ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း
Vol. 71 Ch. 1060
သူတို့သည် လုံယန်၏ ဦးဆောင်မှုဖြင့် များစွာသော အဆောက်အဦများကို ဖြတ်ကျော်လာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် စွမ်းအားကြီးသော အော်ရာများနှင့် ကြမ်းကြုတ်ခက်ထန်သော အကြည့်များရှိနေသည့် များစွာသော နဂါးများနှင့် ကြုံတွေ့ခဲ့ရလေသည်။ ထိတွေ့ရိုက်ခတ်သံနှင့် တိုက်ပွဲသံများကို နေရာတိုင်းမှာ ကြားနေရလေသည်။
နဂါးမျိုးနွယ်၏ မျိုးဆက်သွေးသည် အစကတည်းက မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းလေသည်။ သူတို့သည် တစ်ကိုယ်လုံး ဒဏ်ရာများ ရရှိနေသည်ဆိုလျှင်တောင် သူတို့၏ ကိုယ်တွင်းအင်္ဂါများကို မထိခိုက်သရွေ့ တစ်ရက်နှစ်ရက် အနားယူရုံမျှနှင့် ပြန်ကောင်းလာနိုင်လေသည်။
ဤကဲ့သို့ ထပ်တလဲလဲ တိုက်ခိုက်ခြင်းများဖြင့် နဂါးတစ်ကောင်ချင်းစီသည် သံမဏိသွေး သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်လာပြီး သူတို့၏ အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်များကို အဆက်မပြတ် မီးဆေးပေးနေလေသည်။
ဆူဇီမိုသည် တိတ်တဆိတ် ပြောစရာစကားမဲ့သွားရလေသည်။
ဤကဲ့သို့သော ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် သန်မာဖို့က မခက်ခဲပေ။
မီးပဒေသာ နဂါးမျိုးနွယ်မှ နဂါးများစွာသည် လုံယန်ကို မြင်သောအခါ ပုံမှန်အမူအရာပင် ရှိကြလေသည်။ သို့သော်လည်း သူတို့၏ အကြည့်သည် ဆူဇီမိုကို မြင်ရချိန်တွင် ရန်လိုမှုဖြင့် ပြည့်နှက်လာပြီး ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပလာကြလေသည်။
နဂါးမျိုးနွယ်တွင် ခြေချချင်သော မည်သူမဆို.. သူတို့သည် မဟာအကြီးအကဲ၏ မျိုးဆက်သွေးကို ခံယူထားသည်ဆိုလျှင်တောင်.. အဲဒါကို ရရှိဖို့အတွက် တိုက်ခိုက်ရပေလိမ့်မည်။
အတိအကျပြောရလျှင်.. အဲဒါက အတော်လေး မျှတမှုရှိသည့် ပတ်ဝန်းကျင်ဖြစ်လေသည်။
ထိုကဲ့သို့ မျှတ၍ ကြမ်းတမ်းသော ပတ်ဝန်းကျင်ကသာလျှင် အစစ်အမှန် ပညာရှင်တစ်ယောက်ကို လေ့ကျင့်ပေးနိုင်ပေလိမ့်မည်။
“လုံမို.. မင်းက မဟာအကြီးအကဲရဲ့ ထောက်ခံမှုကို ရရှိထားတယ်ဆိုပေမဲ့လို့.. မင်းရဲ့ အခြေအနေက သိပ်တော့မကောင်းသေးဘူး”
ခဏမျှ တုံ့ဆိုင်းပြီးနောက်.. လုံယန်က ကြင်နာစွာ သတိပေးလိုက်လေသည်။
“မင်းရဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားရင် မင်းက ဟိုဟိုဒီဒီ လျှောက်မသွားနဲ့ဦး.. အရင်ဆုံး အာရုံစိုက်မခံရအောင် တံခါးပိတ်ကျင့်ကြံနေလိုက်”
