ပြန်လည်ဆုံစည်းဖို့အတွက် မျှော်မှန်းတမ်းတခြင်း
Vol. 71 Ch. 1061
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင်...
ခန်းမထဲမှာ မတ်တတ်ရပ်နေရင်း ဆူဇီမိုသည် နံရံပေါ်ရှိ စာကြောင်းနှစ်ကြောင်းကို ငေးငိုင်ကြည့်နေလေသည်။
“ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့အတွက် အရင်ဆုံး အောက်ခြေခိုင်အောင်လုပ်ပါ.... ဆင်းရဲဒုက္ခတွေကိုလည်း လက်ခံနိုင်စွမ်းရှိပါစေ... တခြားသူတွေကိုလည်း ကူညီစောင်မပါ”
“မြူခိုးများရှင်းသွားသည်နှင့် ဖြာကျလာသောရောင်ခြည်ဖြင့် တစ်လောကလုံးကို ထိန်လင်းစေမည်...”
တျဲယွဲ့ထွက်မသွားခင်က သူသည် အင်မော်တယ်နှင့်သားရဲလမ်းစဥ် နှစ်ခုစလုံးကို လျှောက်လှမ်းမည်ဆိုလျှင် ဆင်းရဲဒုက္ခများစွာနှင့် ကြုံတွေရမည်ဖြစ်ကြောင်း သူမက သူ့ကိုပြောခဲ့ဖူးလေသည်။ သို့သော်လည်း ဤဆင်းရဲဒုက္ခများက နောက်ဆုံးမှာ သူ့ကိုပိုမိုသန်မာလာစေခဲ့လေသည်။
ဆူဇီမိုသည် တစ်နေ့မှာ မဟာကပ်ဘေးတစ်ခုနှင့်ကြုံတွေ့ပြီး နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ရောက်ရှိလာလိမ့်မည်ဟု သူမက ဗေဒင်တွက်ချက်၍ ကြိုတင်သိရှိခဲ့သည့်အတွက် ဤနေရာမှာ ဤစာသားကိုချန်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုသည် နှစ်တစ်ရာကြာပြီးနောက် ပိုမိုကြီးမားသည့် ကပ်ဘေးတစ်ခုနှင့် ထပ်မံရင်ဆိုင်ရပြီး ပျက်စီးလုနီးပါး ခန္ဓာကိုယ်ဖြင့် ဤနေရာသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူမပင်လျှင် ထင်မှတ်မထားခဲ့ပေ။
ဆူဇီမိုက အဲ့ဒါကို ဘယ်တော့မှ နောင်တရလိမ့်မည်မဟုတ်ပေ။
သူက သူ၏ ကိုယ်ပိုင်တာအိုတစ်ခုကို တည်ထောင်ချင်နေလေသည်။
အဲ့ဒါက လောကရှိ သာမန်မော်တယ်များအတွက်သာမဟုတ်ဘဲ သူ့ကိုယ်တိုင်အတွက်လည်း ဖြစ်ပေသည်။
သူသည် တျဲယွဲ့နှင့် ပြန်လည်ဆုံစည်းဖို့အတွက် မျှော်မှန်းတမ်းတနေလေသည်။
အဲ့ဒါထက် သူသည် သူမရှေ့သို့ တစ်ဖန်ပြန်လည်ရောက်ရှိသည့်အခါ သူမ မျှော်မှန်းထားသည်ထက် များစွာပို၍ကျော်လွန်နေသော တစ်စုံတစ်ယောက်ဖြစ်ချင်မိလေသည်။
“အဲ့လိုဆိုရင် သေချာပေါက်စိတ်ဝင်စားဖို့ ကောင်းလာမှာပဲ...”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်လေသည်။
သူ၏ရင်ထဲတွင် သူက တျဲယွဲ့ထံမှ ချီးကျူးမှုကို လိုချင်ရုံသာမက သူမ၏ မျက်လုံးထဲတွင် မကြုံစဖူး အံမခန်းဝမ်းသာပျော်ရွှင်မှုနှင့် အံ့အားသင့်မှုတို့ကိုပါ သူက မြင်တွေ့ချင်မိလေသည်။
ခဏနေပြီးနောက် ဆူဇီမိုက သက်ပြင်းတစ်ချက်ချ၍ သူ့မျက်နှာပေါ်ရှိအပြုံးက မှိန်ဖျော့သွားခဲ့လေသည်။
သူက တျဲယွဲ့ကိုမြင်ရဖို့အတွက် ဘယ်လောက်ကြာကြာထပ်စောင့်ရဦးမလဲ မပြောတတ်ပေ။
အစကတော့ သူ၏ကျင့်ကြံမှုအဆင့်က တိုးလာသည်နှင့်အမျှ တျဲယွဲ့နှင့်တဖြည်းဖြည်း သေချာပေါက်နီးကပ်လာလိမ့်မည်ဟု ဆူဇီမိုက တွေးထင်ခဲ့လေသည်။
သို့သော်လည်း သူ၏ကျင့်ကြံမှုက နက်ရှိုင်းလာသည်နှင့် တျဲယွဲ့သည် သူလက်လှမ်းမီနိုင်သည့်အဆင့်ထက် များစွာကျော်လွန်နေကြောင်း နားလည်လာခဲ့လေသည်။
အဲ့ဒါက ဘယ်လောက်ကွာဝေးသလဲ မသိရပေ.....
သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာသော်လည်း တျဲယွဲ့၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ သူမက မဟာယာနအဆင့်မှာလား...
ကပ်ဘေးဖြတ်ကျော်အဆင့်မှာလား....
ဆူဇီမိုသည် ညင်သာစွာခေါင်းခါ၍ ထိုခန့်မှန်းချက်နှစ်ခုစလုံးကို ပယ်ချလိုက်လေသည်။
သူမက သူ၏လက်ရှိအသိပညာထက် ကျော်လွန်နေသောအဆင့်မှာ ရှိနေနိုင်လေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်လေသည်။ မည်သို့ပင်ဆိုစေ သူသည် သူ၏လမ်းကို ဆက်လျှောက်ရပေလိမ့်မည်။
သူသည် သူ၏ နဂါးမျိုးနွယ်အစစ်အမှန်ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အခြေအနေကို ရှင်းလင်းစွာ မသိရတော့ပေ။
သူ၏ နဂါးမျိုးနွယ်အစစ်အမှန်ခန္ဓာကိုယ်သည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်သွားပြီးကတည်းက သူက အဲ့ဒါကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။
အဲ့ဒါက ကောင်းသောအချက်လည်း ဖြစ်လေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ် နှစ်ခုသည် တစ်ဦးပေါ်တစ်ဦး နှောင့်ယှက်ခြင်းမရှိဘဲ သီးခြားခွဲ၍ ကျင့်ကြံနိုင်ပေလိမ့်မည်။
မဟုတ်ပါက သူတို့သည် တစ်ယောက်ဖြစ်ပျက်သမျှ တစ်ယောက်သိရှိနေမည်ဆိုလျှင် သူတို့၏ကျင့်ကြံမှုအပေါ် သက်ရောက်လာစေနိုင်လေသည်။
အမြုတေစိတ်ဝိညာဥ် နှစ်ခုစလုံးသည် ဆူဇီမိုပင်ဖြစ်ပြီး တူညီသော ရင်းမြစ်ကနေ ဆင်းသက်လာခြင်းဖြစ်လေသည်။
ဆူဇီမိုသည် သူအလိုရှိသည်နှင့်အမျှ သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဥ်နှင့် ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်ဆဲဖြစ်သည်ဟု လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခုကို ရနေလေသည်။
သို့သော်လည်း ယခုမှစ၍ သူသည် မဖြစ်မနေ မလိုအပ်သရွေ့ သူ၏ နဂါးမျိုးနွယ်အစစ်အမှန်ခန္ဓာကိုယ်ကို ဆက်သွယ်လိမ့်မည် မဟုတ်ပေ။
သူ၏ နဂါးမျိုးနွယ်အစစ်အမှန်ခန္ဓာကိုယ်က နဂါးအရိုးတောင်ကြားမှာ ဘာတွေဖြစ်နေသလဲ သူမသိသော်လည်း အဲ့ဒါက ပြဿနာကြီးကြီးမားမားတစ်စုံတစ်ရာမရှိနိုင်ကြောင်း ဆူဇီမိုက ခန့်မှန်းမိလေသည်။
သူသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသို့ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်နှင့်မျိုးဆက်သွေးကို တည်ဆောက်နိုင်သည်နှင့်အမျှ သူသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့်အတူ နဂါးမျိုးနွယ်မှာ နေရာတစ်ခုသေချာပေါက် ရရှိလာပေလိမ့်မည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်လေသည်။
