ဘိုးဘေးနဂါး နတ်ဘုရားကျောက်တိုင်
Vol. 71 Ch. 1056
“ဒကာတို့.. ဇီမိုက တာမင်းကျောင်းတော်ရဲ့ တစ်ဦးတည်းသော အရိုက်အရာဆက်ခံသူပဲ”
ကိုယ်တော်ယွမ်ပေက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. သူ့မှာ သားရဲမျိုးနွယ်ရဲ့ အငွေ့အသက် လုံးဝမရှိတော့ဘူး.. ခင်ဗျားတို့တွေက ပြန်လို့ရပြီ”
“အဲဒါဆိုရင် နှုတ်ဆက်ပါတယ်”
ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုနှင့် အခြားသူများသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
သူတို့သည် ကြောက်စရာကောင်းသော ချိန်းကြိုးကနေ လွတ်မြောက်၍ အသက်ရှင်နိုင်သည်ကပင် ကောင်းချီးပေးခံရခြင်း ဖြစ်နေခဲ့လေပြီ။ သူတို့က ဘယ်လိုလုပ်ပြီး အတင့်ရဲနိုင်ပါတော့မလဲ။
“နေဦး..”
ထိုစဉ်မှာပင် အလွန်တရာ မောက်မာသော အသံတစ်သံက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကနေ ထွက်ပေါ်လာခဲ့လေသည်။ အဲဒါက စောစောက သီဖန်းကို လှောင်ပြောင်သရော်ခဲ့သော ပညာရှင်ဖြစ်လေသည်။
ထိုသူက ချိန်းကြိုး၏ပိုင်ရှင် ဖြစ်ဖို့များလေသည်။
ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုနှင့် အခြားသူများသည် ဆတ်ခနဲ တုန်ယင်သွားပြီး နေရာမှာပင် ရပ်တန့်ကာ လုံးဝ လှုပ်ရှားရဲခြင်း မရှိတော့ပေ။
ချိန်းကြိုးပိုင်ရှင်၏ ခွန်အားအရ သူက သူတို့ကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူတို့က လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်က အနာဂတ်မှာ ကျင့်ကြံရေးလောကထဲကို ဝင်ရောက်ပြီး အဆင့်တူကြားမှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင်.. ကျုပ်က အဲဒါကို သေချာပေါက် အရေးလုပ်မှာ မဟုတ်ဘူး.. သူက ရှုံးနိမ့်ပြီးတော့ သေသွားရမယ်ဆိုရင်တောင် အဲဒါက သူ့ရဲ့ စွမ်းရည်မပြည့်ဝမှုကြောင့်ပဲ”
တောင်ကြားအောက်ခြေမှ လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာခဲ့လေသည်။
“ဒါပေမဲ့လို့ သူ့ထက် ကျင့်ကြံမှုအဆင့် မြင့်မားတဲ့ တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်ချင်တယ်ဆိုရင်တော့… ငါကိုယ်တိုင် လာရောက်တိုက်ခိုက်ရမယ့်အတွက် ငါ့ကို အပြစ်မတင်ကြနဲ့”
ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုနှင့် အခြားသူများသည် ရင်တစ်ချက်ထိတ်သွားလေသည်။
သူတို့ထင်တာ မမှားဘူးဆိုလျှင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ပုဂ္ဂိုလ်သည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်လေသည်။
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းပင်လျှင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ သဲကြီးမဲကြီး လက်စားချေမှုကို ခံနိုင်ရည်ရှိချင်မှ ရှိကြပေလိမ့်မည်။
“ကောင်းပါပြီဗျ”
ကောင်းကင်စင်ရော်ဂိုဏ်းမှ အဘိုးအိုနှင့် အခြားသူများသည် မနာခံဘဲ မနေရဲဘဲ ချက်ချင်းပင် သဘောတူလိုက်ကြလေသည်။
တကယ်တော့ သူတို့၏ ခရီးစဉ်က အလဟဿ ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ သူတို့သည် တစ်စုံတစ်ရာကို အတည်ပြုနိုင်ခဲ့လေသည်။
