← Chapters

ဘယ်သူ ကန့်ကွက်ချင်လဲ

Vol. 71 Ch. 1058

ဘယ်သူ ကန့်ကွက်ချင်လဲ

Vol. 71 Ch. 1058

လုံယန်သည် အကြီးအကဲ ၃ယောက်ကို ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ကလန်ခေါင်းဆောင်က လုံမိုကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ခေါ်သွားပြီး ပြန်လည်ကုသစေဖို့ ကျုပ်ကို ညွှန်ကြားလိုက်တယ်.. ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ အကြီးအကဲတို့”

“အာ..”

အကြီးအကဲ ၄ က ဝမ်းနည်းပူဆွေးနေသော မျက်လုံးများနှင့်အတူ သက်ပြင်းရှည် တစ်ချက်ချပြီး ညင်သာစွာ ပြောလိုက်လေသည်။

“သူက သားနဲ့ မိန်းမကို ဆုံးရှုံးပြီးတဲ့နောက် ရင်ကွဲနာကျနေခဲ့တာပဲ.. လွန်ခဲ့တဲ့ နှစ်တစ်သောင်းလုံး သူက အဲဒီချောက်ထဲမှာပဲ အသက်ရှင်နေခဲ့ရတယ်.. သူက ဘယ်လောက်‌တောင် ခံစားချက်တွေနဲ့ ဖိစီးနှိပ်စက်နေမလဲ ငါမသိဘူး”

“သူက ဒီကောင်လေးကို ဒီလောက်ထိ မြင့်မြင့်မားမား သတ်မှတ်ထားမှတော့.. ငါတို့က သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောရတော့မှာပေါ့”

အကြီးအကဲ ၃ ကလည်း အတိတ်ကာလက အရာများကို ပြန်လည်အမှတ်ရသွားပုံရပြီး မချိတင်ကဲ အမူအရာတစ်ခုဖြင့် ခေါင်းညိတ်လိုက်လေသည်။

အကြီးအကဲ ၂ က မျက်မှောင်ကြုတ်နေဆဲ‌ ဖြစ်လေသည်။

သို့သော်လည်း သူ့ဘေးရှိ အကြီးအကဲနှစ်ယောက်၏ စိတ်နေသဘောထားကို သတိထားမိသောအခါ.. သူက မျက်လုံးကိုမှိတ်၍ တိတ်တဆိတ် လက်ခံသဘောတူလိုက်လေသည်။

လုံယန်က ကျေနပ်နှစ်ခြိုက်သွားပြီး ညင်သာစွာ လောဆော်လိုက်လေသည်။

“အကြီးအကဲ ၃ ယောက်ကို မြန်မြန်သွားပြီး ကျေးဇူးတင်လိုက်လေ”

“ကျေးဇူးတင်ပါတယ် အကြီးအကဲတို့”

ဆူဇီမိုက ရှေ့သို့တက်ပြီး ကျေးဇူးတင်ကြောင်း ဦးညွတ်လိုက်လေသည်။

အဲဒီနောက်.. သူသည် လုံယန်ကိုကြည့်‌ပြီး တိုးတိတ်စွာ သတိပေးလိုက်လေသည်။

“ဦးလေးယန်.. ခင်ဗျားက တစ်ကိုယ်တော်တိမ်စိုင်အကြောင်း အကြီးအကဲ ၃ ယောက်ကို မပြောရသေးဘူး”

“ငါတို့က အဲဒါကို ထပ်ပြီး ဂရုမစိုက်နိုင်တော့ဘူး”

လုံယန်က ခေါင်းခါပြလိုက်လေသည်။

“မင်းကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ပို့ဖို့အတွက်တောင် ငါတို့က ဒီလောက်ကြီးမားတဲ့ ဖိအား‌အောက်မှာ ရောက်နေခဲ့ပြီ.. သူ့ကို ငါတို့က ဘယ်လိုလုပ် ဂရုစိုက်နိုင်ပါတော့မလဲ”

“နောက်ပြီး သူက ကလန်ခေါင်းဆောင်နဲ့လည်း သွေးသားစပ်ဆက်မှု မရှိဘူး”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

သူတို့၏ မျက်လုံးထဲတွင် တစ်ကိုယ်တော်တိမ်စိုင်က ပတ်သက်ဆက်နွယ်မှု မရှိသော လူတစ်ယောက်သာလျှင် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ မျက်လုံးထဲတွင် တစ်ကိုယ်တော်တိမ်စိုင်က သူမစွန့်လွှတ်နိုင်သည့် တစ်စုံတစ်ယောက်‌ ဖြစ်လေသည်။