လုံယန်သည် မဟာအကြီးအကဲ၏ ရည်ရွယ်ချက်ကို မခန့်မှန်းမိနိုင်သော်လည်း ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ထွက်လာသည်နှင့် မရေမတွက်နိုင်သော ပြဿနာများစွာက သူ့ကို သေချာပေါက် ကြိုဆိုနေမည်ဖြစ်ကြောင်း သူပြောနိုင်လေသည်။
သူ၏ ထင်မြင်ချက်အရ.. ဤလူငယ်သည် ထိုပြဿနာများကို လုံးဝ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
“ဟုတ်ကဲ့.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးယန်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
သိပ်မကြာမီ.. လုံယန်သည် ဆူဇီမိုကို မီးပဒေသာ နဂါးမျိုးနွယ်ဒေသကနေ ခေါ်ထုတ်လာခဲ့ပြီး နဂါးမျိုးနွယ် ၆ခု၏ အလယ်ရှိ အများဆိုင်ဧရိယာသို့ ဝင်ရောက်လာခဲ့ကြလေသည်။
အဲဒါသည် နဂါးရိုးတောင်ကြားဟု ကျော်ကြားသော်လည်း တကယ်တမ်းမှာတော့ နဂါးမျိုးနွယ် ပိုင်ဆိုင်သော ပိုင်နက်ဧရိယာသည် ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးများ၏ ပိုင်နက်ထက် ပို၍ ကြီးမားကျယ်ဝန်းလေသည်။
အလယ်တွင်ရှိသော အများဆိုင်ဧရိယာက ပိုလို့တောင် စည်ကားသိုက်မြိုက်လေသည်။ အဲဒီမှာ ရှေးကျသော အော်ရာများနှင့် အဆောက်အဦများစွာကို တွေ့မြင်နိုင်လေသည်။
မီးပဒေသာ နဂါးမျိုးနွယ်၏ ပိုင်နက်နယ်မြေတွင် များသောအားဖြင့် မီးပဒေသာ နဂါးများကိုသာ မြင်တွေ့ရလေသည်။
အများဆိုင်ဧရိယာမှာတော့ မတူညီသော နဂါးမျိုးနွယ် အမျိုးမျိုးကို နေရာတိုင်းမှာ မြင်တွေ့နိုင်လေသည်။ ဦးချိုနဂါးမျိုးနွယ်က ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ကြလေသည်။ ဦးချိုမဲ့နဂါးမျိုးနွယ်က ငွေရောင်ဝတ်စုံကို ဝတ်ဆင်ပြီး အပြာရောင်နဂါးမျိုးနွယ်က အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ကြလေသည်။
သိပ်မကြာမီ.. လုံယန်သည် ဆူဇီမိုကို လှိုဏ်ဂူတစ်ခု၏ ဝင်ပေါက်ဆီသို့ ခေါ်ဆောင်သွားလေသည်။
လှိုဏ်ဂူ၏ တစ်ဖက်တစ်ချက်စီတွင် နဂါးနှစ်ကောင်က စောင့်ကြပ်နေကြလေသည်။
ထိုနဂါးနှစ်ကောင်၏ အော်ရာသည် လုံယန်နှင့် မတိမ်းမယိမ်းမှာ ရှိလေသည်။ သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်များ ဖြစ်ကြလေသည်။
ပေါင်းစည်းခန္ဓာအဆင့်မှာရှိသော နဂါးတစ်ကောင်သည် ဖန်သားနန်းတော်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကိုပင် တိုက်ခိုက်နိုင်ကောင်းလေသည်။
နဂါးမျိုးနွယ်၏ ဖွံ့ဖြိုးကြီးထွားမှုအဆင့်ကို ကလေးဘဝ၊ လူငယ်၊ အရွယ်ရောက်ပြီးသားနှင့် အထွတ်အထိပ်အဆင့်ဟူ၍ ခွဲခြားနိုင်လေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကလေးဘဝ နဂါးတစ်ကောင်၏ ခွန်အားသည် ကျင့်ကြံရေးလောကရှိ ချီစုဖွဲ့ခြင်းမှ နိုးထဝိညာဉ်အဆင့်ထိ ခွန်အားများနှင့် ဆင်တူလေသည်။
