ခက်ခဲသော အခြေအနေ
Vol. 71 Ch. 1057
“နဂါးမျိုးနွယ်ရဲ့ အရေးပါတဲ့ နေရာအတော်များများက ဒီနေရာရဲ့ အလယ်ပိုင်းမှာပဲ တည်ရှိတယ်.. မင်း ဝင်ရောက်ရမယ့် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကလည်း အဲဒီနေရာမှာပဲ”
လုံယန်သည် သူ့အောက်ဘက်ရှိ နယ်မြေဒေသတစ်ခုကို လက်ညိုးထိုးပြလိုက်လေသည်။
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းရှိ အလွန်တရာ ကျယ်ဝန်းသည့် ကျောက်သားစင်မြင့်ထက်သို့ ရောက်ရှိသွားလေသည်။
၎င်းအပေါ်မှာ နဂါးနှစ်ကောင်က တိုက်ခိုက်နေကြပြီး သူတို့ တစ်ကြိမ် ထိတွေ့ရိုက်ခတ်လိုက်တိုင်း လေဟာနယ်က တုန်ခါသွားလေသည်။
နတ်နဂါးနှစ်ကောင်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေကြလေပြီ။ သူတို့၏ နဂါးလက်သည်းများကို တစ်ကြိမ်လွှဲယမ်းလိုက်တိုင်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တုန်လှုပ်စရာကောင်းသည် ဒဏ်ရာတစ်ခုက ပေါ်ထွက်လာပြီး နဂါးကြေးခွံများက ကွာကျလာလေသည်။
မို့မောက်နေသော ကျောက်သားစင်မြင့်တစ်ခုလုံးသည် သွေးများဖြင့် ပေကျံနေလေသည်။ သူတို့ထဲမှ သွေးအချို့သည် ခြောက်သွေ့နေပြီဖြစ်ပြီး ကျောက်သားစင်မြင့်ကို ညိုမည်း၍ စွန်းထင်းသွားစေလေသည်။
နတ်နဂါးနှစ်ကောင်ကြား တိုက်ပွဲသည် နက်ရှိုင်းသော ရန်ငြိုးရန်စတစ်ခု ရှိသည့်အလား.. အလွန်တရာ ပြင်းထန်ကြမ်းကြုတ်နေလေသည်။
“အဲဒါက နဂါးသွေးတိုက်ပွဲမြေပဲ”
လုံယန်၏ အမူအရာက တည်တံ့သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“မင်း အဲဒီတစ်ချက်ကို မှတ်ထားရမယ်.. နဂါးမျိုးနွယ်မှာဆိုရင် ပဋိပက္ခတွေ အတိုက်အခံဖြစ်ပွားတာတွေက အချိန်မရွေး ဖြစ်လာနိုင်တယ်”
“ဂျူနီယာတွေကြားက ပဋိပက္ခတိုက်ပွဲတွေမှာ နဂါးမျိုးနွယ်က အကြီးအကဲတွေက ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး.. တကယ်ဆို သူတို့က အဲဒါကို အားတောင်ပေးသေးတယ်.. မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က တူနေသရွေ့ မင်းတို့က အချိန်မရွေး တိုက်ခိုက်နိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
အဲဒါက ကျင့်ကြံရေးလောကနှင့် ကွာခြားချက်ဖြစ်လေသည်။
ကျင့်ကြံရေးလောကရှိ ဂိုဏ်းများနှင့် အဖွဲ့အစည်းများတွင် ဂိုဏ်းသားအချင်းချင်းကြား ကူညီရိုင်းပင်းစေပြီး ခိုက်ရန်ဖြစ်ပွားတာကို တားမြစ်ကြလေသည်။
သူတို့က အမှန်တကယ်ပင် ပဋိပက္ခဖြစ်၍ ရန်ငြိုးရန်စရှိမည် ဆိုလျှင်တောင်.. သူတို့အနေဖြင့် လုံခြုံစိတ်ချရသော နေရာတစ်ခုကို ရှာဖွေရမည်ဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။
