← Chapters

စွမ်းအားကြီးပုဂ္ဂိုလ်များ ရောက်ရှိလာမှု

Vol. 71 Ch. 1053

စွမ်းအားကြီးပုဂ္ဂိုလ်များ ရောက်ရှိလာမှု

Vol. 71 Ch. 1053

သီယင်းသည် သေဆုံးသွားခဲ့ပြီး ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်က အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် တိုက်ခိုက်ခဲ့လေသည်။

အထီးကျန်သိုင်းသခင်သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူ၏ ကံကြမ္မာက မသိရပေ။

ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ သုံးရက်သာလျှင် ရှိသေးလေသည်။

ကျင့်ကြံရေးလောကတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ကျင့်ကြံသူများနှင့် ဂိုဏ်းတိုင်းနီးပါးက ဤအကြောင်းအရာကိုသာ​ ဆွေးနွေးနေကြလေသည်။

မသိလိုက် မသိဘာသာနှင့်ပင်.. သတင်းတစ်ခုက ပျံ့နှံ့လာခဲ့လေသည်။

အထီးကျန်သိုင်းသခင်က နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ရှိနေလေသည်။

ဤနေ့တွင် မဖိတ်ခေါ်ထားသော ဧည့်သည်လေးယောက်က မဟာချွမ် အပျက်အစီးအထက်သို့ ရောက်ရှိလာကြလေသည်။

အဘိုးအိုတစ်ယောက်သည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ သူ၏မျက်နှာက အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း သူ၏အကြည့်က အလွန်တရာ ထက်ရှလေသည်။

နောက်ထပ် ကျင့်ကြံသူတစ်ယောက်က အသက်ကြီးသေးပုံမပေါ်ဘဲ ဆယ်ကျော်သက်အရွယ်မှာ ရှိနေသည်ဟု ထင်ရလေသည်။ သို့သော်လည်း သူ၏မျက်လုံးများက လောကဓံတရားဖြင့် ပြည့်နှက်နေလေသည်။

တတိယလူက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူက ခံ့ညားထည်ဝါသော အမူအရာရှိပြီး သူ၏ခန္ဓာကိုယ်ကို လျှပ်စီးများက လှည့်ပတ်၍ သူ၏မျက်လုံးနှစ်ဖက်က ဝင်းလက်တောက်ပနေလေသည်။

စတုတ္ထမြောက်လူက ဓားရှည်တစ်လက် လွယ်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်​ ဖြစ်လေသည်။ သူမသည် လောကကို ပိုင်းဖြတ်နိုင်သည် ထင်ရသော ထက်ရှသော အကြည့်နှင့် အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

မဖိတ်ခေါ်ထားသော ဧည့်သည်လေးယောက်တွင် တစ်ယောက်က အသက်ကြီးပြီး တစ်ယောက်က ငယ်ရွယ်လေသည်။ ပြီးလျှင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူတို့လေးယောက်သည် မတူညီသော ဝတ်စားဆင်ယင်ပုံများနှင့် အော်ရာများရှိသော်လည်း သူတို့တွင် တူညီသော အချက်တစ်ချက်လည်း ရှိနေလေသည်။ သူတို့အားလုံးက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်နေကြလေသည်။

အဘိုးအိုသည် ကောင်းကင်စင်ရော်ဂိုဏ်းမှ ဖြစ်လေသည်။

လူငယ်သည် ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူက အမှန်တကယ်တော့ နှစ်ထောင်ချီသက်တမ်းရှိနေပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ရောက်လာခြင်း ဖြစ်လေသည်။

အမျိုးသားသည် မိုးကြိုးလေပြေနန်းတော်မှ လာခြင်းဖြစ်ပြီး အမျိုးသမီးက ဓားဂိုဏ်းမှ လာခြင်းဖြစ်လေသည်။

သူတို့သည် ဤအဆင့်ထိ ကျင့်ကြံထားနိုင်သည့်အတွက် မည်သူကမှ အညတရများ မဟုတ်ကြပေ။ သူတို့လေးယောက် တွေ့ဆုံသောအခါ အချင်းချင်း စကားစမြည်ပြောဆို၍ နှုတ်ဆက်လိုက်ကြလေသည်။