အထီးကျန်သိုင်းသခင်က အသက်ရှင်နေဆဲဖြစ်သော်လည်း သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားက အတိတ်ကာလမှာ ကျန်ခဲ့လေပြီ။
သူတို့သည် ဤနှစ်များအတွင်း အထီးကျန်သိုင်းသခင်နှင့် ပတ်သက်သည့် ကောလာဟလများကို ကြားခဲ့ရလေသည်။
အထီးကျန်သိုင်းသခင် မှီခိုအားထားရဆုံးမှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကိုပင် ဖိနှိမ်နိုင်သော သူ၏ ကြောက်စရာကောင်းသည့် ကိုယ်ကာယ ဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ သူ၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့လေပြီ။
ကိုယ်တော်ယွမ်ပေသည် သူ၏ခန္ဓာကိုယ်မှာ သားရဲ့အငွေ့အသက် လုံးဝမကျန်ရှိတော့ဟု ပြောဆိုခဲ့လေသည်။
ဆိုလိုသည်မှာ အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်ထဲရှိ နတ်ဖီးနစ်အရိုးကလည်း ပျက်စီးသွားလောက်လေပြီ။
ဒါ့အပြင်.. ထိုကောင်လေး၏ မူပိုင်ဓမ္မလက်နက် ဖန်တီးခြင်းကြာပဒုမ္မာကလည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီဖန်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး အဲဒါကို တာအိုအမွေအနှစ်ကုန်းမြေရှိ များစွာသော ကျင့်ကြံသူများက မြင်တွေ့ခဲ့ကြလေသည်။
သူ၏ကိုယ်ကာယ၊ နတ်ဖီးနစ်အရိုး၊ မူပိုင်ဓမ္မလက်နက်နှင့် အတိတ်ကာလမှာ သူမှီခိုအားထားရဆုံးသော ဝှက်ဖဲများ အားလုံးက ပျက်စီးသွားခဲ့လေပြီ။
အထီးကျန်သိုင်းသခင်က မသေဘူးဆိုလျှင်တောင် သူ၏ ဂုဏ်ကျက်သရေက ကျဆင်းသွားခဲ့ပြီဖြစ်ပြီး သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
အထီးကျန်သိုင်းသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်လျှင်တောင် သူ၏ တိုက်ခိုက်ရေးခွန်အားက သာမန် မူလနတ္ထိအဆင့်မျှသာ ရှိတော့ပေလိမ့်မည်။ သူတို့ဂိုဏ်းရှိ မည်သည့် ပြိုင်စံရှားမဆို သူ့ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဂိုဏ်းကြီး ၉ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် နဂါးသင်္ချိုင်းတောင်ကြားသို့ ဝင်ရောက်ခဲ့ပြီး အရှက်တကွဲ ရှုံးနိမ့်၍ ပြန်လာကြကာ သူတို့ထဲမှ သုံးယောက်က သေဆုံး၍ ကျန်ရစ်ခဲ့လေပြီ။ ထိုအချက်က များစွာသော ခန့်မှန်းချက်များကို ထွက်ပေါ်လာစေလေသည်။
သို့သော်လည်း သတင်းများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
အထီးကျန်သိုင်းသခင်က မသေသေးသော်လည်း သူ၏ခန္ဓာကိုယ်နှင့် နတ်ဖီးနစ်အရိုးကို ဆုံးရှုံးသွားခဲ့လေပြီ။
ဖန်တီးခြင်းကြာပဒုမ္မာကလည်း ကြေမွပျက်စီးသွားခဲ့လေပြီ။
အထီးကျန်သိုင်းသခင်၏ အခြားသော ဂုဏ်ပုဒ်တစ်ခုမှာ.. သူသည် တာမင်းကျောင်းတော်၏ အရိုက်အရာ ဆက်ခံသူဖြစ်ပြီး သူ့တွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နောက်ခံရှိလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် ဘဝသက်တမ်းများစွာ မကျန်ရှိတော့ဘဲ သိပ်ကြာကြာ နေရတော့မည် မဟုတ်ပေ။
“တာအိုအမွေအနှစ်ကုန်းမြေက တိုက်ပွဲက နောက်ဆုံးမှာတော့ ဒီလိုပုံစံနဲ့ အဆုံးသတ်သွားရတယ်ဆိုတော့..”