သို့သော်လည်း နဂါးမျိုးနွယ်၏ နေထိုင်ယဉ်ကျေးမှုပုံစံက သူတို့ မျိုးနွယ်စုများအကြား ခိုက်ရန်ဖြစ်ပွားမှုများကို အားပေးလေသည်။
အဆက်မပြတ် တိုက်ခိုက်မှုများမှတစ်ဆင့် သူတို့ကိုယ်သူတို့ ပိုမိုသန်မာလေစေပြီး သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို ပုံသွင်းနိုင်စေမည် ဖြစ်လေသည်။
လုံယန်က ပြောလိုက်လေသည်။
“တကယ်တော့ အဲဒီခိုက်ရန်ဖြစ်ပွားမှုတွေမှာ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တွေကို သုံးခွင့်ပေးမထားသလို.. သူတို့ရဲ့ အစစ်အမှန် နဂါးပုံစံကိုလည်း ပြောင်းခွင့်မရှိဘူး”
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ခြင်းဖြစ်စေ.. သူတို့၏ နဂါးသွင်ပြင်သို့ ပြောင်းလဲခြင်းဖြစ်စေ.. အဲဒါက သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
လုံယန်သည် မလှမ်းမကမ်းရှိ နဂါးနှစ်ကောင် တိုက်ခိုက်နေသော တိုက်ပွဲမြေကို လက်ညိုးထိုးပြလိုက်လေသည်။
“မင်းက အသေအကြေ တိုက်ခိုက်ချင်တယ်ဆိုရင်တော့.. နဂါးသွေးတိုက်ပွဲမြေဆီကို ဝင်ရောက်ရလိမ့်မယ်.. အဲဒီတိုက်ပွဲမြေကို ဝင်ရောက်လိုက်တာနဲ့ မင်းတို့က သေမှာ ရှင်မှာကို ဂရုစိုက်နေစရာ မလိုတော့ဘူး”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်၍ မေးလိုက်လေသည်။
“နဂါးတွေက ရှားပါးပြီးတော့ မျိုးပွားဖို့ကလည်း အရမ်းကို ခက်ခဲတယ်.. အသေအကြေ တိုက်ပွဲတွေကို ဘာလို့ မတားဆီးကြတာလဲ”
လုံယန်က ထီမထင်ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။
“မျိုးနွယ်စုတစ်စုက သေမှာကိုကြောက်ပြီး သတ္တိကြောင်နေမယ်ဆိုရင်.. သူတို့က အရေအတွက် ဘယ်လောက်များများ တခြားမျိုးနွယ်တွေရဲ့ ကျွန်ပြုခြင်းကိုပဲ ခံရလိမ့်မယ်”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။
ရှေးဟောင်းခေတ်တုန်းက.. လူသားပညာရှင်များသည် သေမှာကို မကြောက်ရွံ့ဘဲ ရှေ့သို့ ဆက်တိုးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လူသားမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်း၏ ကျွန်ပြုခံရမည့် ကံကြမ္မာကနေ လွတ်မြောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
“ငါက မင်းကို မီးပဒေသာ နဂါးမျိုးနွယ်ဆီ အရင်ဆုံး ခေါ်သွားမယ်”
လုံယန်က ထိုသို့ပြောပြီးသည်နှင့် ဆူဇီမို၏ စိတ်ဝိညာဉ်နှင့်အတူ မလှမ်းမကမ်းရှိ အနီရောင်ဒေသဆီသို့ ဆင်းသက်လိုက်လေသည်။
မီးပဒေသာ နဂါးမျိုးနွယ်၏ နယ်မြေဒေသ အပူချိန်က သိသိသာသာ မြင့်မားလေသည်။ အဆောက်အဦ တစ်ခုချင်းစီတွင် တစ်မူထူးခြားအောင် ပေါ့ပါးသော နဂါးပုံသဏ္ဌာန် မီးတောက်များကို ထွင်းထုထားလေသည်။
