နဂါးမျိုးနွယ်၏ စမ်းသပ်ချက်
Vol. 71 Ch. 1059
လုံယန်က ကြောင်အမှင်တက်သွားခဲ့လေသည်။
ဤကိစ္စသည် နှစ်ပေါင်းများစွာကြာအောင် ပေါ်ထွက်မလာခဲ့သော မီးပဒေသာ နဂါးမျိုးနွယ်မှ မဟာအကြီးအကဲကိုပင် ဆွဲဆောင်မိသွားလိမ့်မည်ဟု သူက တကယ်ကို ထင်မှတ်မထားမိပေ။
ဒါ့အပြင် အရေးကြီးဆုံးအချက်မှာ မဟာအကြီးအကဲသည် ကလန်ခေါင်းဆောင်နှင့် တူညီသော ဆုံးဖြတ်ချက်ကို တကယ်ပင် ချခဲ့လေသည်။ သူက ဆူဇီမိုကို သူ၏မြွေနဂါးနှင့်အတူ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီသို့ ဝင်ရောက်အားဖြည့်စေချင်လေသည်။
“ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ”
နဂါးများ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေစဉ် ဆူဇီမိုက တည်ငြိမ်စွာဖြင့် ဦးညွတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် မဟာအကြီးအကဲ၏ ထိုဆုံးဖြတ်ချက်ကို ခန်းမထဲရှိ မည်သည့်နဂါးကမှ နားမလည်နိုင်ကြပေ။
နှစ်ပေါင်းအတန်ကြာပြီးနောက်.. ယနေ့ ချမှတ်ခဲ့သော ထိုဆုံးဖြတ်ချက်နှင့်အတူ နဂါးမျိုးနွယ်သည် ကြောက်စရာကောင်းသည့် ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ကြောင်း များစွာသော နဂါးများက နောက်ပိုင်းမှာ နားလည်သွားခဲ့ကြလေသည်။
ဤပြန်ဝင်စား မွန်းစတားနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရေက ဘာမှမဟုတ်တော့ပေ။
လုံယန်က ဆူဇီမိုကို အဝေးသို့ ခေါ်ထုတ်သွားလေသည်။
နဂါးများသည် အပေါ်ယံတွင် မည်သည့် အမူအရာကိုမှ ထုတ်ဖော်မပြကြသော်လည်း သူတို့၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။
နောက်တစ်ခဏ၌.. ခန်းမထဲတွင် မီးပဒေသာ နဂါးမျိုးနွယ်မှ အကြီးအကဲ လေးယောက်သာလျှင် ကျန်ရှိခဲ့လေသည်။
“အစ်ကိုကြီး.. လုံမိုက လုံရန်ရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်.. အဲဒါက မသန့်စင်ဘူးဆိုပေမဲ့လို့ သူ့ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ အားဖြည့်ဖို့အတွက် ဝင်ရောက်ခိုင်းတာက သိပ်ပြီးတော့ ကိစ္စမရှိဘူး”
အကြီးအကဲ ၂ က မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါပေမဲ့လို့ အဲဒီကောင်လေးက သူ့ရဲ့မြွေနဂါးကိုပါ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ခေါ်သွားချင်တာကတော့ နည်းနည်းမောက်မာလွန်းရာ မကျဘူးလား”
မဟာအကြီးအကဲက ပြုံး၍ မေးလိုက်လေသည်။
“နံပါတ် ၄.. ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ”
“ဒီလုံမိုက ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးထွားခဲ့တာ မဟုတ်ပေမဲ့လို့ သူ့ရဲ့ စိတ်နေစရိုက်က နဂါးမျိုးနွယ်နဲ့ အတော်လေး ဆင်တူတယ်.. စောစောက စကားအပြောအဆိုမှာ သူက သူ့ရဲ့ သတ္တိကောင်းပုံ၊ အကြောက်အလန့် ကင်းမဲ့ပုံ၊ တဇွတ်ထိုးလုပ်တတ်ပုံနဲ့ မောက်မာတာ ခယတာ မရှိတာတွေကို ထုတ်ပြခဲ့တယ်.. လုံရန် သဘောကျတာကိုလည်း မပြောနဲ့.. ကျုပ်တောင် သူ့ရဲ့ စိတ်နေစရိုက်ကို ကြိုက်မိတယ်”
အကြီးအကဲ ၄ က အသံနှိမ့်၍ ပြောလိုက်လေသည်။
“လုံရန်ဆီက ကျုပ်ကြားတာတော့.. ဒီကောင်လေးရဲ့ မူလဇစ်မြစ်က လူသားမျိုးနွယ်ကတဲ့.. သူက လူ့လောကမှာ ဒီလောက်နှစ်တွေအကြာကြီး နေခဲ့တာတောင် လူသားတွေရဲ့ ကောက်ကျစ်စဉ်းလဲပုံမျိုး မရှိတာ တကယ့်ကို ရှားရှားပါးပါးပဲ”
မဟာအကြီးအကဲက မေးလိုက်လေသည်။
“နံပါတ် ၃.. မင်းရဲ့အမြင်ကိုလည်း ပြောပြပါဦး”
အကြီးအကဲ ၃ က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ကျုပ်ကတော့ အဆင်ပြေပါတယ်.. ကျုပ်က လုံရန်ရဲ့ အကဲဖြတ်နိုင်စွမ်းကို ယုံကြည်တယ်.. သူက ဒီလိုမျိုး စီစဉ်ခဲ့မှတော့ သူ့မှာ သေချာပေါက် အကြောင်းပြချက်ကောင်း ရှိလိမ့်မယ်.. ဒါပေမဲ့လို့..”