“အကြီးအကဲတို့.. “

ဆူဇီမိုက ဖြည်းဖြည်းချင်း လှည့်ပြီး ရုတ်တရက် ပြောလိုက်လေသည်။

“ကျုပ်က အကြီးအကဲတို့ ၃ယောက်ဆီကနေ အခွင့်အရေးတစ်ခု တောင်းခံချင်ပါတယ်”

လုံယန်က မျက်စိမျက်နှာ ပျက်ယွင်းသွားလေသည်။

“ဘာလဲ”

အကြီးအကဲ ၄ က ရင်းနှီးဖော်ရွေသော အကြည့်တစ်ခုဖြင့် ဆူဇီမိုကို ကြည့်ပြီး ပြုံး၍ မေးလိုက်လေသည်။

“ကျုပ်ရဲ့ အစီးအနင်းတောကောင်က ကြမ်းကြုတ်မြွေနဂါးတစ်ကောင်ပါ.. ဒီတစ်ခေါက် ကျုပ်ကို ကယ်ဖို့အတွက်နဲ့ သူက ဒဏ်ရာ အပြင်းအထန်ရရှိပြီးတော့ သေလုသေခင် ဖြစ်နေတယ်.. ခင်ဗျားတို့ ၃ ယောက်က အဲဒီမြွေနဂါးကို ကျုပ်နဲ့အတူ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

ဆူဇီမိုသည် ဤကိစ္စကို မဖြစ်မနေ ထုတ်ဖော်ပြောဆိုရပေမည်။

သူသည် ဘယ်လောက်ကြီးမားသည့် ဖိအားအောက်ကို ရောက်သွားပါစေ ကိစ္စမရှိပေ။

“ဟမ့်”

အစက သူ၏မျက်လုံးနှစ်ဖက်ကို ပိတ်ထားသော အကြီးအကဲ ၂ သည် ရုတ်တရက် သူ့မျက်လုံးကို ဖွင့်လိုက်လေသည်။ သူ၏ နဂါးမျက်လုံးထဲမှ အလင်းတန်းနှစ်ခုက ထွက်ပေါ်လာပြီး ဆူဇီမိုအပေါ် ကျဆင်းလာခဲ့လေသည်။

ဆူဇီမို၏ ဓမ္မစွမ်းအားခန္ဓာကိုယ်သည် ပျက်ပြယ်လုနီးပါး ဖြစ်သွားရလေသည်။

အကြီးအကဲ ၃ ၏ အမူအရာကလည်း သုန်မှုန်လာခဲ့လေသည်။

အကြီးအကဲ ၄ ၏ အမူအရာပင်လျှင် တောင့်တင်းနေပြီး သူက အကျပ်တွေ့နေဟန်ဖြင့် မျက်မှောင်ကြုတ်နေလေသည်။

“ဒီကောင်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. သူက မီးပဒေသာ နဂါးတစ်ကောင်တောင် ဖြစ်မလာသေးဘူး.. ထကြွသောင်းကျန်းချင်နေတာလား”

“မြွေနဂါးတစ်ကောင်ကို မပြောနဲ့.. အစစ်အမှန် မီးမြွေနဂါးတစ်ကောင်တောင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ဝင်ရောက်ဖို့ အဆင့်မမီဘူး”

“မင်းက ဆက်ပြီးတော့ အတင့်ရဲမလာနဲ့.. မင်းအတွက် ဘာက ကောင်းတယ်ဆိုတာ မင်းမသိဘူးပဲ”

“မြွေနဂါးတစ်ကောင်တောင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ဝင်ရောက်နိုင်တယ်ဆိုရင်.. ငါတို့ နဂါးမျိုးနွယ်က အကုန်လုံးကလည်း အဆင့်မီသွားမှာပေါ့.. အဲဒါဆိုရင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းက ခမ်းခြောက်သွားတာဖြင့် ကြာလှနေပြီ”

လူအုပ်ကြီးထဲမှ ဆူညံပွက်လောရိုက်သော အသံများက ထွက်ပေါ်လာခဲ့လေသည်။

လုံယန်သည် သက်ပြင်းချပြီး ဆူဇီမိုကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်လေသည်။

