ္ထိအဆင့်ကို ဝင်ရောက်ကာစပဲ ရှိသေးတယ်.. သူက ဒီမှာပဲ တစ်ချိန်လုံး ကျင့်ကြံနေမယ်ဆိုရင် ပေါင်းစည်းခန္ဓာအဆင့်တွေ မဟာယာနအဆင့်တွေကို မပြောနဲ့.. ဓမ္မဝိသေသအဆင့်ကိုတောင် ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမို၏ အတိတ်ကာလကို နမူနာယူကြည့်လျှင် သူသည် လရောင်ငိုကြွေးတောင်မှာ နှစ်တစ်ရာကျော် ကျင့်ကြံခဲ့စဉ်က အလယ်အလတ် နိုးထဝိညာဉ်အဆင့်သို့သာ ရောက်ရှိနိုင်ခဲ့ပြီး ရှေ့ဆက်မတက်နိုင်တော့ပေ။

သို့သော်လည်း သူသည် အပြင်လောကသို့ စွန့်စားသွားလာပြီးနောက်.. အခွင့်အလမ်းနှင့် အတွေ့အကြုံများစွာကို ရရှိခဲ့လေသည်။

သူသည် သေဘေးနှင့် နီးကပ်သော အန္တရာယ်များစွာကို တွေ့ကြုံခဲ့ရသော်လည်း သူက ယခုဆို မူလနတ္ထိအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

အဲဒါက တစ်နှစ်ပင် မပြည့်သေးပေ။

အဲဒါကြောင့် ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းနှင့် အတွေ့အကြုံသည် ခွဲခြားထားလို့ မရပေ။

“အဲဒါဆိုရင် ခင်ဗျားက ဘာဖြစ်စေချင်တာလဲ”

မွေးနီတစ္ဆေက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။

“အဲဒီ ဝင်ရောက်လာတဲ့သူတွေက ချစ်ခင်ရင်းနှီးချင်လို့ လာတာ မဟုတ်ဘူး.. ခင်ဗျားက သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနေပြီ ဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံမနေနဲ့တော့”

ဘုန်းကြီးအို၏ ကျင့်ကြံမှုအဆင့်ကို​ ဆူဇီမို မပြောနိုင်သော်လည်း ဘုန်းကြီးအိုသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီး သူ၏ သွေးချီက တဖြည်းဖြည်း ကျဆင်းလာနေသည်ကို ဆူဇီမိုက ခန့်မှန်းကြည့်နိုင်လေသည်။

ကျင့်ကြံသူများသည် သူတို့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိပြီး ဘဝသက်တမ်းများစွာ မကျန်ရှိသောအခါ သူတို့သည် အတင်းအကျပ် ဖိအားပေး၍ တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ခွန်အားကို ဖျစ်ညှစ်ထုတ်သုံးရ​ပြီး သူတို့၏ သွေးချီနှင့် ဘဝသက်တမ်းကလည်း လျင်မြန်စွာ လျော့ကျသွားပေလိမ့်မည်။

အဲဒါသည် ကျင့်ကြံသူများသာလျှင် မဟုတ်ဘဲ မော်တယ်များအတွက်လည်း ထို့အတူပင်။

အသက်အရွယ် အိုမင်းလာသော လူကြီးများသည် အလွန်တရာ အားနည်းလာပြီး သူတို့၏ ခွန်အားသည် လူငယ်လူရွယ်များနှင့် ယှဉ်နိုင်တော့မည် မဟုတ်ပေ။

မွေးနီတစ္ဆေ၏ စကားလုံးများက မနှစ်မျို့ဖွယ်ရာကောင်းသော်လည်း သူက ဘုန်းကြီးအိုကို စိုးရိမ်ပူပန်ပေးနေခြင်းဖြစ်ကြောင်း ဆူဇီမိုက ပြောနိုင်လေသည်။

ဘုန်းကြီးအိုက မျက်လွှာကို ချထားလေသည်။

“အဲဒီ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ထိပ်သီးဂိုဏ်းကြီးတွေကပဲ.. သူတို့က ကျိုးကြောင်းမဆီလျော်တာတော့ မလုပ်လောက်ပါဘူး”

“ကျိုးကြောင်းဆီလျော်တာ ဟုတ်လား”

မွေးနီတစ္ဆေက ထေ့ငေါ့၍ ရယ်မောလိုက်လေသည်။

“ကျိုးကြောင်းဆီလျော်တာတွေ ယုတ္တိကျတာတွေကို ပြောမနေနဲ့.. သူတို့သာ အဲ့လောက်ထိ အရှက်ရှိရင် ဒီနေရာအထိ ရောက်လာမှာတောင် မဟုတ်ဘူး”

ဘုန်းကြီးအိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

မွေးနီတစ္ဆေက ပခုံးတွန့်​ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“အဲဒါဆိုလည်း ခင်ဗျားဘာသာ ကြည့်ရှင်းလိုက်တော့.. ကျုပ်က ဒီကိစ္စမှာ တကယ်လည်း ဝင်မပါချင်ပါဘူး.. ဘာပဲပြောပြော ဒါက လူသားမျိုးနွယ်ရဲ့ ကိစ္စပဲလေ.. ကျုပ်နဲ့ အနေသာကြီးပဲ”