“အဲဒါက ကလန်ခေါင်းဆောင်ရဲ့ အမိန့်ဆိုပေမဲ့လို့ ငါတို့က အကြီးအကဲတွေရဲ့ သဘောတူညီချက်ကို ယူရဦးမယ်”
လုံယန်က ပြောလိုက်လေသည်။
“နောက်ပြီးကျရင် မီးပဒေသာ နဂါးမျိုးနွယ်က အကြီးအကဲတွေနဲ့ တွေ့ဖို့အတွက် ငါ့နောက်ကနေ လိုက်ခဲ့… မင်းက စိတ်ထဲမှာ မကျေမနပ် ခံစားရရင်တောင် ပေါက်ကရတွေ လျှောက်မပြောနဲ့.. ဘေးနားကနေ သည်းခံပြီးတော့ နားထောင်ပေးရုံပဲ လုပ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
ဘာပဲပြောပြော.. မွေးနီတစ္ဆေသည် နဂါးမျိုးနွယ်ကနေ ထွက်ခွာလာခဲ့သည်မှာ နှစ်တစ်သောင်း ကြာသွားခဲ့လေပြီ။ သူက အသက်ရှင်နေသေးလျှင်တောင် သူ၏စကားများက မီးပဒေသာ နဂါးမျိုးနွယ်အပေါ် အလေးသိပ်သာတော့မည် မဟုတ်ပေ။
လောလောဆယ်အတွက်တော့ ဆူဇီမိုသည် ဓမ္မစွမ်းအား ခန္ဓာကိုယ်တစ်ခုကို စုဖွဲ့ပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ လုံယန်နှင့်အတူ ခန်းမထဲသို့ ဝင်ရောက်လိုက်လေသည်။
ခန်းမထဲတွင်.. အလယ်ရှိ ခုံမြင့်တစ်ခုထက်မှာ အဘိုးအိုသုံးယောက်က ထိုင်နေလေသည်။
သူတို့သည် ငယ်ရွယ်သည့်ပုံမပေါ်ဘဲ ဆံပင်များ ဖြူနေလေပြီ။ သို့သော်လည်း သူတို့ တစ်ယောက်ချင်းစီသည် ကျန်းမာသန်စွမ်း၍ သူတို့၏ မျက်လုံးများက ဝင်းလက်တောက်ပနေလေသည်။
အဘိုးအိုသုံးယောက်ထံမှ ခံ့ညားထည်ဝါသော အော်ရာတစ်ခုက ခပ်ဖျော့ဖျော့ ဖြာထွက်နေလေသည်။ သူတို့သည် မြင့်မားသော နေရာတွင် အချိန်အတော်ကြာ နေလာခဲ့သူများဖြစ်သည်မှာ သိသာလေသည်။
ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် နဂါးများက အတန်းလိုက် ရှိနေကြလေသည်။ အဲဒါက အမျိုးသားတစ်တန်းနှင့် အမျိုးသမီးတစ်တန်း ဖြစ်လေသည်။ အဲဒီမှာ ဆယ်ယောက်ကျော်ရှိနေပြီး သူတို့က ငယ်ရွယ်၍ ဝါစဉ်အရ လုံယန်နှင့် မတိမ်းမယိမ်း ရှိနေကြပေလိမ့်မည်။
“အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
လုံယန်က ရှေ့သို့တက်ပြီး အရိုအသေပေးလိုက်လေသည်။
“အဲဒါက မီးပဒေသာ နဂါးမျိုးရိုးရဲ့ အကြီးအကဲ ၂၊ အကြီးအကဲ ၃နဲ့ အကြီးအကဲ ၄တို့ပဲ”
တစ်ချိန်တည်းမှာပင်.. လုံယန်က ဆူဇီမို၏နောက်သို့ ကပ်၍ တီးတိုးပြောဆိုလိုက်လေသည်။
“သူ ဘယ်မှာလဲ.. သူက အသက်ရှင်နေသေးတယ်ဆိုရင် ဘာလို့ မင်းနဲ့အတူ ပြန်မလာရတာလဲ”
အကြီးအကဲ ၃က ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ မှင်သေသေဖြင့် မေးလိုက်လေသည်။
“ကလန်ခေါင်းဆောင်က ပြန်လာဖို့ အချိန်မကျသေးဘူးလို့ ပြောလိုက်ပါတယ်”
လုံယန်သည် မွေးနီတစ္ဆေပေးခဲ့သော အကြောင်းပြချက်ကို ပြန်ပြောဆိုပြီး စကားဆက်လိုက်လေသည်။