“အဲ့တော့ ဒါက ဒဏ္ဍာရီလာ မဟာချွမ်အင်ပါယာပေါ့လေ”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်လေသည်။

ကစဉ့်ကလျားအမြုတေဂိုဏ်းသည် အလယ်ပိုင်းတိုက်မှာ တည်ရှိပြီး သူက ပေါင်းစည်းခန္ဓာအဆင့်သို့ မကြာသေးခင်ကမှ တက်လှမ်းလာခဲ့လေသည်။ အဲဒါကြောင့် သူက ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာဖူးခြင်း ဖြစ်လေသည်။

“ကံဆိုးစွာနဲ့ပဲ.. လွန်ခဲ့တဲ့ နှစ်တစ်သောင်းက စည်ပင်ထွန်းကားခဲ့တဲ့ အင်ပါယာတစ်ခုက ညတွင်းချင်း ဖျက်ဆီးခံရပြီးတော့ အပျက်အစီးပုံဘဝ ရောက်သွားရတယ်”

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။

“အဲဒါက နတ်ဆိုးနဂါးတစ်ကောင်ကြောင့် ဖျက်ဆီးခံလိုက်ရတာဆို.. ဟုတ်လား”

ကစဉ့်ကလျားအမြုတေဂိုဏ်းလူငယ်က မေးလိုက်လေသည်။

သူသည် သိပ်မကြာသေးခင်ကမှ ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အတော်လေး ပါရမီရှိသည်ဟု သတ်မှတ်နိုင်လေသည်။

ထိုမဟာကပ်ဘေး ဖြစ်ပွားခဲ့တုန်းက သူက မွေးပင်မမွေးသေးပေ။

သူ မပြောနှင့်.. မိုးကြိုးလေပြေနန်းတော်မှ အမျိုးသားနှင့် ဓားဂိုဏ်းမှ အမျိုးသမီးပင်လျှင် ထိုအကြောင်းနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ သိလေသည်။ သူတို့ သိထားသည်မှာ ဒဏ္ဍာရီများနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်လေသည်။

သူတို့လေးယောက်ထဲတွင် ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုတစ်ယောက်သာလျှင် ထိုမဟာကပ်ဘေးကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။

“အဲဒါက ဘိုးဘေးအဆင့်​ နတ်ဆိုးနဂါးတစ်ကောင်ပဲ… တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးအဆင့် မဟုတ်ဘူး.. အဲ့ဒါက အပြည့်အဝအဆင့်ပဲ.. သူ့ရဲ့တစ်ကိုယ်လုံးက နီရဲနေပြီးတော့ မီးပဒေသာ နဂါးမျိုးနွယ်ကနေ လာတာပဲ”

အဘိုးအို၏ မျက်လုံးများက အတိတ်ကာလသို့ စားမြုံ့ပြန်နေလေသည်။ အဲဒါက နှစ်တစ်သောင်း ကြာသွားခဲ့ပြီဖြစ်သော်လည်း သူက ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“အဲဒီ ဘိုးဘေးအဆင့် နတ်ဆိုးနဂါးရဲ့ ခွန်အားက အရမ်းကို ကြောက်စရာကောင်းတယ်.. သူက ဧကရာဇ်တွေနဲ့တောင် အရေးမနိမ့်ဘဲ ယှဉ်ပြိုင်နိုင်တယ်”

ကစဉ့်ကလျားအမြုတေဂိုဏ်းလူငယ်က ပြောလိုက်လေသည်။

“သူက သန်မာတယ်ဆိုတော့ရော ဘာဖြစ်လဲ.. ကျုပ်တို့ဂိုဏ်းရဲ့ သီကလန်က မျိုးနွယ်စုခေါင်းဆောင်က သူ့ကို ဖိနှိမ်နိုင်ခဲ့တာပဲမလား”

“ဟင်းဟင်း..”