ဆူဇီမိုသည် အသွန်းတစ်ရာဂိုဏ်းမှာတုန်းက သူ့ဆရာ အဆုံးစွန်မီး ပြောခဲ့သောစကားများနှင့် ပေးခဲ့သော သိုလှောင်အိတ်ကိုပြန်လည်အမှတ်ရလာပြီး ခါးသက်စွာနှင့် ပြုံးလိုက်မိလေသည်။
ဆရာအဆုံးစွန်မီး၏ စကားများက မှန်လေသည်။ သူက ထိုသိုလှောင်အိတ်ကို တကယ်ပဲ လိုအပ်လာခဲ့လေပြီ။
အစကတော့ ဆရာအဆုံးစွန်မီးသည် စိုးရိမ်စိတ်လွန်ကဲနေသည်ဟု ဆူဇီမိုက တွေးထင်ခဲ့လေသည်။
ဆူဇီမိုသည် သူ့အား ဆရာအဆုံးစွန်မီးပေးခဲ့သော သိုလှောင်အိတ်ကို ထုတ်ယူပြီး ထိုသူ၏ အရိုးများနှင့်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ပုံကို ဂရုတစိုက်ပြန်လည်ပုံဖော်ကြည့်လိုက်လေသည်။ သူသည် အသေးစိတ်အချက်အလက် တစ်ခုချင်းနှင့် ပတ်သက်၍ သံသယမရှိတော့တာ သေချာမှ လှုပ်ရှားမှုကို စတင်ရပေလိမ့်မည်။
အဲ့ဒီမှာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်မတည်ဆောက်ခင် မဖြစ်မနေလိုအပ်သော အရာတစ်ခုရှိလေသည်။
သူသည် သိုလှောင်အိတ်ထဲရှိ ထိပ်တန်းအဆင့် ပစ္စည်းများကို အရည်ဖျော်ဖို့အတွက် လုံလောက်သည့် မီးအပူကို လိုအပ်လေသည်။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူက အဲ့ဒါကို မထုတ်ဖော်နိုင်ပေ။
အသွန်းတစ်ရာဂိုဏ်းမှာတုန်းက တာအိုအရှင်အဆုံးစွန်မီးသည် ခန်းမထဲမှာရှိသော မြေကမ္ဘာအမြုတေမီးတောက်ကို သုံး၍ အဲ့ဒါကို လုပ်ဆောင်ခဲ့လေသည်။
သူက အကူအညီရှာဖွေရပေလိမ့်မည်။
ကိုယ်တော်ယွမ်ပေသည် ဘဝသက်တမ်းများစွာမကျန်ရှိတော့သည့်အတွက် သူ့ကို အနှောင့်အယှက်ပေးဖို့ မသင့်လျော်ပေ။
သူ့ကို ကူညီနိုင်သည့် တစ်ဦးတည်းသောသူမှာ မွေးနီတစ္ဆေဖြစ်လေသည်။ ထိုသို့အတွေးဖြင့် ဆူဇီမိုသည် သူ၏သိုလှောင်အိတ်ကို သယ်ဆောင်ပြီး သုသာန်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့လေသည်။
“ကောင်လေး... မင်းက ငါ့ကိုစကားလာပြောပြီပေါ့လေ”
သူအနားသို့မရောက်ခင်မှာပင် မွေးနီတစ္ဆေ၏အသံက ထွက်ပေါ်လာခဲ့လေသည်။
“ကောင်လေး... မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံရိုက်ချက်တွေအများကြီးကို တွေ့ကြုံခံစားခဲ့ရတာပဲ... မင်းက စိတ်ပျက်အားငယ်ပြီးတော့ အဲ့ဒါတွေကို လက်ခံဖို့ခက်ခဲနေမှာပဲ'
“မင်းကို ငါပြောပါရစေ... မင်းက ငါနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ရောက်လာတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ... ငါက ဒီနှစ်တွေထဲမှာ ဒီနေရာမှာပဲ ထိုင်နေခဲ့ရတာ... ငါက တခြားသူတွေကို လမ်းညွှန်မှုပေးတဲ့နေရာမှာ အတော်ဆုံးပဲ...”