သူသည် ဆူဇီမိုအကြောင်း ဘာမှမသိသေးပေ။

သို့သော်လည်း ဆူဇီမို၏ လက်ရှိအပြုအမူသည် အခြေအနေနှင့် အချိန်အခါကို အကဲဖြတ်နိုင်စွမ်း မရှိသော တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်သည့် လူငယ်တစ်ယောက်နှင့် တူနေလေသည်။

သူက တော်တော် ပါးရည်နပ်ရည် မရှိတာပဲ.. ကလန်ခေါင်းဆောင်က သူ့ဆီမှာ ဘာကိုမြင်ထားရလဲ ငါတကယ်ပဲ မသိတော့ဘူး။

လုံယန်သည် အစက ဆူဇီမိုအပေါ် အနည်းငယ် မျှော်လင့်ထားသော်လည်း ယခုအခါ သူက ပို၍တွေးကြည့်လေလေ.. ပို၍စိတ်ပျက်ရလေလေ ဖြစ်လေသည်။

“လုံမို.. မင်းရဲ့ တောင်းဆိုချက်က မဖြစ်နိုင်ဘူး”

အကြီးအကဲ ၃ က သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်လေသည်။

အကြီးအကဲ ၄ က ဝင်ရောက်ပြောဆိုပေးချင်သော်လည်း တွေဝေတုံ့ဆိုင်းနေလေသည်။

သူသည် ဆူဇီမိုဘက်ကနေ ကူညီတောင်းပန်ပေးချင်သော်လည်း ဘယ်ကနေ စပြောရမည်မသိ ဖြစ်နေလေသည်။

ဤကိစ္စသည် တကယ်ပဲ ကလန်၏ စည်းမျဉ်းစည်းကမ်းကို ဆန့်ကျင်နေလေသည်။

ဆူဇီမိုသည် အဲဒါကို မျှော်လင့်ထားပြီးသား ဖြစ်လေသည်။

သူက တည်ငြိမ်နေသော အမူအရာဖြင့် လေးနက်စွာ ပြောလိုက်လေသည်။

“ဒီလိုဆိုမှတော့လည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ဝင်ရောက်မယ့် ကျုပ်ရဲ့ အခွင့်အရေးကို ကျုပ်ရဲ့ အစီးအနင်းတောကောင်ကိုပဲ ပေးလိုက်တော့မယ်”

“အတင့်ရဲလိုက်တာ”

အကြီးအကဲ ၃ က ဟိန်းဟောက်လိုက်လေသည်။

အကြီးအကဲ ၂ ၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ဂျူနီယာ.. ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းက ဘာလို့ မင်းထင်နေတာလဲ.. အဲဒါက ဒီတိုင်း ပေးချင်တိုင်း ပေးလို့ရတယ် မင်းထင်နေတာလား”

“ငါ အခု မင်းကို တစ်ခါတည်း ပြောလိုက်မယ်.. မင်းတောင်မှ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီကို ဝင်ရောက်ဖို့ အဆင့်မမီဘူး”

“လုံယန်.. ဒီမောက်မာရိုင်းစိုင်းတဲ့ အရူးကို နဂါးအရိုးတောင်ကြားကနေ မောင်းထုတ်ပစ်လိုက်စမ်း.. မဟုတ်ရင် ငါ သူ့ကို သတ်မိလိမ့်မယ်”

“အကြီးအကဲ ၂.. ကျေးဇူးပြုပြီး သနားညှာတာပေးပါဦး”

လုံယန်က ကြမ်းပြင်ပေါ်မှာ အလောတကြီး ဒူးထောက်ချလိုက်လေသည်။

သူသည် ဆူဇီမိုကို သဘောမကျလျှင်တောင် သူက မွေးနီတစ္ဆေ၏ တောင်းဆိုချက်ကို အကောင်းဆုံး ကြိုးစား၍ ဖြည့်ဆည်းပေးရပေလိမ့်မည်။

“အစ်ကို ၂”

အကြီးအကဲ ၄က မနေနိုင်ဘဲ ဝင်ရောက် ဖျောင်းဖျလိုက်လေသည်။

အကြီးအကဲ ၂ ၏ အမူအရာက အေးစက်နေပြီး လက်ကာပြလိုက်လေသည်။

“ဘာမှ ညှိနှိုင်းဆွေးနွေးစရာ မလိုတော့ဘူး.. လုံယန်ကြောင့်သာ မဟုတ်ရင် ငါ သူ့ကို သတ်ပြီးတာ ကြာနေပြီ”