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက ရယ်မော၍ ငြင်းခုန်ခြင်း မပြုတော့ပေ။

“ခင်ဗျားက ဘာကိုရယ်နေတာလဲ.. ကျုပ်ပြောတာက မှားနေလို့လား”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က မျက်မှောင်ကြုတ်လိုက်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက သူ၏နှုတ်ခမ်းကို စူလိုက်လေသည်။

“အဲဒီ ဘိုးဘေးအဆင့်​ နတ်ဆိုးနဂါးက မဟာချွမ်အင်ပါယာနဲ့ ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းဖြစ်တဲ့ တာမင်းကျောင်းတော်နဲ့ ဖန်ဟွားကျောင်းတော်ကို တစ်ယောက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်.. သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ များစွာနဲ့ မဟာယာနမျိုးနွယ်စု ခေါင်းဆောင်အချို့ကိုတောင် သတ်ဖြတ်ခဲ့သေးတယ်”

“အဲ့တော့ရော..”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က ဆက်မေးလိုက်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုက ပြောလိုက်လေသည်။

“အဲဒါကြောင့်​ အဲဒီ နတ်ဆိုးနဂါးနဲ့ ဓမ္မဧကရာဇ်တစ်ပါးက အကြိတ်အနယ် တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိခဲ့တာကြောင့်သာ မဟုတ်ရင် သီကလန်ရဲ့ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို နှိမ်နင်းဖို့နေနေသာ.. မျက်နှာတောင် ထွက်ပြရဲမှာ မဟုတ်ဘူး”

“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေစမ်းနဲ့”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်၏ အမူအရာက အေးစက်လာခဲ့လေသည်။

“အဘိုးကြီး.. ခင်ဗျားရဲ့ စကားကို ဆင်ခြင်ပြောပါ.. မဟာယာနမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ဆိုတာ ခင်ဗျား စွပ်စွဲပုတ်ခတ်နိုင်တဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူး”

“ကိုယ့်လူတို့.. ဒီလိုကိစ္စလေးနဲ့ ဘာလို့ငြင်းခုံနေကြတာလဲ”

မိုးကြိုးလေပြေနန်းတော်မှ အမျိုးသားက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“ကျုပ်တို့က ဒီကို အရေးကြီးတဲ့ တစ်စုံတစ်ရာအတွက် ရောက်လာကြတာပဲ.. ကျုပ်တို့က အတူလက်တွဲ လုပ်ဆောင်ရမှာ”

“အဲဒါ အမှန်ပဲ”

ဓားဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်လေသည်။

“နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ကျောင်းတော်နှစ်ကျောင်းကနေ မသေသေးဘဲ ရှင်သန်ကျန်ရစ်နေတဲ့ ဘုန်းတော်ကြီးတစ်ပါး ရှိသေးတယ်လို့ ကျွန်မ ကြားမိတယ်.. သူက မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ.. ကျွန်မတို့က အထီးကျန်သိုင်းသခင်ကို ဖမ်းဆီးချင်တယ်ဆိုရင် သူ့ကို အရင်ဖြတ်ကျော်ရလိမ့်မယ်”

“ဟားဟား”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က နှုတ်ခမ်းစူလိုက်လေသည်။

“သွေးချီ ခမ်းခြောက်နေပြီးတော့ ဘဝသက်တမ်း ကုန်ဆုံးတော့မယ့်ဆဲဆဲ အဘိုးကြီးတစ်ယောက်ကို ဘာလို့ အဲ့လောက်ထိ ကြောက်နေကြတာလဲ”

သူ၏စကားက အဓိပ္ပာယ်နှစ်ခွ ထွက်နေလေသည်။

အပေါ်ယံမှာ ကြည့်လျှင်တော့ သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုန်းကြီးအိုကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်လေသည်။ သို့သော်လည်း တကယ်တော့​ သူက ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုကိုပါ လှောင်ပြောင်သရော်နေခြင်း ဖြစ်လေသည်။

“ကျွတ်ကျွတ်.. ခင်ဗျားတို့ အင်မော်တယ်ဂိုဏ်းက လူတွေက ငြင်းခုံရတာကို အရမ်းဝါသနာပါကြတာပဲ”

ခမ်လှမ်းလှမ်းကနေ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် ချက်ချင်းပင်.. နက်မှောင်နေသော ဆိုးယုတ်ချီတစ်ခုက ပေါ်ထွက်လာပြီး အဲဒါက သူတို့လေးယောက်ရှေ့တွင် လူတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်..