လူငယ်နဂါးတစ်ကောင်သည် နိုးထဝိညာဉ်အဆင့်မှ ဓမ္မဝိသေသအဆင့်ထိ ခွန်အားများ ရှိကြလေသည်။
အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်သည် ပေါင်းစည်းခန္ဓာအဆင့် ခွန်အားနှင့် ညီမျှလေသည်။
အထွတ်အထိပ် နဂါးတစ်ကောင်သည် မဟာယာနအဆင့် ခွန်အားနှင့် ညီမျှလေသည်။
ဤနေရာကို အရွယ်ရောက်ပြီးသား နဂါးနှစ်ကောင် စောင့်ကြပ်နေသည့်အတွက် ဤလှိုဏ်ဂူက ဘယ်လောက်တောင် အရေးပါသလဲ သိသာလေသည်။
လုံယန်သည် မီးတောက်နီရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ၎င်းအပေါ်တွင် မီးပဒေသာ နဂါးတစ်ကောင်ပုံကို ရေးဆွဲထားလေသည်။
အဲဒါက ခြစ်ခြစ်တောက် အပူအော်ရာကို ထုတ်ပေးနေပြီး သူက ၎င်းကို အရွယ်ရောက်ပြီးသား နဂါးနှစ်ကောင်ဆီသို့ ကမ်းပေးလိုက်လေသည်။
တံဆိပ်ပြားတွင် မဟာအကြီးအကဲ ချန်ထားရစ်ခဲ့သော သတင်းအချက်အလက်အချို့ ပါရှိလေသည်။
အရွယ်ရောက်ပြီးသား နဂါးနှစ်ကောင်သည် အဲဒါကို လက်ခံယူပြီးနောက်.. စစ်ဆေးကြည့်လိုက်လေသည်။ သူတို့က ဆူဇီမိုကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
“ဝင်လို့ရပါပြီ”
တံခါးပွင့်သွားသည့် အချိန်မှာပင် လေပြေတစ်ချက်က တိုက်ခတ်လာပြီး ပေါကြွယ်ဝသော အသက်ဓာတ်အားက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ပေါ်ရှိ နာကျင်မှုက အနည်းငယ် လျော့ကျသွားလေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် လှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်လေသည်။
အဲဒီမှာ စင်္ကြံလမ်းရှည်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။
စင်္ကြံလမ်း၏ အဆုံး၌ ရွှေရောင်အလင်းတန်းများက တောက်ပနေလေသည်။
ဆူဇီမိုက အနက်ပိုင်းထဲသို့ ဝင်ရောက်လာလေလေ.. စင်္ကြံလမ်း၏ အဆုံးဘက်မှ ပေါကြွယ်ဝသော အသက်ဓာတ်အားများကို ပို၍ ခံစားမိလာလေလေ ဖြစ်လေသည်။
သိပ်မကြာမီ.. သူ့ရှေ့ရှိ မြင်ကွင်းက ကျယ်ပြန့်သွားလေသည်။ ဆူဇီမိုသည် တုန်လှုပ်သွားပြီး သူ၏မျက်လုံးနှစ်ဖက်က အကန့်အသတ်မဲ့သော အံ့အားသင့် တက်ကြွမှုဖြင့် ပြည့်နှက်လာခဲ့လေသည်။
သူ့ရှေ့ရှိ မြင်ကွင်းသည် လှိုဏ်ဂူတစ်ခုနှင့် လုံးဝ မတူတော့ပေ။ အဲဒါက ကိုယ်ပိုင်လောကတစ်ခု ဖြစ်လေသည်။
ဤနေရာတွင် သစ်ပင် ဝါးပင်များက ပေါများ၍ စိမ်းစိုလန်းဆန်းနေလေသည်။
ရှေးဟောင်းသစ်ပင်အချို့၏ အလယ်တွင် အင်မော်တယ်ချီများ လွှမ်းခြုံနေသော ရေကန်တစ်ကန် ရှိလေသည်။ ရေကန်ထဲရှိ စိမ့်စမ်းရေသည် ရွှေရောင်ဖြစ်ပြီး တဖျပ်ဖျပ် တလက်လက် တောက်ပနေလေသည်။
ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း..