ခဏမျှ ရပ်တန့်ပြီးနောက် သူက စကားလမ်းကြောင်းပြောင်းလိုက်လေသည်။
“ဒီကောင်လေးက ဘာပဲပြောပြော အတိတ်ကာလတုန်းက လူသားတစ်ယောက်ပဲ.. သူက ကျုပ်တို့ နဂါးမျိုးနွယ်ကို စိတ်ရင်းမှန်ကန်စွာနဲ့ ဝင်ရောက်လာတာလားဆိုတာ မသိရသေးဘူး.. အစ်ကိုကြီး.. ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က နည်းနည်းတော့ စွန့်စားရာကျတယ်”
“ကျုပ်တို့ရဲ့ မူလဆုံးဖြတ်ချက်အတိုင်းဆို.. သူ့ကို စမ်းသပ်ရဦးမှာပေါ့”
“အင်း..”
မဟာအကြီးအကဲက ခေါင်းညိတ်၍ အကြီးအကဲ ၂ ကို ကြည့်လိုက်လေသည်။ သူက ထိုသူ၏ ပခုံးကိုပုတ်ပြီး ပြောလိုက်လေသည်။
“နံပါတ် ၂.. အဲ့ကောင်လေးက သူ့ရဲ့ မြွေနဂါးကို သူနဲ့အတူ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ဝင်ရောက်ဖို့ တောင်းဆိုခဲ့တုန်းက သူက မောက်မာရာကျတယ်လို့ မင်းပြောလိုက်တယ်မလား”
“ဒါပေမဲ့လို့ အဲဒီတောင်းဆိုမှုကြောင့်သာ ငါက တကယ်ပဲ စိတ်သက်သာရာရပြီး သူ့ကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ ဝင်ရောက်ခွင့်ပေးလိုက်တာပဲ”
“အာ.. “
အကြီးအကဲ ၂ က အနည်းငယ် မှင်တက်သွားခဲ့လေသည်။
မဟာအကြီးအကဲက ရှင်းပြလိုက်လေသည်။
“ဒီကောင်လေးက သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကုသဖို့အတွက် ဒါမှမဟုတ် ငါတို့မျိုးနွယ်နဲ့ ရောနှောနေထိုင်ဖို့အတွက်နဲ့ မြွေနဂါးကို စွန့်လွှတ်စတေးလိုက်မယ်ဆိုရင်.. ငါက သူ့ကို ဒီလိုမျိုး အလွယ်တကူ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ဘူး”
“အဲဒါက စောစောက မင်းတို့ စိုးရိမ်ခဲ့ကြသလိုပဲ.. ဘာပဲပြောပြော သူက တစ်ခါတုန်းက လူသားတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ကောက်ကျစ်စဉ်းလဲတာတွေ ရှိလာနိုင်တယ်.. သူ့ကို ငါတို့က ပြုစုပျိုးထောင်ပေးလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ သူက ငါတို့ကို ပြန်ကိုက်လာမလား ဘယ်သူသိနိုင်မလဲ”
အကြီးအကဲ ၂ သည် စဉ်းစားတွေးတောရင်း တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရလေသည်။
မဟာအကြီးအကဲက ဆက်ပြောလိုက်လေသည်။
“ဒါပေမဲ့လို့.. သူက သူ့မှာ ရွေးချယ်စရာ မရှိတာ သိသိနဲ့တောင်.. သူက ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တာကို သိသိနဲ့တောင်.. အဲဒီ တောင်းဆိုချက်ကို မရမက တောင်းဆိုခဲ့တယ်ဆိုတာ.. သူက အရမ်းကို သစ္စာရှိပြီးတော့ လူမှန်တစ်ယောက်ဆိုတာကို သက်သေပြပေးနေတာပဲ”