မွေးနီတစ္ဆေကတစ်ဖန်စတင်၍ ဟောင်ဖွာဟောင်ဖွာ ပြောဆိုလာခဲ့လေသည်။
သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ်ပေါင်းတစ်သောင်းကြာအောင်ရှိနေခဲ့ပြီး နှစ်ပေါင်းကိုးထောင်ကျော်ကြာသည့်အထိ သူနှင့် ကိုယ်တော်ယွမ်ပေသာလျှင် ဤနေရာမှာ ရှိနေခဲ့ကြလေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ကိုယ်တော်ယွမ်ပေသည် တစ်ချိန်လုံး ဝဇီပိတ်တရားကျင့်ကြံနေခဲ့ခြင်းဖြစ်လေသည်။
တစ်နည်းအားဖြင့်ပြောရလျှင် မွေးနီတစ္ဆေမှာ စကားပြောဖော်ပြောဖက် တစ်ယောက်မှရှိမနေခဲ့ပေ။
သူသည် ဤပုံစံဖြင့် နှစ်ပေါင်းကိုးထောင်ကျော်ကြာအောင် ရှင်သန်လာခဲ့ရလေသည်။
သူက လက်ရှိအခြေအနေသို့ ရောက်ရှိနေသည်မှာ နားလည်လက်ခံ၍ ရလေသည်။
ကံမကောင်းစွာနှင့်ပင် တျဲယွဲ့သည် နောက်ပိုင်းမှာ ဤနေရာသို့ ရောက်ရှိလာပြီး အသောကပန်းကိုလုယူကာ ကိုယ်တော်ယွမ်ပေ၏ ဝဇီပိတ်တရားကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့လေသည်။
မဟုတ်ပါက မွေးနီတစ္ဆေသည် ရူးသွပ်ကောင်းရူးသွပ်သွားနိုင်လေသည်။
“မွေးနီတစ္ဆေ... ကျုပ်ခင်ဗျားကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိတယ်”
ဆူဇီမိုက လိုရင်းကိုတန်းပြောလိုက်လေသည်။
“ကျုပ်က... ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ချင်တယ်... ရတနာတစ်ချို့ကို အရည်ဖျော်ဖို့အတွက် ကျုပ်ကို မီးတောက်တစ်ခုလောက်စုဖွဲ့ပေးလို့ရမလား”
“မင်းရဲ့ခန္ဓာကိုယ်ကို ဘာလို့တည်ဆောက်နေဦးမှာလဲ...”
မွေးနီတစ္ဆေက နှုတ်ခမ်းဆူလိုက်လေသည်။
“ငါမင်းကိုပြောလိုက်မယ်....မင်းရဲ့ဒီအမြုတေစိတ်ဝိညာဥ်ကို သာမန်ကာလျှံကာ ကျင့်ကြံဖို့အတွက် ကိုယ်ပွားတစ်ခုအနေနဲ့ပဲ သုံးလို့ရမယ်.... ဘာပဲဖြစ်ဖြစ် မင်းမှာ နဂါးမျိုးနွယ်ရဲ့ အစစ်အမှန်ခန္ဓာရှိနေပြီပဲ...”
မွေးနီတစ္ဆေက ဆူဇီမိုကို နဂါးတစ်ကောင်အဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားစေချင်လေသည်။ သို့သော်လည်း သူက ဆူဇီမို၏အောက်စည်းကိုတော့ မကျော်ရဲပေ။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
“အဲ့ဒီအကြောင်းကို ထပ်ပြောစရာမလိုပါဘူး... သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဥ်က နဂါးမျိုးနွယ်မှာရှိပြီဖြစ်တဲ့အတွက် အဲ့ဒါက နဂါးမျိုးနွယ်ရဲ့ အပိုင်ဖြစ်လာမှာပဲ... ဒါပေမယ့်လို့ ဒီအမြုတေစိတ်ဝိညာဥ်နဲ့ပတ်သက်ပြီး ကျုပ်အစီအစဥ်နဲ့ကျုပ်ရှိပါတယ်...”
“မင်းအစီအစဥ်နဲ့မင်းရှိတယ်ဆိုလည်း...ဘာလို့ငါ့ကို လာရှာနေသေးတာလဲ...”
မွေးနီတစ္ဆေက မျက်ခုံးပင့်လိုက်လေသည်။
“ခင်ဗျားက ကူညီမှာလား မကူညီဘူးလား...”
ဆူဇီမိုက မေးလိုက်လေသည်။
“ဝါး... မင်းကငါ့ကို ခြိမ်းခြောက်နေတာပဲ”
မွေးနီတစ္ဆေက လှောင်ရယ်လိုက်လေသည်။
“ငါက မကူညီဘူးဆိုရင်ရော ဘာဖြစ်လဲ...”
“အဲ့ဒါဆိုရင်.... ကျုပ်ခင်ဗျားနဲ့စကားမပြောတော့ဘူး...”