“အဲဒီမှာ ကျဆုံးသွားခဲ့ရတဲ့ မည်ကာမတ္တတပည့်ပေါင်း ၈ယောက်ရှိတယ်.. အထီးကျန်သိုင်းသခင်ကိုပါ ထည့်တွက်မယ်ဆိုရင် သူတို့က ၉ယောက်တောင် ရှိသွားပြီ”
“အထီးကျန်သိုင်းသခင်က မသေသေးဘူးလေ.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က အကောင်းအတိုင်း ရှိနေသေးတယ်လို့ ငါကြားမိတယ်”
“အထီးကျန်သိုင်းသခင် သေသွားတာနဲ့.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ပဲ ကျန်ခဲ့တာ.. ဘာများ ကွာခြားသေးလို့လဲ”
“အာ.. ဘယ်လောက်တောင် နှမျောဖို့ ကောင်းလိုက်သလဲ.. သူက သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားဘွဲ့ကို ခံယူပြီး သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ဖို့အတွက် မည်ကာမတ္တ တပည့်တွေရဲ့ အလောင်းကို နင်းဖြတ်ခဲ့တယ်.. သူက သက်ရှိအားလုံးကိုလည်း သိုင်းတာအို သင်ကြားပေးချင်သေးတယ်.. နောက်ဆုံးမှာတော့ သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ရဲ့ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံရပြီးတဲ့နောက်.. ဒီလို ဝမ်းနည်းစရာ ပုံစံနဲ့ အဆုံးသတ်သွားရတယ်လို့.. ဘယ်လောက်တောင် နှမျောဖို့ ကောင်းလိုက်သလဲ”
အချိန်အတန်ကြာသည်အထိ.. ကျင့်ကြံရေးလောကမှာ ဤအကြောင်းကိုသာ ဆွေးနွေးနေကြလေသည်။
ကျင့်ကြံရေးလောကက ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။
သို့သော်လည်း ဆူဇီမို၏ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်သည် လုံယန်နှင့်အတူ သူတို့၏ လိုရာခရီး နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာခဲ့လေပြီ။
ယခု ဆူဇီမိုသည် ဤနေရာသို့ ပြန်လည်ရောက်ရှိလာသောအခါ မတူညီသော ခံစားချက်တစ်ခုကို ရနေလေသည်။
ကျယ်ပြန့်သော အရိုးပင်လယ်ကို ဖြတ်ကျော်လာပြီးနောက်.. သူ အရင်က ရောက်ရှိခဲ့ဖူးသော မြင့်မားသော တောင်တန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
လုံယန်သည် သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်း၍ ဆူဇီမို၏ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို ရစ်ပတ်လိုက်လေသည်။ သူက လေထဲသို့ ခုန်တက်၍ ထိုတောင်ထွတ်ကို ဖြတ်ကျော်ကာ ရှေ့သို့ ပျံသန်းလိုက်လေသည်။
ဆူဇီမိုက ငုံ့ကြည့်လိုက်လေသည်။
ထိုတောင်ထွတ်ကို လွန်လာပြီးနောက်.. ရှေးကျသော တောအုပ်များနှင့် မြင့်မားသော တောင်ထွတ်များစွာ ပေါ်ထွက်လာခဲ့ပြီး သူတို့က ကမ္ဘာဦးအော်ရာတစ်ခုကို ဖြာထုတ်ပေးနေလေသည်။
အရင်တုန်းက သူသည် နဂါးအရိုးတောင်ကြားဆီသို့ ဝင်ရောက်နိုင်ခဲ့သည်ဟု တွေးထင်ခဲ့မိလေသည်။ တကယ်တော့ သူနှင့် ညဝိညာဉ် ရောက်ရှိခဲ့သော တောင်ထွတ်သည် နဂါးအရိုးတောင်ကြား၏ အပြင်ဘက်အစပ်မျှသာ ရှိသေးလေသည်။