“ငါတို့က သူ့အပေါ်မှာ ကြင်နာမှုကိုပြရင် သူက အဲဒါကို သေချာပေါက် မှတ်ထားမယ့်သူမျိုးပဲ”
“အံ့ဩစရာ မရှိတော့ဘူးပဲ”
အကြီးအကဲ ၃ နှင့် ၄ က နားလည်သဘောပေါက်သွားကြလေသည်။
မဟာအကြီးအကဲက ရတနာတစ်ခုကို ကောက်ရလိုက်သည့်အလား.. ပြုံးရွှင်နေလေသည်။
အကြီးအကဲ ၂ ကလည်း ရယ်မောလိုက်လေသည်။
“အစ်ကိုကြီး.. ခင်ဗျားကို ဒီလို ပျော်ပျော်ရွှင်ရွှင်တွေ့ရတာ ရှားရှားပါးပါးပဲ.. ခင်ဗျားက ဒီကောင်လေးကို အဲ့လောက်တောင် မြင့်မြင့်မားမား တကယ်ပဲ သတ်မှတ်ထားတာလား.. သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူးဆိုတာကိုလည်း မေ့မထားလိုက်နဲ့ဦး”
“မင်းတို့တွေက အပြင်လောကအကြောင်းကို တကယ်ပဲ ဘာမှမသိကြတာပဲ”
မဟာအကြီးအကဲက ပြောလိုက်လေသည်။
“ငါက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေပေမဲ့လို့.. အပြင်လောကမှာ ဖြစ်ပျက်ခဲ့တဲ့ ကြီးကြီးမားမား ကိစ္စတွေအကြောင်း သိထားတယ်.. မကြာသေးခင်က ကျင့်ကြံရေးလောကမှာ ဘာတွေဖြစ်ခဲ့သလဲ မင်းတို့သိလား”
“ဘာတွေလဲ..”
အကြီးအကဲ ၃ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြလေသည်။
“ဟီးဟီး.. သူက လူသားမျိုးနွယ်က ထိပ်သီးဂိုဏ်းကြီး ၈ဂိုဏ်းရဲ့ မည်ကာမတ္တ တပည့်တွေကို တစ်ယောက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်”
မဟာအကြီးအကဲ၏ စကားက တုန်လှုပ်စရာကောင်းလေသည်။
အကြီးအကဲ ၃ ယောက်က အံ့အားသင့်သွားကြလေသည်။
အကြီးအကဲ ၄ က ပြောလိုက်လေသည်။
“ကျုပ်က အဲဒီကောင်လေးဆီမှာ ထက်ရှတဲ့ သတ်ဖြတ်လိုစိတ်နဲ့ ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ခံစားမိနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. သူ့ရဲ့ တိုက်ခိုက်ရေးခွန်အားက အဲ့လောက်တောင် ကြောက်စရာကောင်းတာကိုး.. သူ့ကို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က တိုက်ခိုက်လာခဲ့တာ အံ့ဩစရာ မရှိတော့ဘူး”
အကြီးအကဲ ၃ က ခေါင်းညိတ်လိုက်လေသည်။
“လူသားမျိုးနွယ်က ထိပ်သီးဂိုဏ်းကြီးတွေရဲ့ မည်ကာမတ္တ တပည့်တွေက ကိုင်တွယ်ရ ခက်ခဲတယ်.. သူတို့က အဆင့်တူချင်းမှာဆို နဂါးတွေနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်”
“တကယ်တော့ အဲ့လောက်လည်း မဟုတ်ပါဘူး”
အကြီးအကဲ ၂ က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
“ကျုပ်တို့ နဂါးမျိုးနွယ်က မျိုးဆက်သစ် ပြိုင်စံရှားတွေလည်း အပြင်လောကကို ထွက်မယ်ဆိုရင်.. သူတို့က လူသားမျိုးနွယ်က မည်ကာမတ္တ တပည့်တွေကို ဖိနှိမ်နိုင်မှာပဲ”
“ဟေ့ဟေး..”