ဆူဇီမိုက တည်တံ့စွာဖြင့်ပြောလိုက်လေသည်။
အဲ့ဒါသည် ကလေးများကြား ပြောဆိုတတ်သော ကလေးဆန်ဆန်စကားဖြစ်လေသည်။ သို့သော်လည်း အဲ့ဒါက မွေးနီတစ္ဆေကို အရှိုက်ထိသွားစေလေသည်။
“အဲ့လိုတော့ မလုပ်နဲ့....”
မွေးနီတစ္ဆေက အလောတကြီးပြန်ပြောလိုက်လေသည်။
“လူညစ်လေး... မင်းက ငါ့ကိုဘယ်လိုအကျပ်ကိုင်ရမလဲပဲ စဥ်းစားနေတာပဲ... အဲ့ဒါက မီးတောက်လေးစုဖွဲ့ရုံပဲမလား... ငါမင်းကိုကူညီမယ်ကွာ ဟုတ်ပြီလား”
ထိုသို့ပြောရင်း မွေးနီတစ္ဆေက သူ၏လက်ချောင်းကို လှုပ်ရှားရင်း သူ၏ လက်ချောင်းထိပ်ဖျားတွင် နီရဲနေသော မီးတောက်ငယ်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ အဲ့ဒါက အချိန်မရွေးငြိမ်းသေသွားတော့မည့်အလား တဖျပ်ဖျပ်ဖြစ်နေလေသည်။
ဆူဇီမိုသည် သိပ်ပြီးမယုံရဲသော်လည်း သူက ချော်ခဲသလင်းကျောက်ကို ထုတ်ယူလိုက်လေသည်။
သူသည် ချော်ခဲသလင်းကျောက်ကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်၍ အဲ့ဒါကို မီးတောက်ငယ်အပေါ်မှာ တင်လိုက်လေသည်။
ဗျစ်....
မီးခိုးများက အူထွက်လာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် ထိပ်တန်းအဆင့် ခန္ဓာမီးဆေးပစ္စည်းသည် မီးတောက်ငယ်လေးကြောင့် ပြာအဖြစ်လောင်ကျွမ်းသွားခဲ့လေသည်။
ဆူဇီမိုသည် ပြောစရာစကားမဲ့သွားရလေသည်။
မွေးနီတစ္ဆေက အဲ့ဒါကို မသိကျိုးကျွံပြုပြီး ဆူဇီမိုကို အူမြူးအားရစွာဖြင့် ကြွားလုံးထုတ်လိုက်လေသည်။
“ဘယ်လိုလဲ... ဒီမီးတောက်ရဲ့စွမ်းအားက မဆိုးဘူးမလား”
ဆူဇီမိုသည် ဆဲဆိုချင်စိတ်ကို ဖိနှိပ်ပြီး အံကိုတင်းတင်းကြိတ်ကာ စိုက်ကြည့်လိုက်လေသည်။
“ခင်ဗျားရဲ့မီးတောက်ကို ထပ်လျှော့ပေးဦး..”
“ရတာပေါ့... ကိစ္စမရှိဘူး...”
မွေးနီတစ္ဆေက အလွယ်တကူပင်သဘောတူလိုက်လေသည်။
မီးတောက်က သိသိသာသာ အရောင်မှိန်ကျသွားလေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး နောက်ထပ်ချော်ခဲသလင်းကျောက်တစ်ခုကို ထုတ်ယူကာ မီးတောက်ပေါ်မှာ ဂရုတစိုက်တင်လိုက်လေသည်။
ရွှစ်...
ချက်ချင်းပင် ချော်ခဲသလင်းကျောက်ပေါ်မှာ မီးတောက်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ချော်ခဲသလင်းကျောက်သည် အသက်သုံးရှိုက်စာသာကြာလိုက်ပြီး ဆူဇီမို၏ ရှေ့မှာပင် နောက်တစ်ဖန်ပြာအဖြစ်သို့လောင်ကျွမ်းသွားခဲ့လေသည်။
ဆူဇီမို၏ မျက်နှာက သုန်မှုန်လာခဲ့လေသည်။
ထိပ်တန်းအဆင့် ရတနာနှစ်ခုသည် မွေးနီတစ္ဆေကြောင့် ထိုကဲ့သို့ပင် ပြာအဖြစ် လောင်ကျွမ်းသွားရလေသည်။
“မီးတောက်စွမ်းအားကို ထပ်လျှော့ပေးဦး...”
ဆူဇီမိုက အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။
မွေးနီတစ္ဆေက ခေါင်းခါပြလိုက်လေသည်။
“ငါထပ်လျှော့လို့မရတော့ဘူး... အဲ့ဒါက အားအနည်းဆုံးပဲ...”