“နောက်ပြီး.. ကလန်ခေါင်းဆောင်က မီးပဒေသာဘွဲ့ကို ဆက်မယူတော့ဘူးလို့ ပြောပါတယ်.. ဂျူနီယာတွေက အဲဒါအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြပါစေတဲ့”
“အဲ့လိုဆိုမှတော့.. ငါတို့ မီးပဒေသာ နဂါးမျိုးနွယ်ကလည်း သခင်လေးတစ်ယောက်ကို ရွေးချယ်ရတော့မှာပေါ့”
“အဲဒါ အမှန်ပဲ.. အပြာရောင်နဂါး၊ ဦးချိုနဂါး၊ တောင်ပံနဂါးနဲ့ ဦးချိုမဲ့နဂါးတွေက သူတို့ရဲ့ သခင်လေးတွေကို ရွေးချယ်ပြီးသွားကြပြီ.. ငါတို့မျိုးနွယ်မှာပဲ မဆုံးဖြတ်ရသေးဘဲ ရှိနေတာ”
ခန်းမထဲရှိ အမျိုးသားနှင့် အမျိုးသမီးများက စတင်၍ ဆွေးနွေးလာကြလေသည်။
အကြီးအကဲ ၄က လုံယန်ကို ချစ်ခင်မြတ်နိုးစွာကြည့်ပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်လေသည်။
“လုံရန်က ဘယ်လိုနေလဲ.. သူ့ရဲ့ ဒဏ်ရာတွေ ပျောက်သွားပြီလား”
လုံရန်သည် မွေးနီတစေ၏ နာမည်ဖြစ်လေသည်။
“ကလန်ခေါင်းဆောင်က အခြေအနေကောင်းတဲ့ပုံပါပဲ.. ခင်ဗျားရဲ့ စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ၄”
လုံယန်က ပြန်ဖြေလိုက်လေသည်။
ဆူဇီမိုသည် အကြီးအကဲ ၄အပေါ် ထင်မြင်ချက် ကောင်းမွန်လာခဲ့လေသည်။
များစွာသော နဂါးများကြားတွင် မွေးနီတစ္ဆေကို အမှန်တကယ် စိုးရိမ်ပေးသည့်သူမှာ အကြီးအကဲ ၄သာလျှင် ဖြစ်လေသည်။
“မင်းဘေးက လူငယ်လေးကရော.. ဘယ်သူလဲ”
အကြီးအကဲ ၃က မေးလိုက်လေသည်။
လုံယန်က ပြန်ဖြေလိုက်လေသည်။
“အကြီးအကဲ ၃.. ဒီကောင်လေးရဲ့ နာမည်က လုံမိုပါ.. သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကလန်ခေါင်းဆောင်ရဲ့ မျိုးဆက်သွေးက စီးဆင်းနေတယ်.. ကလန်ခေါင်းဆောင်က သူ့ကို သားတစ်ယောက်အဖြစ် ရှုမြင်ထားတယ်.. အခု သူ့ကို ကျုပ်က ပြန်ခေါ်လာခဲ့တာ”
“ဟမ်.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရထားတာပဲ.. သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ မရှိတော့တာလဲ”
တစ်ချက်ကြည့်ရုံမျှနှင့် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်သာလျှင် ကျန်ရှိပြီး သူ၏ခန္ဓာကိုယ်က မရှိတော့သည်ကို အကြီးအကဲ ၄ က ပြောနိုင်လေသည်။ အဲဒါက ဓမ္မစွမ်းအားဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ပုံစံတစ်ခုမျှသာ ဖြစ်လေသည်။
လုံယန်သည် ဆူဇီမို၏ ခန္ဓာကိုယ်ကို ထုတ်ယူပြီး ပြောလိုက်လေသည်။
“သူ့ရဲ့ ခန္ဓာကိုယ်က လူသား တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကြောင့် ပျက်စီးထိခိုက်သွားတယ်.. အဲဒီမှာ အသက်ဓာတ်တောင် မကျန်ရှိတော့ဘူး.. ကလန်ခေါင်းဆောင်က သူ့ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ဝင်ရောက်ပြီး ပြန်လည်အားဖြည့်စေချင်တယ်”
“ဟမ့်..”