ဆူဇီမိုက တည်ငြိမ်နေသော အမူအရာဖြင့် သူ၏ခေါင်းကို အနည်းငယ် ငုံ့ထားလေသည်။

သူက ဤရလဒ်ကို သိထားခဲ့သည်ဆိုလျှင်တောင် တစ်ကိုယ်တော်တိမ်စိုင်အတွက် မျှော်လင့်ချက်ပါးပါးလေး ရှိနေသေးသရွေ့ သူက ရှေ့သို့ထွက်၍ ရပ်တည်ပေးရပေလိမ့်မည်။

ယနေ့ သူသည် ဤနေရာကနေ မောင်းထုတ်ခံရပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုသနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးမည်ဆိုလျှင်တောင် သူက အဲဒါအတွက် နောင်တရလိမ့်မည် မဟုတ်ပေ။

မွေးနီတစ္ဆေ.. ခင်ဗျားကို စိတ်ပျက်စေမိတဲ့အတွက် ကျုပ်တောင်းပန်ပါတယ်။

ဆူဇီမိုက သူ့ဘာသာသူ စိတ်ထဲက‌နေ ရေရွတ်လိုက်လေသည်။

မွေးနီတစ္ဆေက ဤကဲ့သို့ စီစဉ်ပေးခဲ့ရသည့် အကြောင်းရင်းမှာ ဆူဇီမို၏ အလားအလာကို သူက တန်ဖိုးထားသောကြောင့်ဖြစ်ပြီး သူ့ကို နဂါးတစ်ကောင် ဖြစ်လာစေချင်လေသည်။

နောင်အနာဂတ်တွင် ဆူဇီမိုနှင့် နဂါးမျိုးနွယ်အကြား ပဋိပက္ခ တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပွားလာခဲ့မည်ဆိုလျှင် အနည်းဆုံး ဆူဇီမို၏ နဂါးမျိုးနွယ်ခန္ဓာကိုယ် ရှိနေသရွေ့ ကိစ္စများက အလွယ်တကူ ပြေလည်သွားနိုင်လေသည်။

ကံမကောင်းစွာနှင့်ပင်.. နဂါးများက သူ့ကို သူတို့၏ မျိုးနွယ်ဝင်အဖြစ် လက်ခံဖို့ ခဲယဉ်းနေဆဲ ဖြစ်လေသည်။

ဆူဇီမိုက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“ဒီနေရာက ကျုပ်ကို မကြိုဆိုဘူးဆိုမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး.. နှုတ်ဆက်ပါတယ်”

သက်စောင့်ဆေးလုံးသည် တစ်ကိုယ်တော်တိမ်စိုင်၏ အသက်ကို တစ်လမျှသာ ထိန်းပေးထားနိုင်ပေလိမ့်မည်။ ယခုအချိန်တွင် ရက်အနည်းငယ်မျှသာ ကျန်ရှိတော့လေသည်။

သူသည် ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာပြီး နောက်ထပ် နည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။

“နေပါဦး.. “

ထိုစဉ်မှာပင် ခန်းမနောက်ဘက်ကနေ အိုမင်းသော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

အဲဒီနောက် ထူးဆန်းသော အသံများကို ကြားလိုက်ရလေသည်။

ဒေါက်..

ဒေါက်..

ဒေါက်..

အသံသုံးသံ ထွက်ပေါ်လာပြီး ကုပ်ကိုင်းကိုင်းနှင့် အဘိုးအိုတစ်ယောက်သည် ခန်းမနောက်ဘက်ကနေ ပေါ်ထွက်လာခဲ့လေသည်။ သူ၏ဆံပင်များက ဖြူဖွေးနေပြီး သူ၏မျက်နှာက ပါးရည်နားရည်များ တွန့်နေလေသည်။ သူက တုတ်ကောက်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လှမ်းထွက်လာခဲ့လေသည်။

စောစောက ကြားလိုက်ရသော ထူးဆန်းသည့် အသံသည် အဘိုးအို၏ တုတ်ကောက်နှင့် ကြမ်းပြင် ထိခတ်မိသော အသံဖြစ်လေသည်။

“မဟာအကြီးအကဲ”

ဝင်ရောက်လာသူကို မြင်သောအခါ အကြီးအကဲ ၃ယောက် အပါအဝင် ခန်းမထဲတွင် အစက ထိုင်နေသော နဂါးများ အားလုံးသည် မတ်တတ်ထရပ်၍ တလေးတစား နှုတ်ဆက်လိုက်ကြလေသည်။