“နောက်ပြီး ဒီကောင်လေးရဲ့ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်က နဂါးအရိုးတောင်ကြားဆီကို သွားနေပြီ.. သူ့ရဲ့ အနက်ရောင် အမြုတေစိတ်ဝိညာဥ်က ဒီနေရာမှာ သေသွားမယ်ဆိုလည်း ပို့လို့တောင် ကောင်းသေးတယ်.. ဘာပဲပြောပြော ဒီကောင်လေးက ဘာအချုပ်အနှောင်မှ မရှိတော့ဘဲနဲ့ အစစ်အမှန်နဂါးတစ်ကောင်​ ဖြစ်လာလိမ့်မယ်.. ဟားဟားဟား”

မွေးနီတစ္ဆေသည် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ယိမ်းထိုးသွားသည်အထိ ရယ်မော၍ သုဿာန်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားလေသည်။ ချိန်းကြိုးသံများ တချွင်ချွင်နှင့်အတူ သူသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ဘုန်းကြီးအိုသည် ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို ကြည့်ပြီး ချစ်ခင်ကြင်နာစွာဖြင့် ပြုံးပြလိုက်လေသည်။

“ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပြီး ငါ့နောက်လိုက်ခဲ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

သူ့မှာ ထုပ်ပိုးယူစရာ များများစားစား မရှိပေ။ သူသည် သူ၏ သိုလှောင်အိတ်ကိုသာ ကောက်ယူပြီး ထွက်ခွာဖို့ ပြင်လိုက်လေသည်။

သို့သော်လည်း သူသည် ခဏမျှ ရပ်တန့်၍ ကျိုးကြေပြန့်ကျဲနေသော ကြာရိုးများ၊ ကြာရွက်များနှင့် ဗလာကျင်းနေသော ကြာခုံကို ကြည့်လိုက်လေသည်။ ရုတ်တရက် သူသည် နှမျောတမ်းတမှုကို ခံစားလာရလေသည်။

ဒီတစ်ခေါက် ကပ်ဘေးတွင် သူ၏ ဆုံးရှုံးနစ်နာမှုက အရမ်းကြီး ကြီးမားသည်ဟု မဆိုသာပေ။

သူ၏ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်သည် နဂါးအရိုးတောင်ကြားဆီသို့ သွားရောက်ကာ ကျင့်ကြံနိုင်ပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းလာမည်ဆိုလျှင် အဲဒါက ကပ်ဘေးကြားမှာ ကောင်းချီးပေးခံရခြင်းဟု ဆိုနိုင်ပြီး သူ၏ တိုက်ခိုက်ရေးခွန်အားက ပို၍ပင် ကြောက်စရာကောင်းလာနိုင်လေသည်။

တစ်ခုတည်းသော နှမျောတမ်းတစရာမှာ ဖန်တီးခြင်းကြာပဒုမ္မာ​ ဖြစ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ​သည် နှစ်တစ်ရာကျော်ကြာအောင် သူနှင့်အတူ လိုက်ပါခဲ့ပြီး သူက အဲဒါကို သူ၏ အမြုတေစိတ်ဝိညာဉ်ဖြင့် အဆက်မပြတ် ပြုစုပျိုးထောင်ပေးခဲ့ရလေသည်။ အဲဒါက အဆင့်ခြောက်အနေဖြင့် ရင့်သန်ခြင်းအဆင့်သို့ ဝင်ရောက်ကာစမှာပင် ဤကဲ့သို့ ကြီးမားသည့် ရိုက်ချက်ဖြင့် တွေ့ကြုံခဲ့ရလေသည်။

၎င်းအနေဖြင့် ပြန်လည်မွေးဖွားလာဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက်.. ဆူဇီမိုသည် ကျိုးပဲ့၍ အသက်မဲ့နေသော ကြာရိုးများနှင့် ကြာရွက်များကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

သူသည် ဗလာကျင်းနေသော ကြာခုံကို ကောက်ယူလိုက်သောအခါ ဆူဇီမိုက အံ့အားတသင့် ရေရွတ်မိလေသည်။

အစိမ်းရောင်ကြာခုံက ပျက်စီးထိခိုက်မှု လုံးဝ မရှိဘဲ အကောင်းအတိုင်း ရှိနေသေးလေသည်။

ကြာခုံပေါ်ရှိ ပွင့်ချပ် ပွင့်ရွက်များသည် ကြွေကျသွားပြီဖြစ်သော်လည်း ကြာစေ့ ၅၄စေ့က အထဲမှာ ရှိနေသေးလေသည်။ ဒါ့အပြင် ၎င်းက ခပ်ဖျော့ဖျော့ အသက်ဓာတ် တစ်စွန်းတစ်စကို​ ထုတ်ပေးနေလေသည်။

All Chapters