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း စွမ်းအားကြီးပုဂ္ဂိုလ်ဘေးတွင် လေဟာနယ်က တွန့်လိမ်သွားပြီး ကြောက်စရာကောင်းသော အော်ရာနှင့်အတူ အလွန်တရာ အန္တရာယ်များသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

လျှို့ဝှက်မရဏဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်..

တစ်ခဏအတွင်းမှာပင် စွမ်းအားကြီးပုဂ္ဂိုလ် ၆ယောက်က စုဝေးလာကြလေပြီ။

“အောမီတောဖော..”

ထိုစဉ်မှာပင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ခပ်လှမ်းလှမ်းတွင် ဖျင်ကြမ်းသင်္ကန်းကို ဝတ်ဆင်ထားသော ကိုယ်တော်တစ်ပါးက လျှောက်လှမ်းထွက်လာလေသည်။ သူက အလွန်တရာ နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏအတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်..

ရုတ်တရက်ဆိုသလို..

ညင်သာသော လေပြေတစ်ချက်က တိုးဝှေ့လာပြီး အလွန်တရာ နှစ်လိုဖွယ်ရာကောင်းသည့် ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုကို သယ်ဆောင်လာခဲ့လေသည်။

သို့သော်လည်း လက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ် ၇ယောက်သည် မျက်မှောင်ကြုတ်လိုက်ကြပြီး တစ်ပြိုင်နက်တည်းလိုလို သူတို့၏အသက်ကို အောင့်၍ သူတို့၏ အမူအရာက ပြောင်းလဲသွားကြလေသည်။

ကနွဲ့ကလျပုံစံဖြင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် လေထဲက​နေ ပျံသန်းလာလေသည်။ သူမသည် အလွန်တရာ လှပသော အရောင်အသွေးစုံလင်သည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး မွှေးရနံ့တစ်ခုကို ဖြာထုတ်ပေးနေလေသည်။

သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင်.. အမျိုးသမီးကျင့်ကြံသူ၏ အဝတ်အစားပေါ်ရှိ အရောင်အသွေး စုံလင်သော အကွက်များသည် သူ့ဘာသာသူ ရွေ့လျားနေသည်ကို တွေ့ရှိရပေလိမ့်မည်။

အဆိပ်ဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်..

သူမ၏ တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော အဆိပ်ရှိသည့် ပစ္စည်းများကို သိုဝှက်ထားလေသည်။

ထိပ်သီးဂိုဏ်းကြီး ၈ဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ရောက်ရှိလာခဲ့လေပြီ။

“အလယ်ပိုင်းတိုက်က လူတိုင်းက ရောက်ရှိလာကြပြီ.. ဖန်သားနန်းတော်က မြောက်ပိုင်းဒေသမှာ ရှိပြီးတော့ ဒီနေရာနဲ့လည်း အနီးဆုံးပဲ.. သူတို့တွေက ဘာလို့ အခုထိ ရောက်မလာကြသေးတာလဲ”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“ဟီးဟီး”

အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က ညုတုတုပုံစံဖြင့် ရယ်မောလိုက်လေသည်။

“ဖန်သားနန်းတော်က စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ကံဆိုးသွားတယ်လို့ ငါကြားရတယ်.. ဘာလို့လဲတော့ မသိဘူး.. သူတို့က နဂါးမျိုးနွယ်က ပညာရှင်တစ်ယောက်နဲ့ အတိုက်အခံဖြစ်ပြီးတော့ အသတ်ခံလိုက်ရတယ်”

လက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးသည် သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ကြလေသည်။

အဆိပ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က ပြုံးလိုက်လေသည်။

“အားလုံးပဲ ဘာမှပူမနေပါနဲ့.. နဂါးမျိုးနွယ်မှ ပညာရှင်က နဂါးအရိုးတောင်ကြားကို ပြန်သွားခဲ့ပြီ.. သူက ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ပါဘူး”