“အင်း.. “

မဟာအကြီးအကဲက ခြေတစ်လှမ်းလှမ်းပြီးတိုင်း ခဏမျှ ရပ်တန့်၍ ပြန်ဖြေလိုက်လေသည်။ သူ၏မျက်လုံးများက မှုန်ရီနေပြီး သူ၏အကြည့်က မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုထံသို့ ရောက်ရှိသွားလေသည်။

ဘာကြောင့်ရယ်မသိ.. မဟာအကြီးအကဲ၏ အကြည့် သူ့အပေါ် ဆင်းသက်လာသောအခါ ဆူဇီမိုသည် သူ့ကို စာအုပ်တစ်အုပ်လို ဖတ်ရှုခြင်းခံနေရသည်ဟု သူက ခံစားရလေသည်။ သူက မည်သည့် လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်မထားနိင်ပေ။

“ကလေးရေ.. နေပါဦး”

မဟာအကြီးအကဲက ပြောလိုက်လေသည်။

များစွာသော နဂါးများက တုန်လှုပ်သွားရလေသည်။

မီးပဒေသာ နဂါးမျိုးနွယ်တွင် မဟာအကြီးအကဲ၏ ဂုဏ်အဆင့်အတန်းက တစ်မူထူးခြားပြီး အခြားမည်သူကမှ သူ့ကို မနှိုင်းယှဉ်နိုင်ပေ။ ကလန်ခေါင်းဆောင်ပင်လျှင် များစွာသော အရေးကိစ္စများအတွက် မဟာအကြီးအကဲနှင့် ဆွေးနွေးရပေလိမ့်မည်။

မဟာအကြီးအကဲက ထိုသို့ပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုကို မည်သူကမှ မောင်းမထုတ်နိုင်တော့ဟု ဆိုလိုလေသည်။

လုံယန်သည် ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီး ပြန်ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်.. မဟာအကြီးအကဲ”

ထိုသို့ပြောပြီးသည်နှင့် သူက ဆူဇီမိုကို ကျေးဇူးတင်ကြောင်းပြောဖို့ တွန်းထိုးလိုက်လေသည်။

ဆူဇီမိုက မဟာအကြီးအကဲ၏ အကြည့်နှင့် တွေ့ဆုံသွားပြီး ရုတ်တရက် ပြောလိုက်လေသည်။

“ကျုပ်ရဲ့ အစီးအနင်းတောကောင်က မြွေနဂါးတစ်ကောင်ပါ.. ကျုပ်က သူ့ကို မစွန့်လွှတ်နိုင်ဘူး”

“အင်း.. အဲဒါဆိုလည်း မင်းတို့နှစ်ယောက်က ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီကို အတူတူသွားကြပေါ့”

မဟာအကြီးအကဲက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်လေသည်။

နဂါးများက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။

“အစ်ကိုကြီး.. ခင်ဗျား.. “

အကြီးအကဲ ၂ သည် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာလေသည်။

သူ့အတွက်တော့ ဤဆုံးဖြတ်ချက်က လုံးဝ အဓိပ္ပာယ်ရှိမနေပေ။

“မဟာအကြီးအကဲ.. ဒီကိစ္စက စည်းမျဉ်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်”

“မဟာအကြီးအကဲ.. ခင်ဗျားက ပြန်ပြီးတော့ စဉ်းစားသင့်တယ် ထင်တယ်”

ချက်ချင်းပင် ခန်းမထဲမှာ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။

ဒေါင်…

ရုတ်တရက် မဟာအကြီးအကဲသည် သူ၏တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ဆောင့်ချလိုက်လေသည်။

ချက်ချင်းပင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့လေသည်။

မည်သည့် နဂါးကမှ အသံတစ်ချက် မထွက်ရဲတော့ပေ။

မဟာအကြီးအကဲသည် သူ၏ ကုပ်ကိုင်းနေသော ခန္ဓာကိုယ်နှင့် သူ၏ မှုန်ရီဝေဝါးနေသော မျက်လုံးတို့ဖြင့် ခန်းမ၏ပတ်လည်ကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်လေသည်။

“ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ.. ဘယ်သူက ကန့်ကွက်ချင်လို့လဲ”

နဂါးများ အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

မည်သူကမှ မဟာအကြီးအကဲ၏ အကြည့်နှင့် မဆုံမိရဲကြပေ။

All Chapters