မဟာအကြီးအကဲက ရုတ်တရက် ရယ်မောလိုက်လေသည်။
“အစ်ကိုကြီး.. ခင်ဗျားက ဘာကိုရယ်တာလဲ”
အကြီးအကဲ ၂က မေးလိုက်လေသည်။
မဟာအကြီးအကဲက ခပ်ထေ့ထေ့ပြုံး၍ ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးတစ်ခုအကြောင်း မင်းတို့ ကြားဖူးကြလား”
“အဲဒါကို ကျုပ်ကြားဖူးတယ်”
အကြီးအကဲ ၂က ခေါင်းညိတ်လိုက်လေသည်။
“အဲဒီမှာ ရတနာတချို့ ပေါ်ထွက်ခဲ့ပြီးတော့ နတ်ဘုရားမျိုးနွယ်နဲ့ ယက္ခမျိုးနွယ်က သူတို့ရဲ့ ကလန်သားတွေနဲ့ ပြိုင်စံရှားတွေကို စေလွှတ်ခဲ့တယ်လို့ ကြားတယ်.. ဒါပေမဲ့ သူတို့က ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ပြီးတော့ လူသားမျိုးနွယ်က ပြန်ဝင်စား မွန်းစတားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်”
ထိုနေရာအရောက်တွင်.. အကြီးအကဲ ၂၏ အမူအရာက ပြောင်းလဲသွားပြီး သူက မေးလိုက်လေသည်။
“အစ်ကိုကြီး.. ခင်ဗျားပြောချင်တာက ဒီကောင်လေးက အဲဒီတုန်းက လူသားမျိုးနွယ်ရဲ့ ပြန်ဝင်စား မွန်းစတားလား”
“အဲဒါ သူပဲ”
မဟာအကြီးအကဲက ခေါင်းညိတ်ပြလိုက်လေသည်။
“အိုး..”
အကြီးအကဲ ၃ ယောက်က ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။
သူတို့သည် နတ်ဘုရားမျိုးနွယ်နှင့် ယက္ခမျိုးနွယ်၏ ခွန်အားကို ကောင်းကောင်းသိရှိထားကြလေသည်။ သူတို့၏ နဂါးမျိုးနွယ်ပင်လျှင် ထိုမျိုးနွယ်စုနှစ်ခုနှင့် ရင်ဆိုင်ရပါက အနိုင်ရရှိဖို့ မသေချာပေ။
အကြီးအကဲ ၃ က မျက်မှောင်ကြုတ်လိုက်လေသည်။
“သူက ဒီတစ်ခေါက် ဒဏ်ရာအပြင်းအထန် ရရှိထားတယ်.. သူ့ရဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားရင် သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများ ပြန်ရမလဲ ကျုပ်သိချင်မိတယ်”
“အဲဒါတော့ ဟုတ်တယ်.. ဘာပဲပြောပြော သူ့ရဲ့ လူသားမျိုးနွယ်က နည်းလမ်း တော်တော်များများကိုလည်း သူက ဆုံးရှုံးသွားပြီ.. သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်တာနဲ့ ထပ်ပေါင်းလိုက်မယ်ဆိုရင်.. သူ့ရဲ့ တိုက်ခိုက်ရေးခွန်အားက အတော်လေး လျော့ကျသွားမှာပဲ”
အကြီးအကဲ ၂ကလည်း ခေါင်းညိတ်လိုက်လေသည်။
ရုတ်တရက် အကြီးအကဲ ၄ က မေးလိုက်လေသည်။
“အစ်ကိုကြီး.. ခင်ဗျားက သူ့ကို ကျုပ်တို့ မီးပဒေသာ နဂါးမျိုးနွယ်ရဲ့ သခင်လေး ဖြစ်စေချင်နေတာလား”
မဟာအကြီးအကဲက ငြင်းဆန်ခြင်းမရှိဘဲ ပြန်ပြောလိုက်လေသည်။
“ငါဖြစ်စေချင်တာ မဖြစ်စေချင်တာက အရေးမကြီးပါဘူး.. အဓိကအချက်က သူ့ကိုယ်သူ သက်သေပြနိုင်မလားဆိုတာပဲ.. ငါတို့ နဂါးမျိုးနွယ်မှာ ပိုသန်မာတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်.. လေးစားမှုကို ခံယူနိုင်မှာပဲ”
“သူက အပြင်လူတစ်ယောက်ပဲ.. အချိန်တိုအတွင်း နဂါးမျိုးနွယ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ကတော့ သူ့အတွက် ခက်ခဲနေဦးမှာပဲ”