ခဏကြာပြီးနောက်.. ဆူဇီမိုက လန်းဆန်းတက်ကြွသွားလေသည်။
ရှေ့မလှမ်းမကမ်းတွင် တောင်ထွတ်များစွာသည် တိမ်လွှာများထက် နိမ့်လိုက် မြင့်လိုက်နှင့် အတန်းလိုက် တည်ရှိနေပြီး ရှည်လျားမြင့်မားသည့် တောင်တန်းတစ်ခုကို ဖြစ်ပေါ်စေကာ အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာ အံ့မခန်းဖြစ်နေလေသည်။
ခပ်ဝေးဝေးမှ ကြည့်မည်ဆိုလျှင် ထိုတောင်တန်းသည် နတ်နဂါးတစ်ကောင်က သူ၏ ဦးခေါင်းနှင့် အမြီးကို ချိတ်ဆက်၍ မြေပြင်ပေါ်မှာ ရစ်ခွေနေသည်နှင့် တူလေသည်။
တောင်ကြော၏ အလယ်တွင် အလွန်တရာ ကျယ်ပြန့်သည့် ဧရာမ တောင်ကြားတစ်ခုရှိပြီး အဲဒါက အဆုံးမရှိဟု ထင်ရလေသည်။
သူငုံ့ကြည့်လိုက်သောအခါ တောင်ကြားထဲတွင် မတူညီသော နယ်မြေဒေသ ၆ခုကို ရှင်းလင်းစွာ မြင်နိုင်လေသည်။
အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ရွှေရောင်၊ ငွေရောင်နှင့် မီးခိုးရောင် နယ်မြေဒေသတို့ ဖြစ်လေသည်။
သူတို့ထဲတွင် အစိမ်းရောင် နယ်မြေဒေသက အကြီးမားဆုံး ဧရိယာကို ယူထားပြီး မီးခိုးရောင်နယ်မြေက အသေးငယ်ဆုံးဖြစ်ကာ တောင်ကြား၏ ထောင့်စွန်းမှာ တည်ရှိလေသည်။ အခြားသော နယ်မြေဒေသ လေးခုကတော့ မတိမ်းမယိမ်း ရှိနေလေသည်။
ထိုစဉ်မှာပင်.. လုံယန်က ပြောလိုက်လေသည်။
“နဂါးမျိုးရိုး ၆ ခုစလုံးက နဂါးမျိုးနွယ်ကပဲ ဆိုပေမဲ့လို့ သူတို့ကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေတယ်.. အစိမ်းရောင်ဧရိယာ အကြီးဆုံးနယ်မြေကတော့ အပြာရောင်နဂါးမျိုးရိုး နေထိုင်ရာနေရာပဲ”
အပြာရောင်နဂါးမျိုးရိုးသည် အဇူရာနဂါးမျိုးဆက်သွေး အများဆုံးကို ရရှိထားသည်ဟု လုံယန်ပြောသည်ကို သူကြားဖူးခဲ့လေသည်။
အဲဒါကြောင့် ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် အပြာရောင်နဂါးမျိုးရိုးက အသန်မာဆုံး ဖြစ်လေသည်။
“အနီရောင်နယ်မြေကတော့ ငါတို့ မီးပဒေသာ နဂါးမျိုးရိုးအပိုင်ပဲ”
လုံယန်က အောက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“မီးခိုးရောင်နယ်မြေကတော့ သွေးနှောနဂါးမျိုးရိုးတွေ နေတဲ့နေရာပဲ.. မင်းရဲ့ တောကောင်အစီးအနင်းက မြွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုရင် သူက အဲဒီမှာ နေရဖို့ပဲ အဆင့်မီလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်၍ ဆက်လက်ကြည့်ရှုလိုက်လေသည်။
သူသည် ဤနေရာသို့ ရောက်လာကစဖြစ်ပြီး သူမြင်သမျှ အရာရာတိုင်းက အလွန်တရာ မြင့်မြတ်ထည်ဝါနေလေသည်။
အဲဒါက ကမ္ဘာဦးခေတ်ကာလက နေထိုင်ယဉ်ကျေးမှုပုံစံတစ်ခု ဖြစ်လေသည်။