အဲဒါက အသွေးအသားများကို ပြန်လည်ပေါက်ဖွားစေနိုင်ပြီး သေသောသူကိုပင် ပြန်ရှင်စေနိုင်လေသည်။
ဤနေရာက သန့်စင်၍ အပြစ်ကင်းစင်သော အသက်ဓာတ်အော်ရာဖြင့် ပြည့်နှက်နေလေသည်။
ဆူဇီမို ဝင်ရောက်လာသည့် ခဏမှာပင်.. အစက အသက်မဲ့နေသော သူ့ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ် တစ်စွန်းတစ်စက ဝင်ရောက်လာခဲ့လေသည်။
အစကတော့ သူက အနည်းငယ် မသက်မသာ ခံစားရလေသည်။
ဘာပဲပြောပြော.. သူ၏ခန္ဓာကိုယ်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းအားဖြင့် ဖျက်ဆီးခြင်းခံထားရပြီး သူ၏ အသက်ဓာတ်အားက ပြတ်တောက်နေခဲ့လေသည်။ သူ၏အရိုးများက ကြေမွနေပြီး သူ၏ ကိုယ်လက်အင်္ဂါများက ကြေမွပေါက်ထွက်နေလေသည်။
မွေးနီတစ္ဆေနှင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ကူကယ်ရာမဲ့ခဲ့ရလေသည်။
သို့သော်လည်း ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို မြင်လိုက်သည့် ခဏမှာပင် သူ၏ခန္ဓာကိုယ်က မူလအခြေအနေကို သေချာပေါက် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိလိုက်လေသည်။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ တစ်ကိုယ်တော်တိမ်စိုင်ကို အလောတကြီး ထုတ်ယူလိုက်လေသည်။
တကယ်တော့ တစ်ကိုယ်တော်တိမ်စိုင်က သတိလစ်နေဆဲ ဖြစ်လေသည်။
သူက ဤနေရာသို့ ရောက်ရှိလာသည့် ခဏမှာပင် တစ်ကိုယ်တော်တိမ်စိုင်သည် သတိလစ်နေလျက်နှင့်ပင် ကယောင်ကတမ်း ညည်းတွားလိုက်လေသည်။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်နှင့် တစ်ကိုယ်တော်တိမ်စိုင်ကို ယူကာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲသို့ ခုန်ချလိုက်လေသည်။
ခန္ဓာကိုယ်နှစ်ခုသည် ရွှေရောင်စိမ့်စမ်းရေထဲမှာ နစ်မြုပ်သွားပြီး အကန့်အသတ်မဲ့သော အသက်ဓာတ်အားများက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ကြွယ်ဝသော အသက်ဓာတ် အဆီအနှစ်နှင့်အတူ သူတို့၏ ခန္ဓာကိုယ်များကို အားဖြည့်ပြုပြင်ပေးလာလေသည်။
ဆူဇီမိုနှင့် နှိုင်းစာလျှင် တစ်ကိုယ်တော်တိမ်စိုင်၏ ဒဏ်ရာများက ပို၍ ပေါ့လေသည်။
ရွှေရောင်ဂမ္ဘီရစိမ့်စမ်းရေသည် တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ဘတ်ဒဏ်ရာထဲသို့ တိုးဝင်သွားသည်ကို ဆူဇီမိုက ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
တစ်ကိုယ်တော်တိမ်စိုင်၏ နှလုံးက သီယင်း၏ လက်ဝါးချက်ကြောင့် ကြေမွပျက်စီးသွားခဲ့လေသည်။
သို့သော် ယခုအခါမှာတော့ တစ်ကိုယ်တော်တိမ်စိုင်၏ နှလုံးသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုအောက်တွင် သိသာမြင်သာသော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေလေသည်။
အတိအကျပြောရလျှင် အဲဒါက ပြန်လည်တည်ဆောက်နေခြင်း ဖြစ်လေသည်။