အကြီးအကဲ ၂ သည် ဆူဇီမို၏ မျိုးဆက်သွေးအော်ရာကို အာရုံခံမိသောအခါ သူက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် ခန်းမထဲမှ တစ်စုံတစ်ယောက်သည် မတ်တတ်ထရပ်ပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“ဒီလူရဲ့ မျိုးဆက်သွေးက အရမ်းကို ရောထွေးနေတယ်.. သူ့မှာ လုံရန်ရဲ့ မျိုးဆက်သွေး ရှိတယ်ဆိုရင်တောင် သူ့ကို မီးပဒေသာ နဂါးမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ မရနိုင်ဘူး”
“ဒီလိုမျိုးဆက်မျိုးကို ရှေးဦးဆက်နွယ် တောကောင်တစ်ကောင်လို့ပဲ သတ်မှတ်လို့ရမယ်.. သူက ဒီနေရာကိုတောင် ဝင်ရောက်ဖို့တောင် အဆင့်မမီတာ.. ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ ပြန်ပြီးတော့ အားဖြည့်ချင်နေသေးတာလား.. အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ အားဖြည့်ဖို့အတွက် နေရာတစ်နေရာ ရဖို့ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ.. သူ့လိုမျိုး ကြုံရာကျပန်း လူတစ်ယောက်ကို ကျုပ်တို့က ခွင့်ပြုမပေးနိုင်ဘူး”
နဂါးအချို့သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုလာကြလေသည်။
လုံယန်သည် ဘေးပတ်လည်ကို စိမ်းစမ်းဝါးဝါး လှည့်ကြည့်ပြီး အော်ပြောလိုက်လေသည်။
“သူက ကလန်ခေါင်းဆောင်ရဲ့ သားပဲ.. သူက ဘာလို့ အဆင့်မမီရမှာလဲ”
“ဟားဟား.. သူ့လို ကောင်စုတ်တစ်ယောက်ကို မပြောနဲ့.. အရွယ်မတိုင်ခင် သေဆုံးသွားတဲ့ လုံယန်ဆိုရင်တောင် သူက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို သူစိတ်ရှိတိုင်း ဝင်ရောက်လို့ မရဘူး”
နဂါးတစ်ကောင်က လှောင်ရယ်လိုက်လေသည်။
မွေးနီတစ္ဆေထံမှ ယန်အာဟု ပြောဆိုသံကို ဆူဇီမိုက ကြားဖူးထားလေသည်။
သူထင်တာ မမှားဘူးဆိုလျှင် လုံယန်သည် အရွယ်မတိုင်ခင် ကံဆိုးစွာဖြင့် သေဆုံးသွားခဲ့သော မွေးနီတစ္ဆေ၏ သားတစ်ယောက် ဖြစ်ပေလိမ့်မည်။
(ဆူဇီမိုကို ခေါ်လာခဲ့သော လုံယန်နှင့် အသံထွက်အနည်းငယ် ကွဲလေသည်။)
အဲဒါက လွန်ခဲ့သည့် နှစ်တစ်သောင်းက ကပ်ဘေးနှင့် မည်သို့မည်ပုံ ပတ်သက်နေမလဲ သူမသိပေ။
နောက်ထပ် နဂါးမတစ်ကောင်က ပြောလိုက်လေသည်။
“သူက လုံရန်ရဲ့ သားဆိုရင်တောင် သူက ငါတို့ မီးပဒေသာ နဂါးမျိုးနွယ်ရဲ့ သခင်လေး မဟုတ်ဘူး.. သူ့ကို ဘာလို့ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ပို့ပေးရမှာလဲ”
နဂါးမျိုးနွယ်သည် သူ့လိုမျိုး သွေးနှောနေသည့် အပြင်လူတစ်ယောက်ကို လက်ခံဖို့အတွက် အလွန်တရာ ခဲယဉ်းလေသည်။
သူ့ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ အားဖြည့်ဖို့အတွက် ခွင့်ပြုပေးဖို့ဆိုသည်မှာ ပိုလို့ပင် မဖြစ်နိုင်သေးပေ။
ဆူဇီမို ရင်ဆိုင်နေရသော အခြေအနေက သူတွေးထင်ထားသည်ထက်ပင် ပို၍ခက်ခဲနေလေသည်။
မွေးနီတစ္ဆေကိုယ်တိုင် ပြန်ရောက်လာမည်ဆိုလျှင်တောင် သူသည် လူတိုင်း၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သူ့ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီသို့ ပို့ပေးနိုင်ချင်မှ ပို့ပေးနိုင်ပေလိမ့်မည်။