လူသားများနှင့် မတူဘဲ ဤမျိုးနွယ်စုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တစ်ခါက အုပ်စိုးခဲ့ဖူးလေသည်။
နယ်မြေဒေသ ၆ခုက စက်ဝိုင်းတစ်ခုပုံစံ ဖွဲ့စည်းထားလေသည်။
ရှေးကျသော အဆောက်အဦးများစွာ၏ အလယ်တွင် ကြီးမားသည့် နေရာလွတ်ကြီးတစ်ခု ရှိနေလေသည်။
အထင်ရှားဆုံးအရာမှာ ၎င်း၏အလယ်တွင် ကောင်းကင်ထက်သို့ ထိုးတက်နေသော ကြီးမားတုတ်ခိုင်သည့် ကျောက်တိုင်ကြီးတစ်တိုင် ဖြစ်လေသည်။ အဲဒါက နှစ်ပေါင်းများစွာ တည်တံ့နေခဲ့ပြီး လောကဓံတရားကို ဖြာထုတ်ပေးနေကာ ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်နေလေသည်။
ကျောက်တိုင်ကြီးအပေါ်တွင် နတ်နဂါးတစ်ကောင်ကို ထွင်းထုထားလေသည်။ အဲဒါက အသက်ဝင်နေပြီး အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေလေသည်။ ဆူဇီမိုသည် တစ်ချက်မျှ ကြည့်ရုံမျှနှင့် ချက်ချင်းပင် ရိုသေခယချင်စိတ် ပေါက်လာလေသည်။
အထူးဆန်းဆုံးအရာမှာ ထိုနတ်နဂါး၏ ဝမ်းဗိုက်တွင် လက်သည်းငါးစုံ ရှိနေခြင်းပင်။
ပုံမှန်အားဖြင့်ဆိုလျှင် နဂါးတစ်ကောင်၏ ဝမ်းဗိုက်မှာ လက်သည်းလေးစုံသာ ရှိလေသည်။
ဆူဇီမိုသည် လက်သည်းငါးဖက်ပါသော နတ်နဂါးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပြီး အဲဒါက ရှေးကျ၍ ကြီးမားတုတ်ခိုင်သော ဧရာမ ကျောက်တိုင်ပေါ်မှာ ဖြစ်လေသည်။
“အဲဒါကတော့ ဘိုးဘေးနဂါး နတ်ဘုရားကျောက်တိုင်ပဲ”
လုံယန်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“နတ်နဂါးတစ်ကောင်က အသက်အရွယ် အတိုင်းအတာတစ်ခုထိ ရောက်လာမယ်ဆိုရင်.. ဒါမှမဟုတ် ဓမ္မဝိသေသအဆင့်နဲ့ တူညီတဲ့ ကျင့်ကြံမှုအဆင့်ကို ရောက်လာမယ်ဆိုရင်.. သူတို့က သူတို့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားတွေကို နိုးထစေဖို့အတွက် ဒီနေရာကိုလာပြီး ဘိုးဘေးနတ်နဂါးရဲ့ ဆေးကြောသန့်စင်မှုကို ခံယူရမယ်”
“လက်သည်းငါးခုပါတဲ့ နဂါးက ဘာနဂါးလဲ”
ဆူဇီမိုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ပုံမှန်နဂါးတစ်ကောင်ကတော့ သူ့ရဲ့ဝမ်းဗိုက်မှာ လက်သည်းလေးဖက်ပဲပါတယ်”
လုံယန်က ပြောလိုက်လေသည်။
“အသန်မာဆုံး မျိုးဆက်သွေးနဲ့ နဂါးမျိုးနွယ်ရဲ့ ဘုရင်ကပဲ ပဉ္စမမြောက်လက်သည်းကို ထုတ်ပေးလာနိုင်လိမ့်မယ်.. ဒီဘက်ခေတ်မှာတော့ အပြာရောင်နဂါးမျိုးနွယ်က လက်သည်းငါးဖက်ပါတဲ့ နတ်နဂါးတစ်ကောင်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးပြီ”
“အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် အဲဒီ အပြာရောင်နဂါးက နဂါးမျိုးရိုး ၅ခုစလုံးရဲ့ သခင်လေး ဖြစ်လာလိမ့်မယ်”