ပြန်လည်တည်ဆောက်လာသော နှလုံးသည် တစ်ကိုယ်တော်တိမ်စိုင်၏ မူလနှလုံးထက်ပင် ပို၍ သန်မာလာနိုင်လေသည်။
သူ၏ရင်ဘတ်တွင် ကျိုးကြေနေသော အရိုးများသည် နည်းနည်းချင်းစီ ပြန်ဆက်လာခဲ့လေသည်။ ရွှေရောင်အလင်းစက်များက သူ၏ဒဏ်ရာထဲသို့ တိုးဝင်သွားပြီး သူ၏အသားများနှင့် ပေါင်းစည်းသွားခဲ့လေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက အဆက်မပြတ် သက်သာပျောက်ကင်းလာနေလေသည်။
ဆူဇီမိုက သက်သောင့်သက်သာရှိစွာဖြင့် ညည်းတွားလိုက်လေသည်။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်.. သူသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ရုတ်တရက် နားလည်လိုက်လေသည်။
ဆူဇီမိုက ကျေနပ်နှစ်ခြိုက်သွားခဲ့လေသည်။
တကယ်တော့ သူ၏ ခြေလက်များသည် ယခုအချိန်ထိ သက်သာပျောက်ကင်းခြင်း မရှိသေးဘဲ သူ၏ အင်္ဂါအစိတ်အပိုင်းများပေါ်ရှိ ဒဏ်ရာများကလည်း သက်သာမလာသေးပေ။
အဲဒါကို အပြည့်အဝ ပြန်လည်သက်သာဖို့ဆိုလျှင် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
ယခုအချိန်မှာတော့ သူက ရိုးရှင်းသော လှုပ်ရှားမှုများကိုသာ ပြုလုပ်နိုင်သေးလေသည်။
ဆူဇီမိုက သူ၏ခေါင်းကို ငုံ့၍ ရွှေရောင်ဂမ္ဘီရစိမ့်စမ်းရေများကို အငမ်းမရ မျိုချလိုက်လေသည်။ အသက်ဓာတ် အဆီအနှစ်များက သူ၏လည်ချောင်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများကလည်း နည်းနည်းချင်းစီ သက်သာပျောက်ကင်းလာနေလေသည်။
ဆူဇီမိုသည် နွေးထွေးအိစက်သော ခုတင်ပေါ်တွင် လှဲလျောင်းနေရသည့်အလား ခံစားရပြီး သူ့ခန္ဓာကိုယ်ထဲရှိ အအေးဓာတ်ကလည်း တဖြည်းဖြည်း ပျက်ပြယ်လာခဲ့လေသည်။ သူသည် ဤကဲ့သို့ သက်သောင့်သက်သာ ရှိမှုမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။
သန်မာသော ပင်ပန်းနွမ်းလျသည့် ခံစားချက်က သူ၏ရင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
သူသည် သားရဲတစ်ထောင် တောင်ကြားကနေ ထွက်လာပြီးနောက်.. ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှ စကာ တာအိုအမွေအနှစ်ကုန်းမြေအထိ ဆက်တိုက် တိုက်ခိုက်ခဲ့ရလေသည်။ သူသည် နောက်ဆုံးမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကောင်းကောင်း အနားမယူခဲ့ရပေ။
ယခုအချိန်တွင် သူက ရုတ်တရက် ကောင်းကောင်းမွန်မွန် အနားယူချင်လာမိလေသည်။
အနည်းဆုံးတော့.. ဤနေရာသည် နဂါးအရိုးတောင်ကြားဖြစ်ပြီး သူ့ကို အန္တရာယ်ပေးမည့်သူများ မရှိနိုင်ပေ။
သူသည် သူ၏စွမ်းအားများကို အတတ်နိုင်ဆုံး အမြန်ပြန်ဖြည့်ပြီး နဂါးမျိုးနွယ်အတွင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် ပြင်ဆင်ချင်လေသည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းအတွင်းမှာ လှဲလျောင်း၍ အိပ်မောကျသွားခဲ့လေသည်။