လူတိုင်း၏ အမူအရာက ပြေလျော့သွားကြလေသည်။

“နဂါးသင်္ချိုင်းတောင်ကြားက အရမ်းကို နတ်ကြီးတဲ့နေရာလို့ ငါကြားထားတယ်.. ဖန်သားနန်းတော်က တာအိုရောင်းရင်းတွေက ဒီကို ရောက်မလာခင်မှာပင် သူတို့ရဲ့ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့လိုက်ရတယ်ဆိုတော့ တကယ့်ကို ကံမကောင်းကြတာပဲ.. ဟားဟား”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူငယ်က ရယ်မောလိုက်လေသည်။

အစကတော့ သူသည် တင်းကျပ်လာသော လေထုကို ဖြေလျှော့ပေးချင်မိလေသည်။

မမျှော်လင့်ထားစွာပင်.. ထိုသို့ သူပြောပြီးနောက် စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံး၏ အမူအရာက ပြောင်းလဲသွားကြလေသည်။

လူတိုင်းသည် နဂါးသင်္ချိုင်းတောင်ကြားနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာကို အလိုလို ပြန်လည်အမှတ်ရလာကြလေသည်။

ပြောကြသည်မှာ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ဝင်ရောက်သွားသော စွမ်းအားကြီးပုဂ္ဂိုလ်များပင် အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ဟု ဆိုကြလေသည်။

“အားလုံးပဲ.. ကျုပ်တို့ ဒီကိုရောက်လာပြီဆိုမှတော့ လက်ဗလာနဲ့တော့ ပြန်မသွားနိုင်ဘူး”

မိုးကြိုးလေပြေနန်းတော်မှ အမျိုးသားက ပြောလိုက်လေသည်။

“နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာရှိတဲ့ ဘုန်းကြီးအိုကြီးက သူ့ရဲ့ သွေးချီက အားနည်းနေပြီးတော့ သေခါနီးဆဲဆဲ ဖြစ်နေပြီလို့ ကြားတယ်.. ကျုပ်တို့က သူ့ကို စိုးရိမ်နေစရာ မလိုပါဘူး”

“အဲဒါ အမှန်ပဲ”

“သွားကြတာပေါ့”

စွမ်းအားကြီးပုဂ္ဂိုလ် ၈ယောက်သည် မဟာချွမ် အပျက်အစီးအထက် ကောင်းကင်ကနေ ပျံသန်းလိုက်ကြလေသည်။

တစ်ခဏအတွင်းမှာပင်.. သူတို့ ၈ယောက်က နဂါးသင်္ချိုင်းတောင်ကြားအထက်သို့ ရောက်ရှိလာကြလေသည်။

နဂါးသင်္ချိုင်းတောင်ကြားထဲတွင် သိပ်သည်းထူထပ်သော မြူခိုးများက ပြည့်နှက်နေလေသည်။

သူတို့ ၈ယောက်သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့၏ မနောကျင့်ကြံရေး နည်းစနစ်များကို အသီးသီး လှည့်ပတ်လိုက်ကြလေသည်။ သူတို့၏ အကြည့်များက နတ်ဘုရားဆန်ဆန် အလင်းများနှင့်အတူ ဝင်းလက်တောက်ပလာကြလေသည်။

နတ်ဘုရားအလင်းများသည် ထူထဲသော မြူခိုးများထဲသို့ ဝင်ရောက်သွားပြီးနောက်.. မည်သည့် လှိုင်းဂယက်မှ ထွက်မလာဘဲ လျင်မြန်စွာ ကွယ်ပျောက်သွားလေသည်။

ထိုမြူခိုးလွှာသည် လွန်ခဲ့သည့် နှစ်တစ်သောင်းက မဟာကပ်ဘေးအတွင်း ကျဆုံးခဲ့ရသော ပညာရှင်များစွာ၏ အငြိုးအတေးများနှင့် သွေးချီများမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ အဲဒါက လူတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်နှင့် အမြင်အာရုံကို ပိတ်ဆို့ပေးထားနိုင်လေသည်။

“ဒကာတို့.. ခင်ဗျားတို့က ခရီးဝေးကြီးကနေ လာခဲ့ကြတာပဲ.. ကျုပ်က အိုမင်းနေပြီမို့လို့ ခင်ဗျားတို့ကို ထွက်ပြီး မကြိုဆိုနိုင်တာ ခွင့်လွှတ်ပေးပါ”

ထိုစဉ်မှာပင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကနေ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

All Chapters