အကြီးအကဲ ၄က အနည်းငယ် စိုးရိမ်ပူပန်နေပုံရလေသည်။
မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် ခန့်မှန်းရခက်သော အလင်းတစ်ချက်က လက်သွားပြီး သူက ဆက်ပြောလိုက်လေသည်။
“အဲဒါကြောင့်လည်း ငါက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီ သူနဲ့အတူ သူ့ရဲ့ မြွေနဂါးကိုပါ ဝင်ရောက်စေခဲ့တာပဲ.. အဲဒါက သူ့ကို မျက်နှာသာပေးတာအပြင်.. ငါက သူ့ကို နဂါးမျိုးနွယ်ရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ မကျေမနပ်ချက်တွေနဲ့ အမျက်ဒေါသတွေကိုလည်း ခံယူစေချင်တယ်”
“ဟဲဟဲ.. သူက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာတဲ့အခါ အဲဒီပြဿနာတွေကို သေချာပေါက် ရင်ဆိုင်ရတော့မှာပဲ.. အဲဒါက သူ့အတွက် စမ်းသပ်ချက်တစ်ခုဆိုလည်း ဟုတ်တယ်.. သူက နဂါးတစ်ကောင်လား မြွေတစ်ကောင်လားဆိုတာ ငါတို့ မကြာခင် သိရမှာပေါ့”
“အစ်ကိုကြီး.. ခင်ဗျားက တော်တော်ပါးနပ်တာပဲ”
အကြီးအကဲ ၃ ယောက်က သူတို့၏ မုတ်ဆိတ်ကိုသပ်၍ ချီးကျူးလိုက်ကြလေသည်။
“ဟင်း.. အဲဒီစမ်းသပ်ချက်က မလုံလောက်သေးဘူး”
မဟာအကြီးအကဲက ခဏမျှ တွေးတောပြီးနောက်.. သူ၏ မျက်လုံးထဲရှိ မှုန်ရီဝေဝါးမှုများက ပျောက်ကွယ်သွားခဲ့လေသည်။ ထိုမျက်လုံးနှစ်ဖက်က ဉာဏ်နီဉာဏ်နက်ဖြင့် တောက်ပလာပြီး ဆက်ပြောလိုက်လေသည်။
“ဟုတ်ပြီ.. လုံယန် မသေခင်က ဦးချိုမဲ့နဂါးမျိုးနွယ်က အဲဒီမိန်းကလေးနဲ့ စေ့စပ်ထားခဲ့တယ်မလား… ဒီကောင်လေးက လုံယန်ရဲ့ နေရာကို အစားထိုးဝင်လာတာဆိုတော့ သူက အဲဒီစေ့စပ်ပွဲကိုလည်း လက်ခံရမယ်”
“အစ်ကိုကြီး.. ဦးချိုမဲ့နဂါးမျိုးနွယ်က အဲဒီမိန်းကလေးက အရမ်းကို စိတ်ကြီးတာနော်.. သူက ဘယ်သူ့ကိုမှလည်း ဂရုစိုက်တာ မဟုတ်ဘူး.. အရင်တုန်းက သူက အဲဒီစေ့စပ်မင်္ဂလာပွဲကို သဘောမတူလို့ ကျုပ်တို့ဘက်ခြမ်းကိုတောင် လာသောင်းကျန်းသွားသေးတယ်.. လုံယန် သေသွားတာကြောင့်သာ.. မဟုတ်ရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတွေ သေချာပေါက် တက်လာခဲ့မှာ”
အကြီးအကဲ ၄ က ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်လေသည်။
“မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ နဂါးတစ်ကောင်က သူမရဲ့ ခင်ပွန်းလောင်း ဖြစ်လာတယ်လို့ သိသွားမယ်ဆိုရင်.. သူမက မီးပဒေသာ နဂါးမျိုးနွယ်ဘက်ကို သေချာပေါက် လာပြီး သောင်းကျန်းလိမ့်မယ်”
“အဲဒါမှ ပိုပြီး ပြီးပြည့်စုံသွားမှာပေါ့.. အဲဒီကောင်လေးက အဲဒါကို ကိုင်တွယ်ပါစေ”
မဟာအကြီးအကဲက ပြုံးစစဖြင့် ပြောလိုက်လေသည်။
“အစ်ကိုကြီး.. ခင်ဗျားက တော်တော်ရက်စက်တာပဲ”
အကြီးအကဲ ၃ယောက်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်သွားပြီး လက်မထောင်ပြလိုက်ကြလေသည်။